အခန်း ၁၁၆
Vol. 12 Ch. 116
Chapter 116: စကားဝိုင်း။
စုယွမ် မြေဆွနေတာရပ်တန့်သွားပြီး တောင်ခြေဘက်ကို လှည့်ကြည့်လိုက်သည်။
တောင်၏အစီအရင်နှင့် စိတ်အာရုံမှာ တပြိုင်နက်တည်းလှုပ်ရှားသွားပြီး သူ့စိတ်ထဲ တောင်ခြေရှိမြင်ကွင်းပေါ်လာလေ၏။
စွမ်းရည်နှစ်ခုမှရလာသောမြင်ကွင်းနှစ်ခုထပ်သွားခြင်းက စုယွမ်ကို တမျိုးတမြည်ခံစားသွားရစေသည်။
သို့သော်လည်း သူ စိတ်အာရုံစွမ်းရည်က ပို၍အဆင့်မြင့်ကြောင်းသိလိုက်ရသည်။ စိတ်အာရုံမှရရှိသောမြင်ကွင်းဖြင့်ဆိုပါက အစီရင်လှုပ်ရှားသွားတာကိုပါ အသေးစိတ်မြင်နေရသည်လေ။
သူ အစီအရင်မြင်ကွင်းကိုကြည့်လိုက်သည့်အခါတွင်တော့ အစီအရင်ဟာ စိတ်အာရုံ၏စွမ်းရည်ကိုအာရုံမခံနိုင်ပါပေ။
အနှီခံစားချက်မှာ လွန်စွာထူးဆန်းလှ၏။
သူလည်း လေ့လာပြီးတဲ့နောက် မြင်ကွင်းကိုသာ သေချာကြည့်လိုက်သည်။
သူ တောင်ခြေတွင် တပည့်လေးယောက်က အချင်းချင်းတိုင်ပင်နေကြတာကိုတွေ့လိုက်ရ၏။
“ဂိုဏ်းတူအစ်ကိုစုက တကယ်ပဲဒီမှာနေတာလား။”
တပည့်တစ်ယောက်က တွန့်ဆုတ်ဆုတ်ဖြင့်မေးရင်း သူ့အရှေ့ရှိတောင်ကိုမော့ကြည့်လာသည်။
“ဒီနေရာက အဆင့်လေးလေ။ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်တွေတောင်နေလို့ရနေတာကို။ မင်းသေချာရဲ့လား။”
အခြားတပည့်တစ်ဦးကထပ်မံမေးမြန်းလာ၏။
“ဟုတ်တယ်၊ သေချာပါတယ်ဆို။”
ကျူးကောကျန့်မှာ ခေါင်းခါ၍ ဆိုလာသည်။
“ငါ ဂိုဏ်းချုပ်ကို ကိုယ်တိုင်သွားမေးလာတာ။ ဒီနေရာကို ဂိုဏ်းချုပ်ပြောလိုက်တာ။”
“အဲ့ဒါဆိုရင်လည်း ငါ တံခါးခေါက်လိုက်တော့မယ်။”
နန်ကုန်းဟော်ယွီက ပြောရင်း ရှေ့သို့လျှောက်သွား၏။ သူမ အစီအရင်ဝင်ပေါက်အနားကပ်သွားရုံသာရှိသေး အစီအရင်မှာ အလိုအလျှောက်ဝင်ခွင့်ပေးလာခဲ့၏။
ထို့နောက် စုယွမ်၏အသံက ပေါ်ထွက်လာလေသည်။
“မင်းတို့ပဲကို။ လာလေ၊ တောင်ထိပ်ထိတက်လာခဲ့ကြ။”
ရုတ်တရက်ပေါ်ထွက်လာသောအသံကြောင့် ကျူးကောကျန့်နှင့်အခြားလူများမှာ ထိတ်လန့်သွားတော့သည်။
ကျူးကောကျန့်လည်း မြန်မြန် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ၊ ဂိုဏ်းတူအစ်ကို။”
သူတို့မှာ အချင်းချင်း အကြည့်ချင်းဖလှယ်၍ တောင်ထိပ်ဆီ မြန်မြန်ဦးတည်လိုက်ကြ၏။
တောင်လမ်းတစ်လျှောက်လုံးတွင် လှေကားများအစီအရီတည်ဆောက်ထားရာ သူတို့လည်း လေးစားမှုပေးသည့်အနေဖြင့် ပျံသန်းခြင်းမပြုဘဲ ခြေလျင်သာ လျှောက်လာလိုက်ကြသည်။
တောင်ထိပ်သို့အရောက်တွင်မူ သူတို့လေးယောက်သား စုယွမ်တစ်ယောက် မြေကြီးကိုတူးဆွနေတာကို မြင်လိုက်ရပေ၏။
လေးယောက်လုံးမှာ တစ်ခဏမျှရပ်တန့်သွားလျက်၊ သူတို့မှာ စုယွမ်က လယ်စိုက်နေမည်ဟု မမျှော်လင့်ထားခဲ့ပါပေ။
စုယွမ်လည်း သူတို့ကိုပြုံးပြ၍ တူရွှင်းကိုချကာ စိုက်ခင်းထဲမှထွက်ပြီး ခြံဝန်းအလွတ်တစ်နေရာဆီ ခေါ်သွားလိုက်သည်။
သူ လက်တစ်ချက်ဝေ့လိုက်ရာ ခြံဝန်းထဲ၌ လက်ဖက်ရည်စားပွဲနှင့်ထိုင်ခုံများအသီးသီးပေါ်လာလေ၏။
“ရောက်လာတာစောကြသားပဲ။ ထိုင်ကြလေ။”
စုယွမ် ပြုံး၍ သူတို့ကို ထိုင်ရန်ပြောလိုက်သည်။
ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီတို့လူစုမှာ မထိုင်ခင် မြန်မြန်ဦးညွတ်လိုက်ကြ၏။
“ဂိုဏ်းတူအစ်ကိုစု၊ ကျွန်တော်တို့ ... “
“အလျင်မလိုပါနဲ့။”
စုယွမ် လက်ယမ်းပြလိုက်သည်။
ထို့နောက် သူ လက်ဖက်ရွက်တို့ကိုထုတ်ကာ လက်ဖက်ရည်အိုးထဲထည့်လိုက်၏။ ပြီးလျှင် လက်အမူအရာတစ်ခုလုပ်လိုက်ရာ တောင်ထိပ်ရှိနွေဦးဝိညာဥ်ရေတံခွန်မှရေများက စီးဆင်းလာပြီး လက်ဖက်ရည်အိုးထဲဝင်သွားကြပေသည်။
စုယွမ် သူ့ဘယ်ဘက်လက်ကို ဖြန့်လိုက်၍ မီးတောက်တစ်ခုကိုပေါ်လာစေပြီး လက်ဖက်ရည်ကို ဖြေးညင်းစွာနှပ်နေတော့၏။
နန်ကုန်းဟော်ယွီ၏အမူအရာမှာ အံ့သြသွားလေသည်။ သူမမှာ အနှီမီးတောက်လေးကိုကြည့်ရင်း နားလည်မှုတစ်ရပ် သူမနှလုံးသားထဲပေါ်လာရ၏။
ကျူးကောကျန့်လည်း နန်ကုန်းဟော်ယွီ၏အခြေအနေကိုသတိထားမိသွားပြီး အံ့သြသွားရသည်။ ထို့ကြောင့် သူလည်း စုယွမ် လက်ဖက်ရည်ဖျော်နေတာကို သေချာအာရုံစိုက်ကြည့်နေလိုက်၏။ သူ အနှီမီးဆောက်များထဲ ကောင်းကင်နှင့်မြေကြီး၏သဘာဝနိယာမများနှင့်အတူ မီးစွမ်းအင်၏ညင်သာသောသက်ရှိစွမ်းအင်ကိုပါ မြင်လိုက်ရသလိုပါပင်။
ဤမျှသောအငွေ့အသက်လေးဖြစ်သော၊ မီးစွမ်းအင်အနည်းငယ်နှင့်သစ်သားစွမ်းအင်အနည်းငယ်တွင်တောင် နက်နဲလှသောတာအိုနိယာမတို့ပါဝင်နေသလိုခံစားလိုက်ရသည်။
ကျူးကောကျန့်မှာ အနှီမြင်ကွင်းမှာညှို့ယူခံလိုက်ရသလို နန်ကုန်းဟော်ယွီ၏မျက်ဝန်းအစုံကလည်း စုယွမ်အပေါ်ကပ်ညှိနေ၏။ အခြားတပည့်နှစ်ယောက်ကတော့ ဤသည်များကိုသတိမမူမိ၊ ထိုအစား သူတို့က အဆင့်လေးရှိခြံဝန်းပုံစံကို ခေါင်းကိုချာလည်လည်အောင် လှည့်ပတ်ကြည့်ကာ စူစမ်းနေကြခြင်းဖြစ်သည်။
စုယွမ်မှာ အနှီတပည့်နှစ်ဦးကိုတစ်ချက်ကြည့်၍ ခေါင်းကိုခပ်ယဲ့ယဲ့ခါလိုက်မိ၏။
တစ်ခဏအကြာတွင် လက်ဖက်ရည်မှာ ရရှိသွားလေပြီ။
စုယွမ်လည်း လူတိုင်းအတွက် တစ်ခွက်စီငှဲ့ပေးလိုက်၏။
“ကျေးဇူးပါ၊ ဂိုဏ်းတူအစ်ကို။”
လေးယောက်လုံးက တပြိုင်တည်းကျေးဇူးတင်လာကြ၏။
စုယွမ်လည်း ပြုံး၍ခေါင်းညိတ်ပြလိုက်သည်။
ကျူးကောကျန့်နှင့်အခြားသူများမှာ လက်ဖက်ရည်ကိုသောက်ရင်း သူတို့၏ရှုပ်ထွေးကာလှုပ်ရှားနေသောစိတ်များလည်း တဖြည်းဖြည်းချင်းတည်ငြိမ်လာကြ၏။
ထို့နောက် စုယွမ် ဖြေးဖြေးချင်းပြောလိုက်သည်။
“မင်းတို့ သစ်တောနက်က ကိစ္စကြောင့်ရောက်လာတာမလား။”
ဤစကားကို ကြားတော့ ကျူးကောကျန့်၏တည်ငြိမ်သွားပြီဖြစ်သောခံစားချက်များမှာ ပြန်၍ ပွက်ထလာခဲ့၏။
“တကယ်ပဲ ဂိုဏ်းတူအစ်ကိုစုဖြစ်နေခဲ့တာလား။ ကျွန်မတို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ ကျွန်မတို့လေးယောက် ကျေးဇူးတင်ဖို့လာခဲ့တာပါ။ တကယ်တော့ ဒီထက်စောစောလာခဲ့သင့်ပေမဲ့ မသေမျိုးမျိုးစေ့တောင်ကြားရဲ့စည်းမျဥ်းတွေကြောင့် မလာနိုင်ခဲ့ပါဘူး။”
နန်ကုန်းဟော်ယွီကလည်း လေးစားမှုနှင့်အတူ ကျေးဇူးတင်စကားကိုဆိုလာသည်။
အခြားတပည့်နှစ်ယောက်ကလည်း တော်တော်လေးအံ့သြသွားကြသည်။ သူတို့က အစတုန်းကတော့ စုယွမ်လုပ်တာဟုမယုံခဲ့ကြသူများပေ။
စုယွမ်လည်း ခေါင်းခါလိုက်သည်။
“အဲ့ဒီအချိန်တုန်းက ကျွန်တော် ကောင်းကင်မှာထူးခြားဖြစ်စဥ်တစ်ခုတွေ့တာနဲ့၊ မင်းတို့ ဒုက္ခရောက်နေပြီမှန်းသိလိုက်တာ။ အဲ့ဒီတော့ ကျွန်တော်လည်း ခုနစ်စဥ်ကြယ်အစွမ်းကိုချေးပေးကြည့်လိုက်တာ။ ကံကောင်းလို့အောင်မြင်သွားတာပါ။ တော်သေးတာက မင်းတို့နှစ်ယောက်ရဲ့ဆံပင်တွေကျွန်တော့်ဆီမှာ ရှိနေသေးလို့အဆင်ပြေသွားတာ။”
ကျူးကောကျန့်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒီလိုဖြစ်သွားတာကို။ တကယ် ကံကောင်းပြီး ကျွန်တော်တို့မသွားခင် အစ်ကို့ကို ရှေ့ဖြစ်ဟောဖို့အကူအညီတောင်းမိလို့သာပဲ။ ဟောခဲ့တဲ့အတိုင်း လျှို့ဝှက်နယ်မြေမှာ အန္တရာယ်ကြုံခဲ့ရတယ်။ ဖြစ်သွားတဲ့အခြေအနေကလည်း ဂိုဏ်းတူအစ်ကိုပြောတာနဲ့တထပ်ထည်းပဲ။ တော်သေးလို့ ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့တာ။”
သူ ကျန်သုံးယောက်နှင့်အကြည့်ချင်းဖလှယ်လိုက်သည်။
ထို့နောက် ကျူးကောကျန့်က သိုလှောင်အိတ်ထဲမှ ချိတ်ပိတ်ထားသောခရမ်းရောင်သစ်သားသေတ္တာတစ်ခုကိုထုတ်လာ၏။
သေတ္တာပေါ်တွင် ရှုပ်ထွေးလှသော စုတ်ချက်များစွာရှိပြီး ကြည့်ရသည်မှာ ရှေးဟောင်းချိတ်ပိတ်အစီအရင်တစ်မျိုးဖြစ်ရချေမည်။
“ဒါက ကျွန်တော်တို့ လျှို့ဝှက်နယ်မြေမှာ တွေ့ခဲ့ရတဲ့ရတနာပါ။ သူ့အပေါ်က အစီအရင်က တော်တော့်ကိုရှုပ်တာ။ ကျွန်တော်တို့အခုထိဖွင့်မကြည့်ရသေးပါဘူး။ ဒါကို ဂိုဏ်းတူအစ်ကိုစု ကျေးဇူးပြုပြီး လက်ခံပေးပါ။”
စုယွမ်မှာ သေတ္တာကို ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော်အကုန်လုံးက ဂိုဏ်းတူရောင်းရင်းတွေပဲကို။ တစ်ယောက်ဒုက္ခရောက်နေရင် သေချာပေါက် ဝင်ကူညီရမှာပေါ့။ ကူညီလိုက်တာကလည်း ဝိညာဉ်ကျောက်တုံးနည်းနည်းလောက်လေးပဲကုန်သွားတာပါ။ ကိစ္စကြီးမဟုတ်ပါဘူး။”
ကျူးကောကျန့်မှာ ကြောင်အသွားရင်း သေတ္တာကိုကိုင်ထားသောလက်ကလည်း တင်းကြပ်သွား၏။
နန်ကုန်းဟော်ယွီမှာ ကျူးကောကျန့်ကိုတစ်ချက်စိုက်ကြည့်ပြီး အသံတစ်ခုကို ပို့လွှတ်လိုက်သည်။
“ဝိညာဉ်ကျောက်တုံးလေ။”
ထိုအခါမှ ကျူးကောကျန့်လည်း နားလည်သွားပြီး ချက်ချင်း သေတ္တာကိုအောက်ချကာ သိုလှောင်အိတ်တစ်ခုကို ထုတ်ပေးလိုက်သည်။
“ကျွန်တော်တို့ရဲ့အသက်ကို ဂိုဏ်းတူအစ်ကိုစုကယ်ပေးထားတာပါ။ ကျွန်တော်တို့ အစ်ကိုကို့ ဝိညာဉ်ကျောက်တုံးနည်းနည်းနဲ့ ပြန်ကျေးဇူးတင်လို့ရမလား။”
စုယွမ် ချောင်းဟန့်လိုက်သည်။
“အရမ်း ယဥ်ကျေးနေစရာမလိုပါဘူး။”
သူ နတ်ဘုရားအာရုံကိုသုံးပြီး အိတ်ထဲကို ကြည့်လိုက်သည်။ အထဲတွင် ဝိညာဥ်ကျောက်တုံးများစွာကိုမြင်လိုက်ရပြီး အကြမ်းဖျင်းရေတွက်ကြည့်ပါက ကိုးသန်းကျော်ရှိလောက်ပေမည်။
သူ လွှင့်မြောအလင်းဘူးသီးခြောက်ကို သန့်စင်ရင်း ဝိညာဉ်ကျောက်တုံးများစွာကုန်သွားခဲ့သည်ဖြစ်ရာ ယခုတော့ အချိန်ကိုက်အံ့ကိုက်ဖြစ်သွားခဲ့တာပင်။
သူ အံ့သြ၍ပြောလိုက်သည်။
“ဒီလောက်ဝိညာဉ်ကျောက်တုံးအများကြီး။ မင်းတို့ အခြေခံအုတ်မြစ်မတည်တော့ဘူးလား။”
သူ ထိုလူလေးယောက်လုံးထဲ တစ်ယောက်မှ အုတ်မြစ်မတည်ရသေးတာကို တန်းပြောနိုင်သည်လေ။
ကျူးကောကျန့်က ခေါင်းခါလာ၏။
“အခြေခံအုတ်မြစ်တည်တာက ဝိညာဉ်ကျောက်တုံးအများကြီးမကုန်ပါဘူး။ တစ်သိန်းနှစ်သိန်းလောက်ဆို လုံလောက်ပါတယ်။ အဓိကက ရတနာတွေပဲရှားတာလေ။ လိုအပ်တဲ့ရတနာတွေကိုလည်း လျှို့ဝှက်နယ်မြေထဲမှာရလာခဲ့ပြီဆိုတော့ အုတ်မြစ်တည်ဖို့ကအကုန် အသင့်ဖြစ်နေပါပြီ။”
“တစ်သိန်းနှစ်သိန်းပဲကုန်တာလား။”
စုယွမ်၏အမူအရာမှာ အနည်းငယ်ထူးဆန်းသွား၏။