အခန်း ၁၁၅
Vol. 12 Ch. 115
Chapter 115 စုယွမ်၏စိုက်ပျိုးရေး။
ဝိညာဉ်စိုက်ခင်းများ၏အဆုံးတွင် ချီစွမ်းအင်ပေါကြွယ်ဝလှသော ဝိညာဉ်မြစ်တစ်စင်းရှိ၏။ အနှီမြစ်က တောင်ထိပ်ပေါ်မှကျဆင်းလာသောဝိညာဉ်ရေတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဝိညာဉ်စိုက်ခင်းများကိုပါ ရေသွင်းစိုက်ပျိုး၍အဆင်ပြေနိုင်ရန် သွယ်ဖောက်ထားသည်။
စုယွမ် စိတ်ထဲတွင် တစ်ချက်အမိန့်ပေးလိုက်သည်နှင့် ရှောင်ချိုက်နှင့်အတူ ဝိညာဉ်ငါး၃၅ကောင်က အနှီမြစ်ထဲရောက်ရှိသွား၏။
ရှောင်ချိုက်လေးမှာ ဘေးပတ်ဝန်းကျင်ကို တအံ့တဩစူးစမ်းနေရင်း မြစ်ထဲမှ ထွက်ကာ ပျံသန်းရင်း စုယွမ်ဘေးနား ရောက်ရှိလာသည်။
“အခုက စပြီး ဒီနေရာက မင်းတို့အိမ်အသစ်ပဲ။”
စုယွမ် ရယ်မောရင်း ရှောင်ချိုက်ကို ပွတ်သပ်ပေးလိုက်သည်၊ ထို့နောက် အခြားဝိညာဉ်ငါးများ၏အခြေအနေကို စောင့်ကြည့်လိုက်၍ သူ ကျေနှပ်စွာ ခေါင်းညိတ်လိုက်သည်။
“မင်းတို့က အခုဆိုရင် အဆင့်သုံးဝိညာဉ်ရေတွေထဲရောက်နေတာ၊ အဲ့ဒီတော့ အဆင့်နှစ်ဝိညာဉ်သားရဲဖြစ်အောင်တော့ ပြန်ကြိုးစားကြတော့။ ရှောင်ချိုက်၊ မင်း သူတို့ကို ကူညီပေးလိုက်။ သူတို့သာ အဆင့်သုံးရောက်သွားရင် လူသားအသွင်ပြောင်းလို့ရပြီ။ အဲ့ဒီလိုဆိုရင် ငါလည်း အဖော်ရတာပေါ့။”
ရှောင်ချိုက်ကလည်း ခေါင်းလေးညိတ်လိုက်ရင်း သူမသေချာစောင့်ကြည့်လိုက်မည်ဖြစ်ကြောင်း အမြီးလေးခါယမ်းကာ အချက်ပြလာသည်။
ထို့နောက် စုယွမ် ရှောင်လီကို ခေါ်ထုတ်လိုက်၏။
ငွေဖြူရောင်မြေခွေးလေးမှာ စုယွမ်၏ပုခုံးထက်ပေါ်လာလေသည်။ မြေခွေးလေးမှာ ဘေးပတ်လည်ကို လှည့်ကြည့်ရင်း မျက်လုံးများတောက်ပလာရတော့၏။ သို့သော် နေရာအကျယ်ကြီးတွင် ဘယ်သူ့ကိုမှ မတွေ့လေရာ သူ မေးလာလေသည်။
“စုယွမ်၊ ဒါဘယ်နေရာလဲ။ ငါ ခုနတုန်းက လူတွေကိုတောင် သေချာမကြည့်လိုက်ရဘူး။ သူတို့ဆီပြန်ခေါ်သွားပေးကွာ။”
“နောက်ကျရင်လည်း မင်း အပြင်လျှောက်သွားလို့ရတာပဲကို။”
စုယွမ် သူ့လက်ထဲရှိဂိုဏ်းတံဆိပ်ပြားကို ဖိလိုက်ရာ အလင်းတစ်ချက်ထွက်လာလျက် နောက်ထပ်ကတ်ပြားငယ်လေးတစ်ခုပေါ်လာခဲ့သည်။ သူ ၎င်းကို ရှောင်လီ၏လည်ပင်းဆွဲပေးလိုက်ပါ၏။
“ဒါလေးဆောင်ထား၊ ဒါနဲ့သာဆို မင်းဂိုဏ်းထဲကနေရာတော်တော်များများကို သွားလို့ရတယ်။ ဂိုဏ်းကအရမ်းကြီးတာ၊ လူပေါင်းသိန်းချီရှိတယ်။ မင်း တစ်ခုလုံးကို ပတ်ဖို့တောင် အချိန်အကြာကြီးယူရမှာ။ နောက်ပြီး မင်းဝယ်ချင်တာဝယ်လို့ရအောင် ထောက်ပံ့မှတ်နည်းနည်းကိုလည်း ထည့်ပေးထားတယ်။”
ရှောင်လီမှာ လက်သည်းသေးသေးလေးဖြင့် ကတ်ပြားကို ထိကြည့်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေတော့သည်။
“သွားကြစို့၊ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကို လိုက်ပြပေးမယ်။ နောက်ပြီး ဝိညာဉ်ပျိုးစေ့နည်းနည်းကိုလည်း သွားဝယ်ကြတာပေါ့။”
မြေခွေးလေးက ခေါင်းညိတ်လာ၏။
စုယွမ် ရှောင်လီကို ချီရင်း သုံးခြယ်အကြွင်းမဲ့တောင်ထဲ အရင်ပတ်လိုက်သည်။
သိပ်၍မကြာခင် သူက လိုအပ်သောပစ္စည်းများကို ဝယ်ခြမ်းပြီး ပြန်ရောက်လာသည်။ ရှောင်လီကတော့ ချက်ချင်း သူ့လက်မောင်းထဲမှ ခုန်ဆင်းကာ သွားဆော့တော့၏။
စုယွမ်ကတော့ စိတ်ထဲမထား။ စုလီက ကြည့်လိုက်လျှင် သာမန်သတ္တဝါလေးပုံစံသာ ဖြစ်သော်ငြား အမှန်တွင် ဝိညာဉ်ရတနာလေးဖြစ်ပေရာ သူ၏ပင်မခန္ဓာသာ လုံခြုံနေသရွေ့ ဘာအန္တာရယ်မှ ရှိမည်မဟုတ်။ ထို့ကြောင့် သူသာ လျှောက်သွားချင်ပါက စုယွမ်ကတော့ လွှတ်လိုက်မည်သာ။မဟုတ်ပါလျှင် သူ စုလီကိုပေးထားခဲ့သော ကတိမတည်သလိုဖြစ်သွားနိုင်သည်မဟုတ်ပါလား။
စုယွမ် စိုက်ခင်းများဆီသွားကာ မြေကြီးကိုတူးဆွလိုက်၏။
သီအိုရီအရဆိုလျှင် မန္တန်များအသုံးပြုတာက ပိုကောင်းမည်ဖြစ်သော်ငြား သူကိုယ်တိုင်ကိုက အစစအရာရာကိုယ်တိုင်သာလုပ်ချင်နေမိပေသည်။
သူ့အတွက်မူ ဤမျှသောအလုပ်ပမာဏလေးက နည်းနည်းမှမပင်ပန်းစေပါချေ။
သူ မြေဆွပြီးနောက် မြေကြီးကိုသေချာပြန်ကြည့်လိုက်တော့ မြေကြီးမှာတော့ မြေမှုန်လေးများအဖြစ် ပွပွယောင်းယောင်းဖြစ်သွားသော်ငြား ချီစွမ်းအင်စီးဆင်းမှုကတော့ ကသောင်းကပြောင်းဖြစ်သွားတာကို သတိထားမိလိုက်ရသည်။
“စိတ်ဝင်စားစရာပဲ။ လယ်စိုက်တာတောင် ရိုးရှင်းတဲ့ပုံမပေါ်ဘူး။”
စုယွမ်လည်း နောက်တစ်နေရာရွေး၍ မြေထပ်ဆွပြန်သည်။ သူ မြေကြီးကိုတစ်ချက်ဆွလိုက်တိုင်း သူ၏အနည်အနှစ်များကိုပါကို မြေကြီးအောက်ရှိ ချီစွမ်းအင်သွေးကြောများကို ပို့လွှတ်လိုက်၏။ ဤနည်းလမ်းမှာ ချီစွမ်းအင်ကိုအနည်းငယ်တည်ငြိမ်သွားစေသော်ငြား ကသောင်းကပြောင်းကတော့ ဖြစ်နေဆဲပင်။
ချီစွမ်းအင်မှာ မညီမညာဖြစ်လျက် အချို့နေရာများတွင် စွမ်းအင်တို့လွန်စွာတက်ကြွသွားလင့်ကစား အချို့နေရာများတွင်တော့ အနည်းငယ်မျှစီးဆင်းရန်တောင် ပိတ်ဆို့၍ အနိုင်နိုင်ဖြစ်နေရသည်။
စုယွမ် မျက်ခုံးတစ်ချက်ပင့်၍ စနစ်မျက်နှာပြင်ကို အကဲခတ်လိုက်သည်။ သူ တစ်ခဏမျှအလုပ်လုပ်ပြီးသော်လည်း နားနေချိန်မှာ မပျက်ပြားသွား။ သို့ဆိုလျှင် ၎င်းက အပင်စိုက်ပျိုးခြင်းကို ကျင့်ကြံခြင်းမဟုတ်ဟုသတ်မှတ်ထားသည့်ပုံပေ။
စုယွမ်၏စိတ်ဝင်စားမှုအရှိန်မှာ လျော့ကျမသွားသေး၊ သူအစကနေ ပြန်၍ မြေကြီးကိုဆွလိုက် စွမ်းအင်သုံးပြီး ကမ္ဘာမြေကြီး၏ချီစွမ်းအင်ကို တည်ငြိမ်အောင်ထိန်းထားလိုက်သည်။
ဝိညာဉ်စိုက်ခင်းများအောက်ရှိ ချီစွမ်းအင်သွေးကြောတို့မှာ အမျိုးမျိုးသောစွမ်းအင်များဖြင့်ဖွဲ့စည်းထားသော်ငြား အဓိကကတော့ မြေစွမ်းအင်များဖြစ်၏။ သို့သော် ၎င်းမြေစွမ်းအင်၏တက်ကြွမှုနှုန်းက လေထဲရှိမြေစွမ်းအင်ထက်ပို၍များစွာပိုသည်။
သူ မြေကြီးကိုတစ်ခါဆွလိုက်တိုင်း ချီစွမ်းအင်တို့ကအလွန်ကိုတက်ကြွစွာ စီးဆင်းလာပြီး နောက်အစေ့ပျိုးသည့်အခါတွင် ပျိုးပင်တို့ကိုအားဖြည့်ပေးလာလိမ့်မည်သာ။
မြေဆွခြင်းမှာ ကြားရလျှင်ရိုးရှင်ပုံပေါ်သော်ငြား စုယွမ်အတွက် မထင်မှတ်ထားဘဲ ခက်ခဲနေခဲ့သည်။ ၎င်းမှာ အဆင့်နှစ်ဝိညာဉ်စိုက်ခင်းမျှသာဖြစ်သော်ငြား အဆင့်လေးပျိုးပင်တို့ကိုစိုက်ပျိုးချင်သည်ဆိုလျှင်တောင် ကျင့်ကြံရေးအခြေခံမရှိဘဲ စိုက်ပျိုးရန် မဖြစ်နိုင်လောက်။
ထို့အပြင် ဒါတောင် စုယွမ်က သဘာဝတရားကို ယေဘုယျအားဖြင့် လူတိုင်းထက်ပို နားလည်သောသူဖြစ်သည်။ ထို့ကြောင့် သူက အနည်းဆုံးတော့ မြေဆွသည့်အချိန်ကတည်းက မြေကြီးထဲရှိချီစွမ်းအင်စီးဆင်မှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်ပင်။ သို့သော်ငြား အခြားကျင့်ကြံသူတို့ကတော့ ဒါတွေကိုမြင်နိုင်မည်မဟုတ်ဘဲ နောက်ဆုံးသီးပွင့်ရန်ခက်ခဲချိန်မှသာ တစ်ခုခုမှားနေမှန်းနားလည်ကြပေမည်သာ။
စုယွမ် ဖတ်ခဲ့ဖူးသောစိုက်ပျိုးရေးနှင့်ပတ်သက်သည့်စာများကို ပြန်စဥ်းစားနေလိုက်သည်။
ဝိညာဉ်ပျိုးပင်များရှင်သန်ကြီးထွားရန်အတွက် မြေကမ္ဘာ၏ချီစွမ်းအင်သာလိုသည်မဟုတ်၊ လေထုထဲရှိ လေစွမ်းအင်ကိုလည်း တစ်စိတ်တစ်ပိုင်းလိုအပ်ပေ၏။ ကောင်းကင်ရှိချီစွမ်းအင်ဆန္ဒကိုအသုံးပြုကာ မြေစွမ်းအင်ကိုထောက်ပံ့ပေးခြင်းက ယင်ယန်၏သဘောတရားတစ်ခုဖြစ်သည်ပေ။
လူအများပြောဆိုကြသလို ကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်ဟုသည့်နာမည်အတိုင်း ၎င်တို့နှစ်ခုမှာ အတွဲအစပ်များဖြစ်ကြ၏။ ကောင်းကင်ချီ၊ မြေကြီးချီဟူ၍ခွဲခေါ်သည်မျိုးမရှိခဲ့ဖူးပေ။ အနှီချီစွမ်းအင်အတွဲအစပ်ကိုမစုပ်ယူသော အပင်များကလည်း အနည်းအကျဥ်းသာရှိကြပေ၏။
“ဒီနေရာမှာက မြေစွမ်းအင်ကများပေမဲ့ ကောင်းကင်ချီက နည်းနေတာဖြစ်မယ်။”
စုယွမ် ဆက်တွေးနေလိုက်သည်။
ဤနေရာရှိမြေစွမ်းအင်မှာ အထူးတလယ်ကိုပေါကြွယ်ဝရာ ဝိညာဉ်အပင်များအတွက် ခက်ခက်ခဲခဲစုပ်ယူစရာမလိုအပ်။ သို့သော်ငြား ကောင်းကင်ရှိချီစွမ်းအင်ကတော့ အပင်တို့က အားစိုက်ထုတ်၍ စုပ်ယူမှသာရရှိနိုင်တာဖြစ်သည်။ သို့သော် သေမျိုးများက ချီမစုဆောင်းနိုင်သကဲ့သို့ အပင်များစုမှာ ထိုသို့မစုပ်နိုင်ကြပေ။ ထို့အခါ အနှီအပင်တို့က သာမန်သေမျိုးအပင်များဖြစ်လျှင်ဖြစ်သွား သို့မဟုတ် အနိမ့်တန်းအဆင့်ဝိညာဉ်ပင်များသာ ဖြစ်သွားရပေသည်။
စုယွမ် တစ်ခဏမျှတွေးနေပြီးမှ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
နေမင်းကြီးမှာ တောက်ပဆဲဖြစ်သော်ငြား သူ ကောင်းကင်ရှိ ခုနစ်စဥ်ကြယ်ကို မြင်နေရ၏။ အနှီကြယ်များမှာ အမြဲတမ်းကောင်းကင်ယံတွင်ရှိနေသည်သာ၊ နေ့အချိန်တွင်မူ အနည်းငယ်ဖျော့တော့သွားခြင်းသာဖြစ်ပေ၏။
သူ ခုနစ်စဥ်ကြယ်ကိုကြည့်ရင်း သုံးသပ်သည့်အခြေအနေသို့ဝင်ရောက်သွားခဲ့သည်။
စနစ်ထဲရှိခုနစ်စဥ်ကြယ်စွမ်းအင်ကလည်း အသက်ဝင်သွား၏။
တစ်ချိန်တည်းမှာပင် အလုပ်နှင့်နားနေဖလှယ်မှုကလည်း အသက်ဝင်လာခဲ့သည်။
သူ၏အနားယူချိန်က နည်းနည်းလေးမျှသာရှိသေးသော်လည်း ဒီမျှလောက်ကိုနားလည်ဖို့ကတော့ လုံလောက်ပေသည်။
သူ စွမ်းရည်များကိုဖွင့်ပြီးနောက်တွင် စိတ်အစုံမှာ ပို၍ရှင်းလင်းလာခဲ့၏။
တာအိုပညာနှင့်သဘာဝစွမ်းအင်ကလည်း နိုးထလာသည်။
စွမ်းရည်သုံးခုခုတစ်ပြိုင်တည်း အသက်ဝင်လာချိန်တွင် စုယွမ်၏နားလည်မှုများက ထိုးတက်လာလျက် အကြံဥာဏ်တစ်ခုဖြစ်ပေါ်လာလေ၏။
သူလည်း မြေကိုထပ်ဆွကြည့်လိုက်သည်။ သတ္ထုဆန္ဒပါဝင်နေသောအနည်အနှစ်စွမ်းအင်တို့က တူရွှင်းမှတဆင့် မြေကြီးထဲရောက်ရှိသွားပြီး မြေကြီးထဲရှိသွေးကြောများနှင့်ဆက်နွယ်သွားကာ မြေစွမ်းအင်ကိုပို၍ကြည်လင်ကာ သွက်လက်လာစေလေသည်။
ထို့အပြင် စုယွမ်က အနည်အနှစ်များကိုအသုံးပြုရင်း မြေပေါ်တွင် ခုနစ်စဥ်ကြယ်အစီအရင်အသေးစားလေးကို နေရာချလိုက်သည်။ အနှီအစီအရင်ဟာ မြေစွမ်းအင်တို့နှင့်ချိတ်ဆက်ပေါင်းစည်းသွား၏။ ဤသို့ဖြင့် ကောင်းကင်ရှိချီနှင့်မြေကြီးရှိချီတို့က အစီအရင်ထဲတွင် ပေါင်းစုံသွားကြလေသည်။ ထို့အတွက် အစီအရင်မှာ သာမန်ပျိုးပင်တို့ လွယ်လင့်တကူချီစွမ်းအင်တို့ကို စုပ်ယူနိုင်သည်အထိ ချောမွေ့သွားစေခဲ့သည်။
စုယွန်လည်း ပျိုးစေ့ခုနစ်ခုကိုယူ၍ အနှီအဓိကနေရာခုနစ်ခုတွင်ကျဲလိုက်သည်။
ထို့နောက် သူ မြစ်ထဲရှိဝိညာဉ်ရေတို့ကိုသွယ်တမ်းကာ အနှီပျိုးစေ့လေးများအပေါ် မိုးအဖြစ်ရွှာကျစေလိုက်သည်။
စုယွမ်ကိုယ်တိုင်ကလည်း သစ်သားအနည်အနှစ်စွမ်းအင်ကိုထုတ်ပေးပြီး သစ်သားဆန္ဒကိုသုံးကာ ပျိုးစေ့တို့ကိုအားဖြည့်ပေးနေလိုက်သည်။
စုယွမ်၏အကြည့်အောက်မှာပင် ပျိုးစေ့လေးမှ အညှောင့်လေးများက တဖြည်းဖြည်းပေါက်လာပြီး မြေကြီးအထက်တစ်လက်မအထိ ကြီးထွားလာကြသည်။ ၎င်းရှိသစ်ညှာလေးများကလည်း ကြည့်လိုက်သည်နှင့် စွမ်းအင်တို့ကြွယ်ဝနေပုံပေါ်လေတော့၏။
ခုနစ်စဥ်ကြယ်စွမ်းအင်မှရရှိသော ကောင်းကင်ချီ၊ အစီအရင်အားဖြင့်ရရှိသောမြေစွမ်းအင်တို့က အတူတကွပေါင်းစုံကာ ပျိုးပင်ငယ်လေးများကိုဆက်တိုက်အားဖြည့်ပေးခဲ့သည်။
ဝိညာဉ်ပင်တို့၏ကြီးထွားမှုနှုန်းကလည်း မျက်စိနှင့်မြင်နိုင်သည်အထိ သိသိသာသာတိုးပွားလာခဲ့ကြသည်။
သို့သော်လည်း မြေစွမ်းအင်က ရုတ်တရက်ထိုးထွက်လာလေရာ အစီအရင်ကလည်း တဖြည်းဖြည်း ပျက်ပြားသွားခဲ့၏။ သူသုံးခဲ့သောအနည်အနှစ်တို့ကလည်း သုံးရက်သာခံလောက်မည်ပင်။
ခုနစ်ကြယ်အစီအရင်အသေးစားလေးကလည်း စုယွမ်၏အနည်အနှစ်နှင့်ဖွဲ့စည်းထားခဲ့ရာ ကြာကြာခံမည်မဟုတ်ပါပေ။ သို့သော် ၎င်းက ကိစ္စကြီးမဟုတ်၊ တစ်ခဏမျှသည်နှင့် ခုနစ်စဥ်ကြယ်အစီအရင်က မြေစွမ်းအင်၏စီးဆင်းမှုနှင့်ချိန်ညှိသွားလိမ့်မည်သာ။
စုယွမ် မေးစေ့ကိုပွတ်လိုက်ရင်း ပြောလိုက်သည်။
“ဒါကို ခုနစ်စဥ်ကြယ်လျှို့ဝှယ်စိုက်ပျိုးနည်းလို့ခေါ်ကြတာပေါ့။ ဒါက သဘာတရားနဲ့ကမ္ဘာမြေကြီးရဲ့နိယာမကိုအခြေခံလုပ်ထားတာမို့ အမွေအဖြစ် ပြန်လွဲပေးလို့ရတယ်။”
စုယွမ်၏ဤမျှသောမြေဆွမှုကတောင် သာမန်ကျင့်ကြံသူတို့ နားလည်ရန်အတွက် နှစ်များစွာအချိန်ယူရလိမ့်မည်သာပေ။
မြေစွမ်းအင်ကိုစိတ်ဖြာရခြင်း၊ ခုနစ်ကြယ်ကိုလေ့လာရခြင်း၊ ထို့နောက် အနှီမြေစွမ်းအင်နှင့်ခုနစ်စဥ်ကြယ်ကိုပေါင်းစပ်ကာ အစီအရင်တည်ဆောက်ရခြင်းတို့အနက် တစ်ခုကတောင် လွယ်လွယ်နားလည်နိုင်သောအရာမဟုတ်သည်လေ။
စုယွမ် ကျောက်စိမ်းပြားတစ်ခုကိုထုတ်၍ အနှီအကြောင်းအရာတို့ကို အပိုင်းတစ်ခုအဖြစ် မှတ်တမ်းတင်လိုက်သည်။
ထို့နောက် သူ ဗလာစာအုပ်ကိုးအုပ်ကိုထုတ်၍ ယခုလေးတွင်နားလည်ခဲ့သောပညာတို့ကိုခွဲဖြာကာ အပိုင်းခုနစ်ပိုင်းအဖြစ် ရေးသားလိုက်သည်။ နောက်မှသာစုယွမ် ၎င်းစာအုပ်တို့ကို သုံးကြယ်အကြွင်းမဲ့တောင်ထိပ်၏စာကြည့်တိုက်ထဲ ထည့်ထားပေးလိုက်မည်။
အလုပ်နှင့်နားနေဖလှယ်မှု စွမ်းရည်ကလည်း ဤသို့ဖြင့် ကုန်ဆုံးသွားတော့၏။
စုယွမ် ကျောက်စိမ်းကိုပြန်ထုတ်၍ သူ့နည်းလမ်းသူပြန်ဖတ်လိုက်သည်။ သူ ပြန်ဖတ်ရင်းတောင် အနည်းငယ်မူးလာသလို ခံစားလိုက်ရ၏။
“ကျစ်၊ ငါကတော့ တကယ်ပါပဲ။ အခုတစ်ခေါက်ထဲမှာ ယွမ်ရေကန်အစီအရင်ရဲ့အစိတ်အပိုင်းတွေတောင်ထည့်လိုက်မိတာကို။ ကြယ်စွမ်းအင်နဲ့ချီစွမ်းအင်က အဲ့လောက်လွယ်လွယ်ပေါင်းစည်းနိုင်သွားပါတယ်မှတ်တာ။ သိသမျှအကုန် ထုတ်သုံးလိုက်မိတာကို။”
စုယွမ်လည်း ကျောက်စိမ်းထဲရှိအသိတို့ခက်ခဲမှုကိုနားလည်သွားတော့ မျက်မှောင်ကြုတ်မိသွားရသည်။ သူ၏အထူးစွမ်းရည်များသာမပါပါက ၎င်းက လူတစ်ယောက်နားလည်နိုင်မည်ထက်များစွာကျော်လွန်နေသည်လေ။
“အဲ့ဒီတော့ ... ဟင်း၊ နည်းနည်းခက်တာပဲ။”
စုယွမ် ထပ်လုပ်ကြည့်လိုက်တော့ ဒီတစ်ခေါက်မြေဆွတာက အရင်တစ်ခေါက်စွမ်းရည်သုံးထားတုန်းကလောက် အလုပ်မဖြစ်တော့ပေ။ သူ အနည်အနှစ်အပေါ်ထိန်းချုပ်မှုကလည်း အနည်းငယ်လျော့နည်းလာသလို ကြယ်စွမ်းအင်အပေါ်ထိန်းချုပ်တာကလည်း အားလျော့နေရ၏။ ဤသို့ဖြင့် သူ့မှာ ဤတစ်ခေါက်တွင် အဆင်ပြေမနေပါချေ။
“ထားပါတော့၊ အပျင်းပြေလုပ်တာပဲကို။”
စုယွမ်လည်း စိတ်ထဲမထားတော့ဘဲ မြေကြီးကို ရသလောက်သာ ဖြေးဖြေးချင်းဆွ၍ ပျိုးစေ့များကြဲနေလိုက်သည်။
စုယွမ် ဝိညာဥ်ငါးများကိုလည်း ဒီအတိုင်းမထားပါချေ။ သူတို့ကို ရေလောင်းရာမှာ ကူညီခိုင်းလိုက်သည်။ ခုနစ်စဥ်ကြယ်လျှို့ဝှယ်စိုက်ပျိုးနည်းကြောင့် ဝိညာဉ်ပျိုးပင်တို့ကြီးထွားမှုနှုန်းမှာ နှစ်ဆဖြစ်သွားသလို ရေလိုအပ်နှုန်းကလည်း နှစ်ဆဖြစ်သွားပေ၏။
ဤသို့ဖြင့် ဝိညာဉ်ငါးလေးများမှာ မြစ်ထဲနေရင်း ရေဖြန်းရန်တာဝန်ကိုပါ ယူထားကြရ၏။ စုယွမ်လည်း ရေကို အငွေ့အဖြစ်ပြောင်းပြီးမှ သေချာဖြန်းရန် ပြောထားလိုက်သေးသည်။
ဝိညာဉ်ငါးလေးများမှာတော့ တော်တော်လေးမပျော်တော့ပါပေ။
ရှောင်ချိုက်ကတော့ ဝိညာဉ်ငါးများကို ဦးစီးဦးဆောင်လုပ်နေလျက်၊ အပျင်းခိုနေသောငါးတစ်ကောင်တွေ့သည်နှင့် အမြီးနှင့်ရိုက်ကာ ကြိမ်းမောင်းနေတော့လေသည်။
ထိုသို့အရိုက်ခံပြီးတိုင်း ငါးတို့မှာ ထပ်၍ပျင်းမနေရဲတော့၊ တစ်ခဏကြာသည်အထိ ကြိုးကြိုးစားစားအလုပ်လုပ်တော့ပေသည်။
ဤသို့ဖြင့် ရှောင်ချိုက်နှင့်ဝိညာဥ်ငါးလေးများမှာ ပျော်ရွှင်စွာဆော့ကစားနေတော့သည်။ တစ်ခုရှိသည်မှာ ဤဆော့ကစားမှုထဲ ရှောင်ချိုက်သာပျော်နေသူဖြစ်နေလေသည်ပင်။