အခန်း ၄၆၄
Vol. 47 Ch. 464
အခန်း။ ၄၆၄
“သူ့ကို အရှင်ဖမ်းဖို့ ကြိုးစားကြ"
ဟောကိန်းထုတ်သူက အေးဆေးစွာ ပြောလိုက်သည်။
“ဒီလောက် ထူးခြားတဲ့ ဖုံးကွယ်မှုမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး။ အကြောင်းအကျိုးတွေကို တွက်ချက်မထားရင် သူ ငါ့ရှေ့မှာရပ်နေရင်တောင် ငါရှာတွေ့နိုင်မှာ မဟုတ်ဘူး"
“ဒီကောင်လေးမှာ လျှို့ဝှက်ချက်ကြီးကြီးမားမား ရှိနေရမယ်"
“ဆရာကြီး ပြောသလိုပေါ့ သူ့ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပြီး လက်ခြေတွေကို ချိုးပစ်လိုက်မယ်။ အသက်ငွေ့ငွေ့လေးပဲ ချန်ထားပေးလိုက်တာပေါ့"
အနက်ရောင်ဝတ်ရုံပိုင်ရှင်က ရယ်မောလျက် ပြောသည်။
တကယ်ပဲ ဟောကိန်းထုတ်သူပေါ့လေ...
လုံယီသည် စိတ်ကို စုစည်းလိုက်သည်။
သူ၏ ဦးနှောက်ထဲတွင် သိမ်းငှက်တစ်ကောင်ကဲ့သို့ အာရုံစိုက်ကာ စွမ်းရည်ပြမျက်နှာပြင်ကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို စစ်ဆေးလိုက်သည်။
သူသည် အလွယ်ဆုံးဟူ၍ ယူဆရမည့် ပစ်မှတ်တစ်ခုကို ရွေးချယ်ပြီး အရှိန်ပြင်းစွာဖြင့် ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
“ငါ ရအောင် ဖောက်ထွက်ရမယ်... ဒီနေရာပဲ”
လုံယီသည် မြားတစ်စင်းကဲ့သို့ ထိုနေရာသို့ အရှိန်ပြင်းစွာ ပစ်ဝင်သွားသည်။
ထိုနေရာတွင် သွေးရောင် အင်းဆက်ပိုးမွှားများ စုဝေးနေသည့် မြစ်တစ်ခုကဲ့သို့သော အုပ်စုကြီးတစ်ခု လွင့်မျောနေသည်။
[အမည်: ပိုးနတ်ဆိုး]
[အသက်: ၉၂၁]
[အဆင့်: အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်]
[ကျင့်စဉ်: အင်းဆက်အုပ်စု]
လုံယီ ရောက်လာသည်ကို မြင်သောအခါ ပိုးနတ်ဆိုးမှာ ဒေါသထွက်သွားသည်။
“မင်းရဲ့ အသားကို စားပြီး အရိုးကို ဝါးပစ်မယ်”
အင်းဆက်အုပ်စုမှာ ချက်ချင်းပင် ဒေါသထွက်နေသည့် ဧရာမလူမျက်နှာပုံစံအဖြစ် ပြောင်းလဲသွားသည်။
အင်းဆက်တစ်ခုချင်းစီ၏ ခန္ဓာကိုယ်တွင် အသက်ဝင်သည့် အစူးများပါရှိပြီး ၎င်းတို့၏ ပါးစပ်မှာ အလွန်ထက်မြက်သည့် ဓားသွားများကဲ့သို့ ဖြစ်နေသည်။
၎င်းတို့သည် ကကကကဟု အသံမြည်လျက် လုံယီဆီသို့ ဦးတည်လာသည်။
လုံယီသည် ပိုးနတ်ဆိုး၏ ကျင့်စဉ်အကြောင်းကို ဖတ်ရှုပြီးနောက် ၎င်းကို ရွေးချယ်ခဲ့ခြင်းပင်။
၎င်းတို့၏ တိုက်ခိုက်မှုမှာ အလယ်အဆင့် ဝိညာဉ်လက်နက်များကိုပင် ထိခိုက်စေနိုင်သည် ဆိုသော်လည်း လုံယီ၏ ခန္ဓာကိုယ်မှာ ထိပ်တန်းဝိညာဉ်လက်နက်နှင့် နှိုင်းယှဉ်နိုင်သောကြောင့် ဖောက်ထွက်နိုင်မည့် အကောင်းဆုံးလမ်းကြောင်းဖြစ်ကြောင်း သူသိသည်။
လုံယီသည် သူ၏ ကျောက်ဖြစ်ခြင်း၊ အရောင်တင်အကာအကွယ်နှင့် ကိုယ်ခန္ဓာကို ဓားအဖြစ်ပြောင်းလဲခြင်းနည်းစနစ်များကို တစ်ပြိုင်နက် အသုံးပြုလိုက်သည်။
သူသည် တောက်ပသော သက်တန့်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပိုးအုပ်စုထဲသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။
ဝုန်း
ပိုးအုပ်စုမှာ လုံယီ၏ ထိုးဖောက်မှုကြောင့် အလယ်တွင် အပေါက်ကြီးဖြစ်သွားသည်။
“သူ့ကို ကိုက်သတ်လိုက်ကြ”
ပိုးနတ်ဆိုးက အော်ဟစ်လိုက်သည်။
အနက်ရောင်နှင့် အနီရောင် ပိုးမွှားများစွာသည် လုံယီ၏ အကာအကွယ်ပေါ်သို့ စုပြုံတိုးဝင်လာကြသည်။
ဒိုင်း ဒိုင်း ဒိုင်းဟု အသံမြည်ကာ အကာအကွယ်အလွှာမှာ ပွတ်တိုက်မှုများကြောင့် မီးပွားများ ထွက်ပေါ်လာသည်။
ပိုးမွှားများမှာ လုံယီ၏ အကာအကွယ်ကို ဖောက်ထွက်ရန် အသည်းအသန် ကြိုးစားနေကြသည်။
သို့သော် လုံယီ၏ အသားအရေမှာ ပိုမိုမာကျောနေသည်ကို သူတို့ မသိခဲ့ကြပေ။
ကက ကက ကက
ပိုးမွှားများ၏ သွားနှင့် ခြေထောက်များမှာ ကျိုးပဲ့သွားပြီး ပေါက်ကွဲကာ ကောင်းကင်မှ သွေးရောင်မိုးရေများကဲ့သို့ ကြွေကျကုန်သည်။
“ချပ်ဝတ်ဖောက်ထွက်ခြင်း”
လုံယီသည် သူ၏ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုလိုက်သည်။
မမြင်နိုင်သော စူးရှသည့် စွမ်းအားလှိုင်းတစ်ခုသည် ပိုးမွှားများဆီသို့ ပျံ့နှံ့သွားရာ သူတို့မှာ ဟန်ချက်ပျက်ကာ ပြန့်ကျဲသွားတော့သည်။
ဝုန်း
သက်တန့်ရောင်အလင်းတန်းသည် ပိုးအုပ်စုကို နောက်ဆုံးတွင် ဖောက်ထွက်နိုင်ခဲ့ပြီး အန္တရာယ်ရှိသော ဝိုင်းရံမှုမှ လွတ်မြောက်ရန် နီးကပ်လာခဲ့သည်။
ဟူး……
ထိုအချိန်တွင်ပင် ဧရာမလက်ကြီးတစ်ခုက လုံယီကို ပြင်းထန်စွာ ဖမ်းဆုပ်လိုက်သည်။
လက်၏ အရွယ်အစားမှာ တောင်ငယ်တစ်ခုနှင့် တူညီပြီး ငွေရောင်ကျောက်တုံးများဖြင့် ဖုံးလွှမ်းထားကာ ရှုပ်ထွေးသော ပုံစံများရှိသည်။
၎င်းသည် တောင်ကုန်းဧရာမနတ်ဆိုး၏ အငြိုးဖြင့် တိုက်ခိုက်မှုဖြစ်သည်။
လုံယီ၏ ကိုယ်ခန္ဓာကို ဓားအဖြစ်ပြောင်းလဲခြင်းအရှိန်အဟုန်မှာ ကုန်ဆုံးနေပြီဖြစ်သည်။ တောင်ကုန်းဧရာမနတ်ဆိုးမှာ စနစ်တကျ စောင့်ဆိုင်းပြီး တိုက်ခိုက်ခြင်းဖြစ်သော်လည်း လုံယီမှာ သူ၏ အရှိန်ကို ၃.၅ ဆအထိ တိုးမြှင့်ကာ အနည်းငယ် ရှောင်တိမ်းလိုက်သည်။
“သေစမ်း”
တောင်ကုန်းဧရာမနတ်ဆိုး၏ လက်ကြီးမှာ လုံယီကို တစ်ချက်ရိုက်လိုက်သည်။
သို့သော် လုံယီမှာ ထိုလက်ကြီး၏ ရိုက်ချက်အားကို အသုံးချကာ အမြောက်ဆန်ကဲ့သို့ အဝေးသို့ ပစ်လွှတ်သွားခဲ့သည်။
“မကောင်းတော့ဘူး”
တောင်ကုန်းဧရာမနတ်ဆိုးမှာ လုံယီ၏ ရည်ရွယ်ချက်ကို နောက်ကျမှ သိလိုက်ရသည်။
သူသည် လုံယီကို တားဆီးရန်ကြိုးစားရင်း လုံယီကို အဝေးသို့ ရောက်အောင် ကူညီပေးသလို ဖြစ်သွားခဲ့သည်။
“မင်း…… ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”
၎င်း၏ ဒေါသသံမှာ ကောင်းကင်သို့ ပဲ့တင်ထပ်သွားသည်။
လုံယီမှာ ဝိုင်းရံမှုမှ လွတ်မြောက်တော့မည့်အချိန်တွင် ခေါင်းသုံးလုံးပါ ခြင်္သေ့နတ်ဆိုးက မီးတောက်များ၊ ဝိညာဉ်လေပြင်းများနှင့် သဲများဖြင့် တိုက်ခိုက်လိုက်သည်။
၎င်းတို့သည် လုံယီ၏ ခန္ဓာကိုယ်ကို လုံးဝဖုံးလွှမ်းသွားသည်။
“ဒီကောင် သေပြီ”
တောင်ကုန်းဧရာမနတ်ဆိုးနှင့် ရေနတ်ဆိုးတို့မှာ ရယ်မောလိုက်ကြသည်။
သို့သော် မီးတောက်များကြားမှနေ၍ တောက်ပသော အနီရောင်ရုပ်သွင်တစ်ခုမှာ ထွက်ပေါ်လာသည်။ လုံယီမှာ မထိခိုက်သေးပေ။
ဝုန်း
အနီရောင်အလင်းတန်းမှာ ခြင်္သေ့နတ်ဆိုး၏ တိုက်ခိုက်မှုနယ်ပယ်ထဲမှ အမြန်ဆုံး ထွက်ခွာသွားသည်။
ထိုအချိန်တွင် အစိမ်းရောင် အလင်းတန်းတစ်ခုက လုံယီ၏ ရင်ဘတ်ကို ထိမှန်သွားပြီး သွေးထွက်သည့် အပေါက်တစ်ခု ဖြစ်ပေါ်သွားသည်။
“ကောင်းတယ်”
နတ်ဆိုးများ မအော်ဟစ်ရသေးခင်မှာပင် လုံယီ၏ ရင်ဘတ်မှ ဒဏ်ရာမှာ မျက်စိရှေ့တွင်ပင် ပြန်လည်ကောင်းမွန်လာသည်။
“ကိုယ်ခန္ဓာ ပြောင်းလဲခြင်း”
လုံယီမှာ သက်တန့်ရောင်အလင်းတန်းအဖြစ် ထပ်မံပြောင်းလဲကာ နတ်ဆိုးအုပ်စု၏ ဝိုင်းရံမှုမှ လုံးဝလွတ်မြောက်သွားသည်။
နတ်ဆိုးများမှာ ဒေါသထွက်နေသော်လည်း လုံယီကို လိုက်မမီနိုင်တော့ပေ။
“တွက်ချက်လို့ ရသေးလား”
အနက်ရောင်ဝတ်ရုံပိုင်ရှင်က ဟောကိန်းထုတ်သူကို မေးသည်။
ဟောကိန်းထုတ်သူမှာ မျက်နှာပျက်လျက် ပြောသည်။
“ဒီကလေးက အကြောင်းအကျိုးတွေကို ထိခိုက်စေတဲ့ အရာတစ်ခုကို ကိုင်ဆောင်ထားတယ်။ အဝေးကို ရောက်သွားလေ တွက်ချက်ရ ခက်ခဲလေပဲ"
“မကောင်းတော့ဘူး အာရုံခံနိုင်မှုက ပိုအားနည်းလာပြီ။ ဒီကောင်လေးက သတိထားနေပြီ။ ငါ ပိုပြီး ပြင်ဆင်မှ ဖြစ်မယ်”
ဟောကိန်းထုတ်သူက ပြောလိုက်သည်။