အခန်း (၂၁၅+၂၁၆)
Vol. 22 Ch. 215+216
အပိုင်း ၂၁၅ + ၂၁၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ထို့အပြင် တောက်ကျင်း စီမံခန့်ခွဲနေသည့် ချူးယွင်ကောင်တီ၌ ဆားကန်နှစ်ခု ရှိ၏။ အကယ်၍ သူ့ဘဝတစ်သက်တာလုံး ချူးယွင်ကောင်တီ၏ ကာကွယ်ရေးမှူး ရာထူးအား ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဆိုပါက ထိုအရာက ဘိုးဘေးများထံမှ စစ်မှန်သော ကောင်းချီးတစ်ခု ဖြစ်လာပေလိမ့်မည်။
မြို့စားကြီး ကျိထင်၏ ဖိနပ်ကိုလျက်ကာ ဖားယားနေသည့်အတွက် အခြားအထက်တန်းလွှာများက သူ့အား အထင်သေးကြမည်ကို သူ ဂရုမစိုက်ချေ။ ချမ်းသာကြွယ်ဝမှု ၊ အာဏာတို့နှင့် နှိုင်းယှဉ်ပါက နာမည်ကောင်း ဆိုသည်မှာ အသုံးမဝင်လှပေ မဟုတ်လော။
ချူးယွင်ကောင်တီ ကာကွယ်ရေးမှူး တောက်ကျင်းတစ်ယောက် သူ၏ သခင်လာမည်ကို ကြားသောအခါ ထိတ်လန့်ကြောက်ရွံ့ကာ စိတ်လှုပ်ရှားနေသည်။ သူ အရာအားလုံးကို စီစဉ်ပြီးဖြစ်၏။
အကောင်းဆုံးသော အစားအစာများ ၊ အခမ်းနားဆုံးသော စံအိမ်တော်နှင့် အလှပဆုံး အမျိုးသမီးများကို ပြင်ဆင်ထားပြီး သူ့ကိုယ်ပိုင် ဇနီးမယားများကိုပင် ဆက်သရန် ပြင်ဆင်ထားသည်။
ထိုသို့တိုင် သူ၏ ပြင်ဆင်မှုများ လုံလောက်မှု မရှိမည်ကို စိုးရိမ်နေသဖြင့် ညစဉ်ညတိုင်း အိပ်မပျော်နိုင်အောင် ဖြစ်နေရ၏။
သို့သော်လည်း မြို့စားကြီး ကျိထင် ချူးယွင်ကောင်တီသို့ နောက်ဆုံး၌ ရောက်လာသောအခါ တစ်ရက်လေးမှပင် နေထိုင်သွားခြင်း မရှိချေ။
ထိုအစား ခမ်းနားလှသော သင်္ဘောကြီးပေါ်သို့ ချက်ချင်းတက်ကာ ကြီးမားသည့် သင်္ဘောအုပ်စုကြီးကို ဦးဆောင်လျက် ပင်လယ်ပြင်သို့ ထွက်ခွာသွားသည်။
ထိုအရာကို မြင်သောအခါ ကာကွယ်ရေးမှူး တောက်ကျင်းတစ်ယောက် ဒူးထောက်ကျသွားပြီး ကြောက်လန့်လွန်းသဖြင့် ဆီးပင်ထွက်ကျမတတ် ဖြစ်သွားရ၏။ အလွန်အမင်း ထိတ်လန့်လာကာ တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားရသည်။
သူ အထိတ်တလန့် ရေရွတ်လိုက်မိ၏။ “သခင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ငါ ဘာအမှားတွေ လုပ်မိလို့လဲ။ သွားပြီ။ သွားပြီ။ သွားပြီ။ ငါတော့ ပြီးသွားပြီ။”
သူသည် အခြားအထက်တန်းလွှာအားလုံး၏ မုန်းတီးခြင်းကို ခံနေရပြီး ဖြစ်၏။ သူ၏ တစ်ခုတည်းသော ကျောထောက်နောက်ခံမှာ မြို့စားကြီး ကျိထင်ပင်။
အကယ်၍ မြို့စားကြီးကသာ သူ့ကို စွန့်ပစ်လိုက်မည်ဆိုပါက သူ၏ မိသားစုမှာ လုံးဝကို ပျက်စီးသွားပေလိမ့်မည်။
ထိတ်လန့်နေသည့် တောက်ကျင်းမှာ အုပ်ချုပ်ရေးမှူး အိမ်တော်သို့ ပြန်လာကာ စောင်အောက်၌ ပုန်းအောင်းလျက် စိတ်ပျက်လက်ပျက်ဖြင့် ငိုကြွေးနေတော့၏။
တစ်ချိန်တည်းမှာပင် မြို့စားကြီး ကျိထင်၏ သင်္ဘောဒါဇင်ပေါင်းများစွာ ပါဝင်သည့် သင်္ဘောအုပ်စုကြီးမှာ ကျောက်စရစ်ကျွန်းဆီသို့ အရှိန်အပြည့်ဖြင့် ရွက်လွှင့်သွားကြသည်။
သင်္ဘောများပေါ်၌ စပါးများ ၊ ဟင်းသီးဟင်းရွက်များနှင့် ဆားနယ်ထားသည့် အသားများကို အပြည့်အမောက် တင်ဆောင်ထား၏။
မိုင်ရာချီ ကွာဝေးသည့် ခရီးကို နေ့တစ်ဝက် ၊ ညတစ်ဝက် ရွက်လွှင့်ပြီးနောက် နောက်ဆုံး၌ ကျောက်စရစ်ကျွန်းကို မြင်တွေ့လိုက်ရသည်။
သို့သော်... မည်သည်တို့ ဖြစ်နေသနည်း။ ကျောက်စရစ်ကျွန်း တိုက်ခိုက်ခံနေရသည်လော။
ကွေ့ရှင်းဖူက ကျွန်းကို တိုက်ခိုက်ရန် စစ်တပ်ကို ပေါ်ပေါ်တင်တင် စေလွှတ်ရဲသည်လော။
မိုင်ပေါင်းများစွာ အဝေးမှပင် ကျောက်စရစ်ကျွန်း၏ ဆိပ်ကမ်းတစ်ဝိုက်၌ သင်္ဘော ဒါဇင်ပေါင်းများစွာ စုရုံးနေသည်ကို ဆိုလွန် မြင်တွေ့နေရသည်။
အတိအကျ ပြောရလျှင် သင်္ဘော နှစ်ဆယ့်ငါးစင်းနှင့် စစ်သည် နှစ်ထောင်ခန့် ရှိ၏။ လင်ဟိုင်မြို့မှ ကွေ့မိသားစု၏ လက်ရွေးစင် ရေတပ်သားများမှာ အင်အားအပြည့်ဖြင့် ထွက်လာကြခြင်းပင်။
သင်္ဘောများပေါ်၌ လေးကိုင်စစ်သည်များနှင့် ဒူးလေးကိုင်စစ်သည် တစ်ထောင်ကျော်တို့မှာ လက်နက်များကို ဆွဲထုတ်ထားကြပြီး ကျွန်းဆီသို့ တည့်မတ်စွာ ချိန်ရွယ်ထားကြ၏။
တစ်ချိန်တည်းမှာပင် ကျောက်စရစ်ကျွန်းပေါ်ရှိ စစ်သည်များနှင့် ဆားချက်သမားများ အားလုံးသည်လည်း စုရုံးနေကြသည်။ သူတို့က ရရာလက်နက်များကို ကိုင်ဆောင်ထားကြပြီး ကမ်းခြေ၌ ရပ်ကာ ကွေ့ရှင်းဖူ၏ သင်္ဘောအုပ်စုကို ရင်ဆိုင်နေကြ၏။
ဆိုနင်ပင်းက ကွေ့မိသားစု၏ သင်္ဘောအုပ်စုကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ “ဒါက ဆိုမိသားစုရဲ့ မြင့်မြတ်တဲ့ နယ်မြေပဲ။ ငါတို့ ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ ကျောက်စရစ်ကျွန်းပေါ် ခြေချခွင့်မရှိဘူး။”
ကွေ့မိသားစု ရေတပ်သားများ၏ ခေါင်းဆောင်က လှောင်ပြောင်လိုက်သည်။ “ဟားဟားဟား။ ဆိုမိသားစုရဲ့ နယ်မြေ ဟုတ်လား။ ဒါက ငါတို့ လွှင့်ပစ်လိုက်တဲ့ အရိုးဆွေးပဲ။ ဒီမြေရိုင်းကြီးကို ရတနာလို သဘောထားနေတာတော့ မင်းတို့ ကံကောင်းတာပဲ။”
ခေါင်းဆောင်ဖြစ်သူမှာ ကွေ့ရှင်းဖူ၏ တတိယမြောက်သား ကွေ့ချင်းကျုံး ဖြစ်၏။ အဆင့်မြင့်စစ်သည်တစ်ဦး ဖြစ်ပြီး လင်ဟိုင်မြို့ ရေတပ်၏ တပ်မှူးလည်း ဖြစ်သည်။
ဆိုနင်ပင်းက အေးစက်စွာ ထပ်ပြောလိုက်သည်။ “အဲဒီလို ဆိုရင်တောင် မင်းတို့ ကွေ့မိသားစုက ဒီကျွန်းပေါ် တက်ခွင့်မရှိဘူး။ အခုချက်ချင်း ထွက်သွား။ မဟုတ်ရင်တော့...”
ကွေ့ချင်းကျုံးက ခပ်အေးအေးပင် ပြောလိုက်၏။ “မဟုတ်ရင် ဘာဖြစ်မလဲ။ မင်းတို့ဆီက လေလွင့်ခွေးနဲ့ကြောင် တစ်ထောင်လောက်က ငါ့စစ်တပ်ကို တားနိုင်မယ်လို့ တကယ်ထင်နေတာလား။ ပုန်ကန်သူ တစ်ယောက် လင်ဟိုင်မြို့စားအိမ်တော်ကနေ ထွက်ပြေးသွားတယ်။ သူ ကျောက်စရစ်ကျွန်းကို ပြေးသွားတာ လူအများကြီး မြင်လိုက်တယ်။ မင်းတို့ သူ့ကို ဖွက်မထားဘူးဆိုရင် ကျွန်းကို ရှာခိုင်းဖို့ ဘာလို့ ကြောက်နေတာလဲ။”
ဆိုနင်ပင်းတစ်ယောက် ဒေါသကြောင့် တုန်ရီသွားရသည်။ ကွေ့မိသားစုက တကယ်ကို အရှက်ကင်းမဲ့လွန်းလှ၏။ သူတို့က ကျွန်းကို ကျူးကျော်ပြီး သူမတို့ ဘာလုပ်နေသနည်းကို စုံစမ်းချင်နေသည်မှာ အသိသာကြီး ဖြစ်သော်လည်း ဤကဲ့သို့ ရယ်စရာကောင်းသော ဆင်ခြေကို ဖန်တီးလာကြသည်။
အချည်းနှီး စကားများ ထပ်မပြောချင်တော့သဖြင့် သူမက အမိန့်ပေးလိုက်သည်။ “အားလုံးပဲ ပြင်ထားကြ။ ကျွန်းပေါ် တစ်ယောက်ယောက် တက်လာတာနဲ့ ချက်ချင်း သတ်ပစ်။”
စစ်သည်များနှင့် ဆားချက်သမားများ အားလုံးက ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “ဟုတ်ကဲ့။”
လက်ရှိအချိန်၌ ဆားကျင်း သန်းပေါင်းများစွာကို ကျွန်း၏ ဂိုဒေါင်အတွင်း၌ ဝှက်ထားပြီး ဆားကန်များကို ကာကွယ်ထားသည်။
အကယ်၍ ဤခွေးသတောင်းစားများသာ ကျွန်းပေါ်သို့ တက်လာပါက လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူတို့ ကြိုးစားအားထုတ်ခဲ့သမျှများနှင့် ဆိုမိသားစု၏ အာဏာပြန်လည်ရရှိရေး မျှော်လင့်ချက်များအားလုံးတို့က မျက်စိတစ်မှိတ်အတွင်း၌ပင် ပျက်စီးသွားရပေလိမ့်မည်။
ထို့အပြင် ဤနေရာရှိ လူများသည် ဆားကန်များကို သူတို့ကိုယ်တိုင် တစ်ဧကပြီးတစ်ဧက တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ဆားကန်များထဲ၌ သူတို့၏ သွေး ၊ ချွေး ၊ မျက်ရည်များနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များ ကိန်းအောင်းနေကြ၏။ ဤဓားပြများကို ပေးလိုက်ရမည့်အစား သေရမည်ကိုသာ ရွေးချယ်ကြမည်သာ။
ထို့အတွက်ကြောင့် သူတို့၏ လူအင်အားမှာ အလွန်အမင်း ကွာဟနေသော်ငြား ကျွန်းပေါ်ရှိ လူတိုင်းမှာ သေသည်အထိ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြလေပြီ။
သစ်သားတုတ်များနှင့် ခက်ရင်းခွများကို ကိုင်ဆောင်ထားကြသည့် ဆားချက်သမား တစ်ထောင်အား ကြည့်ကာ ကွေ့ချင်းကျုံးက ရွံရှာဖွယ်ကောင်းစွာ ပြုံးလျက် အော်ဟစ်လိုက်၏။ “တိုက်ခိုက်ကြ။ သစ္စာဖောက်ကို ရှာတာ တားတဲ့သူ မှန်သမျှ သတ်ပစ်။”
ချက်ချင်းပင် လှေဒါဇင်ပေါင်းများစွာမှာ ဆိပ်ကမ်းဆီသို့ ပြေးဝင်လာကြသည်။ လေးကိုင်စစ်သည်များနှင့် ဒူးလေးကိုင်စစ်သည် တစ်ထောင်ကျော်တို့မှာလည်း သူတို့၏ သေမင်းတမန် မြားများကို အချိန်မရွေး ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ရပ်နေကြ၏။
**--**--**--**--**--**--**--**
မြို့စားကြီး ကျိထင်က မျက်ခုံးပင့်လိုက်သည်။ “မင်းနယ်မြေက ဓားပြတွေနဲ့ ရင်ဆိုင်နေရတယ်။ ငါတို့ ဘာလုပ်သင့်လဲ။”
ဆိုလွန်က အေးစက်စွာ ပြုံးလိုက်၏။ “မြို့စားကြီးရဲ့ စစ်သည်တွေကို ကျွန်တော် ငှားလို့ရမလား။”
မြို့စားကြီး ကျိထင်က ရယ်မောလိုက်သည်။ “သေချာတာပေါ့။ မင်းပြောတာသာ အမှန်ဆိုရင် အဲဒီကျွန်းပေါ်က ဆားကန် တစ်ဝက်က ငါပိုင်တာပဲ။ ငါ့အပိုင်ကို ဓားပြတွေ လာခိုးတာကို ငါက ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။”
ဆိုလွန်က မျက်နှာသေဖြင့် ပြော၏။ “ကွေ့ရှင်းဖူ လွှတ်လိုက်တဲ့သူတွေ တစ်ယောက်မကျန်ကို အကုန် သတ်ပစ်လိုက်မယ်ဆိုရင်ရော။”
မြို့စားကြီး ကျိထင်၏ ဝဖိုင်ဖိုင် ခန္ဓာကိုယ်ကြီး တုန်ရီသွားရသည်။ အားလုံးကို အမြစ်ပြတ် သုတ်သင်လိုက်ခြင်းက ပြဿနာများစွာကို ဖြစ်ပေါ်စေပေလိမ့်မည်။
ဆိုလွန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကွေ့ရှင်းဖူဆီမှာ ပင်လယ်ထဲ တိုက်ခိုက်နိုင်တဲ့ စစ်သည် ထောင်ဂဏန်းလောက်ပဲ ရှိတာ။ ဒီနေ့ ကျွန်တော်တို့ သူတို့ အကုန် သုတ်သင်လိုက်မယ်ဆိုရင် သူ ကျောက်စရစ်ကျွန်းကို နောက်ထပ် တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါက ပြဿနာကို တစ်ကြိမ်တည်းနဲ့ အပြီးအပြတ် ဖြေရှင်းနိုင်လိမ့်မယ်။”
မြို့စားကြီး ကျိထင်က တွေဝေသွားကာ တုန်ရီနေသော အသံဖြင့် မေးလိုက်၏။ “ဆိုလွန်...။ မင်းကျွန်းက အဲဒီလောက်များတဲ့ ဆားတွေကို တကယ် ထုတ်လုပ်နိုင်လို့လား။”
ဆိုလွန်က ယုံကြည်ချက် အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ “အမှန်လား အမှားလား ဆိုတာ အများဆုံး နောက်ထပ် လေးနာရီ ကြာရင် မြို့စားကြီး ကိုယ်တိုင် မြင်ရမှာပါ။”
မြို့စားကြီး ကျိထင်က မျက်လုံးများကို မှိတ်ကာ စဉ်းစားလိုက်၏။ သူ ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံး၌ သူ၏ မျက်လုံးများက အေးစက်ကာ ရက်စက်သည့် အသွင်သို့ ပြောင်းလဲသွားသည်။
“တပ်ဖွဲ့ဝင်တွေ အားလုံး ပြင်ထားကြ။ အရှိန်အပြည့်နဲ့ ရှေ့ဆက်သွားပြီး ရှေ့က ပင်လယ်ဓားပြတွေကို လုံးဝ အမြစ်ပြတ် သုတ်သင်လိုက်။”
သင်္ဘောကြီးပေါ်ရှိ စစ်ဘက်အရာရှိများက ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “အမိန့်အတိုင်းပါ။”
“သင်္ဘောတွေ အားလုံး အရှိန်တင်ကြ။ လေးကိုင်စစ်သည်တွေနဲ့ ဒူးလေးကိုင်စစ်သည်တွေ လက်နက်တွေ ပြင်ထားကြ။”
အမှောင်ထုအတွင်း၌ မြို့စားကြီး ကျိထင်၏ သင်္ဘောအုပ်စုကြီးမှာ အရှိန်တင်လာပြီး ကွေ့ချင်းကျုံး၏ သင်္ဘောအုပ်စုကို အနောက်ဘက်မှနေ၍ ညှပ်ပိတ်လိုက်၏။
**--**--**--**--**--**--**--**
စစ်ဘက်အရာရှိ တစ်ဦးက ကွေ့ချင်းကျုံးအား လှမ်းကြည့်လိုက်သည်။ “တတိယသခင်လေး။ ကျွန်တော်တို့ တကယ် သူတို့ကို သတ်ကြမှာလား။ ဘာဆက်လုပ်သင့်လဲ။”
ကွေ့ချင်းကျုံးက နှာခေါင်းရှုံ့လိုက်သည်။ “ဒီအပြင် ဘာလုပ်စရာ ရှိသေးလို့လဲ။ ကျွန်းပေါ်က လူအကုန် သတ်ပစ်လိုက်။ ဆိုလွန်နဲ့ ဆိုနင်ပင်းကိုပဲ အရှင်ထားခဲ့။”
စစ်ဘက်အရာရှိက တုံ့ဆိုင်းစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက ဆိုမိသားစုရဲ့ နယ်မြေ ဖြစ်နေတုန်းပဲလေ။ ဒီလိုလုပ်တာက ဘုရင့်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်နေတာပဲ။”
ကွေ့ချင်းကျုံးက ရယ်မောကာ လှောင်ပြောင်လိုက်သည်။ “အခုချိန် ဆိုလွန်က လေလွင့်ခွေး တစ်ကောင်ထက် ပိုမလာဘူး။ ဒီလောက် ခေါင်နေတဲ့ ကျွန်းပေါ်မှာ သူ ငတ်မသေသွားတာကိုက ကံကောင်းနေပြီ။ သူက တော်ဝင်မြို့တော်သွားပြီး တိုင်နိုင်ဦးမယ်လို့ မင်း တကယ်ထင်နေတာလား။”
ကွေ့ချင်းကျုံးက ကမ်းခြေရှိ လူအုပ်ကြီးထဲ၌ ရှာဖွေကြည့်လိုက်သော်လည်း ဆိုလွန်ကို မည်သည့်နေရာ၌မျှ မတွေ့ရချေ။
ဆိုလွန်ကဲ့သို့ အသုံးမကျသူမှာ ဤသို့ အရေးကြီးသည့် အချိန်မျိုး၌ပင် မျက်နှာပြဝံ့ခြင်း မရှိကြောင်းကို သူ စိတ်ထဲမှ တွေးလိုက်သည်။ ကံကောင်းစွာဖြင့် သူ၏ဖခင်က အမိန့်မပါဘဲ ကျောက်စရစ်ကျွန်းပေါ်သို့ ခြေမချရန် သတိပေးထားသည်။
ထို့ပြင် ဆိုလွန်၏ အကြံအစည်များနှင့် လှည့်ကွက်များကို သတိထားရန်လည်း ဖခင်ဖြစ်သူက သူ့အား မှာကြားထား၏။
သို့သော် ကွေ့ချင်းကျုံး အနေဖြင့် သူ၏ဖခင်မှာ တစ်ခါတစ်ရံ၌ အလွန်အားနည်းလွန်းသည်ဟု ခံစားရသည်။
ထိုတိရစ္ဆာန် ဆိုလွန်က ကွေ့မိသားစုကို အရှက်ခွဲခဲ့ရုံသာမက သူ၏ ညီမဖြစ်သူ၏ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးခဲ့သည်။ သူ၏ ဖခင်က ဤအရာကို အဘယ်ကြောင့် သည်းခံနိုင်ရသနည်း။
လွန်ခဲ့သည့် နှစ်ရက်ခန့်က သူ၏ ညီမဖြစ်သူ ကွေ့ချင်းရှောင်းသည် သူတို့၏ ဖခင် အဝေးသို့ ရောက်နေသည့် ရှားပါးသော အချိန်အခါကို အခွင့်ကောင်းယူ၍ စစ်တပ်အမိန့်ပေးတံဆိပ်ပြားကို ခိုးယူခဲ့၏။
ထို့နောက် မိခင်ဖြစ်သူ ထူလင်းစီ၏ အကူအညီဖြင့် ကွေ့ချင်းကျုံးက လင်ဟိုင်မြို့၏ ရေတပ်သား နှစ်ထောင်ကို ဦးဆောင်ကာ ကျောက်စရစ်ကျွန်းကို တိုက်ခိုက်လာနိုင်ခြင်း ဖြစ်သည်။
ထိုလူမိုက် ယန်ထင်ရီကမူ အလွန်အမင်း ကြောက်လန့်သွားကာ ငိုကြွေးတော့မတတ် ဖြစ်သွားခဲ့၏။ သူတို့ကို မတားဆီးနိုင်ခဲ့သော ယန်ထင်ရီက ကွေ့ရှင်းဖူကို လိုက်လံရှာဖွေကာ တိုင်ကြားရန်အတွက် လင်ဟိုင်မြို့မှ ချက်ချင်း မြင်းစီး၍ ထွက်သွားခဲ့သည်။
သို့သော် သူ၏ဖခင် ပြန်ရောက်လာမည့် အချိန်၌ ကွေ့ချင်းကျုံး တစ်ယောက် အလုပ်အားလုံးကို အဆုံးသတ်ပြီး ဖြစ်နေပေလိမ့်မည်။ သူသည် ကျောက်စရစ်ကျွန်းပေါ်၌ အမှန်တကယ် ဘာတွေဖြစ်နေသည်ကို သိရှိရုံသာမက ကျွန်းပေါ်ရှိ လူအကုန်လုံးကိုလည်း သုတ်သင်ပစ်နိုင်ဦးမည် ဖြစ်၏။
နောက်ဆုံး၌မူ ဤမိသားစုသည် သူ့ကိုသာ အားကိုးရမည်ဖြစ်ကြောင်း ကွေ့ချင်းကျုံးက ဂုဏ်ယူစွာဖြင့် တွေးလိုက်မိသည်။
အပိုင်း ၂၁၅ + ၂၁၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team