← Chapters

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း (၄၄၉)

" အရှင်မင်းကြီး ချူနိုင်ငံက ကျယ်ဝန်းပြီး လူဦးရေက များပါတယ်။ အုပ်ချုပ်ရေးကို နှစ်ပိုင်းခွဲပြီး အရပ်ဘက်အရာရှိနှစ်ယောက် စေလွှတ်သင့်ပါတယ်။ ကျွန်တော်မျိုးရဲ့ လက်အောက်က ရှောင်ဟီကို အကြံပြုလိုပါတယ်။ သူက အရည်အချင်းရှိသူဖြစ်လို့ ချူနိုင်ငံကို အုပ်ချုပ်မယ့် အရာရှိနှစ်ယောက်ထဲက တစ်ယောက်အဖြစ် သူ့ကို အကြံပြုပါတယ်။ " ဟန်ဖေးက တင်ပြလိုက်သည်။

" အရှင်မင်းကြီး အရင် ဟန်နိုင်ငံ ပျက်သုဉ်းတော့ ဝန်ကြီးယောင်ကျားကလည်း ထူးချွန်တဲ့ အရည်အချင်းတွေကို ပြသခဲ့ပါတယ်။ နောက်ထပ် အရာရှိနေရာအတွက် ယောင်ကျားကို အကြံပြုပါတယ်။ " လီစီက ချက်ချင်း ထပြောလိုက်သည်။

၎င်းကို မြင်သောအခါ ဟွိုက်ကျွမ်းက မနေနိုင်တော့ဘဲ ရှေ့ထွက်လာသည်။

" အရှင်မင်းကြီး ဝန်ကြီးမုန့်ယိကလည်း အရည်အချင်းရှိပြီး ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ "

ဟန်ဖေးက ချူနယ်မြေတွင် အရာရှိနှစ်ယောက် ထားသင့်သည်ဟု ပြောသည်မှာ အကြောင်းရင်းနှစ်ခုရှိသည်။ တစ်ခုမှ ချူနယ်မြေက ကျယ်ဝန်းပြီး လူဦးရေများပြားသောကြောင့်ဖြစ်သည်။ လူတစ်ယောက်တည်း အုပ်ချုပ်လျှင် အခက်အခဲ ကြီးမားသည့်အပြင် အာဏာက အလွန်ကြီးမားသောကြောင့် ဘုရင်အတွက် မကောင်းပေ။

" ရှောင်ဟီ " ရင်ကျန့်က ခဏစဉ်းစားပြီး ခေါ်လိုက်သည်။

" ကျွန်တော်မျိုးရှိပါတယ်။ " ရှောင်ဟီက အရပ်ဘက်အရာရှိများကြားမှ ထွက်လာပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

" မင်းရဲ့ ပုံစံက မဆိုးပါဘူး။ ဝန်ကြီးချုပ်ဟန်က ဘယ်ဝန်ကြီးချုပ်နေရာကို ရယူပြီးကတည်းက မင်းက စိုက်ပျိုးရေးဝန်ကြီးတာဝန်တွေကို လုပ်ဆောင်ခဲ့တယ်။ ငါမင်းရဲ့ အစီရင်ခံစာတွေကို ဖတ်ပြီးပြီ။ အားလုံး စနစ်တကျရှိတယ်။ မင်းက တကယ်ကို အရည်အချင်းရှိနဲ့သူပဲ။ " ရင်ကျန့်က ပြုံး၍ ချီးကျူးလိုက်သည်။

" ချင်နိုင်ငံသားတစ်ယောက်အနေနဲ့ ချင်နိုင်ငံကို အမှုထမ်းရတာ ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ " ရှောင်ဟီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဝန်ကြီးချုပ်ဟန်က မင်းကို အကြံပြုထားတဲ့အတွက် မင်းရဲ့ အရည်အချင်းကို ငါယုံကြည်တယ်။ လက်ရှိ အစိုးရလုပ်ငန်းတွေကို ခဏဘေးဖယ်ထားလိုက်ဦး။ ချူနယ်မြေကို သွားပြီး ငြိမ်းချမ်းအောင် လုပ်ပါ။ မင်း ကောင်းကောင်းလုပ်နိုင်ရင် မင်းကို ဝန်ကြီးကိုးပါးအဆင့် တိုးမြှင့်ပေးမယ်။ " ရင်ကျန့်က ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရှောင်ဟီက စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး အကောင်းဆုံး လုပ်ဆောင်ပါမယ်။ အရှင်မင်းကြီး စိတ်မပျက်စေရပါဘူး။ "

" နောက်တစ်ယောက်က..." ရင်ကျန့်က အကြံပြုထားသော လီစီနှင့် ဟွိုက်ကျွမ်းတို့ကို ကြည့်လိုက်သည်။

" မုန့်ယိ " ရင်ကျန့်က မုန့်ယိကို ရွေးချယ်လိုက်သည်။ မုန့်ယိက အရည်အချင်းရှိပြီး သူ၏ မိသားစုနောက်ခံကလည်း ယုံကြည်ရသည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " မုန့်ယိက ချက်ချင်း ရှေ့ထွက်လာသည်။

" မင်းနဲ့ ရှောင်ဟီက ချူနယ်မြေကို သွားပြီး အုပ်ချုပ်ပါ။ နှစ်ယောက်လုံးက ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်ရမယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " မုန့်ယိက ချက်ချင်း ဦးညွှတ်လိုက်သည်။

" အရှင်မင်းကြီး အဓိကအရာရှိတွေပြီးတော့ လက်ထောက်အရာရှိတွေ လိုအပ်ပါသေးတယ်။ ချူနိုင်ငံက အရာရှိတွေကို အညံ့ခံခိုင်းထားပေမယ့် ရွေးချယ်မှုက လိုအပ်နေပါသေးတယ်။ သူတို့အတွက် အရှင်မင်းကြီးရဲ့ သတ်မှတ်ပေးမှု လိုအပ်ပါသေးတယ်။ " ဟန်ဖေးက အကြံပြုလိုက်သည်။

" ဝန်ကြီးချုပ်ဟန် လက်ထောက်အရာရှိတွေ ရွေးချယ်တာကိုတော့ မင်းကို တာဝန်ပေးလိုက်မယ်။ အရာရှိတွေ ရွေးချယ်ပြီးရင် စာရင်းကို ငါ့ဆီ တင်ပြပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဟန်ဖေးက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ ညီလာခံသိမ်းမယ်။ ယွီချင်း ငါ့အမိန့်ကို ပို့လိုက်ပါ။ ကျောက်ဖုန်းကို ချူနိုင်ငံကို အမြန်ဆုံး ငြိမ်းချမ်းအောင် လုပ်ခိုင်းလိုက်ပါ။ မြို့တော်ကို ပြန်ရောက်ရင် သူ့ကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ပြီး ချင်နိုင်ငံရဲ့ စစ်အင်အားကို ကွပ်ကဲခိုင်းမယ်။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ယွီလျောင်က ပြုံး၍ ပြန်ပြောလိုက်သည်။

ချူမြို့တော်။

ကျောက်ဖုန်း၏ စောင့်ကြည့်မှုအောက်တွင် ကမ္ဘာငယ်ထဲမှ လူများ၏ နေထိုင်မှုက ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သစ်သားအိမ်များက ကမ္ဘာ၏ အလယ်တွင် ရှိပြီး တစ်ထောင်ကျော်အထိတိုးကာ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ ကမ္ဘာငယ်ထဲသို့ ဝင်ရောက်လာသူများက အလုပ်များ ကြိုးစားလုပ်ကိုင်နေကြသည်။

" အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သွေးကြောနဲ့ဆို ကမ္ဘာငယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေက နောက်တစ်ဆင့် တိုးတက်လာလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်ဝိညာဉ်သွေးကြောကို ထုတ်ပြီး ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းလိုက်သည်။

ယခင်ကဲ့သို့ပင် နဂါးပုံရိပ်တစ်ခုက ကမ္ဘာငယ်ထဲသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်စွမ်းအားများက စတင်မြင့်တက်လာသည်။ ကမ္ဘာငယ်ထဲမှ သာမန်လူများက စိတ်ဝိညာဉ်မြင့်တက်မှုကို မခံစားနိုင်ကြသော်လည်း ယန်ထင်မှ ဝူချန်များကတော့ ၎င်းကို ခံစားနိုင်ကြသည်။

" နောက်တစ်ခုက စိတ်ဝိညာဉ်စမ်းချောင်းမျက်လုံးနဲ့ စိတ်ဝိညာဉ်ကျောက်မိုင်းတွင်းပဲ။ " ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက လှုပ်ရှားသွားပြီး ထိုနှစ်ခုကို ကမ္ဘာငယ်ထဲသို့ ထည့်လိုက်သည်။

စိတ်ဝိညာဉ်စမ်းချောင်းမျက်လုံး ပေါ်လာသည်နှင့် ၎င်းက မြေကြီးထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားကာ စမ်းရန်များ တဖြည်းဖြည်း ပန်းထွက်လာပြီး အိုင်ငယ်တစ်ခုအဖြစ် ပေါ်လာသည်။ စိတ်ဝိညာဉ်ကျောက်မိုင်းတွင်းကလည်း စိတ်ဝိညာဉ်ကျောက်တုံးများနှင့်အတူ ပေါ်လာသည်။

ကမ္ဘာငယ်အတွင်း စိတ်ဝိညာဉ်စွမ်းအားများက နောက်တစ်ကြိမ် လျင်မြန်စွာ မြင့်တက်လာသည်။ နောက်ခဏတွင် ကမ္ဘာငယ်လေးက တုန်ခါသွားသည်။

" ကမ္ဘာငယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအား သယ်ဆောင်နိုင်မှုက အကန့်အသတ်ကို ရောက်သွားပြီ။ ဒီကမ္ဘာငယ်က တကယ်ပဲ ချဲ့ထွင်တော့မှာပဲ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

ကမ္ဘာငယ်က ဆင့်ကဲပြောင်းလဲရန် အခွင့်အရေးရှိနေပုံရသည်။ ဆင့်ကဲပြောင်းလဲနိုင်သော ကမ္ဘာတစ်ခုက အမှန်တကယ် တန်ဖိုးကြီးမားလှသည်။ အမှန်တကယ် စတုတ္ထအဆင့် ရတနာသေတ္တာမှရရှိသော ဆုလာဘ်အဖြစ် ထိုက်တန်ပေသည်။

ကျောက်ဖုန်း၏ စောင့်ကြည့်မှုအောက်တွင် ကမ္ဘာငယ်၏ ကောင်းကင်နှင့် မြေကြီးက တုန်ခါလာပြီး မြေပြင်က တဖြည်းဖြည်း ချဲ့ထွင်လာသည်။ ကမ္ဘာငယ်အတွင်းမှ လူများက ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

" ထိတ်လန့်စရာမလိုဘူး။ ဒါက ကမ္ဘာချဲ့ထွင်နေတာပဲ။ " ကျောက်ဖုန်း၏ အသံက ကမ္ဘာငယ်အတွင်း ထွက်ပေါ်လာသည်။

ထိုစကားကြောင့် လူတိုင်းက စိတ်အေးသွားကြပြီး ထိတ်လန့်ခြင်းမရှိဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ အချိန်အတော်ကြာပြီးနောက် ကမ္ဘာငယ်က တုန်ခါမှု ရပ်တန့်သွားသည်။

" ကမ္ဘာငယ်က ငါးဆလောက် ချဲ့ထွင်သွားတာပဲ။ မိုင်ငါးထောင်အကျယ်အဝန်ကို ရောက်သွားပြီ။ စိတ်ဝိညာဉ်စွမ်းအားတွေက အရည်အဆင့် မရှိတော့ပေမယ့် အခုထိ အရမ်းသိပ်သည်းနေတုန်းပါပဲ။ မိုင်ငါးထောင်ဆို လူတွေပိုပြီး ထောက်ပံ့နိုင်လိမ့်မယ်။ "

ကျောက်ဖုန်းက ကမ္ဘာငယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး သူ၏ နတ်ဘုရားအာရုံက မိုင်းငါးထောင်ရှိသော ကမ္ဘာငယ်တစ်ခုလုံးရှိ အရာအားလုံးကို သိရှိနိုင်သည်။ ကံမကောင်းသည်မှာ ကမ္ဘာငယ်က ပျက်စီးနေသောကြောင့် နိယာမစွမ်းအားများ ပျောက်ဆုံးနေသည်။

" ဒီကမ္ဘာရဲ့ ပြောင်းလဲမှုက သိသာတဲ့ ပြောင်းလဲမှုတွေ မရှိပေမယ့် အနာဂတ်မှာတော့ ပြောလို့မရဘူး။ ဒီကမ္ဘာက ပြောင်းလဲတိုးတက်နိုင်တယ်ဆိုတာ အကန့်အသတ်မရှိတဲ့ အလားအလာကို ပြနေတာပဲ။ ဒီကမ္ဘာငယ်ထဲမှာ ငါ့ရဲ့ နတ်ဘုရားအာရုံက ကောင်းကင်တာအိုပဲ။ ဒီကမ္ဘာသာ ပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖြစ်လာရင် နိယာမတွေလည်း ပြန်ပေါ်လာလိမ့်မယ်။ ဒါဆို ကောင်းကင်တာအိုဖြစ်တဲ့ ငါက အဲ့ဒီနိယာမဆွေကို အလွယ်တကူ မားလည်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" စိတ်ဝိညာဉ်စမ်းရေမှာ အလွန်သန့်စင်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပါဝင်တယ်။ သောက်သုံးရင် ရောဂါအားလုံးကို ကာကွယ်ပေးပြီး မွေးရာပါ အရိုးအဆစ်တွေကိုတောင် တိုးတက်စေလိမ့်မယ်။ ရေစိမ်ရင်တော့ ပိုပြီးထိရောက်မှာပဲ။ စိတ်ဝိညာဉ်ကျောက်မိုင်းတွင်းကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေ တူးဖော်နိုင်တယ်။ " ကျောက်ဖုန်းက ရတနာနှစ်ခုကို ကမ္ဘာငယ်ထဲသို့ ထည့်သွင်းပြီးနောက် ၎င်းတို့၏ လုပ်ဆောင်ချက်များကို နားလည်လိုက်သည်။

" ဒီနေ့ကစပြီး ဒီကမ္ဘာထဲက လူတိုင်း သိုင်းတာအိုကို ကျင့်ကြံနိုင်တယ်။ ကျင့်စဉ်အဆင့် ပိုမြင့်လာလေ ပိုအရေးပေးခံရပြီး ဆုလာဘ်ပိုရလေပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဝူချန်များက လေးစားစွာဖြင့် ပြန်ဖြေလိုက်ကြသည်။

ဤကမ္ဘာထဲတွင် အရာအားလုံးက ကျောက်ဖုန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသောကြောင့် သစ္စာဖောက်မှုအတွက် စိုးရိမ်စရာမလိုပေ။ ဤကမ္ဘာထဲတွင် သိုင်းတာအိုကို ဖြန့်ကျက်ခြင်းက ကျောက်ဖုန်းအတွက် အကျိုးရှိပေလိမ့်မည်။

ကျောက်ဖုန်းက ပြင်ပကမ္ဘာကို ပြန်အာရုံစိုက်လိုက်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

" အရှင်ကို ဂါရဝပြုပါတယ်။ " ကိုယ်ရံတော်များက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

" ငါ ကျင့်ကြံနေတာ ဘယ်နှစ်ရက်ရှိပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ဆယ်ရက်ရှိသွားပါပြီ။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။

" အချိန်တွေတကယ် မြန်တာပဲ။ ကျင့်ကြံမှုက ပိုအဆင့်မြင့်လာလေ နားလည်ဖို့ အချိန်ပိုကြာလေပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" စစ်ပွဲက ဘယ်လိုဖြစ်သွားပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အရှင် တိုက်ပွဲရလဒ်တွေက ကောင်းမွန်ပါတယ်။ ချူဘုရင်ရဲ့ အမိန့်တော် ပါတဲ့အတွက် ကျွန်တော်တို့ တွေ့သမျှ မြို့တိုင်းလိုလိုက တံခါးဖွင့်ပြီး အညံ့ခံကြပါတယ်။ ဆယ်ရက်အတွင်းမှာ ကျွန်တော်တို့ ဝူအန်းစခန်းက မြို့ပေါင်းနှစ်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ခေါင်းမာပြီး လက်နက်မချတဲ့ မြို့တွေကိုတော့ တိုက်ရိုက်ထိုးဖောက်ပြီး သူတို့ကို သုတ်သင်ပစ်ပါတယ်။ " ကျန်းမင်က ပြောလိုက်သည်။

" ကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters