အခန်း ၁၄၀၂
Vol. 141 Ch. 1402
အခန်း (၁၄၀၂) အတုအယောင် ဆန္ဒ
"ခင်ဗျားတို့အားလုံး..."
လင်ရှူးယာက ရုတ်တရက်အနည်းငယ်ဇဝေဇဝါဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် မသေမျိုးများနှင့် ဗုဒ္ဓများက လောကရှိအရာအားလုံးကို သူတို့၏လက်တစ်ကမ်းတွင် ဆုပ်ကိုင်ထားနိုင်သည့်အလား အမြဲတစေတည်ငြိမ်အေးဆေးသော အမူအရာကို ထိန်းသိမ်းထားတတ်သောကြောင့် ဖြစ်သည်။
ဤမဟာလွတ်လပ်ခြင်းဗောဓိသတ္တများ၏မျက်နှာပေါ်တွင် ဤမျှမဖုံးမဖိနိုင်အောင် ပြောင်းလဲသွားသောအမူအရာများကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
လောကကိုတုန်လှုပ်စေနိုင်သော စွမ်းအားများကို လက်ဝယ်ပိုင်ဆိုင်ထားပြီး မသေနိုင်မပျက်စီးနိုင်သည့် နတ်ဘုရားစွမ်းရည်များ ရှိနေပါလျက်နှင့် မည်သည့်အရာကို သူတို့က ကြောက်ရွံ့နေကြသနည်း။
လင်ရှူးယာက ရုတ်တရက်နောက်သို့ လှည့်ကြည့်ရန်ပင် မဝံ့မရဲဖြစ်သွားခဲ့၏။
သူ၏အနောက်ဘက်ရှိ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်က တစ်ချိန်က သေရေရှင်ရေးအတွက်ရုပ်ဖျက်ကာ ထွက်ပြေးခဲ့ရသူဖြစ်သော်လည်း၊ယခုအခါ မသေမျိုးများနှင့် ဗုဒ္ဓများကို အဘယ်ကြောင့် လုံးဝတိတ်ဆိတ်သွားစေနိုင်သည်ကို သူ နားမလည်နိုင်အောင်ဖြစ်ရသည်။
ရွှေရောင်ခန်းမဆောင်ကြီးက အလွန်အမင်းပင်တိတ်ဆိတ်သွားခဲ့တော့သည်။
ရာဇပလ္လင်အထက်မြင့်မားသောနေရာတွင် ထိုင်နေကြသည့် မဟာလွတ်လပ်ခြင်းဗောဓိသတ္တ လေးပါးကလည်း လင်ရှူးယာနည်းတူ ထိတ်လန့်တုန်လှုပ်နေကြပါသည်။
သူတို့က ရွှေရောင်ဆံထိုးနှင့် အနက်ရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့်ပုံရိပ်အား ထိတ်လန့်တကြား စိုက်ကြည့်နေကြပြီး သူတို့၏စိတ်အာရုံများမှာ ဝေဝါးနေခဲ့၏။
ဂိုဏ်းနှစ်ခုစလုံးက မိုးကောင်းကင်နှင့် မြေပြင်ကို ရှင်းလင်းနေချိန်ဖြစ်ပြီး၊ ဤသူကို ဖမ်းဆီးရန်အတွက် ပထမအဆင့်ဧရာမပုဂ္ဂိုလ်ကြီးများကိုပင် စေလွှတ်ကာ မြေရိုင်းနယ်မြေ၏မည်သည့်နေရာကိုမျှ မချန်ထားဘဲရှာဖွေနေခဲ့ကြ၏။
သို့သော်လည်း ဧကရာဇ်ခုံရုံး၏စွပ်စွဲခြင်းခံထားရသော ဤရာဇဝတ်ကောင်က အင်ပါယာမြို့တော်ထဲသို့ ရဲတင်းစွာဝင်ရောက်လာခဲ့သည်။
ဤသည်မှာ သေမင်းကိုဖိတ်ခေါ်နေသော လုပ်ရပ်ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။
သို့သော် တစ်ဖက်လူက သေမင်းကိုမရှာနိုင်မီမှာပင်။ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများကို ပို၍ စိုးရိမ်ပူပန်စေသောအရာမှာ သူတို့၏ကိုယ်ပိုင် အသက်အန္တရာယ်ပင်။
ဒုတိယအဆင့် ကျင့်ကြံသူများ၏ယုံကြည်မှု အများစုမှာ မသေနိုင်၊မပျက်စီးနိုင်ခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
မသေမျိုးသုံးပါးဂိုဏ်းအတွက် ထူးချွန်သော စွမ်းဆောင်ရည်များကိုပြသခဲ့သည့် ဤတပည့်အား ပူးပေါင်းဖမ်းဆီးရန် ဂိုဏ်းနှစ်ခုစလုံး သဘောတူညီခဲ့ရသည့် အကြောင်းရင်းမှာ၊ ဤလူက ကောင်းကင် တာအိုထံအပ်နှံထားသော ဓမ္မအသီးအပွင့် နှင့် တာအိုအသီးအပွင့်တို့ကို ဖျက်ဆီးပစ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို ပိုင်ဆိုင်ထားနိုင်ခြေရှိနေသောကြောင့်မဟုတ်လော။
တာအိုဓမ္မဆွေးနွေးပွဲမှ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းက သူတို့၏စိတ်ထဲသို့ လှိုင်းလုံးကြီးများပမာဝင်ရောက်လာခဲ့၏။
မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများက ရွှံ့ရုပ်တုများအဖြစ်ပြောင်းလဲသွားသည့်အလား၊ သူတို့၏လက်ချောင်းထိပ်လေးများကိုပင် တစ်လက်မမျှမလှုပ်ရှားရဲကြပေ။
သူတို့၏နဖူးများပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာပြီး၊ကျောပြင်များ စိုရွှဲလာကာ၊ သူတို့ နှလုံးသားထဲရှိ ခုခံမှုစည်းများပြိုကျလုနီးပါး ဖြစ်သွားချိန်တွင်၊ နောက်ဆုံး၌သူတို့က တုန်ယင်စွာဖြင့် ခေါင်းငုံ့ကာတိုးညှင်းသောအသံဖြင့် ပြောလိုက်ကြသည်။
"ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ အစစ်အမှန်အရှင်ကို အရိုအသေပေးပါတယ်"
ဤအသံက ရွှေရောင်ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်တွင်၊ ဝန်ကြီးနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ အားလုံး အေးခဲသွားကြပြီး လင်ရှူးယာ၏ မျက်နှာကလည်း ချက်ချင်း ဖြူရော်သွားခဲ့သည်။
ရာဇပလ္လင်အထက်မြင့်မားစွာ ထိုင်နေသော ဧကရာဇ်အသစ်ပင်လျှင် အလိုအလျောက် နောက်သို့ တွန့်သွားခဲ့၏။
ဧကရာဇ်သရဖူများက ထိန်းချုပ်မရအောင် ယိမ်းယိုင်သွားပြီး အရှက်ရဖွယ်အရိပ်အယောင် အချို့ကို ပြသနေခဲ့သည်။
ရှန်းယီအမည်ရှိသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ကို လူတိုင်း မမှတ်မိနိုင်သော်လည်း၊ တိုက်ကြီးလေးခုမှ သတင်းများပြန့်နံ့နေချိန် ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ အစစ်အမှန်အရှင်၏လေးစားဖွယ်ကောင်းသော အမည်နာမကို လူတိုင်းနီးပါး ကြားဖူးခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရာမင်းဆက်၏ အခြေအနေတစ်ရပ်လုံးကို လွှမ်းမိုးထားသော ကိစ္စရပ်များအားလုံးမှာ ဤသူ၏နာမည်ကျော်ကြားသော ဂုဏ်သတင်းကိုမကျော်လွန်နိုင်သောကြောင့် ဖြစ်သည်။
မြောက်ပိုင်းတိုက်ကြီးရှိ မသေမျိုးများကို စည်းလုံးစေခဲ့ပြီး၊ အရှေ့ပိုင်းတိုက်ကြီး၏ ဍုမေဏုတောင်ကို ဖိနှိပ်ကာ၊ အစစ်အမှန်ဗုဒ္ဓကိုယ်တိုင် ကြီးကြပ်သော တာအိုဓမ္မဆွေးနွေးပွဲကို ဖြိုခွင်းခဲ့သူမှာ ဤသူပင်။
ထိုလုပ်ရပ်က ဂိုဏ်းနှစ်ခုစလုံးကြားတွင် အကြိတ်အနယ်အခြေအနေကိုဖြစ်ပေါ်စေခဲ့ပြီး၊ ယခုမြင်ကွင်းရှိ သေမျိုးလောကအား မသေမျိုးခုံရုံးက ခွင့်လွှတ်ပေးခြင်းဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော မသေမျိုးသောင်းချီ၏ခေါင်းဆောင်တစ်ဦးက ဤမျှထိနုပျိုနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
"မင်းပဲ..."
ကြီးမားလှသောအတွင်းစိတ် ကြောက်ရွံ့မှုအောက်တွင် လင်ရှူးယာ၏လည်ပင်းကြွက်သားများ ထောင်ထွက်လာပြီး၊ သူက နောက်သို့ အတင်းအကျပ်လှည့်ကာ အရှေ့မှလူငယ်လေးအား ကြည့်လိုက်ရာ သူ၏မျက်လုံးသူငယ်အိမ်များမှာ တုန်ယင်နေခဲ့သည်။
သူက အခြားသူများထက် ပိုမိုသိရှိထားပြီး၊ မျက်တောင်တစ်ခတ်အတွင်း ဤသတင်းအချက်အလက်များကို ချိတ်ဆက်လိုက်ရာ၊ နောက်ဆုံးတွင် နှလုံးခုန်သံကိုမြန်စေသော အဖြေတစ်ခုကို ရရှိသွားခဲ့သည်။
ထိုစဉ်က ယခင်ဧကရာဇ်နှင့် တွေ့ဆုံပြီးနောက်၊ တစ်ဖက်လူက အဝေးသို့ထွက်ပြေးသွားခြင်း မရှိခဲ့ပေ။ ထို့အစား မသေမျိုးသုံးပါးဂိုဏ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ မသေမျိုးတစ်ပါးအနေဖြင့်မုန်တိုင်းများကို ဖန်တီးခဲ့ရာ၊ နောက်ဆုံးတွင် အစစ်အမှန် ဗုဒ္ဓကိုယ်တိုင် သေမျိုးလောကသို့ ဆင်းသက်လာပြီးညှိနှိုင်းရသည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့၏။
ဤကိစ္စရပ်များနှင့် ပတ်သက်၍ အဘယ်ကြောင့် မည်သူကမျှ သူ့အားမပြောပြခဲ့သနည်း။
ယခင်ဧကရာဇ်က မသေမျိုးဌာန၏ အကြီးအကဲဖြစ်သော သူ့အားအမြဲတစေသတိထား စောင့်ကြည့်နေခဲ့သည်လော။
လင်ရှူးယာက ခန်းမဆောင်အပြင်ဘက်ရှိ ယဲ့လန်အားလှမ်းကြည့်လိုက်ပြီးမှသာ၊ လူသားဧကရာဇ်၏ဘေးတွင် ဤအမျိုးသမီးပါဝင်ခဲ့သည့် အခန်းကဏ္ဍကို သူနားလည်သွားတော့သည်။
သူ၏နှလုံးသားထဲရှိ အေးစက်မှုက တဖြည်းဖြည်းအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
သူက သူ၏တစ်သက်တာလုံးကို နတ်ဘုရားမင်းဆက်အတွက် မြှုပ်နှံခဲ့သော်လည်း၊ အချိန်တိုင်းအမှောင်ထဲတွင်သာ ချန်လှပ်ထားခြင်း ခံခဲ့ရသည်။
"မင်းဒီလောက်တောင် အနစ်နာခံပြီးမှတော့။ ဘာလို့ နောက်တစ်ကြိမ်ထပ်ပြီးအနစ်နာမခံနိုင်ရတာလဲ"
လင်ရှူးယာက အံများကိုတင်းကျပ်စွာကြိတ်ထားရင်း၊ ထိုကြည်လင်ပြီးနက်မှောင်နေသော မျက်လုံးများကို ရင်ဆိုင်ရန်ရဲစွမ်းသတ္တိများကို စုစည်းလိုက်ကာ အက်ကွဲနေသောအသံဖြင့် မေးခွန်းထုတ်လိုက်သည်။
ဤမျှအထိလုပ်ဆောင်ပြီးနောက် သူရှာဖွေနေသောအရာမှာ ကောင်းကင်အောက်ရှိ ငြိမ်းချမ်းရေးထက် မပိုဘူးမဟုတ်လော။
ယခုအခါ မသေမျိုးခုံရုံးနှင့် နတ်ဘုရားမင်းဆက်တို့ နောက်ဆုံးတွင် ပြန်လည်သင့်မြတ်သွားပြီဖြစ်ရာ၊ ရည်မှန်းချက်အောင်မြင်သွားပြီး နိုင်ငံတော် ကြီးပွားတိုးတက်တော့မည်ကို၊ ပြည်သူများဘေးကင်းစွာ နေထိုင်ရတော့မည်ကို စောင့်ကြည့်နေရမည့်အစား၊ဤလူငယ်လေးက ယခုမှ အဘယ်ကြောင့် ထွက်လာရသနည်း။
ဂုဏ်ပြုခံရရန်နှင့် ဆုလာဘ်များ တောင်းခံရန်လော။
အကယ်၍ဂိုဏ်းနှစ်ခုစလုံးက ဆူးငြောင့်ခလုတ်တစ်ခုအဖြစ် ရှုမြင်ထားသူတစ်ဦးကို နတ်ဘုရားမင်းဆက်က အသိအမှတ်ပြုလိုက်ပါက၊ မသေမျိုး ခုံရုံး၏ဆန့်ကျင်ဘက်တွင် နောက်တစ်ကြိမ် ရပ်တည်ရမည် မဟုတ်လော။
ထိုသို့ဆိုလျှင် ယခင်က တိုက်ပွဲဝင်ခဲ့သမျှအရာအားလုံးက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"မင်း ဘာလို့... ကျယ်ပြောလှတဲ့တိုက်ကြီးလေးခုအတွက် တိတ်တဆိတ်မသေပေးနိုင်ရတာလဲ"
လင်ရှူးယာ၏မျက်လုံးများထဲတွင် သွေးကြောများ ယှက်နွှယ်နေပြီး၊ သူက လူငယ်လေးဆီသို့အနည်းငယ် ပိုမိုနီးကပ်စွာခြေလှမ်းတစ်လှမ်း တက်လိုက်၏။
သူ၏အနောက်တွင် သေမျိုးလောကတစ်ခုလုံး ရှိနေသဖြင့်၊ သူမည်မျှပင် ကြောက်ရွံ့နေစေကာမူ၊ ခြေတစ်လှမ်းမျှပင် နောက်ဆုတ်၍မရနိုင်ပေ။
"..."
ဤမေးခွန်းနှစ်ခုနှင့် ရင်ဆိုင်ရချိန်တွင်၊ ရှန်းယီက ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။
ခဏအကြာတွင် သူက ရုတ်တရက်တိုးညှင်းစွာ ရယ်မောလိုက်၏။
အင်ပါယာမြို့တော်တွင် သူတို့ ပထမဆုံးတွေ့ဆုံခဲ့စဉ်ကတည်းက ရှန်းယီက အချို့သောအရာများကို အကြမ်းဖျင်းသတိပြုမိခဲ့သည်။
လူသားဧကရာဇ်၊ လင်ရှူးယာ နှင့် သူကိုယ်တိုင်တို့က မတူညီသောလမ်းကြောင်းများကို လျှောက်လှမ်းနေကြသူများဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်အမြင်မတူနိုင်ကြသော်လည်း၊ မည်သည့်လမ်းကြောင်းကို ရွေးချယ်သည်ဖြစ်စေ ရည်ရွယ်ချက်မှာ သေမျိုးလောကအတွက် တစ်ခုခု လုပ်ဆောင်ပေးရန်သာဖြစ်ကြသည်။
လူသားများအကြားတွင် အခက်ခဲဆုံးအရာမှာ ကွဲလွဲမှုများကိုဖယ်ထားကာ ဘုံတူညီချက်ကို ရှာဖွေရန်ဖြစ်သည်။ သူ့အတွက်မူ လူသားဧကရာဇ်က လောကရှိသက်ရှိများ၏ခုနစ်ဆယ် ရာခိုင်နှုန်းကို စတေးမည့်ရူးသွပ်သော လုပ်ရပ်ကို လက်ခံရန် ခက်ခဲနေခဲ့သည်။
ရလဒ်ထွက်မလာမီအထိ၊ ရှန်းယီအနေဖြင့် သခင်ကြီးလင်၏ လုပ်ရပ်များမှားယွင်းခြင်း ရှိ၊ မရှိကို အလွယ်တကူဆုံးဖြတ်၍ မရနိုင်ခဲ့ပေ။
သို့သော် ယခုအခါတွင် သူရုတ်တရက် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် ဤလမ်းကြောင်း သုံးခုအနက်၊တစ်ခုမှာ ကိုယ်ကျိုးအတွက်ကြွေးကြော်သံသက်သက်မျှသာဖြစ်ပြီး အတုအယောင်ဖြစ်နေသောကြောင့်ပင်။
ရှန်းယီက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး၊ သူ၏လက်ချောင်းထိပ်များက လင်ရှူးယာ၏ရူးသွပ်စွာ တုန်ရီနေသော မျက်နှာကို ထိတွေ့လိုက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ပုံကြီးချဲ့ထားပြီး ကြောက်မက်ဖွယ်ကောင်းသောအမူအရာကို ပြေလျော့သွားစေရန် သေချာစွာပွတ်သပ်ပေးရင်း သူက ရှင်းလင်းစွာပြောလိုက်သည်။
"ငါတို့တွေကသာ အနိုင်ရချင်ခဲ့ကြတာကိုး။ ခင်ဗျားကတော့ တစ်ချိန်လုံးခွေးတစ်ကောင်လိုအသက်ရှင်ချင်ခဲ့ရုံသက်သက်ပဲ။ ကောင်းမွန်တဲ့အရာကလွဲရင် ဘာအတွက်မဆို အသက်ရှင်နေချင်တာပဲ"