← Chapters

အခန်း (၂၁၁+၂၁၂)

Vol. 22 Ch. 211+212

အခန်း (၂၁၁+၂၁၂)

Vol. 22 Ch. 211+212

အပိုင်း ၂၁၁ + ၂၁၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

(စာစဥ် ၂၀ အထိ အားပေးလာလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျို့။ စာစဥ် ၂၁ ၊ ၂၂ ၊ ၂၃။ ၃ အုပ်ဆက်တိုက် အခမဲ့ချပေးလိုက်ပါတယ်)

သူမ၏ အိပ်မက်များထဲ၌ လန်လင်းဆိုသည့် နာမည်အား ရေရွတ်ရင်း မည်မျှတိုင်အောင် တုန်ယင်ခဲ့ရသည်ကို သူမ မသိတော့ချေ။ မည်မျှတိုင်အောင် လန့်နိုးခဲ့ရပြီး ချွေးရွှဲနေသည့် အဝတ်အစားများကို လဲလှယ်ကာ ပူနွေးပြီး ခံစားလွယ်နေသည့် ခန္ဓာကိုယ်ကို ရေအေးဖြင့် ဆေးကြောခဲ့ရသည်ကို မသိတော့ပေ။

လက်ရှိအချိန်၌ ဆိုနင်ပင်းမှာ သူမသည် ဆိုနင်ပင်းလော သို့မဟုတ် ဆိုလွန် အမြဲတမ်း ပြောတတ်သည့် အစ်မလန်ခုံးလောကို မသိတော့ချေ။

သူမ လန်ခုံး ဖြစ်ချင်နေမိ၏။ မည်သို့ပင်ဖြစ်စေ လန်ခုံးသည် ဆိုလွန်၏ မိသားစုဝင် တစ်ယောက်သာမက ချစ်သူလည်း ဖြစ်သည်။ ထိုသို့သော အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှုမျိုးက သူမအား အမှန်တကယ်ပင် ရူးသွပ်ယစ်မူးစေသည်။

လက်ရှိအချိန်၌ ဆိုလွန် ထွက်သွားရတော့မည်ဖြစ်ရာ သူမအနေဖြင့် တစ်ယောက်တည်း နေ့ရက်များကို ရင်ဆိုင်ရတော့မည် ဖြစ်၏။

ထိုအကြောင်းကို သူမ အကြိမ်ကြိမ် တွေးခဲ့ဖူးသည်။ သူမ ထျန်းရွှေမြို့ကို အလွယ်တကူ စွန့်လွှတ်လိုက်ပြီး ကျွန်းပေါ်၌သာ ဆိုလွန်နှင့်အတူ သူမ၏ ဘဝတစ်သက်တာလုံး နေထိုင်သွားချင်မိ၏။

သို့သော် ထိုစကားများကို နှုတ်မှ ထုတ်မပြောနိုင်ခဲ့ချေ။ အကယ်၍ လက်နက်ချခဲ့လျှင်ပင် ရန်သူက သူမတို့အား လုံးဝ လွှတ်ပေးမည် မဟုတ်ကြောင်းကို ဆိုနင်ပင်း ကောင်းကောင်းကြီး သိထားသည်။

ထို့အပြင် ဆိုလွန်ကဲ့သို့ ဂုဏ်ယူဝင့်ကြွားတတ်သည့် သူတစ်ယောက်က သေလျှင်ပင် လက်နက်ချမည် မဟုတ်ချေ။ အရှုံးပေးမည့်အစား ရန်သူများနှင့်အတူ သေပွဲဝင်လိုက်မည့် လူစားမျိုး ဖြစ်သည်။

**--**--**--**--**--**--**--**

ဆိုလွန် လှေတစ်စင်းဖြင့် ကျောက်စရစ်ကျွန်းမှ ထွက်ခွာလာပြီးနောက် ပင်လယ်ပြင်၌ စက်ဝိုင်းကြီးတစ်ခုသဖွယ် ကွေ့ပတ်သွားလာပြီးမှ မြောက်ပိုင်း ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့၏။

ဤနယ်မြေသည် ဘုရင့်နိုင်ငံ၏ ကောင်တီများနှင့် ခရိုင်များအောက်၌ ပါဝင်လေပြီး ကွေ့ရှင်းဖူ၏ ဩဇာလွှမ်းမိုးသည့် နယ်ပယ်၏ ပြင်ပ၌ ရှိနေသည်။

ကုန်းပေါ်သို့ ရောက်ပြီးနောက် ဆိုလွန်နှင့် ရဲ့ကျင်းယွီတို့ ရုပ်ဖျက်လိုက်ကြသည်။ ရိုးရှင်းစွာ ဝတ်ဆင်ထားပြီးနောက် တော်ဝင်မြို့တော်ဆီသို့ ဦးတည်ကာ နေ့ရောညပါ မနားတမ်း ခရီးဆက်ခဲ့လိုက်ကြ၏။

ဆိုလွန်အနေဖြင့် မိုးထိမတတ် များပြားလှသည့် ရွှေဒင်္ဂါးများနှင့် စားနပ်ရိက္ခာများအပြင် ကြီးမားလှသည့် သင်္ဘောအုပ်စုကြီးတစ်ခုကို လိုအပ်နေသည်။

သူ ရောင်းချရမည့် ဆားများမှာလည်း ကျင်းသိန်းအနည်းငယ် ၊ သန်းအနည်းငယ်သာ မဟုတ်လေဘဲ ကျင်း သန်းဆယ်ချီ သို့မဟုတ် ထို့ထက်ပင် ပို၍ များပြားနေသေးသည်။

ဤမျှ များပြားလှသည့် ဆားပမာဏအား နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံး၌ အကုန်အစင် ဝယ်ယူနိုင်သည့် အင်အားစုဟူ၍ တစ်ခုတည်းသာ ရှိ၏။

ထိုသည်မှာ တော်ဝင်မိသားစုပင်။

လမ်းတစ်လျှောက် သရုပ်မှန်ကို ဖုံးကွယ်ကာ နေ့ရောညပါ ခရီးဆက်ခဲ့ပြီးနောက် လေးရက်အကြာတွင် တော်ဝင်မြို့တော် အနီးသို့ ရောက်ရှိလာ၏။

သူတို့က ယိုရှာစစ်သူရဲများအဖြစ် ဟန်ဆောင်ကာ တော်ဝင်မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

အမိန့်တော်မပါဘဲ မြို့ထဲသို့ ဝင်ရောက်ခွင့် တားမြစ်ထားသောကြောင့် သူ၏ မျက်နှာအစစ်ကို ပြသ၍ မဖြစ်ချေ။

တစ်နာရီခန့် အကြာ၌ မြို့စားကြီး ကျိထင်၏ အိမ်တော် အပြင်ဘက်၌ ဆိုလွန် ပေါ်လာ၏။

ကျိထင် ပေးထားခဲ့သည့် ကျောက်စိမ်းဆွဲပြားကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး အစေခံအား ပြောလိုက်သည်။ "မြို့စားကြီးကို သွားသတင်းပို့ပေးပါ။ မိတ်ဆွေဟောင်းတစ်ယောက် လာတွေ့တယ်လို့ ပြောပေးပါ"

ဆယ့်ငါးမိနစ်ခန့် အကြာတွင် မြို့စားကြီး ကျိထင်၏ လျှို့ဝှက်ခန်းထဲသို့ ဆိုလွန် ရောက်လာသည်။

**--**--**--**--**--**--**--**

မြို့စားကြီး ကျိထင်က မေးသည်။ "ဆိုလွန်… ကျောက်စရစ်ကျွန်းပေါ်မှာ မင်းကို ကွေ့ရှင်းဖူ အပြတ်ရှင်းသွားတာကို ဒီအတိုင်း ကြည့်နေတော့မလို့လား"

ဆိုလွန် ခေါင်းညိတ်၏။ "ဟုတ်တယ်"

သတင်းက ဤမျှ မြန်ဆန်စွာ ပြန့်နှံ့သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

မြို့စားကြီး ကျိထင်က ဆက်ပြောသည်။ "ဂျင်းက ရင့်လေ ပိုစပ်လေပဲ။ ကွေ့ရှင်းဖူလို မြေခွေးအိုကြီးကို မင်း မယှဉ်နိုင်ပါဘူး။ မင်း အရှက်ခွဲခံရရုံတင် မကဘူး အဲဒီ မြေရိုင်းကွင်းပြင်ကြီးထဲမှာပါ ပိတ်မိနေပြီ။"

"အခုဆိုရင် တစ်မြို့လုံးက မင်းသေမယ့်ရက်ကို လက်ချိုးရေနေကြပြီ။ ငါ့ဆီကို အကူအညီ လာတောင်းတာလား။ ငါ မင်းကို ပြောရလိမ့်မယ်… ငါ ကူညီနိုင်ပေမဲ့ မျှော်လင့်ချက်တွေ အရမ်းကြီး မထားနဲ့။ ငါ မင်းကို ရွှေဒင်္ဂါး ၅ ထောင်ထက် ပိုမပေးနိုင်ဘူး"

ဆိုလွန်မှာ အံ့အားသင့်သွားမိသည်။

မြို့စားကြီး ကျိထင်၏ မျက်လုံးထဲ၌ နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ နာကျင်စွာဖြင့် ပြောလာသည်။ "ငါ့က ကပ်စေးနည်းတယ်လို့ မင်း ထင်ကောင်း ထင်နေလိမ့်မယ်။ ကျိနင်ရဲ့ ကာစီနိုကြီးမှာ ရွှေဒင်္ဂါး ၇ သောင်း ရအောင် မင်း ကူညီပေးခဲ့ပေမဲ့ ငါက ၅ ထောင်နဲ့ပဲ ကူညီပေးချင်နေတယ် မဟုတ်လား။"

"ဒါပေမဲ့ မင်း တော်ဝင်မြို့တော်ကနေ ထွက်သွားပြီး ငါးရက်အကြာမှာ ငါ့ရဲ့ ဘဏ္ဍာတိုက် ဓားပြတိုက်ခံလိုက်ရတယ်။ ရွှေတွေ အကုန်လုံး အလုခံရရုံတင် မကဘူး ငါ့လူတွေလည်း ရာချီပြီး သတ်ဖြတ်ခံလိုက်ရတယ်"

ဆိုလွန်က တည်ငြိမ်စွာပင် မေးလိုက်သည်။ "မင်းသား ကျိလီလား..."

ကျိထင်၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ "သေချာပေါက် သူပဲပေါ့။ ငါ့ဘဏ္ဍာတိုက်ရဲ့ တည်နေရာက ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ အထဲက အစောင့်တွေတောင် သူတို့ ဘယ်နေရာမှာ ရောက်နေလဲဆိုတာ အတိအကျ မသိကြဘူး။ ငါ့အပြင် ငါ အယုံကြည်ရဆုံး ကိုယ်လုပ်တော်ပဲ အဲဒီအကြောင်းကို သိတာ။ အခုတော့... သူလည်း ပျောက်သွားပြီ"

ကျိထင်၏ နာကျင်မှုကို ဆိုလွန် ချက်ချင်း ခံစားလိုက်ရ၏။ မြို့စားကြီးမှာ ရွှေများနှင့် ချစ်ရသူကို ဆုံးရှုံးလိုက်ရရုံမျှမက သူ မည်သူ့ကို အမှန်တကယ် ယုံကြည်ရမည်ဆိုသည့် အသိကိုပါ ဆုံးရှုံးသွားရခြင်းပင်။

ဆိုလွန် မေးလိုက်သည်။ "ရွှေဒင်္ဂါး ဘယ်လောက် ဆုံးရှုံးသွားတာလဲ"

ကျိထင်က သက်ပျင်းချကာ ပြန်ဖြေ၏။ "၉ သောင်း။ ကျိနင်ဆီကနေ ငါနိုင်ခဲ့တဲ့ ၇ သောင်းရယ် ၊ ရွှေလုပ်ငန်းက ငါ့ရဲ့ ကိုယ်ပိုင်ရန်ပုံငွေ ၂ သောင်းရယ်ပဲ"

ရွှေဒင်္ဂါး ၉ သောင်း... ကျိလီမှာ သူ၏ ကြီးမားလှသည့် ဆုံးရှုံးမှုများကို ပြန်လည်ရရှိသွားရုံသာမက ကျိထင်၏ ဘဏ္ဍာရေးကိုပါ အကြီးအကျယ် ချည့်နဲ့စေလိုက်ခြင်းပင်။

ကျိထင်က မျက်နှာပျက်နေလျက် ပြောသည်။ "ဒါကြောင့် ငါ မင်းကို အများဆုံး ပေးနိုင်တာ ရွှေဒင်္ဂါး ၅ ထောင်ပဲ။ နောက်ပြီးတော့… တခြားသူတွေကို မကူညီခင် ကိုယ့်ကိုယ်ကိုယ် အရင် ကူညီရတယ်ကွ"

ကျိထင်၏ နောက်ဆုံးစကားများမှာ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေလေပြီး ပို၍ နက်နဲသည့် အဓိပ္ပာယ်တစ်ခုကို ရှင်းလင်းစွာ ရည်ညွှန်းနေ၏။

ဆိုလွန်က လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ "မြို့စားကြီး… ကျွန်တော့်အပေါ်ထားတဲ့ ခင်ဗျားရဲ့ ကျေးဇူးက တောင်တန်းကြီးလို လေးလံလှပါတယ်။ ခင်ဗျားဆီကနေ ကျွန်တော် ဘယ်လိုလုပ် ငွေတောင်းရက်မှာလဲ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်က ခင်ဗျားနဲ့ စီးပွားရေး လာလုပ်တာပါ။ ခင်ဗျားကို မိုးထိမတတ် များပြားလှတဲ့ ရွှေဒင်္ဂါးတွေ ရအောင် ကူညီပေးချင်လို့ပါ"

ကျိထင်က မှင်သက်သွားကာ မေးလိုက်သည်။ "အမ်...။ မိုးထိမတတ် များပြားတယ် ဟုတ်လား…။ ဘယ်လောက်လဲ။ ရွှေဒင်္ဂါး ၅ သောင်းလောက်လား"

ဆိုလွန်က အပြုံးလေးဖြင့် လက်ဟန်ပြသည်။ "ဆက်မြင့်ပါဦး"

ကျိထင်၏ အသက်ရှူသံများ အနည်းငယ် ပြင်းထန်လာကာ ထက်မေးလိုက်သည်။ "အင်း...။ ၈ သောင်းလောက်လား"

ဆိုလွန်က ခေါင်းခါသည်။ "ဆက်မြင့်ပါဦး"

ကျိထင်၏ ဝဖိုင်နေသည့် ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် တုန်ယင်သွား၏။ "၁... ၁ သိန်းလား..."

ဆိုလွန်က တောက်ပစွာ ပြုံးလိုက်သည်။ "ပိုများတယ်။ အဲဒီထက်ကို အများကြီး ပိုပါတယ်"

ရွှေဒင်္ဂါး ၁ သိန်းထက် အများကြီး ပိုသည်လော။ ဤမျှ ကြီးမားလှသည့် စီးပွားရေးမျိုးကို လောကကြီး၏ မည်သည့်နေရာ၌ ရှာတွေ့နိုင်မည်နည်း။ ကျိထင်က တုန်ယင်စွာ မေးလိုက်၏။ "၁ သိန်းထက်ပိုတယ်ဆိုတော့ ဘယ်လောက်လဲ"

ဆိုလွန်က အပြုံး​လေးဖြင့် ပြောလိုက်သည်။ "ဒါက မျိုးဆက်တစ်ခုစာ စီးပွားရေးပဲ။ အမြတ်အစွန်းတွေက ရွှေဒင်္ဂါး တစ်သန်းကို အလွယ်တကူ ကျော်လွန်သွားပြီး ဘုရင့်နိုင်ငံ တစ်ခုလုံးရဲ့ တစ်နှစ်စာ အခွန်ဝင်ငွေထက်တောင် ပိုများနိုင်သေးတယ်"

ကျိထင်၏ မျက်လုံးတို့က မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားတော့၏။

သို့သော် ခဏအကြာ၌ မြို့စားကြီး ကျိထင်၏ အမူအရာမှာ အံ့အားသင့်မှုမှ ဒေါသအဖြစ်သို့ ကူးပြောင်းသွားကာ အော်ဟစ်လိုက်သည်။ "မြို့စားကြီး ဆိုလွန်… ငါ့ကို နောက်နေတာလား"

ရွှေဒင်္ဂါး တစ်သန်းကျော်​... ဘုရင့်နိုင်ငံ၏ တစ်နှစ်စာ အခွန်ဝင်ငွေထက် သာလွန်သည်... လောက၌ ထိုသို့သော စီးပွားရေးမျိုး ရှိရဲ့လော။

အမှန်တကယ်၌မူ ထိုသို့သော စီးပွားရေးမျိုး အမှန်တကယ်ကို ရှိနေ၏။ ဥပမာအားဖြင့် ကျိလီ၏ တော်ဝင်မြို့တော် ရွှေငွေလဲလှယ်ရေးလုပ်ငန်းပင်။ သူတို့၌ ရွှေလက်မှတ်များ ထုတ်ဝေခွင့် အာဏာရှိသောကြောင့် သူတို့၏ ကြွယ်ဝချမ်းသာမှုမှာ နိုင်ငံတစ်နိုင်ငံနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေသည်။

သူတို့ ထိန်းချုပ်ထားသည့် ရွှေဒင်္ဂါးများမှာ ဘုရင့်နိုင်ငံ၏ တရားဝင် ဘဏ္ဍာတိုက်ထက်ပင် ပို၍ များပြားနေသေး၏။

သို့သော် တော်ဝင်မြို့တော် ရွှေငွေလဲလှယ်ရေးလုပ်ငန်းရှိ ငွေများမှာ ကျိလီ တစ်ယောက်တည်း ပိုင်ဆိုင်သည်တော့ မဟုတ်ချေ။ လောက၌ရှိသည့် အထက်တန်းလွှာများနှင့် မြို့စားများ ပိုင်ဆိုင်ကြခြင်းပင်။ ကျိလီနှင့် ကျိနင်တို့မှာ စီမံခန့်ခွဲသူများနှင့် အကြီးဆုံး ရှယ်ယာရှင်များသာ ဖြစ်ကြသည်။

မြို့စားကြီး ကျိထင်သည်လည်း အလွန်အမင်း ချမ်းသာကြွယ်ဝသည်ဟု သတ်မှတ်၍ရသော်ငြား တစ်နှစ်တည်း၌ ရွှေဒင်္ဂါး ၂ သောင်းမှ ၃ သောင်းအထိ ရှာဖွေနိုင်ခြင်းကပင် သူ့အတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်နေလေပြီ။

တစ်နှစ်လျှင် ရွှေဒင်္ဂါး ၅ သောင်းကျော် အမြတ်ရမည့် စီးပွားရေးမျိုးက လုံးဝကို မရှိနေချေ။ ထို့အတွက်ကြောင့် မြို့စားကြီး ကျိထင် ဒေါသထွက်သွားပြီး လှောင်ပြောင်ခံရသည်ဟု ခံစားလိုက်ရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ဆိုလွန်ကမူ အပြုံးလေးဖြင့် ရင်ဘတ်ထဲမှ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး အထဲရှိ ဆားများကို စားပွဲပေါ်သို့ ဖြည်းညင်းစွာ လောင်းချလိုက်ကာ ပြောလိုက်သည်။ "မြို့စားကြီး… ဒါက ကျွန်တော်တို့ လုပ်မယ့် စီးပွားရေးပဲ"

ကျိထင်က ဒုတိယအကြိမ်ပင် ပြန်မကြည့်ဘဲ ပြောလိုက်၏။ "ဒါက ဆားပဲ မဟုတ်ဘူးလား။ ကျောက်စရစ်ကျွန်းက ကွေ့ရှင်းဖူရဲ့ လျှို့ဝှက်ဆားကန်ဟောင်းဆိုတာ ငါ သိပါတယ်။ အဲဒီမှာ ပင်လယ်ရေကျိုချက်ဖို့အတွက် သူ ကျေးကျွန် ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်။"

"ဒါပေမဲ့ ဒါက အသေးအဖွဲ ဆားကန်တစ်ခုပါပဲ။ ကျေးကျွန် ထောင်ဂဏန်းလောက်နဲ့ တစ်နှစ်ကို ဆားဘယ်လောက်တောင် ထုတ်နိုင်မှာမလို့လဲ။ ကျင်း တစ်သန်းဆိုရင်တောင် အထင်ကြီးစရာ ကောင်းနေပြီ"

ဆားဆိုသည်မှာ အမှန်တကယ်ပင် ကုန်သွယ်ရန်အတွက် ကြီးမားသည့် ကုန်ပစ္စည်းတစ်ခု ဖြစ်၏။ လောကရှိ လူတိုင်း ဆားစားရန် လိုအပ်သော်လည်း နိုင်ငံသုံးနိုင်ငံကသာ ထုတ်လုပ်နိုင်ကြသည်။ ထိုသည်တို့မှာ နုလန်ဘုရင့်နိုင်ငံ ၊ မီးလျံနဂါးအင်ပါယာနှင့် တုန်းလီဘုရင့်နိုင်ငံတို့ပင်။

ဤသည်မှာ ရိုးရှင်းစွာပင် ထိုနိုင်ငံသုံးခု၌ ကမ်းရိုးတန်းများ ရှိနေသောကြောင့် ဖြစ်၏။ ဤလောက၌ ရေတွင်းဆားနှင့် ကျောက်ဆားဟူ၍ မရှိလေဘဲ လူများမှာ ပင်လယ်ဆားကိုသာ မှီခိုကြရသည်။ ကမ်းရိုးတန်းရှိသည့် နိုင်ငံများကသာ ထုတ်လုပ်နိုင်စွမ်း ရှိကြသည်။

နုလန်ဘုရင့်နိုင်ငံ တစ်ခုတည်း၌ပင် ကြီးငယ်မရွေး ဆားကန်ရာပေါင်းများစွာ ရှိနေလေပြီး တစ်နှစ်လျှင် စုစုပေါင်း ဆားကျင်း နှစ်သန်းမှ သုံးသန်းခန့်အထိ ထုတ်လုပ်နိုင်ကြ၏။

ဤဆားများကို နုလန်ဘုရင့်နိုင်ငံရှိ လူသန်းဆယ်ချီကို ထောက်ပံ့ပေးရန် လိုအပ်ရုံသာမက ရှီးလျန်ဘုရင့်နိုင်ငံ ၊ အခြားသော နိုင်ငံအသီးသီးနှင့် တောင်ပိုင်း လူရိုင်းများကိုပင် ရောင်းချပေးရသေးသည်။

မှန်ပေသည်။ တောင်ပိုင်း လူရိုင်းများလည်း ဆားစားရန် လိုအပ်၏။ သူတို့အနေဖြင့် ပင်လယ်ဆားကို ထုတ်လုပ်နိုင်သော်ငြား မည်သို့ပင်ဖြစ်စေ လူရိုင်းများသာ ဖြစ်သောကြောင့် သူတို့၏ ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ လူသားဘုရင့်နိုင်ငံများထက် များစွာ နိမ့်ကျလှသည်။

နှစ်ဖက်စလုံးမှာ သေခန်းပြတ် ရန်သူများ ဖြစ်ကြသော်လည်း အမြတ်အစွန်း လုံလောက်စွာ ရရှိနေသရွေ့ ဤလောက၌ မည်သည့် ကုန်သွယ်မှုမျိုးကိုမဆို ပြုလုပ်နိုင်သည်။

ထို့အပြင် တောင်ပိုင်း လူရိုင်းများ၌ လူသားများထံတွင် မရှိသည့် အဖိုးတန် တွင်းထွက်ပစ္စည်းများ ရှိနေလေရာ ပြီးပြည့်စုံသည့် အပြန်အလှန် ကုန်သွယ်မှုကို ဖြစ်ပေါ်စေလာ၏။

အပိုင်း ၂၁၁ + ၂၂၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters