အခန်း ၁၁၁
Vol. 12 Ch. 111
Chapter 111: စုယွမ် ထွက်ပေါ်လာလေပြီ။
သုံးခြယ်အကြွင်းမဲ့တောင်ထိပ်၏အတွင်းဆောင်တွင် တပည့်အဟောင်းခုနစ်ယောက်က တပည့်အသစ်လေးများကို တိုက်ခိုက်ရင်း အစွမ်းကုန် ဝံ့ကြွားနေကြ၏။
တပည့်သစ်များထဲက လေးဦးမှာ ဒဏ်ရာရနေကြပြီး တော်တော်အရေးသာ မနေပါပေ။
“မင်းတို့ကောင်တွေက ဒီလောက်ပဲလုပ်နိုင်စွမ်းရှိတာလား။ ပြောတော့ ထိပ်သီးဝိညာဉ်ရင်းမြစ်တဲ့၊ ဒီလောက်ပဲလား။”
တပည့်ဟောင်းတစ်ဦးက မောက်မာစွာ ဆိုလာ၏။
လီယွဲ့ရှင်းက ဒေါသတကြီး ပြောလိုက်သည်။
“ရှင်တို့ အရှက်မရှိဘူးလား။ ရှင်တို့ဖြင့် ကျင့်ကြံတာဖြင့် နှစ်ကြာနေပြီ။ အခုမှ ရောက်တဲ့တပည့်တွေကို အနိုင်ကျင့်နေတာ၊ နည်းနည်းလေးမှ အသိစိတ်မရှိဘူးလား။”
“မင်းတို့ အပြင်လောကမှာ ကျင်လည်လို့ နတ်ဆိုးကျင့်ကြံသူတွေနဲ့တွေခဲ့ရင် မင်း ကျင့်ကြံရေးသက်တမ်းကြာ၊မကြာကို ဂရုစိုက်မယ်ထင်နေလား။ မင်းသာ နိုင်အောင် မတိုက်နိုင်ရင် သေမှာပဲ။ ငါတို့တပည့်ဟောင်းတွေက မင်းတို့ကို အပြင်လောကရဲ့ခါးသီးမှုကို သိအောင် လုပ်ပေးရုံပဲ။”
“မင်းတို့ထိပ်သီးဝိညာဉ်ရင်းမြစ်တွေက တအား မောက်မာ၊ ဘဝင့်မြင့်ပြီး ရည်မှန်းချက်တွေ မြင့်ကြတာမဟုတ်ဘူးလား။ ငါတို့က မင်းတို့ကောင်းဖို့အတွက်လုပ်ပေးနေတာပါ။”
တပည့်ဟောင်းများက တစ်ယောက်တစ်ပေါက် ပြောလာကြ၏။
“ဟမ့်။”
မိန်ချမ်လဲ့မှာ အူလှိုက်သဲလှိုက်ကို ရယ်မောမိတော့သည်။
“ခင်ဗျားတို့ ဒီလိုလုပ်ရဲနေတာ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိလို့မလား။ ဘယ်ကောင် ငါတို့ကို ပညာပေးချင်ချင်၊ ရှေ့ထွက်လာခဲ့စမ်းပါ။ ဘာလို့ အပိုတွေလုပ်နေရတာလဲ။”
တပည့်ဟောင်းများမှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထို့နောက် သူတို့မှာ တပည့်သစ်ခုနစ်ဦးကို ထပ်မံတိုက်ခိုက်တော့၏။
ထိပ်သီးအဆင့်ရှိဝိညာဉ်တပည့်တစ်ယောက်မှာ ဒဏ်ရာပြင်းထန်စွာ ရနေပြီဖြစ်ရာ ဆက်၍မတိုက်ခိုက်နိုင်တော့သည့်အတွက် အော်ဟစ်လာလေသည်။
“နှစ်ဆယ့်လေး၊ မင်းလည်း ဝင်တိုက်ခိုက်ဦး။”
သူတို့စကားထွက်လာသည်နှင့် ငါးတစ်ကောင်က အနှီတပည့်၏ဝတ်ရုံလက်ထဲမှ ထွက်လာပြီး ရေတစ်ပွက်ပန်းထုတ်လာသည်။
“ဝိညာဉ်သားရဲပါရှိသေးတာလား။”
ချီစုဆောင်းခြင်းအဆင့်ခုနစ်ရှိနေသော တပည့်တစ်ယောက်က အံ့သြဟန်ပြလာသောငြား ပြန်စိတ်ထိန်းလိုက်ပြီး မန္တန်တစ်ခုကို ခုခံရန်သုံးလာ၏။
ပြောရလျှင် ချီစုဆောင်းခြင်းအလတ်ပိုင်းအဆင့်ရှိဝိညာဉ်သားရဲတစ်ကောင်က မည်မျှအင်အားကြီးနိုင်ပါမည်နည်း။
“မဟုတ်သေးပါဘူး၊ အရှိန်အဝါက တော်တော်လေးသန်မာနေတယ်။”
ရေဓါးတစ်လက်က ထွက်လာသည်နှင့် သူ ချက်ချင်း တစ်ခုခုကို မှားနေသလို ခံစားလိုက်ရသည်။
သူလည်း ချက်ချင်း ခံစစ်ပြင်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အဆောင်ကို အသက်သွင်းလိုက်၏။
အနှီထူထဲလှသော သူ၏အကာအကွယ်မှာ ရေဓါး၏ပြင်းအားကို မခံနိုင်လေဘဲ သူ၏ရွှေရောင်အကာအကွယ်ကို အပိုင်းပိုင်းပြတ်သွားစေတော့သည်။
ရေဓါး၏အရှိန်မှာ ထိုမျှနှင့်တင် ရပ်မသွား၊ အနှီလူ၏ဝတ်ရုံကိုပါ တိုက်ခိုက်လာခဲ့သည်။
သူ၏ဝတ်ရုံအကာအကွယ်ကလည်း တုန်ယင်သွားပြီး နောက်ဆုံးတွင် တစ်စစီဖြစ်သွား၍ အနှီတပည့်ကလည်း အဝေးသို့ လွှင့်သွားတော့လေသည်၊ တစ်ဆက်တည်းတွင်ပင် တပည့်မှာ သွေးများအန်သွားပြီး ဒဏ်ရာအပြင်းအထန်ရသွားလေတော့၏။
“ဟစ်။”
အခြားတပည့်ဟောင်းများအားလုံးပင့်သက်ရှိုက်မိသွားကြသည်။
တပည့်ဟောင်းတစ်ဦးမှာ အသိဝင်လာပြီး ချက်ချင်းဝင်လာကာ ဒဏ်ရာရသွားသောတပည့်ကို ဆေးလုံးတစ်လုံးကျွေးလိုက်၏။
ဒဏ်ရာမှာ မြန်မြန်သက်သာသွားခဲ့သော်ငြား အရှိန်အဝါကတော့ မှိန်ဖျော့နေဆဲပါပင်။ သိသိသာသာကို၊ ထိုသူမှာ ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ အနားယူရန်လိုအပ်နေပေ၏။
“မင်း။”
အခြားတပည့်ဟောင်းများက တပည့်အသစ်လေးများကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လာကြလာကြတော့သည်။
“မင်းတို့က ဂိုဏ်းသားအချင်းချင်း သတ်ပစ်ချင်တာလား။”
“မင်းတို့လုပ်တာ လွန်လွန်းတယ်။”
တပည့်အသစ်လေး၏မျက်နှာမှာ နီရဲသွားတော့သည်။
ကုယို ချက်ချင်း ဝင်ပြောလိုက်သည်။
“ခင်ဗျားတို့အရင်လုပ်တာလေ။ ယုန်တစ်ကောင်တောင် ချောင်ပိတ်မိနေရင် ပြန်ကိုက်ဦးမှာပဲ၊ ဘာတိုက်ပွဲအတွေ့အကြုံမှ မရှိတဲ့ တပည့်တစ်ယောက်က ဘယ်လိုအားထိန်းနိုင်ဦးမှာလဲ။ ကျင့်ကြံရေးလောကထဲ ကိုယ့်ထက်အဆင့်မတူတဲ့သူဆီက အသတ်ခံရဖို့က ခဲယဉ်းပါတယ်။ ခင်ဗျားတို့အရင်စပြီး တိုက်ခိုက်မှတော့ ဒီလောက်လေး ပြန်ခံရဖို့ကို ပြင်မထားဖူးလား။”
“ဝိညာဉ်သားရဲကို ထုတ်ပြီး တစ်စုံတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေပြီး သေလုမတတ်ဖြစ်စေရဲတယ်။ ကြည့်ရတာ မင်းတို့က စည်းကမ်းထိန်းသိမ်းရေးကမ်းပါးကို သွားဖို့လိုပြီထင်တယ်။”
တပည့်ဟောင်းတစ်ဦးက ချက်ချင်းစာတစ်စောင်ပို့၍ ကိစ္စများကို ကိုင်တွယ်ရန် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုလိုက်၏။
ကုယိုမှာ ဘာဖြစ်နေသလဲတောင် သေချာမစဉ်းစားနိုင်သေးခင်တွင် အနက်ရောင်ဝတ်စည်းကမ်းထိန်းသိမ်းရေးအရာရှိများက ကောင်းကင်တွင်ရောက်ရှိလာသည်။ ထိုသူတို့၏ခေါင်းဆောင်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိကြောင်း သိသာနေပေ၏။
“ရှင်တို့...ရှင်တို့ဘာလုပ်ကြမလို့လဲ။”
ရှဲ့ယင်းယင်းမှာ ဒေါသတကြီး အော်ဟစ်မိ၏၊ သူမက ဂိုဏ်းထဲရှိ အခြေအနေများကို အကြမ်းဖျင်းသိပေရာ သမရိုးကျကိစ္စများဆိုလျှင် ဤသို့အခြေအနေထိဖြစ်မည်မဟုတ်မှန်းသိသည်။ ထို့အတွက် ကိစ္စများနောက်ကွယ်တွင် မသမာမှုတစ်စုံတစ်ရာရှိရမည်သာ ဖြစ်သည်ပေ။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ခေါင်းဆောင်က လေထုအလယ်မှနေ၍ အောက်ရှိ လူဆယ့်လေးယောက်ကို ငုံ့ကြည့်ရင်းဆိုသည်။
“အကုန်လုံးကို ခေါ်သွားလိုက်။”
တပည့်သစ်လေးများ၏ဒေါသနှင့်စိုးရိမ်ပူပန်မှုကို ခံစားမိသောကြောင့် ဝိညာဉ်ငါးလေးများမှာ တစ်ဦးချင်းစီ၏ဝတ်ရုံလက်ထဲမှ တစ်ကောင်ပြီးတစ်ကောင် အသီးသီးထွက်နေလာကြ၏။
၎င်းတို့က ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကို အသုံးချလျက် လေထုထဲခုန်ထွက်လာကြသည်။ သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ကြယ်အလင်းတန်းတို့တောင် ကျန်ခဲ့လေ၏။ ငါးခုနစ်ကောင်မှာ လေထုအလယ်စုဆုံရင်း အစီအရင်တစ်ခုကို ဖွဲ့စည်းကာ ရေဓါးများကို ခေါင်းဆောင်ထံပစ်လွှတ်လာသည်။
“ဘာလဲ။ မင်းတို့က ခုခံရဲတာလား။ တကယ်ကို စည်းမဲ့ကမ်းမဲ့ဖြစ်နေကြတာပဲ။”
ခေါင်းဆောင်က ပြောလာ၏။
ရေဓါးခုနစ်ချောင်းမှာ လေထုအလယ်တွင် ခုနစ်ကြယ်ပုံစံအစီအရင်ကို ဖွဲ့စည်းလျက်၊ သူ့ကို ပတ်ပတ်လည်တိုက်ခိုက်လာကြတော့လေသည်။
“နေပါဦး။”
ခေါင်းဆောင်၏မျက်နှာမှာ ပြောင်းလဲသွားပြီး သူလည်း ပြန်၍ခုခံလိုက်၏။
ရေဓါးတို့၏စွမ်းအားမှာ မမျှော်လင့်ထားစွာဖြင့် အလွန်မြင့်မားနေလေရာ သူ၏ဓါးနှင့် မတိုးသာမဆုတ်သာဖြင့် လေထုအလယ်တွင် ရပ်တန့်နေတော့သည်။
ကုယိုနှင့်အခြားသူများကလည်း ကြောင်အသွားကြ၏၊ သူတို့က ဝိညာဉ်ငါးများက ခုနစ်စဉ်ကြယ်ဓါးအစီအရင် တတ်မြောက်နေမည်ဟု မထင်ထားကြပါပေ။
ထိုသို့ခုန်တက်၍ ဓါးအစီအရင်တည်ဆောက်ခြင်းပုံစံမှာ စုယွမ်၏ပုံစံထင်ဟပ်နေလေရာ ဤငါးများက လျှို့ဝှက်နယ်မြေထဲ နေထိုင်ကြသော ငါးများမဟုတ်ဘဲ စုယွမ်ပျိုးထောင်ထားသောငါးများဖြစ်ကြောင်း သိရှိသွားရသည်။
သို့သော်လည်း ယခုအချိန်မှာ ထိုကိစ္စများအကြောင်းစဉ်းစားရန် အချိန်ကောင်း မဟုတ်သေးပါပေ။
“သုံးဆယ်လေး၊ ပြန်လာခဲ့။”
ကုယို ချက်ချင်း အော်လိုက်၏။
ခိုက်ရန်ဖြစ်ပွားမှုကြောင့် သူတို့ ရက်အနည်းငယ် ထိန်းသိမ်းခံရနိုင်သော်လည်း စည်းကမ်းထိန်းသိမ်းရေးကို ခုခံပါလျှင်မူ ကိစ္စများက ပြုပြင်မရဖြစ်သွားနိုင်သည်ပင်။
သုံးဆယ်လေးက ခေါင်းဆောင်ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သော်ငြား ကုယို၏စကားကို နားထောင်၍ ပြန်ဆုတ်လာ၏။
အခြားဝိညာဉ်ငါးများကလည်း အသီးသီး ပြန်ဆုတ်လာကြသည်။
ခေါင်းဆောင်၏မျက်နှာမှာ မဲမှောင်နေလျက် အမိန့်ပေးလာ၏။
“သူတို့ကို ခေါ်သွား၊ ကျင့်ကြံဆင့်ကို ချိတ်ပိတ်ပြီး အနီးကပ်စောင့်ကြည့်ထားချေ။”
စည်းကမ်းထိန်းသိမ်းရေးအရာရှိများကလည်း ရှေ့တိုး၍ ဖမ်းချုပ်ရန် လုပ်တော့သည်။
“နေဦး။”
အသံတစ်သံက ကောင်းကင်ယံတိမ်လွှာများမှတဆင့် ပြန့်လွှင့်လာ၏။
လူတိုင်းလည်း အပေါ်မော့ကြည့်လိုက်ကြသည်။
သူတို့မှာ အသက်ကိုးချောင်းရှိနဂါးကြီးတစ်ကောင်က ပလ္လင်တစ်ခုကိုသယ်ဆောင်လျက် တိမ်ထုအလယ်ကို ထွင်းဖောက်၍ ဆင်းသက်လာတာကို မြင်လိုက်ရသည်။