← Chapters

အခန်း (၂၁၃+၂၁၄)

Vol. 22 Ch. 213+214

အခန်း (၂၁၃+၂၁၄)

Vol. 22 Ch. 213+214

အပိုင်း ၂၁၃ + ၂၁၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထို့ကြောင့် ကမ်းရိုးတန်းရှိ စီရင်စုများ ၊ ကောင်တီများ ၊ အထက်တန်းလွှာများနှင့် နယ်ပယ်အသီးသီးမှ မြို့စားများအားလုံးသည် ဆားလုပ်ငန်း၌ ပါဝင်ပတ်သက်နေကြ၏။

ထို့အပြင် ဤလောက၌ ဆားနှင့် သံကို လက်ဝါးကြီးအုပ်ခွင့် မသတ်မှတ်ရသေးချေ။ အနည်းငယ်မျှ အင်အားရှိသူ မည်သူမဆို ဆားထုတ်လုပ်နိုင်စွမ်း ရှိကြသည်။

မြို့စားကြီး ကျိထင် ကိုယ်တိုင်ပင်လျှင် ဆားကန်နှစ်ခုကို ပိုင်ဆိုင်ထားလေပြီး ကွေ့ရှင်းဖူကဲ့သို့ပင် ဆားထုတ်လုပ်ရန်အတွက် ကျေးကျွန်များကို အသုံးပြုလေ၏။

မည်သို့ပင်ဖြစ်စေ ကျေးကျွန်များကို အသုံးပြု၍ ဆားချက်ခြင်းက အမြတ်အစွန်းများစွာကို ရရှိစေသည်။ အရပ်သားများကို ငှားရမ်းလုပ်ကိုင်စေခြင်းကမူ အလွန်အမင်း စရိတ်ကြီးမား၏။

ထို့အတွက်ကြောင့် ဆားသည် အလွန်ကောင်းမွန်သည့် စီးပွားရေးတစ်ခု ဖြစ်သော်ငြား အကြီးမားဆုံးသော ဆားကန်တစ်ခုပင်လျှင် တစ်နှစ်၌ ရွှေဒင်္ဂါး တစ်သောင်းခန့်သာ အများဆုံး ရှာဖွေနိုင်ကြသည်။

နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံးရှိ အကြီးဆုံး ဆားကန်ကြီးမှာ အရှေ့တောင်ပိုင်းပြည်နယ်၌ တည်ရှိလေပြီး အုပ်ချုပ်ရေးမှူး အိမ်တော်က တိုက်ရိုက် ထိန်းချုပ်ထား၏။

ထိုဆားကန်ကြီးမှာ မြေဧက မူ သောင်းချီ ကျယ်ဝန်းလေပြီး ဆားချက်သမား သောင်းချီကို အသုံးပြုထားသည်။

ထိုသို့တိုင်အောင် တစ်နှစ်လျှင် ဆားကျင်း ဆယ်သန်းသာ ထုတ်လုပ်နိုင်သည်။ ဤထုတ်လုပ်မှုမှာ ရှေးခေတ် တရုတ်ပြည်၏ ရေတွင်းဆားကန်များနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်သေးချေ။

မြို့စားကြီး ကျိထင်က ခပ်ပြတ်ပြတ် မေးသည်။ "မင်းရဲ့ ဆားကန်က ကြီးသလား"

ဆိုလွန်က တည်ငြိမ်စွာ ပြန်ဖြေ၏။ "လောလောဆယ်တော့ မူ တစ်သောင်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လူအင်အား လုံလုံလောက်လောက်သာ ရှိရင် မူ ငါးသောင်း ၊ တစ်သိန်းအထိ အချိန်မရွေး တိုးချဲ့လို့ရပါတယ်"

မြို့စားကြီး ကျိထင်က နှာခေါင်းရှုံ့လိုက်သည်။ "မင်းရဲ့ လူသူကင်းမဲ့နေတဲ့ ကျွန်းက လုံးဝကို ခေါင်လွန်းတယ်။ တောင်ပေါ်က သစ်ပင်တွေကိုလည်း ကွေ့ရှင်းဖူက အကုန်ခုတ်သွားပြီ။ ဆားချက်ဖို့ သစ်သားကို မင်း ဘယ်ကရမှာလဲ"

ဤသည်မှာ ခေတ်ကာလ၏ အကြီးမားဆုံး ပြဿနာပင်။ မည်သည့် ဆားကန်မဆို အခြေအနေ နှစ်ခုနှင့် ကိုက်ညီရန် လိုအပ်၏။ ပင်လယ်နှင့် နီးရမည်ဖြစ်ပြီး သစ်သား အမြောက်အမြား လိုအပ်သည်။ ထို့အတွက်ကြောင့် ဆားကန်၏ အရွယ်အစားမှာ အမြဲတမ်း ကန့်သတ်ခံထားရ၏။

မြို့စားကြီး ကျိထင်က မဲ့ရွဲ့ဟန်ဖြင့် ဆက်ပြောသည်။ "သစ်ပင်တွေ အလုံအလောက်ရှိလို့ မူ တစ်သိန်းကျယ်တဲ့ ဆားကန်ကို ဖွင့်နိုင်တယ်ဆိုရင်တောင် ကျေးကျွန် သောင်းချီ လိုအပ်လိမ့်မယ်။ အဲဒီလောက် အများကြီးကို မင်း ဘယ်ကသွားရှာမှာလဲ။"

"ပြီးတော့ အဲဒီ ကျေးကျွန်တွေ အကုန်လုံးနဲ့ဆိုရင်တောင် မူ တစ်သိန်းကျယ်တဲ့ နေရာကနေ တစ်နှစ်ကို ဆားဘယ်လောက် ထုတ်နိုင်မှာမလို့လဲ။ ကျင်း ဆယ်သန်းကျော်လေးပဲ။ အဲဒါက ငွေဘယ်လောက် ရမှာမလို့လဲ။ အများဆုံး ရွှေဒင်္ဂါး တစ်သောင်းပေါ့"

ဆိုလွန်က မြို့စားကြီး ကျိထင်အား ကြည့်ကာ ပြောလိုက်၏။ "ကျွန်တော့်ရဲ့ မူ တစ်သိန်း ဆားကန်က ဆားချက်သမား ၅ ထောင်ပဲ လိုအပ်မှာပါ။ ပြီးတော့ ထုတ်လုပ်နိုင်စွမ်းကလည်း ကျင်း ဆယ်သန်းလောက်ပဲ မဟုတ်ပါဘူး"

မြို့စားကြီး ကျိထင်က နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်...။ ကျင်း ဆယ်သန်း မဟုတ်ရင် ဘယ်လောက်လဲ"

ဆိုလွန်က မျက်နှာသေဖြင့် ပြော၏။

"ကျင်း သန်းတစ်ရာကျော်"

ထိုစကားကို ကြားပြီးနောက် မြို့စားကြီး ကျိထင်မှာ သူ၏ တံတွေးနှင့်သူ နင်သွားတော့မတတ် ဖြစ်သွားရ၏။ သူ၏ နားရွက်များကို ပွတ်သပ်ကာ အလွန်အမင်း အံ့အားသင့်နေလျက် မေးလိုက်သည်။ "ဘယ်လို ဘယ်လို ဘယ်လောက်"

ဆိုလွန်က ထပ်ပြောလိုက်၏။ "ကျင်း သန်းတစ်ရာကျော်"

ချက်ချင်းပင် မြို့စားကြီး ကျိထင်က လှောင်ပြောင်လိုက်သည်။ "ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ငါ ဘာမှမသိဘူးလို့ မထင်နဲ့။ ငါ့မှာ ဆားကန် နှစ်ခု ရှိတယ်။ မူ တစ်သောင်းကျယ်တဲ့ နေရာကနေ အများဆုံး ကျင်း တစ်သန်းလောက်ပဲ ထွက်ပြီး အနည်းဆုံး ဆားကျေးကျွန် ၃ ထောင်လောက် လိုတယ်။"

"မင်းပြောတာက မင်းရဲ့ မူ တစ်သိန်းကျယ်တဲ့ နေရာက အလုပ်သမား ၅ ထောင်ပဲလိုပြီး ဆားကျင်း သန်းတစ်ရာကျော် ထွက်မယ်ဟုတ်လား။ အိပ်မက် မက်နေတာလား။ ဒါ့အပြင် မင်းရဲ့ ကျောက်စရစ်ကျွန်းမှာ သစ်သား ဘယ်လောက်တောင် ကျန်တော့လို့လဲ။ မင်း ဆားဘယ်လောက်များ ချက်နိုင်မှာမလို့လဲ"

ဆိုလွန်က ပြုံးလို​က်သည်။ "မြို့စားကြီး… ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်မို့လို့ ကျောက်စရစ်ကျွန်းပေါ်ကို ခင်ဗျား ယုံကြည်ရတဲ့ လူတစ်ယောက် လွှတ်ပြီး ကိုယ်တိုင်သွားကြည့်ဖို့ ပြောနေတာပါ။ အဲဒီအခါကျရင် ခင်ဗျား နားလည်သွားပါလိမ့်မယ်"

ဆိုလွန်၏ ပုံစံက လုံးဝကို အတည်ပေါက် ဖြစ်နေသည်ကို မြင်သောအခါ မြို့စားကြီး ကျိထင် အံ့အားသင့်သွားမိသည်။

မည်သို့ပင်ဖြစ်စေကာမူ ဆိုလွန်က မကြာသေးမီကပင် တော်ဝင်မြို့တော်၌ မယုံကြည်နိုင်ဖွယ်ရာ အံ့ဖွယ်ကိစ္စများကို ဖန်တီးခဲ့လေပြီး ကျိနင်နှင့် ကျိလီတို့ နှစ်ဦးစလုံးအား ကြီးမားလှသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရစေသည် မဟုတ်လော။ သူ့ထံ၌ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သော ဆားချက်ငည့် နည်းလမ်း အမှန်တကယ်ပင် ရှိနေသည်လော။

ထိုသို့တိုင်အောင် တစ်နှစ်လျှင် ဆားကျင်း သန်းတစ်ရာကျော် ထုတ်လုပ်နိုင်သည့် ဆားကန်ဆိုသည်က ယုံချင်စရာ တစ်စက်မှ မရှိချေ။

မြို့စားကြီး ကျိထင်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူ ဆိုလွန်အား စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း အတည် ပြောနေတာလား"

ဆိုလွန်က ခေါင်းညိတ်သည်။ "သေချာတာပေါ့။ မြို့စားကြီးကို ကျွန်တော်က ဘယ်လိုလုပ် လိမ်ရဲမှာလဲ။ တကယ်တော့ လူအင်အား လုံလုံလောက်လောက်သာ ရှိရင် ကျွန်တော့်ရဲ့ ဆားကန်ကနေ ဆားကျင်း သန်းတစ်ရာ ၊ သန်းနှစ်ရာ ဒါမှမဟုတ် အဲဒီထက်တောင် ပိုပြီး ထုတ်လုပ်နိုင်ပါသေးတယ်။ ကျွန်တော်တို့က နုလန်ဘုရင့်နိုင်ငံ တစ်ခုတည်းကို ရောင်းမှာ မဟုတ်ဘူး။ ရှီးလျန်ဘုရင့်နိုင်ငံ ၊ ပေ့ဖုန်းဘုရင့်နိုင်ငံနဲ့ တောင်ပိုင်း လူရိုင်းတွေဆီကိုပါ ရောင်းလို့ရသေးတယ်"

မြို့စားကြီး ကျိထင် ခဏတာ တွေးတောလိုက်ပြီး မေးလိုက်သည်။ "အင်း...။ ဆားတစ်ကျင်း ထုတ်ဖို့အတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ"

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်၏။ "ကုန်ကျစရိတ် လုံးဝ မရှိသလောက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆားက ကျိုချက်စရာ မလိုလို့ပါ။ သစ်သားမလိုဘူး"

ဤလောကရှိ စားပွဲတင်ဆားမှာ ရိုးရှင်းလှသည့် ဆားကြမ်းသာ ဖြစ်၏။ အထက်တန်းလွှာများ အသုံးပြုသည့် ဆားနုကိုသာ သန့်စင်ပြီး ပြန်လည် ပုံဆောင်ခဲဖွဲ့ရန် လိုအပ်သည်။ ထို့အတွက်ကြောင့် ဆိုလွန်၏ ဆားမှာ နေလှန်းပြီးနောက် တိုက်ရိုက် ရောင်းချနိုင်​လေပြီ။

ဆားကို ကျိုချက်ရန် မလိုအပ်ဆိုသည်ကို မြို့စားကြီး ကျိထင်အနေဖြင့် ယုံကြည်ရန် ခက်ခဲနေခဲ့သော်ငြား သူ၏ ခေါင်းထဲ၌ တွက်ချက်နေမှုကိုမူ မတားဆီးနိုင်ခဲ့ချေ။

အကယ်၍သာ တစ်နှစ်လျှင် ကျင်း သန်းတစ်ရာကို အမှန်တကယ် ထုတ်လုပ်နိုင်မည် ဆိုပါက ထိုသည်မှာ ကြေးဒင်္ဂါး သန်းထောင်ချီ ဖြစ်လေပြီး ရွှေဒင်္ဂါး တစ်သိန်းနှင့် ညီမျှသည်။ ဆိုလွန် ပြောသကဲ့သို့ ကျင်း သန်းနှစ်ရာဆိုကို ရွှေဒင်္ဂါး နှစ်သိန်းပင် ရှိ၏။

အကယ်၍ နုလန်ဘုရင့်နိုင်ငံက အကုန်လုံးကို မဝယ်နိုင်လျှင်ပင် ရှီးလျန်ဘုရင့်နိုင်ငံ ၊ ပေ့ဖုန်းဘုရင့်နိုင်ငံ ၊ တောင်ပိုင်း လူရိုင်းများနှင့် အခြားနေရာများသို့ ရောင်းချနိုင်သေးသည်။

အလယ်ပိုင်းဒေသ တစ်ခုတည်း၌ပင် နိုင်ငံငယ် ၊ နိုင်ငံကြီး ဆယ်ဂဏန်းချီ ရှိနေလေပြီး စုစုပေါင်း လူဦးရေ သန်းရာချီ ရှိနေ၏။

ဤလောက၌ လူများမှာ ဆားချက်ရန်အတွက် ပင်လယ်ရေကိုသာ မှီခိုနိုင်ကြသည်။ ထို့အပြင် ကုန်းတွင်းပိုင်း၌ ဆားငန်ရေကန်များ အလွန် ရှားပါးလှ၏။ ဆားမှာ အမြဲလိုလို ရှားပါးနေတတ်သည်။

အရပ်သားများ၏ လက်ထဲသို့ ရောက်ရှိလာသည့် အချိန်၌မူ ဈေးနှုန်းမှာ တစ်ကျင်းလျှင် ကြေးဒင်္ဂါး ၈၀ မှ ၉၀ အထိ မိုးထိမတတ် မြင့်တက်နေလေပြီ။

ဆား ဖြစ်သရွေ့ ပမာဏ မည်မျှပင် ဖြစ်နေစေကာမူ မြို့စားကြီး ကျိထင် ရောင်းချနိုင်စွမ်း ရှိ၏။

အကယ်၍သာ ကျင်း သန်းနှစ်ရာ ထွက်ခဲ့မည်ဆိုပါက သူတို့ တစ်နှစ်လျှင် ရွှေဒင်္ဂါး နှစ်သိန်းကို အမှန်တကယ်ပင် ရှာဖွေနိုင်မည် ဖြစ်သည်။ ပို၍ ကောင်းမွန်သည်က ဤသည်က မျိုးဆက်ပေါင်းများစွာအထိ တည်တံ့နိုင်မည့် ရေရှည်စီးပွားရေးတစ်ခု ဖြစ်နေခြင်းပင်။

ဆယ်နှစ်ဆိုလျှင် သူတို့ ရွှေဒင်္ဂါး တစ်သန်း ရှာဖွေနိုင်မည် ဖြစ်၏။ ထိုသည်မှာ ဘုရင့်နိုင်ငံ တစ်ခုလုံး၏ တစ်နှစ်စာ အခွန်ဝင်ငွေထက်ပင် ပို၍ များပြားနေသေးသည်။

ဆိုလွန်က လေးနက်စွာ ပြော၏။ "မြို့စားကြီး… ကျွန်တော် ခင်ဗျားနဲ့ တစ်ယောက်တည်းနဲ့ပဲ ဒီစီးပွားရေးကို လုပ်မှာပါ။ ကျွန်တော်က ထုတ်လုပ်ရေးကို တာဝန်ယူမယ်။ ခင်ဗျားက အရောင်းကို တာဝန်ယူပါ။ အမြတ်အစွန်းတွေကို တစ်ဝက်စီ ခွဲကြတာပေါ့"

မြို့စားကြီး ကျိထင်မှာ ရုတ်တရက် အသက်ရှူရပင် ခက်ခဲလာရ၏။ သူ၏ မျက်လုံးများက အလွန်အမင်း တောက်ပသည့် အလင်းရောင်များဖြင့် အရောင်လက်သွားသည်။

သူက မယုံသင်္ကာဖြင့် မေးလိုက်သည်။ "မင်း တကယ်ပြောနေတာလား။ ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား"

ဆိုလွန်က အပြုံးဖြင့် ပြန်ဖြေ၏။ "မြို့စားကြီးက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ။ ပြီးတော့ တော်ဝင်မြို့တော်မှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ကျောထောက်နောက်ခံလေ။ ခင်ဗျားကို ကျွန်တော် ဘယ်လိုလုပ် လိမ်ရဲမှာလဲ"

မြို့စားကြီး ကျိထင်က ချက်ချင်းပင် ရယ်မောလိုက်သည်။ "ဟီးဟီး… ငါက မင်းရဲ့ တစ်ဦးတည်းသော ကျောထောက်နောက်ခံတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ တကယ်ကို မယုံကြည်နိုင်သေးဘူးကွာ။ မင်းရဲ့ လူသူကင်းမဲ့တဲ့ မြေနေရာကနေ တစ်နှစ်ကို ဆားကျင်း သန်းတစ်ရာကနေ သန်းနှစ်ရာအထိ ထွက်နိုင်မယ်ဆိုတာ ငါ အိပ်မက်တောင် မမက်ရဲဘူး"

ဆိုလွန်က ပြတ်သွားစွာ ပြောလိုက်၏။ "ရိုးရှင်းပါတယ်။ ကျောက်စရစ်ကျွန်းကို မြို့စားကြီး ယုံကြည်ရတဲ့ လူတစ်ယောက် လွှတ်ပြီး သွားကြည့်ခိုင်းလိုက်ရုံနဲ့ ကျွန်တော့်စကားတွေက လေလုံးမဟုတ်ဘူးဆိုတာ သိသွားမှာပါ"

မြို့စားကြီး ကျိထင်က မျက်လုံးများကိုမှိတ်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် ရုတ်တရက် ဖွင့်လိုက်ပြီး ပြောလိုက်၏။ "ယုံကြည်ရတဲ့ လူကို လွှတ်စရာလား။ ဒီလောက်ကြီးမားတဲ့ ကိစ္စကို ငါ ကိုယ်တိုင်ပဲ သွားရမှာပေါ့"

ဆိုလွန် အံ့အားသင့်သွားမိသည်။ "မြို့စားကြီး ပင်လယ်ပြင်ကို ထွက်ရလိမ့်မယ်နော်။ ဒါ့အပြင် လမ်းမှာ ကွေ့ရှင်းဖူရဲ့ သင်္ဘောအုပ်စုနဲ့ တွေ့ချင်တွေ့နိုင်သေးတယ်…"

"ဟမ့်။ ကွေ့ရှင်းဖူဆိုတဲ့ အကောင် ငါ့ကို လက်ဖျားနဲ့တောင် ထိရဲမှာ မဟုတ်ဘူး" မြို့စားကြီး ကျိထင်က အထင်တသေး လှောင်ပြောင်လိုက်၏။ "ဆုံးဖြတ်ပြီးပြီ။ ငါ ကျောက်စရစ်ကျွန်းကို မင်းနဲ့အတူ ကိုယ်တိုင် လိုက်ခဲ့မယ်။ မင်းရဲ့ ဆားကို ဘယ်လိုချက်လဲဆိုတာ ငါ ကိုယ်တိုင် သေချာကြည့်ရမှဖြစ်မယ်"

**--**--**--**--**--**--**--**

ထိုည၌ မြို့စားကြီး ကျိထင်တစ်ယောက် တော်ဝင်နန်းတော်ထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်သွားခဲ့၏။

နောက်တစ်နေ့တွင် တော်ဝင်မြို့တော်မှ အပြင်သို့ ထွက်ခဲလှသည့် မြို့စားကြီး ကျိထင်က ဘုရင့်နိုင်ငံ၏ အရှေ့တောင်ပိုင်းသို့ အပန်းဖြေခရီး ထွက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ချက်ချင်းဆိုသလိုပင် တော်ဝင်မြို့တော်ရှိ အထက်တန်းလွှာများမှာ ပျော်ရွှင်စွာဖြင့် ကခုန်တော့မတတ် ဖြစ်သွားကြ၏။ ခဏတာမျှသာ ဖြစ်စေကာမူ သက်ရှိကပ်ဘေးကြီးက နောက်ဆုံးတော့ ထွက်သွားလေပြီ။

အခြားတစ်ဖက်၌မူ နုလန်ဘုရင့်နိုင်ငံ အရှေ့တောင်ပိုင်းရှိ အုပ်ချုပ်ရေးမှူးများ ၊ ကောင်တီကာကွယ်ရေးမှူးများနှင့် မြို့စားများတို့ကမူ အလွန်အမင်း ထိတ်လန့်သွားကြသည်။

ထိုကပ်ဆိုးကြီး သူတို့၏ နယ်မြေများသို့ ရောက်မလာစေရန် ဆုတောင်းနေမိကြ၏။ တော်ဝင်မြို့တော်ရှိ အပျော်အပါးမက်သည့် လူရှုပ်ကြီးမှာ လာဘ်စားရာ၌ နာမည်ကြီးရုံသာမက စိတ်ကျေနပ်စေရန် လွန်စွာ ခက်ခဲလှသည်။

လက်ရွေးစင် စစ်သည် ထောင်ပေါင်းများစွာ၏ အစောင့်အရှောက်ဖြင့် မြို့စားကြီး ကျိထင်သည် ခမ်းနားထည်ဝါပြီး အလွန် သက်သောင့်သက်သာရှိလှသည့် မြင်းလှည်းကြီးအား စီးနင်းကာ တော်ဝင်မြို့တော်မှ ထွက်ခွာလာပြီး လမ်းမကြီးတစ်လျှောက် အရှေ့ဘက်သို့ ခရီးဆက်လိုက်၏။

ပုံမှန်နှုန်းဖြင့် ခရီးဆက်ခဲ့ရာ ခုနစ်ရက်တိတိ ကြာပြီးနောက် နုလန်ဘုရင့်နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ချူးယွင်ကောင်တီ၏ ကမ်းရိုးတန်းသို့ ရောက်ရှိလာကြသည်။

ဤနေရာမှစ၍ ရွက်လွှင့်ရန် ရွေးချယ်ခဲ့ကြခြင်းမှာ ချူးယွင်ကောင်တီက မြို့စားကြီး ကျိထင် ပိုင်ဆိုင်သည့် နယ်မြေအနည်းငယ်ထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။

ဒေသခံ ကောင်တီကာကွယ်ရေးမှူး တောက်ကျင်းမှာ ကျဆင်းနေသည့် အထက်တန်းလွှာ မိသားစုတစ်ခုမှ ဖြစ်၏။

သူ၏ ဂုဏ်သိက္ခာကို လုံးဝ စွန့်ပစ်လိုက်ကာ မြို့စားကြီး ကျိထင်အား အရှက်ကင်းမဲ့စွာဖြင့် ဖားယားခဲ့လေပြီး ချူးယွင်ကောင်တီ၏ ကာကွယ်ရေးမှူး ဖြစ်လာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့သူ ဖြစ်သည်။

သိသာလှစွာပင် သူ၏ နိုင်ငံရေးခရီးလမ်းမှာ ဤရာထူး၌ ရပ်တန့်သွားခဲ့လေပြီ။ ဤအဆင့်မှာ မြို့စားကြီး ကျိထင်တတ်နိုင်သည့် အမြင့်ဆုံး အစွမ်းအစပင်။

အပိုင်း ၂၁၃ + ၂၁၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters