အခန်း ၄၄၅
Vol. 45 Ch. 445
အခန်း (၄၄၅)
အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ခါးသော ချင်စစ်တပ်က ချူမြို့တော်ထဲသို့ ဝင်ရောက်သွားပြီး မြို့ထဲတွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ နှစ်နာရီကြာ တိုက်ခိုက်ပြီးနောက် ချင်စစ်သည်များက ချူနန်းတော်ဆီသို့ ရောက်လာကြသည်။
" အား.... ကျွန်တော်ကို မသတ်ပါနဲ့။ "
" ကျွန်တော်ကို အသက်ချမ်းသာပေးပါ။ ကျွန်တော် လက်နက်ချပါတယ်။ "
နန်းတော်တစ်ဝိုက်တွင် တိုက်ခိုက်သံများနှင့်အတူ ချူစစ်သည်များ၏ အော်ဟစ်သံများ ဆူညံနေသည်။ ချူနိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ထိတ်လန့်သွားကြသည်။
ဝုန်း...
နောက်ဆုံးတွင် ခန်းမတံခါးက ပွင့်သွားပြီး ချင်စစ်သည်များက အတွင်းသို့ ဝင်လာကြသည်။ သူတို့က ချူအရာရှိများကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေကြသည်။ ချူအရာရှိတစ်ယောက်ကို သတ်ဖြတ်ခြင်းက ကြီးမားသော စွမ်းဆောင်မှုဖြစ်သော်လည်း သူတို့က မတိုက်ခိုက်ဘဲ သတိနှင့် စောင့်ကြည့်နေကြသည်။ ထိုအရာရှိများကို အရှင်ဖမ်းမိခြင်းက ပို၍ ကြီးမားသော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။
" သေတဲ့အထိ ချူနိုင်ငံနဲ့ အတူရှိနေမယ်လို့ ကျိန်ဆိုတယ်။ ချူအရာရှိတွေက လက်နက်ချတာထက် သေတာကို ရွေးချယ်မယ်။ " ချူအရာရှိတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ပြီး ဓားဆွဲထုတ်ကာ ရှေ့မှ ချင်စစ်သည်များဆီသို့ ပြေးဝင်သွားသည်။
ရှေ့ဆုံးမှ ချင်စစ်သည်က တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ လက်ထဲမှ လှံကို ရှေ့သို့ ထိုးလိုက်သည်။ လှံက ချူအရာရှိ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူက လှံကို ပြန်ဆွဲထုတ်ကာ ထိုချူအရာရှိ၏ ခေါင်းကို ဖြတ်လိုက်သည်။ အခြားချင်စစ်သည်များကတော့ သူ့ကို မနာလိုစွာဖြင့် ကြည့်နေကြသည်။
" သေချင်တဲ့သူ ရှိသေးလား။ " ချင်တပ်ရင်းမှူးတစ်ယောက်က ချူအရာရှိများကို ကြည့်ပြီး မေးလိုက်သည်။
" ချူနိုင်ငံအတွက် ချင်လူမျိုးတွေနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်။ " လူတစ်ယောက်၏ ပေးဆပ်မှုနှင့်အတူ သစ္စာရှိ အရာရှိဆယ်ယောက်ကျော်က ဓားများဆွဲထုတ်ပြီး ချင်စစ်သည်များဆီသို့ ပြေးသွားကြသည်။
" သူတို့စိတ်ဓာတ်ကတော့ လေးစားစရာပဲ။ သူတို့ကို သတ်လိုက်။ " ချင်တပ်ရင်းမှူးက အေးစက်စွာ အမိန့်ပေးလိုက်သည်။
ချင်စစ်သည်များက ပြေးဝင်လာသော ချူအရာရှိများကို သတ်ပစ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ခန်းမထဲမှ ချူအရာရှိ အများအပြားက သေဆုံးသွားကြပြီး အနည်းငယ်သာ ကျန်နေခဲ့သည်။ ချူနိုင်ငံ၏ အာဏာရှိသော မိသားစုကြီးသုံးခု၏ ခေါင်းဆောင်များက နောက်တွင် ကြောက်လန့်စွာဖြင့် ပုန်းအောင်းနေကြသည်။
ထိုအချိန်တွင် ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်များနှင့်အတူ ခန်းမထဲသို့ ဝင်လာသည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ချင်စစ်သည်များအားလုံးက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။
" ကျောက်ဖုန်း " ခန်းထဲမှ ချူဘုရင်နှင့် အရာရှိများက ကျောက်ဖုန်းကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားကြသည်။ သူတို့၏ ရှေ့မှ ကျောက်ဖုန်းက သွေးများ စိုရွဲနေပြီး ငရဲခန်းထဲမှ ထွက်လာသကဲ့သို့ ဖြစ်နေသည်။
" တိုက်ပွဲမှာ ချူနန်းတော်ကို ပထမဆုံး ဝင်စီးနိုင်းတာ အကြီးမားဆုံး အောင်မြင်မှုပဲ။ မင်းနာမည် ဘယ်လိုခေါ်လဲ။ " ကျောက်ဖုန်းက ချင်တပ်ရင်းမှူးကို ကြည့်ပြီး မေးလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်က ချောင်ရွှမ်ပါ။ " ချင်တပ်ရင်းမှူးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ချောင်ရွှမ် မင်းရဲ့ အောင်မြင်မှုကို ငါမှတ်ထားမယ်။ ဒီစစ်ပွဲပြီးရင် မင်းကို ရာထူးနှစ်ဆင့် တိုးမြှင့်ပေးမယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " ချောင်ရွှမ်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" ချူဘုရင်နန်းတော်ကို ပထမဆုံး ဝင်စီးနိုင်တဲ့ စစ်သည်အားလုံးကို ဘွဲ့ထူးတစ်ဆင့်စီ တိုးမြှင့်ပေးမယ်။ ရန်သူတွေကို သတ်တဲ့ အောင်မြင်မှုတွေကိုတော့ စစ်တရားသူကြီးက မှတ်သားထလိမ့်မယ်။ " ကျောက်ဖုန်းက ချင်စစ်သည်များကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်တို့ စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ပါမယ်။ " ချင်စစ်သည်များက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
ကျောက်ဖုန်းက ပလ္လင်ပေါ်မှ ချူဘုရင့က်ု ကြည့်လိုက်သည်။ ထိုဘုရင်က တစ်နှစ်လောက်သာ အုပ်ချုပ်ရသည့်အပြင် ဘုရင်အာဏာကလည်း သူနှင့်မဆိုင်ခဲ့ပေ။ သူက ဘုရင်တစ်ပါးအနေဖြင့် ဘာမှလုပ်ခွင့်မရခဲ့သော်လည်း နိုင်ငံပျက်စီးသော ကံကြမ္မာကိုတော့ ခံစားခဲ့ရသည်။
ချူနိုင်ငံတွင် အရည်အချင်းရှိသူ သိပ်မရှိခဲ့ပေ။ သူတို့၏ အာဏာက ချူနိုင်ငံကို သန်မာအောင် လုပ်ရန် မဟုတ်ဘဲ ကိုယ့်အကျိုးစီးပွားအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ချူနိုင်ငံတွင် ဘုရင်အာဏာက ပျောက်ကွယ်သွားခဲ့သည်။
" ချူဘုရင် ဖုချူ မင်းက မင်းရဲ့ နိုင်ငံနဲ့အတူ ပျက်စီးသွားမလား ဒါမှမဟုတ် လက်နက်ချမလား။ " ကျောက်ဖုန်းက ချူဘုရင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
သူက စိတ်ထဲမှ မျှော်လင့်နေမိသည်။ အကယ်၍ ချူဘုရင်က သတ္တိနည်းနည်းရှိပြီး သူ့ကို စိန်ခေါ်လျှင် အဆင့်သုံးရတနာသေတ္တာကို ရရှိပေလိမ့်မည်။ သူသာ သေချင်လျှင် ကျောက်ဖုန်းက သူ၏ လမ်းကို ပို့ဆောင်ပေးမည်ဖြစ်သည်။
ထို့အပြင် သူက ယန်ထင်မှ သတင်းစကား ရောက်လာပြီးသားဖြစ်သည်။ ချင်ဘုရင်က ချူနိုင်ငံကို ဖျက်ဆီးပြီးသည်နှင့် ကျောက်ဖုန်းကို စစ်ဦးစီးချုပ်ရာထူးပေးမည်ဟု ပြောထားသည်။ စစ်ဦးစီးချုပ်အနေဖြင့် သူက ချင်နိုင်ငံ၏ စစ်တပ်အားလုံးကို အုပ်ချုပ်ရမည်ဖြစ်သည်။
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ချူအရာရှိများက ချူဘုရင်ကို ကြည့်လိုက်ကြသည်။
" အရှင်မင်းကြီး အခု အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့ လက်နက်ချလိုက်ပါ။ " ကျောက်ဝမ်က ပြောလိုက်သည်။
" ဟုတ်ပါတယ် အရှင်မင်းကြီး လက်နက်ချလိုက်ပါ။ "
" ဟုတ်ပါတယ် အရှင်မင်းကြီး။ "
ကျင်းနှင့် ချွီမိသားစုခေါင်းဆောင်များကလည်း ထောက်ခံလိုက်ကြသည်။
" မင်း မင်းတို့..." ချူဘုရင်က မိသားစုသုံးခု၏ ခေါင်းဆောင်များကို ဒေါသတကြီး ကြည့်လိုက်သည်။
" အရှင်မင်းကြီး ချူနိုင်ငံကို ကယ်တင်လို့ မရတော့ပါဘူး။ "
" အရှင်မင်းကြီး သေချာစဉ်းစားပါ။ "
မိသားစုခေါင်းဆောင်သုံးယောက်က ထပ်မံတိုက်တွန်းလိုက်ကြပြီး ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။
" ဝူအန်းကျွင်း ကျွန်တော်တို့ မိသားစုသုံးခုက လက်နက်ချဖို့ အဆင်သင့်ပါပဲ။ ချူနိုင်ငံရဲ့ ဝန်ကြီးတွေကို အခွင့်အရေးတစ်ခုလောက် ပေးပါ။ ကျွန်တော်တို့ မိသားစုသုံးခုနဲ့ဆိုရင် ချင်နိုင်ငံက ချူနိုင်ငံရဲ့ မြို့တွေကို အလွယ်တကူ သိမ်းပိုက်နိုင်မှာပါ။ ကျွန်တော်တို့ကို လက်ခံပေးဖို့ ဝူအန်းကျွင်းကို တောင်းဆိုပါတယ်။ " မိသားစုခေါင်းဆောင်သုံးယောက်က ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။
သို့သော် သူတို့၏ စကားများကို နားထောင်ပြီး ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။
" ချူနိုင်ငံမှာ မိသားစုသုံးခုပဲရှိရင်တောင် ချင်နိုင်ငံက ချူလက်ချက်နဲ့ သေချာပေါက် ကျဆုံးရမယ်။ တကယ်ကို ရယ်စရာပဲ။ သူတို့က ဒီဆောင်ပုဒ်နဲ့ ချူပြည်သူတွေကို စည်းရုံးခဲ့တာပေါ့။ နိုင်ငံပျက်စီးရင်တောင် သူတို့မိသားစု လုံခြုံရင် ပြီးတာပဲဆိုတဲ့လူတွေ။ " ကျောက်ဖုန်းက စိတ်ထဲမှ အေးစက်သွားသည်။
" သူတို့ကို ဖမ်းလိုက်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။
ကိုယ်ရံတော်များက ရှေ့တိုးလာပြီး မိသားစုသုံးခု၏ ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ကြသည်။
" ဝူအန်းကျွင်း ကျွန်တော်တို့ မိသားစုက ချူနိုင်ငံရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အာဏာတစ်ဝက်ကျော်ကို ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့သာ လက်နက်ချရင် ချင်နိုင်ငံက ချူနိုင်ငံကို ထိန်းချုပ်ရ ပိုလွယ်သွားပါလိမ့်မယ်။ "
" ကျွန်တော်တို့ တကယ် လက်နက်ချချင်တာပါ။ "
" ဝူအန်းကျွင်း သေချာစဉ်းစားပေးပါဦး။ "
ကျောက်ဖုန်း၏ လုပ်ဆောင်ချက်ကို မြင်သောအခါ သူတို့သုံးယောက်လုံးက စိုးရိမ်သွားကြသည်။
" ချင်နိုင်ငံက ကပ်ပါးကောင်တွေလို အရာရှိတွေ မလိုချင်ဘူး။ ငါ လက်နက်ချဖို့ အမိန့်ပေးတုန်းက မင်းတို့ ဘာလုပ်နေကြတာလဲ။ အခု မြို့ကို သိမ်းလိုက်ပြီဆိုမှ မင်းတို့ လက်နက်ချတာ ဘာအသုံးဝင်မှာလဲ။ မင်းတို့ မိသားစုသုံးခုက ချူနိုင်ငံကို ဒီလောက်အကြာကြီး ထိန်းချုပ်ထားတာဆိုတော့ မင်းတို့ တော်တော် ချမ်းသာမှာပဲ။ "
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ချွီ၊ ကျင်းနဲ့ ကျောက်မိသားစုတွေကို အမြစ်ပြတ် သုတ်သင်လိုက်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူလိုက်။ အဲ့ဒီမိသားစုတွေထဲက ခုခံသူမှန်သမျှကို သတ်ပစ်။ လက်နက်ချတဲ့သူတွေကိုတော့ ကျွန်အဖြစ် သတ်မှတ်လိုက်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ကိုယ်ရံတော်များက ချက်ချင်း ပြန်ပြောလိုက်ကြသည်။
" ကျောက်ဖုန်း မင်းဒါကို နောင်တရလိမ့်မယ်။ "
" ငါတို့ မိသားစုသုံးခု လက်နက်ချရင် ချင်ဘုရင်က သေချာပေါက် လက်ခံရမှာပဲ။ ဒီနေ့ မင်းလုပ်ခဲ့တဲ့ အလုပ်ကို သူသိသွားရင် မင်းကို အပြစ်ပေးလိမ့်မယ်။ "
" ကျောက်ဖုန်း မင်းသေသင့်တယ်။ "
သူတို့၏ လက်နက်ချမှုကို လက်မခံသည်ကို သိလိုက်ရသောအခါ မိသားစုသုံးခု၏ ခေါင်းဆောင်သုံးယောက်က ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။
ကျောက်ဖုန်းက ရှေ့သို့ သွားလိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်ကာ ဓားချက်သုံးချက်ကို ထုတ်ဖော်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အော်ဟစ်နေသော မိသားစုသုံးခု၏ ခေါင်းဆောင်သုံးယောက်ကို ခေါင်းဖြတ်လိုက်သည်။
" ချူဝန်ကြီးတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "
" ချူဝန်ကြီးတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၀၀ ရရှိပါတယ်။ "
" ချူဝန်ကြီးတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၀၀ ရရှိပါတယ်။ "
ကျောက်ဖုန်းက ချူနိုင်ငံ၏ အာဏာအရှိဆုံး လူသုံးယောက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ချူအရာရှိအားလုံးက ကြောက်လန့်သွားကြသည်။
" ကောင်းတယ်။ ချူနိုင်ငံက ဒီမိသားစုသုံးခုလက်ထဲမှာ ဒုက္ခရောက်နေတာကြာပြီ။ " ချူဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကျောက်ဖုန်းက သွေးများ စီးကျနေသော လုံချွမ်ဓားကို ကိုင်ပြီး ချူဘုရင်ကို မော့ကြည့်လိုက်သည်။ ကျောက်ဖုန်း၏ အကြည့်အောက်တွင် ချူဘုရင်က ဖြည်းညင်းစွာ ထရပ်ပြီး သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
" ငါ အုပ်ချုပ်ခဲ့တာ တစ်နှစ်ပဲ ရှိသေးတယ်။ တစ်ချိန်က ငါ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိခဲ့တယ်။ နန်းတော်ကို သန့်စင်ဖို့ ချူနိုင်ငံကို ဘုရင်အာဏာနဲ့ သန်မာအောင်လုပ်ဖို့ပေါ့။ ဒါပေမယ့် ကောင်းကင်ကိ ငါ့ကို အခွင့်အရေး မပေးခဲ့ဘူး။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့