← Chapters

အခန်း (၂၁၉+၂၂၀)

Vol. 22 Ch. 219+220

အခန်း (၂၁၉+၂၂၀)

Vol. 22 Ch. 219+220

အပိုင်း ၂၁၉ + ၂၂၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သို့သော် ဆိုလွန်က အသံထွက်၍ ပြန်မဖြေသေးချေ။ အကယ်၍ သူသာ စကားပြောလိုက်ပါက သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်း အန္တရာယ်ရှိသွားပေလိမ့်မည်။ ကွေ့ချင်းရှောင်းတစ်ယောက် အကြံအိုက်သွားကာ ကျောက်စရစ်ကျွန်းပေါ်သို့ ပြေးတက်သွားပြီး ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွားနိုင်သည်။

ထို့အတွက်ကြောင့် သူ ဤနေရာ၌ ရှိနေကြောင်းကို သူမအား သိခွင့်ပေး၍ မဖြစ်ချေ။

ကွေ့ချင်းရှောင်းက ထပ်ပြီး အော်ဟစ်လိုက်သည်။ "ဆိုလွန်... အဲဒါ နင်မှန်း ငါသိတယ်နော်။"

"သင်္ဘောအုပ်စုကို အရှိန်အပြည့်နဲ့ ရှေ့ဆက်တတ်။ ကျောက်စရစ်ကျွန်းဆီ အမြန်သွားပြီး ဆိုနင်ပင်းကို ဖမ်းကြ။ ဒါက ငါတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။"

ထိုသတိပေးစကားကို ကြားလိုက်ရသောအခါ ကွေ့ချင်းကျုံးတစ်ယောက် ဘာလုပ်ရမည်ကို ရုတ်တရက် သဘောပေါက်သွား၏။ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "ကျွန်းဆီကို အရှိန်အပြည့်နဲ့ ရှေ့ဆက်တတ်။ ဆိုနင်ပင်းကို ဖမ်းကြ။"

သူ၏ အမိန့်ကြောင့် ကွေ့မိသားစု၏ ရေတပ်သားများ မြားပစ်ခြင်းကို ရပ်တန့်လိုက်ကြ၏။ သူတို့က သဲကြီးမဲကြီး လှော်ခတ်လိုက်ကြပြီး ကျောက်စရစ်ကျွန်း၏ သဲသောင်ပြင်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်ကြသည်။

ကျွန်းပေါ်ရှိ လူများမှာ သေမင်းလာခေါ်မည့်အချိန်ကို ရဲဝံ့စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ သခင်လေးဆိုလွန်က တန်ခိုးကြီးမားလှသည့် စစ်တပ်ကြီးတစ်ခုကို ခေါ်ဆောင်ကာ သူတို့အား ကယ်တင်ရန် ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

မိသားစုစစ်သည်ခေါင်းဆောင် ဆိုမုက ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ "တိုက်ခိုက်ကြ။ ရန်သူတွေကို တားစမ်း"

ထို့နောက် စစ်သည်တစ်ရာကို ဦးဆောင်ကာ ပင်လယ်ထဲသို့ အလျင်အမြန် ပြေးဆင်းသွား၏။

တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီက ဆိုနင်ပင်းကို အလျင်အမြန် ဆွဲဖမ်းကာ အသည်းအသန် ပြေးလွှားတော့သည်။ သူတို့အနေဖြင့် ဆိုလွန်အား အကျပ်အတည်းမဖြစ်စေရန် ကွေ့မိသားစု စစ်တပ်၏ ဖမ်းဆီးခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ကမ်းခြေမှ အမြန်ဆုံး ထွက်ခွာရန် လိုအပ်၏။

ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...။

အနောက်ဘက်မှနေ၍ မြို့စားကြီးကျိထင်၏ စစ်တပ်က ပြင်းထန်စွာ ပစ်ခတ်လိုက်ကြပြန်၏။ တတိယအကြိမ် ၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် မြားမိုးများ ရွာကျလာသည်။ ထိုသို့ ပစ်ခတ်နေစဉ်အတွင်း သူတို့၏ သင်္ဘောအုပ်စုသည်လည်း ပို၍ နီးကပ်လာကြ၏။

နောက်ဆုံး၌ ဆဋ္ဌမအကြိမ်မြောက် မီးမြားများက ကွေ့မိသားစု၏ သင်္ဘောအုပ်စုအား ထိမှန်သွားကြသည်။

"အားးးးးး"

ကွေ့မိသားစု၏ ရေတပ်သားများကြားထဲမှ သနားစဖွယ် အော်ဟစ်သံများက ချက်ချင်းပင် ထွက်ပေါ်လာကြ၏။

တစ်ချိန်တည်းမှာပင် ဆိုမိသားစု၏ စစ်သည်များစွာက ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားကြသည်။ သူတို့က ကွေ့မိသားစု၏ သင်္ဘောများအောက်သို့ တိုက်ရိုက်ကူးခတ်သွားကြပြီး သင်္ဘောအောက်ခြေများကို အပေါက်ဖောက်ရန် စတင် ထွင်းကြတော့၏။

ကွေ့ချင်းကျုံးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ "တန်ပြန်တိုက်ခိုက်ကြ။ တန်ပြန်တိုက်ခိုက်ကြ။"

ချက်ချင်းပင် ကွေ့မိသားစု၏ ရေတပ်သားများက သူတို့၏ လေးများကို အလျင်စလို ဆွဲတင်လိုက်ကြပြီး မြို့စားကြီးကျိထင်၏ သင်္ဘောအုပ်စုဆီသို့ ပြန်လည်ပစ်ခတ်လိုက်ကြ၏။

ကံဆိုးလှစွာပင် သူတို့၏ နေရာယူထားမှုမှာ အလွန်တရာ ဆိုးရွားနေသည်။ ရန်သူများက လေတိုက်ခတ်ရာဘက်မှနေ၍ ပစ်ခတ်နိုင်သော်လည်း ကွေ့မိသားစုမှာမူ လေဆန်ဘက်မှ ပစ်ခတ်နေရသောကြောင့် သူတို့၏ ပစ်မှတ်များကို မထိမှန်နိုင်ကြချေ။

ဉာဏ်နီဉာဏ်နက်များလှသည့် ဆိုလွန်က အမိန့်ပေးလိုက်သည်။ "ဆုတ်ကြ။"

ချက်ချင်းဆိုသလိုပင် မြို့စားကြီးကျိထင်၏ ရေတပ်သားများက ရှေ့သို့ လှော်ခတ်ခြင်းကို လုံးဝ ရပ်တန့်လိုက်ကြပြီး နောက်သို့ ပြန်လှော်ခတ်လိုက်ကြပြန်၏။

ထိုသည်က သင်္ဘောအုပ်စု၏ ရှေ့ဆက်တတ်မှုကို အလျင်အမြန် ရပ်တန့်သွားစေပြီး နှစ်ဖက်ကြား၌ မီတာရာချီ အကွာအဝေးကို ထိန်းသိမ်းထားနိုင်လိုက်သည်။

မြို့စားကြီးကျိထင်၏ သင်္ဘောများသည် လေတိုက်ခတ်ရာဘက်၌ ရှိနေဆဲဖြစ်ပြီး ကွေ့မိသားစု၏ သင်္ဘောများကမူ လေဆန်ဘက်၌ ရင်ဆိုင်နေရဆဲပင်။

ရလဒ်အနေဖြင့် ကွေ့မိသားစု၏ ရေတပ်သားများမှာ အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့သွားရတော့သည်။ သူတို့မှာ အပစ်ခံရုံသာတတ်နိုင်သည့် အနေအထားတစ်ခု၌ ပိတ်မိသွားကြ၏။

ရွှီး... ရွှီး... ရွှီး...။ မြို့စားကြီးကျိထင်၏ စစ်တပ်က မြားမိုးများကို တစ်သုတ်ပြီးတစ်သုတ် ပစ်ခတ်လာကြသည်။

တိကျမှုသည် ပြီးပြည့်စုံခြင်း မရှိသော်ငြား အနည်းငယ်မျှ ထိမှန်သွားခြင်းက ကြောက်မက်ဖွယ်ကောင်းသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလာဆဲပင်။

မီးမြားများကို ပစ်ခတ်နေခြင်းဖြစ်သောကြောင့် ကွေ့မိသားစု၏ သင်္ဘောများစွာမှာ အလျင်အမြန် မီးစွဲလောင်သွားကြ၏။ ထို့အပြင် ရေအောက်၌ ပုန်းအောင်းနေသည့် ဆိုမိသားစု၏ စစ်သည်များမှာလည်း သင်္ဘောများကို အပေါက်ဖောက်ရန် အစွမ်းကုန် ကြိုးစားနေကြပြီး ရန်သူများ ကမ်းခြေသို့ မရောက်ရှိနိုင်စေရန် တားဆီးနေကြသည်။

ကွေ့မိသားစု၏ သင်္ဘောအုပ်စုမှာ ပိတ်မိသွားလေပြီ။ သူတို့က ရှေ့လည်းမတိုးနိုင် နောက်လည်း မဆုတ်နိုင်ဖြစ်နေကြကာ သင်္ဘောများမှာ ပင်လယ်ထဲ၌ ပရမ်းပတာ အချင်းချင်း ဝင်တိုက်မိနေကြသည်။

ကွေ့ချင်းကျုံးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ရေထဲဆင်းကြ။ ခုန်ဆင်းပြီး ငါတို့သင်္ဘောတွေကို အပေါက်ဖောက်နေတဲ့ ခွေးမသားတွေကို သတ်ကြစမ်း။"

သူ၏ အမိန့်ကို လိုက်နာကာ ကွေ့မိသားစု၏ စစ်သည်များစွာက ရေထဲသို့ ခုန်ဆင်းသွားကြပြီး ဆိုမိသားစု၏ စစ်သည်များကို တားဆီးရန် တိုက်ခိုက်ကြတော့၏။

ထို့နောက် ကွေ့မိသားစု၏ သင်္ဘောများပေါ်ရှိ လေးကိုင်စစ်သည်များနှင့် ဒူးလေးကိုင်စစ်သည်များက ကျိထင်၏ သင်္ဘောအုပ်စုဆီသို့ ပြန်လည်ပစ်ခတ်ရန် အစွမ်းကုန် ကြိုးစားလိုက်ကြသည်။

သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့၏။ လေဆန်ရာဘက်သို့ ပစ်ခတ်နေရသောကြောင့် သူတို့၏ မြားများက ရန်သူထံသို့ လုံးဝ မရောက်နိုင်ကြချေ။

တစ်ချိန်တည်းမှာပင် ရန်သူ့သင်္ဘောများထံမှ မီးမြားများက သူတို့ကို ဆက်တိုက် ထိမှန်နေ၏။

လက်ရှိအချိန်၌ ကွေ့ချင်းကျုံးတစ်ယောက် ရန်သူကို အထင်သေးမိခဲ့သည့်အတွက် အလွန်အမင်း နောင်တရသွားတော့သည်။

လက်စားချေရန်အတွက် သူ၏ ရေတပ်သားများကို ကျောက်စရစ်ကျွန်းသို့ ဦးဆောင်လာရန် အလွန် လောကြီးနေခဲ့သည်။ ကင်းထောက်လှေများကိုပင် မစေလွှတ်ခဲ့မိသဖြင့် ရန်သူ့သင်္ဘောအုပ်စုအား အမှောင်ထုကို အကာအကွယ်ယူ၍ ကီလိုမီတာဝက်အတွင်းသို့ မသိလိုက်ဘဲ ချဉ်းကပ်လာနိုင်ခွင့် ပေးလိုက်သလို ဖြစ်သွားခဲ့သည်။

သူကိုယ်တိုင် ဤမျှော်လင့်ချက်မဲ့နေသည့် အခြေအနေထဲသို့ ဆွဲခေါ်လာခဲ့မိခြင်းပင်။

ဖခင်ဖြစ်သူ ကွေ့ရှင်းဖူက သူ့အား ထပ်ခါတလဲလဲ သတိပေးခဲ့ဖူးသည်။ "ဆိုလွန်ကို ဘယ်တော့မှ အထင်မသေးနဲ့။"

ဆိုလွန်မှာ ဉာဏ်နီဉာဏ်နက်များပြီး ယုတ်မာလှ၏။ ကွေ့ချင်းကျုံးက ထိုသတိပေးချက်ကို အလေးအနက် မထားခဲ့မိသောကြောင့် ယနေ့တွင် ကြောက်မက်ဖွယ်ကောင်းသည့် အကျိုးဆက်များကို မြည်းစမ်းနေရလေပြီ။

ရန်သူများ၏ မီးမြားများက ပို၍ ပို၍ ထူထပ်စွာ ကျဆင်းလာကြ၏။ သူ၏ သင်္ဘောအုပ်စုကြီး မီးတောက်များ၏ ဝါးမျိုခြင်းခံနေရသည်နှင့် သူ၏ စစ်သည်များ ရေထဲသို့ ဖက်ထုပ်များအလား ပြုတ်ကျသွားကြသည်ကို ကြည့်ရင်း ကွေ့ချင်းကျုံးတစ်ယောက် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားရသည်။

သူ၏ ဘေး၌မူ ကွေ့ချင်းရှောင်း၏ လှပသည့် မျက်နှာလေးမှာ ဖြူရော်နေ၏။ သူမ၏ မျက်လုံးများထဲ၌ ပြင်းထန်သည့် မလိုလားမှုများ တောက်ပနေသော်လည်း နက်ရှိုင်းသည့် နောင်တတရားများလည်း ပါဝင်နေသည်။

သူမကြောင့် ကွေ့မိသားစု၏ ရေတပ်သားများ ယနေ့တွင် အမြစ်ပြတ် သုတ်သင်ခံနေရခြင်း ဖြစ်၏။ အကယ်၍ သူမ၏ တတိယအစ်ကိုကသာ သူမအတွက် ဝင်မပါပေးခဲ့လျှင် ဤကဲ့သို့ တဇွတ်ထိုး လက်စားချေမှုအတွက် စစ်တပ်ကို ဦးဆောင်လာခဲ့မည် မဟုတ်ချေ။

ကွေ့ချင်းကျုံးက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ညီမလေး... အမြန်သွားတော့။ အစ်ကို ရန်သူ့လက်ထဲ ကျသွားရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ညီမလေးသာ ဆိုလွန်ရဲ့ လက်ထဲကို ကျသွားခဲ့ရင်... အကျိုးဆက်တွေက တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး။"

ကွေ့ချင်းရှောင်းက ခေါင်းရမ်းကာ ပြန်ပြောသည်။ "သွားရင်လည်း အတူတူသွားမယ်။"

ကွေ့ချင်းကျုံးက ငြင်းဆန်လိုက်၏။ "မဖြစ်ဘူး။ အစ်ကိုက ကွေ့မိသားစု ရေတပ်ရဲ့ တပ်မှူးပဲ။ ညီအစ်ကိုတွေနဲ့ အတူတူ အသေခံရမယ်။ ထွက်ပြေးဖို့အတွက် သူတို့ကို စွန့်ပစ်မသွားနိုင်ဘူး။"

"ဦးလေး... ညီမနောက်ကို လိုက်ခဲ့။" ကွေ့ချင်းရှောင်းက သူမ၏ အစ်ကိုဖြစ်သူအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ပင်လယ်ထဲသို့ အပြင်းအထန် ဒိုင်ဗင်ထိုးဆင်းသွား၏။ ပိန်ပါးပြီး သေးငယ်သည့် ပုံရိပ်တစ်ခုကလည်း သူမ၏ အနောက်မှ ကပ်ပါသွားသည်။

ကွေ့ချင်းရှောင်းက ဤအတိုင်း ထွက်ပြေးမည့်သူ မဟုတ်ချေ။ ကျောက်စရစ်ကျွန်းဆီသို့ ကူးခတ်သွားနေစဉ် ဆိုနင်ပင်းကို လျှို့ဝှက်စွာ ဖမ်းဆီးရန် ကြံစည်နေ၏။

အဘယ်ကြောင့်ဆိုသော် ဆိုနင်ပင်းက ဆိုလွန် ဂရုစိုက်ဆုံးသော သူဖြစ်သောကြောင့်ပင်။ အကယ်၍ သူမအား ဓားစာခံအဖြစ် ဖမ်းဆီးပြီး ခြိမ်းခြောက်နိုင်ပါက သူမနှင့် အစ်ကိုဖြစ်သူ ကွေ့ချင်းကျုံးတို့အတွက် အသက်ရှင်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိလာနိုင်သေးသည်။

ပရမ်းပတာဖြစ်နေမှုများကြား၌ မည်သူကမှ ကွေ့ချင်းရှောင်းကို သတိမထားမိခဲ့ကြချေ။ ဆိုနင်ပင်း ထွက်သွားသည့် ဦးတည်ရာဘက်သို့ သူမ အလျင်အမြန် လိုက်သွား၏။

ပင်လယ်ပြင်ထက်၌မူ ကွေ့မိသားစု၏ သင်္ဘောအုပ်စုမှာ မီးတောက်များ၏ ဝါးမျိုခြင်းကို လုံးဝ ခံလိုက်ရလေပြီ။

ထိုအခိုက် ကျိထင်၏ သင်္ဘောအုပ်စုက ရှေ့သို့ ပြေးဝင်လာ၏။ ထို့နောက် အထက်စီးမှ နေရာယူထားကာ ရေထဲ၌ ရုန်းကန်နေကြရသည့် ကွေ့မိသားစု၏ ရေတပ်သားများကို သတ်ဖြတ်ကြတော့သည်။

မြားများ အသားကို ထိုးဖောက်ဝင်ရောက်သွားသည့် အသံများနှင့် သေခါနီး သနားစဖွယ် အော်ဟစ်သံများက လေထုထဲ၌ ပြည့်နှက်နေ၏။ သွေးများက ပင်လယ်ရေပြင်တစ်ခုလုံးကို နီရဲသွားစေသည်။

ကွေ့ရှင်းဖူ ဥစ္စာဓနမြောက်မြားစွာ အကုန်အကျခံကာ တည်ဆောက်ခဲ့ရသည့် သင်္ဘောအုပ်စုကြီးမှာ နေရောင်အောက်မှ နှင်းများအလား အရည်ပျော်ကျနေပြီး ရက်စက်စွာ လောင်ကျွမ်းခြင်းကို ခံနေရလေပြီ။

နောက်ဆုံး၌ ကွေ့ချင်းကျုံးတစ်ယောက် ဆက်၍ သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါတို့ လက်နက်ချတယ်။ ငါတို့ လက်နက်ချတယ်။"

သို့သော် မြို့စားကြီးကျိထင်၏ စစ်တပ်ကမူ မကြားသကဲ့သို့ လျစ်လျူရှုထားပြီး သူတို့၏ ရူးသွပ်ဖွယ်ရာ သတ်ဖြတ်မှုကြီးကို ဆက်လက်လုပ်ဆောင်နေကြ၏။

ကျောက်စရစ်ကျွန်းကို နောက်တစ်ကြိမ် မခြိမ်းခြောက်နိုင်စေရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ကွေ့မိသားစု၏ ရေတပ်သားများကို အမြစ်ပြတ် သုတ်သင်ပစ်ရန် သူတို့ အလိုရှိနေကြသည်။

ထိုသည်ကို မြင်လိုက်ရသောအခါ ကွေ့ချင်းကျုံး၏ မျက်လုံးများမှာ ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရ၏။ သူ အံကြိတ်ကာ အော်ဟစ်လိုက်သည်။ "ယုတ်မာလိုက်တာ။ အရှက်မရှိတဲ့ကောင်။ ဆိုလွန်... မင်းလို ခွေးမသား...။"

ဆိုလွန်အား သတ်ရန်အတွက် အရူးတစ်ယောက်ကဲ့သို့ ကြီးမားသည့် သင်္ဘောကြီးဆီသို့ ပြေးဝင်သွားတော့သည်။

သို့သော် ကွေ့ချင်းကျုံး အနီးသို့ မကပ်နိုင်ခင်မှာပင် အမှောင်ထဲမှနေ၍ မရေမတွက်နိုင်သော အဆိပ်အပ်သေးသေးလေးများက သူ့ထံ ဦးတည်လာ၏။

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှာ ထုံကျင်သွားကာ အားပျော့စွာ လဲကျသွားတော့သည်။ နောက်တစ်စက္ကန့်မှာပင် ဖမ်းချုပ်ခံလိုက်ရပြီး မြေပြင်ပေါ်၌ အတင်းအကျပ် ဒူးထောက်ခိုင်းခံလိုက်ရ၏။

သတိမလစ်သွားခင် နောက်ဆုံးစက္ကန့်လေး၌ ဆိုလွန် သင်္ဘောကြီးပေါ်၌ မရှိနေတော့ကြောင်းကို သူ သတိထားလိုက်မိသည်။

**--**--**--**--**--**--**--**

တစ်ကိုယ်လုံး စိုရွှဲနေသည့် ကွေ့ချင်းရှောင်းကမူ ဆားကွင်းကို အလျင်အမြန် ဖြတ်သန်းသွားကာ ဗလာကျင်းနေသည့် ကျောက်တောင်ကြီးပေါ်သို့ တက်သွားလိုက်၏။

အပိုင်း ၂၁၉ + ၂၂၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters