အခန်း ၁၁၈
Vol. 12 Ch. 118
Chapter 118: လုပ်ငန်းများ။
“ဆယ့်ရှစ်နှစ်လား။”
ရှကွမ်းဝမ်းမှာ တိတ်ကျသွားရသည်။ သူ ဆယ့်ရှစ်နှစ်အရွယ်တုန်းကတော့ ဘာလုပ်နေမိပါသနည်း။ သူဟာ ထိုအချိန်က ကြွက်နတ်ဆိုးကို သုတ်သင်နေတုန်းပဲရှိလောက်ဦးမည်သာ။
စုယွမ်၏အသက်အကြောင်းရောက်ရှိလာသည်နှင့် နေရာတွင်ရှိနေသမျှ ကျူးကောကျန့်တို့အပါအဝင်လူအားလုံး တိတ်ကျသွားကြသည်။
စုယွမ်၏ခွန်အားနှင့်စိတ်ပိုင်းဆိုင်ရာသဘောထားတို့က သူတို့ကို စုယွမ်အား ရှေးယခင်မျိုးဆက်က အကြီးအကဲတစ်ယောက်ဟု ထင်မိသွားစေခဲ့တာပင်။ သို့သော် စင်စစ်တွင်မူ အနှီသူက ဂိုဏ်းထဲဝင်တာ နှစ်နှစ်ကျော်ကျော်လေးသာရှိသေးသည်လေ။
“တောင်သခင်နေရာက မင်းနဲ့ပိုပြီးလိုက်ပါတယ်။ ရှုပ်အောင်လုပ်မနေနဲ့တော့။”
စုယွမ်က လက်ခါပြ၍ ပြောလိုက်သည်။
“အဲ့ဒါဆိုရင် ထိပ်သီးကျင့်စဥ်တွေအတွက် အကြီးအကဲစု ကိုယ်တိုင် တပည့်တွေကို နည်းနည်းလောက်သင်ပေးလို့ရမလား။”
ရှကွမ်းဝမ်း တမျိုးပြောင်း၍တောင်းဆိုကြည့်လိုက်သည်။
“ထိပ်သီးကျင့်စဥ်တွေအတွက် ... “
စုယွမ် ခဏလောက် တွေးလိုက်၏။
“တစ်လတစ်ကြိမ် သင်တန်းတစ်ခုဖွင့်မယ်၊ ကြိုက်တဲ့သူလာတက်ကြပါစေ။”
ရှကွမ်းဝမ်းမှာ ထိုအခါမှစိတ်သက်သာရပြီး သက်ပြင်းချနိုင်တော့သည်။
“ကျွန်တော်နားလည်ပါပြီ။ စီစဥ်ထားလိုက်ပါ့မယ်။”
ထို့နောက် သူ ရပ်ဆန့်သွားပြီး ကျူ့ကောကျန့်တို့လေးယောက်ကို လှည့်ကြည့်လာ၏။
ကျူးကောကျန်တို့အုပ်စုလည်း ချက်ချင်းနားလည်သွားပြီး အရိုအသေပြုလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုစု၊ ကျွန်တော်တို့လုပ်စရာလေးတွေရှိသေးလို့ပါ။ နှုတ်ဆက်ပါရစေ။”
စုယွမ် ခေါင်းညိတ်လိုက်သည်။
“သွားလေ၊ရတယ်။”
သူတို့လေးဦးသား အမြန်ထွက်သွားကြတော့၏။
လမ်းတွင် နန်ကုန်းဟော်ယွီက လျှို့ဝှက်အသံလွှင့်လိုက်သည်။
“နင် ဂိုဏ်းတူအစ်ကိုစုရဲ့အမွေကိုသင်မှာလား။”
ကျူးကောကျန့်ကလည်း ချက်ချင်းပြန်ပို့လာ၏။
“မင်းမကြားလိုက်ဘူးလား။ အခုကစပြီး သူ့ကို အကြီးအကဲစုဖြစ်ဖြစ်၊ ဆက်ခံသူအရှင်စုဖြစ်ဖြစ်တောင်ခေါ်ရတော့မှာကို။ ငါတို့သေချာပေါက် သွားသင်ရမှာပေါ့။”
ကျူးကောကျန့်မှာ ဆက်ခံသူအရှင်များအကြောင်း ကြားဖူးထားသည်လေ။
ခြံဝန်းထဲတွင်မူ ရှကွမ်းဝမ်းက ဆက်ပြော၏
“အကြီးအကဲစု၊ အခုဆိုရင် သုံးခွယ်အကြွင်းမဲ့တောင်ထိပ်က တရားဝင်ဖွင့်လှစ်လိုက်ပါပြီ။ အဲ့ဒီအတွက် ကိုင်တွယ်ရမဲ့ကိစ္စတွေအများကြီးရှိပါတယ်။ အဓိကကတော့ လုပ်ငန်းပိုင်းဆိုင်ရာတွေပါ။”
“ဟုတ်လား၊ အသေးစိတ်ပြောကြည့်။”
စုယွမ် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် ဂိုဏ်းချုပ်ဆီကသိခဲ့တာက ထုံးတမ်းစဥ်လာအရ တောင််အသစ်တစ်လုံးဖွင့်လှစ်တိုင်း အခြားတောင်ထိပ်တွေကလည်း သူတို့ရဲ့လုပ်ငန်းအစိတ်အပိုင်းနည်းနည်းကို တောင်သစ်ဆီခွဲပေးလေ့ရှိတယ်။ အဲ့ဒီထဲ စျေးဆိုင်တွေ၊ သတ္ထုအရင်းအမြစ်တွေ၊ အပင်အရင်းအမြစ်တွေ၊ ငါးဖမ်းပစ္စည်းတွေ၊ ကျင့်ကြံရေးမြို့တွေ၊ သေမျိုးနိုင်ငံတွေနဲ့ နတ်ဆိုးဂိုဏ်းကိုကနေ အကာအကွယ်ယူထားတဲ့နေရာတွေတောင်ပါသေးပါတယ်။ ဒါတွေတင်မကဘူး၊ နယ်ခြားအစောင့်၊ အမတနဲ့နတ်ဆိုးတိုက်ပွဲနယ်မြေစောင့်ကြည့်ရေး၊ လျှို့ဝှက်နယ်မြေတွေရှာဖွေရေး၊ ကိုယ့်ပိုင်နက်နယ်မြေထဲက အင်အားစုတွေကိုစီမံတာ၊ ကာကွယ်တာ အစရှိသဖြင့်ကိစ္စတွေအများကြီးပါတယ်။ နောက်ပြီး တောင်ထိပ်ထဲမှာတင်ကို တပည့်သစ်တွေနေရာချတာ၊ ဂိုဏ်းထဲက အင်အားစုတွေကိုထိန်းသိမ်းတာ၊ ဂိုဏ်းရဲ့အမြင့်ပိုင်းတွေနဲ့ဆက်သွယ်တာတွေလည်းကိုင်တွယ်ဖို့ရှိသေးပါတယ်။”
စုယွမ်၏မျက်ဝန်းများထဲ ဘေးကပ်ဆိုးက ကံကောင်းထောက်မ၍လွတ်မြောက်သွားသည်ဟူသောအရိပ်အမြွတ်လေးတစ်ခုမှာ ဖြတ်ပြေးသွားလေ၏။
တောင်သခင်နေရာကို အခြားသူကိုပေးလိုက်တာ တကယ်မှန်သွားသည်ပင်။
ဒီအရာများမှာ ကိုင်တွယ်ဖို့မပြောနှင့်၊ ကြားရတာတောင် ခေါင်းကိုက်ဖို့ကောင်းနေပေ၏။
စုယွမ်၏ရှကွမ်းဝမ်းအပေါ် အကြည့်က ပြောင်းလဲသွားလေသည်၊ ဤလူမှာ လူကောင်းတစ်ယောက်၊ တကယ်ကို ကောင်းမွန်သည့်လူတစ်ယောက်ပါပေ။ အနာဂတ်တွင် ရှကွမ်းဝမ်းမှာ တောင်သခင်နေရာကို မသင့်တော်စွာ ရလာသည်ဟုပြောသူမှန်သမျှ သူနှင့်ထိပ်တိုက်တွေ့ရပေမည်သာ။
“အဟမ်း၊အဟမ်း။ တောင်သခင်ရှ၊ အခု မင်းက တောင်သခင်လေ။ ဒီကိစ္စတွေအားလုံးကို မင်းကိုကိုင်တွယ်ဖို့လွဲပေးလိုက်ပြီပဲကို။ မင်းပဲ စီမံရမှာပေါ့။”
စုယွမ်မှာ ယုံကြည်မှုအပြည့်ပါဝင်နေသော မျက်ဝန်းများဖြင့် ကြည့်လာ၏။
“ဒါပေမဲ့ ... “
ဤတစ်ကြိမ်တွင်တော့ ရှကွမ်းဝမ်းပါ ခေါင်းကိုက်သလို ခံစားလိုက်ရသည်။
“ကိစ္စတွေကအများကြီးကို။ ကျွန်တော်တို့မှာ ဒါတွေစီမံဖို့ ရွှေအမြူတေအဆင့်အကြီးအကဲလုံလုံလောက်လောက်ရှိတာမဟုတ်ဘူး။ နောက်ပြီး စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ဆိုရင် တစ်ယောက်တောင်မရှိဘူးရယ်။ နတ်ဆိုးဂိုဏ်းရဲ့ရန်စနေတာကလည်း အခုတလောပိုပြီးသိသာလာ။ ဂိုဏ်းရဲ့လုပ်ငန်းတွေကိုကာကွယ်ဖို့အတွက် နောက််ဆိုလူတွေပိုလိုလာတော့မှာကို။ အကြီးအကဲစု၊ နည်းလမ်းလေးစဥ်းစားပေးပါလား။”
စုယွမ် မျက်လုံးလှန်မိသွား၏။
“ငါက ဘယ်တွေးမိမှာလဲ။ ငါက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲတွေကိုမှ အမိန့်ပေးလို့မှမရသေးတာ။ နောက်ပြီး လုပ်ငန်းတွေကလက်လွဲလိုက်တာနဲ့ အခြားတောင်ထိပ်ကလူတွေကလည်း ချက်ချင်းတာဝန်ကနေ ဆုတ်ခွာသွားကြရောလား။”
“ဟုတ်ပါတယ်။ လုပ်ပိုင်ခွင့်တွေကိုလွှဲပြီးတာနဲ့ လူတွေကိုလည်း ချက်ချင်းသိမ်းသွားကြတာပဲ။”
“သိချင်တာလေးရှိလို့၊ အရင်က ဆက်ခံသူဘိုးဘေးတွေကရော ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ကြလဲ။”
စုယွမ် မေးလိုက်သည်။
“ကျွန်တော်က မှတ်တမ်းစာအုပ်ကိုပဲဖတ်ဖူးတာပာ။ ရေးထားတာကတော့ ဆက်ခံသူတွေက တောင်သခင်နေရာယူပြီးတာနဲ့ နေရာတော်တော်များများက အင်အားစုတွေကသောင်းကပြောင်းဖြစ်ကြလေ့ရှိတယ်တဲ့။ အထူးသဖြင့် အပြင်ဘက်ကရန်သူ့အင်အားစုတွေက ဆက်တိုက် ရန်စနေတော့တာ။ ဒါပေမဲ့ ဆက်ခံသူဘိုးဘေးတွေက အေးဆေးပဲ သူတို့ရဲ့မိုးလောက်ကြီးတဲ့ခွန်အားကိုပြပြီးဖြေရှင်းနိုင်ခဲ့တယ်။ အဲ့ဒီလိုဖြေရှင်းရင်းနဲ့ ဘိုးဘေးတွေရဲ့ကျင့်ကြံဆင့်တွေတောင် ခုန်တက်သွားခဲ့ကြတာပဲ။ တိုက်ပွဲတွေကြားမှာပဲ လျှို့ဝှက်ကျင့်စဥ်တွေကိုသိမြင်ရင်း စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်တွေကိုတောင် တိုက်ထုတ်နိုင်ခဲ့တယ်။ အများနဲ့တစ်ယောက်လည်းနိုင်တာပဲ။ သူတို့က တစ်ပွဲပြီးတစ်ပွဲအောင်နိုင်ကြပြီးတော့ နောက်ဆုံး ပိုးအိမ်ထဲကလိပ်ပြာထွက်လာသလို အလင်းပွင့်ပြီး ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်တွေ၊လေဟာနယ်အဆင့်တွေရောက်သွားကြတာပဲ။ နောက်တော့ အပြင်လောကမှာပဲ ကျင်လည်တော့တယ်ပြောကြတယ်။”
စုယွမ်လည်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
“အဲ့ဒီမှတ်တမ်းလေးပြပါလား။”
ရှကွမ်းဝမ်းလည်း သိုလှောက်လက်စွပ်ထဲမှယခင်ဆက်ခံသူဘိုးဘေးများ၏ကိုယ်ရေးမှတ်တမ်းစာအုပ်ကိုထုတ်၍ ပေးလိုက်၏။
စုယွမ် မြန်မြန်လှန်ကာ ဖတ်ကြည့်လိုက်သည်ရ
“ဒါကိုရေးတဲ့သူက တအားကြီးလွန်လွန်ကြူးကြူးရေးထားတာမဟုတ်ဘူးလား။ ရွှေအမြူတေအဆင့်နဲ့ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုတိုက်နိုင်တယ်၊ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကကျ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကိုတိုက်နိုင်တယ်တဲ့။ ငါးယောက်တစ်ယောက်တောင်ယှဥ်ချလိုက်သေး၊ နောက်ပြီး ရှုံးပွဲမရှိနိုင်တာချည်း။ ဒါကြီးက ယုတ္တိမှမရှိတာ။ ပုံကြီးချဲ့ရေးထားတာပဲဖြစ်မှာ။ ဒါလူတောင်ဟုတ်သေးလို့လား။ အရင်မျိုးဆက်က နောက်ဆုံးဆက်ခံသူဆိုရင် နှစ်ကိုးထောင်ကျော်လောက်ကကို၊ ဒီစာအုပ်က လျှောက်ပြီးထပ်ထုတ်ထားတဲ့ဗားရှင်းပဲနေမှာ။အဓိပ္ပါယ်မရှိတာတွေ။”
စုယွမ်မှာ ဆက်တိုက်ကို ဝေဖန်နေလေသည်။
“ဆက်ခံသူစုယွမ်ရဲ့တိုးတက်နှုန်းနဲ့နားလည်နှုန်းကလည်း ဒီမှတ်တမ်းတွေနဲ့တူတူပဲလေ။”
ရှကွမ်းဝမ်း ပြောလိုက်၏။
“ငါက ... “
စုယွမ်မှာ တစ်ဝက်တစ်ပျက်နှင့်ရပ်သွားရသည်။ သူက ဖြတ်လမ်းလိုက်ထားသည့်သူဖြစ်သည်၊ သို့သော် ယခင်ကဆက်ခံသူအားလုံးကရော ထိုသို့ လျှို့ဝှက်ဖြတ်လမ်းစွမ်းရည်များရှိနေနိုင်မည်လား။
စုယွမ် အနှီဆက်ခံသူဘိုးဘေးများက လေဟာနယ်အဆင့်ကိုရောက်သွားပြီး တကယ်ကို ပိုမြင့်သည့်နေရာတစ်ခုသို့ရောက်သွားပြီမှန်းတော့ ယုံပါသည်။
သို့သော် ယခုစာအုပ်ထဲရှိအရာများကတော့ နှောင်းမျိုးဆက်များက အကျယ်ချဲ့ရေးထားသည်များသာဖြစ်ရမည်ပေ။
စုယွမ် ပြောလိုက်သည်။
“ဒီလိုပြောလိုက်၊ အခြားတောင်ထိပ်ကို ငါတို့ကို လုပ်ငန်းတွေကိုနည်းနည်းပဲခွဲပေးလို့အဆင်ပြေတယ်လို့လေ။ အများကြီးရှိနေစရာမှမလိုတာ။”
“ဒါပေမဲ့ လွှဲတောင်ပြီးသွားပြီလေ။”
ရှကွမ်းဝမ်းမှာ လေသံလေးဖြင့်ပြန်ပြောလိုက်မိသည်။
“အဲ့ဒီလောက်မြန်လား။”
စုယွမ် မျက်လုံးများပင်ကျယ်သွားရ၏။
“အမ်း၊ သူတို့က ဆက်ခံသူနဲ့ဆက်ဆံရေးကောင်းတည်ဆောက်ချင်တဲ့ပုံပဲ။ ကျွန်တော်တောင်ဘာမှမပြောရသေးခင် ချက်ချင်း အမြန်ဆုံးလွှဲပေးလာကြတာပဲ။”
စုယွမ် ခေါင်းခါလိုက်တော့သည်။
“ဒါပေမဲ့ ငါက တောင်သခင်မှမဟုတ်တော့တာ။”
ရှကွမ်းဝမ်းမှာ စိုးရိမ်လာပြီး ချက်ချင်းဦးညွတ်လာပြန်သည်။
“ဆက်ခံသူ၊ ဒါတွေကို လျစ်လျူရှုလို့မရဘူးလေ။ ဒီလုပ်ငန်းတွေရဲ့အကျိုးတွေကလည်း ဆက်ခံသူအတွက်ပါ ပါတာကို။”
ဤသည်ကိုကြားတော့ စုယွမ်၏အမူအရာမှာ လှုပ်ရှားသွားပြီး မေးလိုက်သည်။
“ဘယ်လောက်လဲ။”
ရှကွမ်းဝမ်းမှာ ကြောင်အသွားလို့သွားသော်ငြား သူ့အဓိပ္ပါယ်ကိုချက်ချင်းသဘောပေါက်သွားပြီး ချက်ချင်း လက်ချောင်းများဖြင့်တွက်ချက်ကာ ဖြေလိုက်၏။
“ကျွန်တော်တို့ရဲ့ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းက နှစ်စဥ်ဝင်ငွေတော်တော်များတာပါ။ အကြမ်းဖျင်းတွင်ရင်တောင် နှစ်စဥ် တောင်ထိပ်အသီးသီးက ၃၇၀ဘီလီယံလောက်ရကြပါတယ်။ အရင်းရယ်၊ ဂိုဏ်းကိုပေးရမှာတွေရယ်ကိုဖြတ်လိုက်ရင်တောင် တောင်သခင်အတွက် ဝိညာဉ်ကျောက်တုံး ၁၀ဘီလီယံလောက်ကတော့ကျန်ပါတယ်။ များသောအားဖြင့်တော့ အဲ့ဒီထဲက တောင်အတွက်လိုတာတွေပါထပ်ဖြတ်ကြသေးပေမဲ့ ဆက်ခံသူသာလိုချင်ရင် အကုန်ယူလို့ရပါတယ်။”
“၁၀ဘီလီယံတောင်လား။ လျှောက်ပြောနေတာတော့မဟုတ်ဘူးမလား။ အဲ့ဒီလောက်များတာလား။”
စုယွမ်၏လေသံမှာ ပြောင်းလဲသွားရချေပြီ။
“ဟုတ်ပါတယ်။ ၁၀ဘီလီယံကကြားရတာများပေမဲ့ ထိပ်တန်းအဆင့်ဝိညာဥ်ကျောက်တုံး၁၀၀ပဲရှိတာပါ။ ရွှေအမြူတေအဆင့်အောက်ကလူတွေအတွက်တော့ ဒါကများတာပေါ့။ ဒါပေမဲ့ စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အတွက်တော့ သာမန်ဝင်ငွေလေးပါပဲ။”
“ဒါက ဂိုဏ်းအတွက်တော့ ဘာမှကြီးကြီးမားမားမဟုတ်သေးပါဘူး။ ကျွန်တော်ကြားတာက စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်တွေဆိုရင် ပိုပြီးအမြတ်ရတဲ့လုပ်ငန်းတွေရတယ်လို့ကြားဖူးတယ်။ ဝင်ငွေကလည်း ကြောက်ဖို့တောင်ကောင်းတယ်တဲ့။”
စုယွမ်လည်း နားလည်သွားပြီး အတွေးနက်သွားရသည်။