လုပ်ငန်းကိစ္စ
Vol. 012 Ch. 596
စီမာယန်က အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “လူစုခွဲကြ…”
စစ်တပ်ထဲ၌ သည်စကားက အကြွင်းမဲ့ပင်။ ဝန်းရံနေသော
နတ်ဆိုးတပ်သား တပ်သားကိုးထောင်က နောက်သို့ အမြန် ဆုတ်သွားကြသည်။ ဝန်းရံပိတ်ဆို့မှု ပျက်ပြယ်သွားသည့်အခါ အစီအရင်လည်း အလိုလို ပျောက်ကွယ်သွား၏။ သည်အခိုက်၌ တပ်ဗဟိုတွင် သွေးနီရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့ကာ ပိန်ပါးပါး စစ်ကြီးကြပ်တစ်ယောက်၏ ပုံရိပ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက တစ်ယောက်လည်း လာခဲ့ခြင်း မဟုတ်ပေ။ သူ့နောက်၌ ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ပါလာ၏။ ထိုအဘိုးအို ပေါ်လာသည့်အခါတွင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ့အကြည့်က နတ်ဆိုးတပ်သားများကို ကျော်လွန်၍ အဘိုးအိုထံ တိုက်ရိုက် ရောက်ရှိသွားသည်။ အဘိုးအိုမျက်လုံးကလည်း ကျဉ်းမြောင်းသွားကာ ဝမ်လင်းကို ကြည့်၏။
သူတို့နှစ်ယောက်က အကြည့်ချင်း ဆုံသည်။ ဝမ်လင်းစိတ်နှလုံးက ခဏတာ တုန်ယင်သွားသော်လည်း ချက်ခြင်းပြန်တည်ငြိမ်သွားသည်။ ဝမ်လင်းက သည်အဘိုးအိုထံ၌ ချိပ်တံဆိပ်လေးခုကို တွေ့မြင်လိုက်ရ၏။
အဘိုးအိုခန္ဓာကိုယ်သည်လည်း တုန်ယင်သွား၏။ သူ့မျက်လုံးက ပိုမိုတောက်ပလာသည်။ သူက ဝမ်လင်းထံမှ အကြည့်တစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်မှ ချိပ်တံဆိပ်များ ပြိုကျလုနီး ဖြစ်သွားသဖြင့် တုန်လှုပ်မိသွားသည်။
စစ်ကြီးကြပ်ပေါ်လာသည်နှင့် သူက ခြေချကာ ဝမ်လင်းနှင့်
ဆယ်နှစ်ပေအကွာသို့ တည်နေရာ ရွှေပြောင်းလိုက်၏။ အဘိုးအိုလည်း ထိုသို့ ပြုလုပ်လိုက်သည်။
စစ်ကြီးကြပ်၏ ပိန်ညှောင်နေသော မျက်နှာက မြေပြင်ပေါ်ရှိ
သွေးကွက်များကို တွေ့သော်လည်း ပြောင်းလဲသွားခြင်း မရှိပေ။
စစ်မာယန်က မြန်ဆန်စွာ ပြောလိုက်၏။ “အရှင် စစ်ကြီးကြပ်သူ…တပ်မှူးက တပ်စုခေါင်းဆောင်စွန်ကို အကြောင်းပြချက်မရှိ သတ်ပစ်သလို သူ့တပ်သား ငါးရာကျော်ကိုပါ သတ်ပစ်ခဲ့တယ်။ ဒီမှာ ရှိတဲ့လူအားလုံးက ဒီအတွက် မျက်မြင်သက်သေ ရှိပါတယ်…”
ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခုက ကြီးကြပ်သူထံ ပျံသန်းသွား၏။ ကြီးကြပ်သူက ၎င်းထဲသို့ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ထိုးသွင်းလိုက်ရာ များစွာသော ပုံရိပ်များက သူ့ခေါင်းထဲ၌ ပေါ်လာ၏။ သည်ပုံရိပ်များက ဒီနေရာတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ဖော်ပြခြင်းပင်။
ကြီးကြပ်သူက ဝမ်လင်းကို လေးနက်စွာ ကြည့်သည်။ အစောပိုင်းတုန်းက ဝမ်လင်းအပေါ် လျှော့တွက်ထားမှုသည် လုံးဝ ပျောက်ကွယ်သွားကာ သူက ဝမ်လင်းနှင့်ပင် မိတ်ဆွေ ဖြစ်ချင်သည့်စိတ် အစားထိုး ဝင်လာသည်။ ဝမ်လင်း လုပ်ဆောင်မှုက လက်ဦးမှု ယူခဲ့ခြင်းပင်။ သူက သူ့ကိုယ်သူ မရှုံးနိမ့်နိုင်သည့် အခြေအနေတွင် အရင်ဦးဆုံး ထားရှိပြီးမှ လှုပ်ရှားခြင်းသာ ဖြစ်သည်။
သူက ပြုံး၍ ပြောလိုက်၏။ “သင့်ကို နှောက်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ်။ တပ်မှူးဝမ်…ငါက ဒီကိစ္စကို အရှင်ဗိုလ်ချုပ်ကို တင်ပြလိုက်ပါ့မယ်။ ပုန်ကန်တဲ့ ဒီလူတွေဟာ ဒါနဲ့ ထိုက်တန်တယ်…”
သူက ထိုသို့ ပြောလိုက်ရင်း လက်နှစ်ဖက်ယှက်ကာ ဝမ်လင်းကို ပြုံးပြပြီး လှည့်ထွက်သွားတော့သည်။ ထိုအဘိုးအိုသည်လည်း လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“တပ်မှူးဝမ်ရဲ့ ကျင့်ကြံမှုက အံ့အားသင့်စရာပဲ။ ငါ အထင်ကြီးရပါတယ်…”
သူတို့နှစ်ယောက်လုံး ထွက်ခွာသွားပြီးနောက် စစ်မာယန်က
အချိန်အတန်ကြာ စဉ်းစားနေ၏။ သည့်နောက် သူက
ဝမ်လင်းကို လေးစားစွာ ပြောလိုက်သည်။ “ငါက ဒီကိစ္စမှာ အဆင့်အခြင် မဲ့ခဲ့ပါတယ်။ တပ်မှူးဝမ်က ဒါကို ဗွေမယူဖို့ ငါ မျှော်လင့်မိပါတယ်…”
သူက ထိုသို့ ပြောလိုက်သည့်အခါ တပ်စုခေါင်းဆောင်များ၏ မျက်လုံးများထဲ၌ ထူးဆန်းသောအလင်းများ ဖြစ်ပေါ်သွားသည်။ သူတိုထဲက တစ်ယောက်က ချက်ခြင်း လာရပ်ကာ ဝမ်လင်းထံ လေးစားစွာ ပြောလိုက်သည်။ “ဒီနိမ့်ကျတဲ့ လူကလည်း ဒီကိစ္စမှာ အဆင်အခြင်မဲ့ခဲ့ပါတယ်…”
သိပ်မကြာခင်တွင် အားလုံးသော တပ်စုခေါင်းဆောင်များက
ထိုသို့ ပြောလိုက်ကြလေ၏။
သည်ကိစ္စ၏ ဖြစ်လာသောရလဒ်က အစတည်းက ကြိုတင် ဆုံးဖြတ်ထားခဲ့ခြင်းပင်။ သည်နေရာရှိလူများက တုံးအခြင်း မရှိကြပေ။ သူတို့က ဝမ်လင်း၏ နည်းလမ်းကို ဖြတ်မြင်နိုင်ခဲ့ကြပြီ ဖြစ်၏။
သည်တပ်မှူးသစ်က မည်သည့်အရာကိုမျှ မလုပ်ခင်တုန်းက
အရာရာအဆင်ပြေနေ၏။ သို့သော် သူလှုပ်ရှားလိုက်သည်နှင့် သူက အလင်းတန်းအလား။ သည်လိုအချင်းချင်း တိုက်ခိုက်မှု ဆက်ဖြစ်နေပါက တပ်စုခေါင်းဆောင်စွန်ကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံ ဖြစ်လာနိုင်သည်။
တပ်မှူးသစ်၏ ကျင့်ကြံမှုအဆင့်ကလည်း စီမာယန်ထက်
မြင့်သည့်ပုံပင်။ လူများစွာ၏ စိတ်ထဲ၌ ညှိနှိုင်းမှုအတွေး စတင် စဉ်းစားလာကြသည်။
ဝမ်လင်းက မတ်တပ် ရပ်လိုက်၏။ သူက ညာလက်ကို မြေပေါ်သို့ ဖိချလိုက်သည်။ မြေကြီးထံမှ တုန်ခါသံများ ဆက်တိုက် ပေါ်လာသည်။ သည်အခိုက်၌ စစ်တပ်တစ်ခုလုံး
မြေကြီးက တစ်လက်မခန့် နိမ့်ကျသွားခဲ့သည်။
ဝမ်လင်းခြေထောက်အောက်မှလည်း ဖုန်မှုန့်များစွာ မြင့်တက်လာခဲ့သည်။ သည်ဖုန်မှုန့်များကြားမှ စေတီတစ်ခုသည် စစ်တပ်ထဲ၌ ပေါ်လာသည်။
သည်စေတီက အလွှာနှစ်ထပ် ရှိ၏။ ၎င်းက ရိုးစင်းသော်လည်း ခန့်ငြားထည်ဝါမှုကို ပေးစွမ်းနေ၏။
ဝမ်လင်းက လက်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်
စစ်တပ်တစ်ခုလုံးရှိ ဖုန်မှုန်များမှ ခုလိုစေတီကို ဖြစ်သွားစေသည်။ သည်အရာက စီမာယန်သာမက တပ်စုခေါင်းဆောင်နှင့် တပ်သားကိုးထောင်းကိုပါ တုန်လှုပ်သွားစေသည်။
“မင်းတို့အားလုံး ထွက်သွားနိုင်ပြီ…” ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်လင်းက လှည့်၍ စေတီထံသို့ လျှောက်လှမ်းလာသည်။
ဆယ့်သုံးကလည်း နောက်ကနေ အမြန် လိုက်ပါလာသည်။
ဟော်ဖောင်ကလည်း နှာခေါင်းရှုံ့၍ ဘေးပတ်ဝန်းကျင်သို့ ကြည့်သည်။ ထို့နောက် သူလည်း ဝမ်လင်းနောက်သို့
လိုက်ပါလာ၏။ သူ့စိတ်ထဲ၌ ခံစားလို့ကောင်းနေ၏။ အကြောင်းမှာ လွန်ခဲ့သောလဝက်က သူ့စိတ်ထဲရှိ ဒေါသများသည် ယနေ့တွင် ပျောက်ကွယ်သွားသောကြောင့်ပင်။
ဝမ်လင်းအပေါ် သူ့ကြည်ညိုမှုကလည်း ပို၍ အားကောင်းလာတော့သည်။
ဝမ်လင်းတို့သုံးယောက် စေတီထဲသို့ ဝင်သွားပြီးနောက်
စီမာယန်က လက်သီးခပ်တင်းတင်း ဆုပ်ကာ လှည့်ထွက်သွားတော့သည်။ သူက စကားတစ်ခွန်းတောင် မဆိုခဲ့ချေ။
တပ်စုခေါင်းဆောင်ကိုးယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့က ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး ဆိုင်ရာတပ်စုထံ ပြန်သွားကြသည်။ သည်နေ့မှစ၍ စီမာယန်နှင့် နီးကပ်သော တပ်စုခေါင်းဆောင်ရှစ်ယောက်တွင် ခေါင်းဆောင်စွန်သည် သေဆုံးသွားခဲ့ပြီ။ သူနှင့် အနီးကပ်ဆက်ဆံသည့် လူက ခေါင်းဆောင်သုံးယောက်သာ ရှိတော့သည်။ ကျန်သည့်လေးယောက်ကလည်း သူနှင့် တဖြည်းဖြည်း ခပ်ခွာခွာ နေလာကြသည်။
သည်နေ့မှစ၍ ဝမ်လင်း၏ပုံရိပ်က တပ်သားအားလုံး၏
စိတ်ထဲ ရှင်းလင်းစွာ တည်ရှိသွားသည်။
ဝမ်လင်းက တပ်မှူးဖြစ်လာကတည်းက သူက မည်သည့်အမိန့်တစ်ခုကိုမျှ ပေးခဲ့ခြင်း မရှိသေးချေ။ သို့သော် သူ၏ခမ်းနားထည်ဝါမှုက တဖြည်းဖြည်း သိသာလာခဲ့၏။
ရှေးဟောင်းနတ်ဆိုးမြို့တွင် စစ်တပ်ဆယ့်ခြောက်ခု
ရှိ၏။ သူတို့အားလုံးက အနက်ရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး အနည်းငယ် ကွာခြားသည့် အမှတ်အသား ရှိသည်။ ခုချိန်၌ တတိယမြောက် စစ်တပ်၌ ယောင်ရှင်းရွှယ်က အိမ်ထဲတွင် တိတ်ဆိတ်စွာ ကျင့်ကြံလျက် ရှိနေ၏။
ညနက်လာမှ ယောင်ရှင်းရွှယ်က မျက်လုံးဖွင့်လာခဲ့သည်။
သူမ၏လှပသော မျက်လုံးများက တောက်ပလျက် ရှိသည်။ ပြတင်းပေါက်အပြင်ဘက်တွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏လက ခရမ်းရောင်တောက်ပမှုကို ပေးစွမ်းနေသည်။ သည်ညတွင် ခရမ်းရောင်နတ်ဆိုး၏ နှစ်ဝက်ပတ်လည် မြှင့်တက်လာသော အခါပင်။ ကောလဟာလ ပြောကြသည်မှာ ခရမ်းနတ်ဆိုး မြင့်တက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးက ချိတ်ဆက်သွားကြသည်ဟု ဆိုကြ၏။
ဒီအရာက တကယ်ဟုတ်လား၊ မဟုတ်လား မည်သူမျှ မသိကြပေ။ သည်အရာနှင့်ပတ်သတ်၍လည်း မည်သူမျှ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ခြင်း မရှိကြပေ။
သူမက အသက်ဝဝရှုသွင်းကာ မတ်တပ်ထရပ်လိုက်၏။ သူမပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ပြီးနောက် သူမက သိုလှောင်နေရာလွတ်ထဲမှ အနီရောင်သံလိုက်အိမ်မြှောင် တစ်ခုကို ထုတ်ယူလိုက်သည်။ သည်သံလိုက်အိမ်မြှောင်ကို ကြည့်ကာ သူမအသွင်က တုံ့ဆိုင်းတုံဆိုင်း ဖြစ်နေသည်။
“ငါက ဒီနေရာကို သွားခဲ့တာ သုံးကြိမ် ရှိသွားပြီ။ သွားခဲ့တဲ့ အကြိမ်တိုင်းမှာလည်း ငါက တူညီတဲ့ နေရာအမှတ်အသားတစ်ခုမှာ ရပ်တန့်ခဲ့ရတယ်။ အဖေပြောတာက ဒီနေရာကို ဝင်နိုင်ဖို့ ငါ့ကျင့်ကြံမှုအဆင့်ဟာ အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ အရင်ဆုံး လိုအပ်တယ်တဲ့။ အဖေ့အစီအစဉ်အရဆိုရင် ငါက ဒီမှာနေပြီး နတ်ဆိုးစိတ်ဝိညာဉ်တွေကို စုပ်ယူပြီး အာဏာတက်ခြင်းအဆင့်ကို ရောက်မှ အဲ့နေရာကို ဝင်ရောက်ဖို့ပဲ။ သွေးစိတ်ဝိညာဉ်မန္တာန်ရဲ့ အကူအညီနဲ့ဆိုရင် ငါက အဆင့်ချိုးဖျက်ဖို့ (၈၀) ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ ဒီတုန်ကင်က မမျှော်လင့်ဘဲ အရှေ့ပင်လယ်ရဲ့ ဒီရေအလင်းလှိုင်း သယ်ဆောင်တဲ့ အချိန်မှာ ရုတ်တရက် ပေါ်လာခဲ့တယ်…”
ယောင်ရှင်းရွှယ်၏ လှပသောမျက်ခုံးက အနည်းငယ် ကြုတ်သွား၏။ သူမက လက်ထဲတွင် သံလိုက်အိမ်မြှောင်ကို ကိုင်ထားရင်း စဉ်းစားလို့နေသည်။
“အဖေ၊ ရှေ့ဖြစ်ဟောသူနဲ့ အပေါင်းအပါတွေက ဒီနေရာကို
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရောက်လာခဲ့ကြတယ်။ သူတို့က နတ်ဆိုးအင်ပါယာတွေထဲက တစ်ယောက်ထံကနေ သိရှိခဲ့ကြတယ်။ အဲ့အချိန်တုန်းက သူဟာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ အတွင်းနက်ပိုင်းကို မရောက်ခဲ့ကြသလို ဒီနေရာအကြောင်းကိုလည်း မစစ်ဆေးနိုင်ခဲ့ကြဘူး။ နှစ်ပေါင်းများစွာတည်းက ရရှိခဲ့တဲ့ အချက်အလက်တွေကို စမ်းစစ်ပြီးနောက် သူက ဒီနေရာဟာ အစစ်အမှန်နေရာတစ်ခု ဖြစ်ဖို့ (၆၀) ရာခိုင်နှုန်း ယုံကြည်ခဲ့တယ်…”
“ထားလိုက်ပါတော့လေ…။ ငါက နောက်တစ်ခေါက် ထပ်သွားလိုက်မယ်။ ငါက ခု မဝင်နိုင်သေးရင်လည်း အာဏာတက်ခြင်းအဆင့် ရောက်တဲ့အထိ စောင့်ရမှာပေါ့။ တကယ်တော့ ငါက ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ သုံးကြိမ်လုံးလုံး အဖေ ဖန်တီးခဲ့တဲ့ သွေးစိတ်ဝိညာဉ်ဆေးလုံးသုံးလုံးကို
အသုံးပြုခဲ့ပြီးပြီ။ ခု ငါ့မှာ ဆေးလုံးခြောက်လုံးပဲ ကျန်တော့တယ်။ ငါက ဒီနေရာမှာ အချိန်အကြာကြီး ရှိနေအုံးမှာ။ ဒါ့ကြောင့် ဒီဆေးလုံးလုံးတွေကို မဖြုန်းတီးပစ်တာ အကောင်းဆုံး ဖြစ်မှာပါ။ သွေးစိတ်ဝိညာဉ်ဆေးလုံးတစ်လုံး ရှိတာဟာ အသက်တစ်ခု
အပိုရှိသလိုပဲ…”
ယောင်ရှင်းရွှယ်က ဆုံးဖြတ်ချက် ချလိုက်၏။ သူမက
လှပပြီးသား ဖြစ်ကာ ခု သူမမျက်လုံးထဲရှိ ပြတ်သားမှုကြောင့် သူမသည် သူရဲကောင်းဆန်ပြီး ပိုမိုဆွဲဆောင်မှု ရှိသွားသည်။ သူမက သံလိုက်အိမ်မြှောင်ကို အောက်သို့ ပြန်ချလိုက်၏။ ထို့နောက် သူမက သိုလှောင်အိတ်ထဲက ပျားဖယောင်းဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
သည်ပျားဖယောင်းဆေးလုံးငယ်ပေါ်၌ သေးငယ်သော သင်္ကေတများ ရှိနေသည်။ ထိုသင်္ကတေကများက နှလုံးခုန်သံကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည်။ ၎င်းက အလွန်ထူးဆန်းလှ၏။
ယောင်ရှင်းရွှယ်က အသက်ဝဝရှုသွင်းပြီး ဒီပျားဖယောင်းဆေးလုံးကို ခွဲချေလိုက်ရာ အပြာရောင်သွေးတစ်စက် ချက်ခြင်း ပေါ်လာ၏။ သည်ပျားဖယောင်းဆေးလုံးက အပြာရောင်သွေးစက်ကို ချိပ်ပိတ်ထားခြင်းပင်။
သူမက ချက်ခြင်းပင် သူမလက်ချောင်းကို ကိုက်လိုက်ပြီး
သွေးအချို့ကို ထုတ်ညှစ်ကာ လေထဲ၌ ရှုပ်ထွေးသော သင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။ သည်သင်္ကေတပေါ်လာသည့်အခါ ၎င်းက အပြာရောင်သွေးစက်နှင့် ချက်ခြင်း ပေါင်းစပ်သွားသည်။ ယောင်ရှင်းရွှယ်က သင်္ကေတကို ဖမ်းဆုပ်ကာ ၎င်းကို သူမ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ သူမက နာကျင်သည့်အသွင် ဖြစ်ပေါ်သွားပြီးနောက် အချိန်အတန်ကြာမှ ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွားသည်။
သူမက အသက်ဖုတ်လိုက်ဖုတ်လိုက် ရှုလိုက်ရပြီး သူမ
လက်ချောင်းကို ပင့်မြှောက်သည်။ ထို့နောက် သင်္ကေတက ပျံသန်းလာပြီးနောက် အပြာရောင်သွေးစက်အဖြစ်သို့ ပြောင်းကာ လေထဲ၌ မြောလွင့်နေ၏။
သူမက ညာလက်ကို ဝေ့ယမ်းလိုက်ရာ အပြာရောင်သွေးစက်သည် ချက်ခြင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူမသည် အံကြိတ်ကာ ခြေတစ်လှမ်းလှမ်း၍ အောက်ရှိ သံလိုက်အိမ်မြှောင်ပေါ်သို့ ခြေချလိုက်သည်။ ထိုအခါ သံလိုက်အိမ်မြှောင်ထံမှ များပြားလှသည့် သင်္ကေတများ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို ဝန်းရံသွား၏။
သည်အရာအားလုံးက အသက်ရှုကြိမ်သုံးခါစသာ ကြာမြင့်ပေသည်။ သည့်နောက် ယောင်ရှင်းရွှယ်သည် သံလိုက်အိမ်မြှောင်နှင့်အတူ ပျောက်ကွယ်သွားတော့၏။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်း၏နေထိုင်မှုပုံစံက အရင်အတိုင်းပင်။ သူက အခန်းထဲမှ ထွက်လာခဲပြီး တနေကုန် ကျင့်ကြံလို့သာ နေ၏။ သူက နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ကို ပေါင်းစပ်ကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရန် ကြိုးပမ်းနေသည်။
သည်ကမ္ဘာနှင့် ပတ်သတ်၍ အလွန်မှန်ကန်သော အချက်တစ်ချက် ရှိ၏။ ထိုအမှန်တရားက သေမျိုးကမ္ဘာတွင် ဘုရင်များကို အမတ်၊ စစ်သူကြီးများ အစရှိသည့် ပြည်သူများက အလေးထားကြခြင်းပင်။ သူတို့အဆင့်က လူတိုင်းအထက်တွင် ရှိနေကာ ထည်ဝါခမ်းနားမှု ရှိ၏။
ဝမ်လင်း ခုရောက်နေသည့် အနက်ရောင်ချပ်ဝတ်စစ်တပ်သည်လည်း ကျင့်ကြံခြင်းလောက၏ သေမျိုးကမ္ဘာကဲ့သို့ပင်။
သူက မျက်နှာပြခဲလှ၏။ သို့သော် သူ၏ထည်ဝါမှုကတော့
တနေ့တခြား ပျံ့နှံ့လာကာ စီမာယန်ကိုပါ လုံးဝ ဖိနှိပ်လာနိုင်သည်။
ပြီးခဲ့သောလများတွင် ဟော်ဖောင်သည် စစ်တပ်ထဲ၌ ရေထဲကငါးကဲ့သို့ပင်။ သူက ကိုယ်တိုင်ကိုယ်ကျ စစ်တပ်ထဲ၌ လျှောက်သွားနေခဲ့၏။ အစပိုင်း၌ သူ့စိတ်ထဲ၌ အချို့ကိစ္စရပ်များ ရှိခဲ့သော်လည်း သည်အရာများက တဖြည်းဖြည်း အချိန်နှင့်အတူ ပျောက်ကွယ်လာခဲ့၏။ စစ်တပ်ထဲရှိ အဖွဲ့များနှင့် သူ့ ဆက်ဆံမှုက ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။
အထူးသဖြင့် အုပ်စုခေါင်းဆောင် ရှုယောင်ပင်။ ရှုယောင်မှာ အမျိုးသမီးတစ်ယောက် ဖြစ်၏။ ဟော်ဖောင်က သူမကို မြင်သည်နှင့် တုန်လှုပ်ခဲ့ရပြီး ထိုချိန်မှစ၍ သူမကြောင့် အချစ်နွံထဲ နစ်ခဲ့ရပေ၏။
အခြားတစ်ဖက်တွင်လည်း ဆယ့်သုံးက စေတီထဲ၌သာ ထိုင်၍ ကျင့်ကြံလျက် ရှိ၏။
လများစွာ ကြာပြီးနောက် တတိယမြောက်စစ်တပ်ထဲရှိ ယောင်ရှင်းရွှယ်၏ အခန်းထဲ၌ အပြာရောင်အလင်း လက်ခနဲ ဖြစ်သွား၏။ သိပ်မကြာခင်တွင် ထိုအလင်းက အပြာရောင်သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားသည်။
သည်အပြာရောင်သင်္ကေတများက ဗဟိုတွင် အပြာရောင်သွေးစက်ကို ထား၍ မြန်ဆန်စွာ လှည့်ပတ်နေကြသည်။ သည်အပြာရောင်သွေးစက် ဆက်လက် လည်ပတ်ကာ ပို၍ ပြင်းထန်လာခဲ့၏။ အပြာရောင်သွေးစက်က ရုတ်တရက် အဆများစွာ ကြီးထွားလာပြီး အပြာရောင်သွေးလုံးကြီးတစ်ခု ဖြစ်လာ၏။
လှည့်ပတ်နေသော သင်္ကေတများက ပိုမိုမြန်ဆန်လာခဲ့၏။
ခဏအကြာတွင် သည်သင်္ကေတများသည် ရုတ်တရက် ရပ်တန့်သွားပြီး အပြာရောင်သွေးလုံးထံသို့ ပျံသန်းသွား၏။ ထို့နောက် အပြာရောင်သွေးလုံးက မြန်ဆန်စွာ ကြုံ့လာခဲ့သည်။ ၎င်းက သွေးစက်အဖြစ်သို့ ပြန်ကြုံ့သွားခြင်း မဟုတ်ဘဲ လှပသောပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားခြင်းသာ။
သည်ဖြစ်စဉ်က သိပ်မကြာလိုက်ချေ။ အပြာရောင်သွေးလုံး
ပျောက်ကွယ်သွားပြီးနောက် အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်က အစားထိုးဝင်ရောက်လာ၏။ သည်အမျိုးသမီးက ကောက်ကြောင်းလှကာ ဆွဲဆောင်မှု ရှိလေ၏။ သူမကတော့ ယောင်ရှင်းရွှယ်ပင်။
“ငါ ထပ်ကျရှုံးသွားပြန်ပြီ။ သွေးစိတ်ဝိညာဉ်ဆေးလုံးကြောင့်သာ မဟုတ်ရင် ငါက လေးကြိမ်လောက် သေပြီးနေပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါက တစ်ဝက်လောက် ပို
သွားနိုင်ခဲ့တယ်။ အဲ့နေရာမှာ ငါ့ကို ကူညီမဲ့ တစ်ယောက်ယောက်သာ ရှိရင် ငါက ကျိန်းသေပေါက်
အောင်မြင်နိုင်လိမ့်မယ်…”
ယောင်ရှင်းရွှယ်က မျက်လုံးဖွင့်လာပြီး သက်ပြင်းချ၏။
သို့ရာတွင် သူမ၏မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားကာ စတင်စဉ်းစားသည့် ဟန်အမူအရာ ဖြစ်ပေါ်လာ၏။
“ငါ့ကို ကူညီမဲ့တစ်ယောက်ယောက်…ဝမ်လင်း…”