အခန်း ၁၄၀၄
Vol. 141 Ch. 1404
အခန်း (၁၄၀၄) ငါလိုချင်တာကို ကိုယ်ပိုင်လက်နဲ့ပဲ ယူမယ်
မည်သူက စတင်ဦးဆောင်လိုက်သည်ကို မသိရသော်လည်း၊ ၎င်းက အကြောက်တရား၏အထွတ်အထိပ်တွင် အလိုအလျောက်ဖြစ်ပေါ်လာသောတုံ့ပြန်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ဘုန်းကြီးလေးပါးက မမျှော်လင့်ဘဲဆက်တိုက် ဒူးထောက်ချလိုက်ကြပြီး၊လွင့်ပျံနေသော ထိုအနက်ရောင်တာအိုဝတ်ရုံ၏အောက်တွင် တဖြည်းဖြည်း ဒူးထောက်ခစားလိုက်ကြ၏။
သူတို့က ဤလူငယ်လေးကို ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီးများထက်ပင်ပို၍ ကြောက်ရွံ့နေခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အသက်ကို မည်သူက အမှန်တကယ်နုတ်ယူနိုင်သနည်းဆိုသည်ကို ဤမဟာလွတ်လပ်ခြင်း ဗောဓိသတ္တအုပ်စုက အလွန် ရှင်းလင်းစွာနားလည်ထားကြသည်။
"အစစ်အမှန်အရှင်... အစစ်အမှန်အရှင်၊ ကျုပ်တို့ကို ချမ်းသာပေးပါ...။"
အမှန်တကယ်တွင် ဤမဟာလွတ်လပ်ခြင်းဗောဓိသတ္တအုပ်စုက အသက်ရှင်ကျန်ရစ်ရန် ကြီးမားသောမျှော်လင့်ချက်ကို စွန့်လွှတ်ထားခဲ့သည်မှာ အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အရှေ့ပိုင်းတိုက်ကြီးရှိ ဗောဓိဂိုဏ်း၏နောက်လိုက်များအပေါ် ရှန်းယီ၏ ရက်စက်ကြမ်းကြုတ်မှုက လူသိများပြီးသား ဖြစ်သောကြောင့်ပင်။
သူလှုပ်ရှားလိုက်သည့် အချိန်တိုင်း သူ၏ဓားက မည်သူ့ကိုမျှအသက်ရှင်လျက် ချန်ရစ်မထားခဲ့ပေ။
"မင်းတို့ ငါ့ကိုဘယ်လိုခေါ်လိုက်တယ်"
ရှန်းယီက အနည်းငယ်ကိုင်းညွတ်လိုက်ပြီး သူ၏လက်ချောင်းများကို တောက်ပနေသော ထိပ်ပြောင်ခေါင်းတစ်ခုပေါ်တွင် တင်လိုက်ကာ၊ သူတို့အား သူ့ကိုတိုက်ရိုက်မော့ကြည့်စေရန် အတင်းအကျပ် ပြုလုပ်လိုက်၏။
မဟာလွတ်လပ်ခြင်းဗောဓိသတ္တများက ခေတ္တမျှ မှင်သက်သွားကြပြီးနောက်၊လျင်မြန်စွာ တုံ့ပြန်လိုက်ကာ သူတို့၏ခေါ်ဝေါ်ပုံကို ချက်ချင်း ပြောင်းလဲလိုက်ကြပြီး တုန်ယင်နေသော အသံများဖြင့် ပြောလိုက်ကြ၏။
"ကျေးဇူးပြုပြီး... အရှင်မင်းကြီး၊ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ..."
ဤမြင်ကွင်းက ဝန်ကြီးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများတစ်ရပ်လုံးကို မှင်သက်သွားစေခဲ့သည်မှာ သံသယရှိစရာမလိုပေ။
ဤမြင့်မြတ်လှပါသည်ဆိုသော မသေမျိုး ဗုဒ္ဓများကလည်း သွေးပျက်မတတ် ကြောက်ရွံ့သွားနိုင်ကြောင်းထင်ရှားသွားခဲ့ပြီး၊ သူတို့၏မျက်နှာချိုသွေး၍တောင်းပန်နေသော ဟန်ပန်မှာ သာမန်လူသားများစွာထက်ပင် ပို၍ဆိုးရွားနေခဲ့သည်။
တူညီသောရာဇပလ္လင်ဖြစ်လင့်ကစား၊ ထိုင်နေသူ မတူညီယုံမျှဖြင့် ဤမျှကြီးမားကျယ်ပြန့်သော ကွာခြားမှုကို ပြသနေခဲ့သည်။
"ငါဘာလိုချင်လဲဆိုတာ မင်းတို့ သိလား"
ရှန်းယီက ဘုန်းကြီး၏နားအနီးသို့ ပိုမိုကပ်သွားပြီး၊ သူ၏အေးစက်လှသော အသံက သူတို့၏ခန္ဓာကိုယ်များကို ပို၍ပင် တုန်ယင်သွားစေခဲ့သည်။
မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများက အကြိမ်ကြိမ် ဦးချကြသည်။
၎င်းကို မြင်သောအခါ၊ ရှန်းယီက သူ၏ဆုပ်ကိုင်ထားမှုကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး သူ၏အင်္ကျီလက်စကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်၏။
ထိုအခါ ပုံရိပ်လေးခုက ပြင်းထန်သောရိုက်ချက်တစ်ခုထိမှန်သွားသည့်အလား အနောက်သို့ လွင့်စင်သွားကြပြီး၊ မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားကာ ရွှေရောင်ခန်းမဆောင်ထဲမှ ဖရိုဖရဲလိမ့်သွားကြသည်။
သူတို့ပ အသက်ရှင်ရန်အခွင့်အရေးရရှိလိမ့်ဦးမည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ကြပေ။
သူတို့က တယိမ်းတယိုင်ဖြင့်မတ်တပ်ရပ်ပြီးနောက်၊ မျက်လုံးများထဲတွင်လောင်ကျွမ်းနေသော ဒေါသများကိုဖိနှိပ်ထားလိုက်ပြီး၊ နန်းတော်ထဲရှိ အေးအေးလူလူရှိနေသော လူငယ်လေးကို မှင်သက်စွာ စိုက်ကြည့်နေခဲ့ကြ၏။
ရာဇပလ္လင်ပေါ်တွင် ပျင်းရိပျင်းတွဲမှီနေသော ရှန်းယီက သူ၏လက်ချောင်းများကို ခေါက်စကားနေပြီး၊ သူ၏မျက်လုံးများကိုပင် ပင့်ကြည့်ရန် ပျင်းရိနေကာ ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။
"ပြန်သွားပြီး လူသွားစုခဲ့ချေ"
ထိုစကားကို ကြားရသောအခါ၊ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများက သူတို့၏စိတ်ခံစားမှုများကို ထိန်းချုပ်ရန်ရုန်းကန်နေရသော်လည်း၊ ပြင်းထန်သော အရှက်ရမှုလှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ကြရသည်။
ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာအစစ်အမှန်အရှင် ဖြစ်နေလျှင်ပင်။ သူက ဂိုဏ်းနှစ်ခုစလုံးကို ဤမျှမထီမဲ့မြင်ပြုရဲသည်ကို အံ့သြနေမိကြသည်။
တစ်ဖက်လူ ဘာကိုလိုချင်နေသလဲဆိုသည်ကို သူတို့ အနည်းနှင့်အများ ခန့်မှန်းမိသွားကြ၏။ တစ်ချိန်က မသေမျိုးဧကရာဇ်ရာထူးထံသို့ တက်လှမ်းရန် မသေမျိုးသစ္စာဆိုခဲ့ဖူးသော လူငယ်လေးတစ်ဦးက ဗောဓိဂိုဏ်း၏မတရားဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
ယခုအခါတွင် ဂိုဏ်းနှစ်ခုစလုံး၏ကြိုတင်မပြင်ဆင်ထားမှုအပေါ် အခွင့်ကောင်းယူကာ၊ သူက သေမျိုးလောကကို အတင်းအကျပ်သိမ်းပိုက်လိုက်ပြီး၊ နတ်ဘုရားမင်းဆက်ကို လွှမ်းခြုံကာ သူ၏ပိုင်ဆိုင်သင့်သောအရာကို ပြန်လည် ရယူရန် ရည်ရွယ်နေခြင်း ဖြစ်မည်။
၎င်းကို နားလည်သွားသောအခါ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများက နာကြည်းစွာဖြင့် အံကြိတ်လိုက်ကြပြီး၊ အင်ပါယာမြို့တော်မှ ထွက်ပြေးလွတ်မြောက်ရန်လုယက်ကာပြေးလွှားသွားကြလေသည်။
တစ်ချိန်တည်းမှာပင်၊ ရွှေရောင်ခန်းမဆောင် အတွင်း၌
လင်ရှူးယာက ဗောဓိသတ္တများ မျက်စိအောက်မှ ပျောက်ကွယ်ကာထွက်ခွာသွားသည်ကို မှင်သက်စွာ စိုက်ကြည့်နေခဲ့၏။
သူက ထုံကျင်စွာဖြင့်နောက်သို့ လှည့်လိုက်ပြီး၊ ရာဇပလ္လင်ပေါ်ရှိပုံရိပ်ကို စူးစိုက်စွာကြည့်လိုက်သည်။ ထာဝရသမျှကြာမြင့်သွားသကဲ့သို့ ခံစားရပြီးနောက် သူကနောက်ဆုံးတွင် သဲလွန်စတစ်ခုကို ခန့်မှန်းမိသွားကာ စိတ်သွားသည့်အလား ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်လေတော့သည်။
"ဒါကြောင့်ကိုး...ဒါကြောင့်ကိုး။"
ထိုကျိန်စာသင့်နေသော သားရဲကြီးက နတ်ဘုရားမင်းဆက်၏အခြေခံအုတ်မြစ်၊ လောက၏ ဧကရာဇ်ချီကို ထိန်းချုပ်နိုင်သောသွေးမျိုးဆက်အားပြင်ပလူတစ်ဦးထံသို့ အမှန်တကယ်ပင် လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။
"သူက ငါ့ကိုမယုံကြည်ဘဲ မင်းကိုယုံကြည်သွားတယ်။ သူက အရူးတစ်ယောက်သာမကလူမိုက်တစ်ယောက်ပဲ"
"နတ်ဘုရားမင်းဆက်က ပြင်ပလူရဲ့သိမ်းပိုက်ခံရတာက ဖြစ်ထိုက်ပါတယ်"
လင်ရှူးယာက အသက်ရှူမဝသည်အထိ ရယ်မောလိုက်ရာ မျက်လုံးများထဲတွင်မျက်ရည်များ ပြည့်လျှံလာခဲ့ပြီး၊ သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏ရင်ဘတ်ကို အားကုန်ထုနှက်ရင်း ပြောလိုက်၏။
"သူက လွတ်မြောက်ခြင်းကို မလိုချင်ပေမယ့်။ တခြားသူတွေအများကြီးက သူ့ရဲ့ လွတ်မြောက်ခြင်းကို တပ်မက်နေကြတယ်။ မင်းက အကြာကြီး ပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့ပြီး ဟန်ဆောင်မှုတွေကို အချိန်အကြာကြီးကပြခဲ့တယ်။ နောက်ဆုံးတော့ မင်း အောင်မြင်သွားပြီ။ ငါ လေးစားသွားပြီ။ ငါ လေးစားသွားပါပြီ"
"လင်ရှူးယာက..." ပိန်လှီနေသော လူလတ်ပိုင်းအရွယ်အမျိုးသားက လက်နှစ်ဖက်ကိုမြှောက်လိုက်ရာ၊ သူ၏အသံမှာ အက်ကွဲနေသောခေါင်းလောင်းတစ်ခုအလားလှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပြီး၊ထို့နောက် မြေပြင်တွင်ပြင်းထန်စွာ ခေါင်းချလျက် "မသေမျိုးဧကရာဇ်ကို အရိုအသေပေးပါတယ်" ဟု ပြောလိုက်သည်။
သူ၏ထူးဆန်းပြီး ရူးသွပ်နေသောလုပ်ရပ်များက ပတ်ဝန်းကျင်ရှိ လူတိုင်း၏အကြည့်များကို ထူးဆန်းသွားစေခဲ့သည်။
အရိုအသေပေးပြီးနောက်၊ လင်ရှူးယာက အရူးတစ်ယောက်အလားပြုံးလိုက်ပြီး ခေါင်းကိုပြန်လည် မော့ကာ၊ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော လူငယ်လေးကို ကြည့်လိုက်၏။
အချိန်အတော်ကြာပြီးနောက် သူ၏ရယ်မောသံမှာ တဖြည်းဖြည်း အားနည်းသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရှန်းယီ၏မျက်နှာပေါ်တွင် မည်သည့် ပြောင်းလဲမှုမျှမရှိဘဲ၊ သူ့ကိုအသံတိတ် စီးမိုးကြည့်နေကာ၊မျောက်ပြပွဲတစ်ခုကို ကြည့်နေသည့်အလားဖြစ်နေသောကြောင့်ပင်။
ထိုကဲ့သို့သော အကြည့်က လင်းရှူယာ၏စိတ်ထဲတွင် ယခုလေးတင်တစ်ဖက်လူက သူ၏အပေါ် မှတ်ချက်ချခဲ့သောစကားများဖြင့် ပဲ့တင်ထပ်သွားစေခဲ့သည်။
သူရဲကောင်းဆန်ဆန်သေဆုံးခြင်းထက် ရှက်ဖွယ်ကောင်းသောအသက်ရှင်ခြင်းကို ပိုနှစ်သက်သည့် ခွေးတစ်ကောင်ဟူသည့် စကားပင်။
သူသည် သူ၏နှုတ်ခမ်းများကို တင်းကျပ်စွာကိုက်ထားလိုက်ရာ၊ ပါးစပ်တစ်ခုလုံးပင် နီရဲသွားခဲ့သည်။ လောကကြီးကိုကယ်တင်ခဲ့သည်ဟု မိမိကိုယ်ကို ဂုဏ်ယူနေသူတစ်ဦးအတွက်၊ ဤအရာက အကြီးမားဆုံးသော စော်ကားမှုဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။
လင်ရှူးယာက သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို အင်္ကျီလက်ဖြင့်သုတ်လိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်၏။
"မသေမျိုးဗုဒ္ဓတွေကို အနိုင်ယူလို့မရနိုင်ဘူး"
ဤသည်မှာ သူ၏ကိုယ်ပိုင် အတွေ့အကြုံဖြစ်ပြီး၊ မှားယွင်းနိုင်စရာ အကြောင်း မရှိပေ။
"..."
ရှန်းယီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။
ထူထပ်သော ကပ်ဘေးစွမ်းအားတစ်ခု ရုတ်တရက် ကျဆင်းလာပြီး၊ လင်ရှူးယာကို ခန်းမဆောင်၏အလယ်ဗဟိုတွင် မြဲမြံစွာ ဖိနှိပ်ချုပ်နှောင်လိုက်သည်။
သူက လှုပ်ရှား၍မရနိုင်တော့သလို မျက်လုံးများကိုပင်မှိတ်၍မရတော့ဘဲ၊ ရုပ်တုတစ်ခုအလား မျက်လုံးပြူးကာစိုက်ကြည့်နေသောအမူအရာအဖြစ်သို့ အတင်းအကျပ်ဖိနှိပ်ခံထားရလေသည်။
ရှန်းယီက မျက်လုံးများကိုမှိတ်လိုက်ပြီး၊ အိပ်ချင်ယောင်ဆောင်ကာ နဂါးရာဇပလ္လင်ပေါ်သို့ နောက်ပြန်မှီချလိုက်၏။ သူ၏ကြည်လင်သော အသံက ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားခဲ့တော့သည်။
"သေချာ ကြည့်ထားစမ်း"