← Chapters

အခန်း (၂၁၇+၂၁၈)

Vol. 22 Ch. 217+218

အခန်း (၂၁၇+၂၁၈)

Vol. 22 Ch. 217+218

အပိုင်း ၂၁၇ + ၂၁၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လရောင်အောက်မှ ဆိုနင်ပင်းကို ကွေ့ချင်းကျုံး သေချာကြည့်လိုက်၏။ နတ်သမီးလေးအလား လှပသည်။

သူမ၏ နတ်သမီးလေးအလား ကိုယ်လုံးကိုယ်ပေါက် ၊ ချစ်စရာကောင်းသည့် မျက်နှာနှင့် ညင်သာပြီး ဆွဲဆောင်မှုရှိသည့် အမူအရာတို့က အမျိုးသားများ၏ အိပ်မက် ချစ်သူအလားပင်။

ကွေ့ချင်းကျုံးက အေးစက်စွာ ရေရွတ်လိုက်သည်။ "ဆိုလွန်... မင်းက ငါ့ညီမကိုတောင် စော်ကားရဲတယ်။ ဒီနေ့ ငါက မင်းရဲ့ အစ်မကို အပြန်အလှန်အနေနဲ့ ဖျက်ဆီးပစ်မယ်။"

ဆိုနင်ပင်းကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများမှာ လောဘနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

ထိုအခိုက် အမျိုးသမီးတစ်ယောက်၏ အသံက သူ၏ နားထဲသို့ ရောက်လာသည်။ "တတိယအစ်ကို... အဲဒီခွေးမသား ဆိုလွန် ဘယ်မှာလဲ။"

ချိုသာလှသည့် အသံဖြစ်သော်လည်း နက်ရှိုင်းသည့် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

စစ်သည်တစ်ဦးက ရှေ့သို့ထွက်လာပြီး သူ၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ အလွန်တရာ လှပလွန်းလှသည့် မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ ကွေ့ချင်းရှောင်းပင်။

ကွေ့ချင်းကျုံး လန့်ဖျပ်သွားရသည်။ "ဟ... ညီမလေး... မင်း ဘာလို့ ဒီရောက်နေတာလဲ။ အဖေသာ သိသွားရင် ငါ့ကို အရေခွံခွာလိမ့်မယ်။"

ကွေ့ချင်းရှောင်းက စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရင်း ကျောက်စရစ်ကျွန်းဆီသို့ စိုက်ကြည့်ကာ ပြောလိုက်သည်။ "ညီမက ဘာလို့လာလို့မရမှာလဲ။ စစ်တပ်အမိန့်ပေးတံဆိပ်ပြားကို ခိုးလာခဲ့တာက ညီမလေ။ ဒီနေ့ကို စောင့်နေတာ အရမ်းကို ကြာခဲ့ပြီ။"

"ဒီနေ့တော့ ဆိုလွန်ကို သေချင်စိတ်ပေါက်သွားအောင် သေချာပေါက် လုပ်ပစ်မယ်။ သူ ညီမကို ပေးခဲ့တဲ့ အရှက်ခွဲမှုတွေအတွက် အဆတစ်ရာ ပြန်ဆပ်ပေး​ခိုင်းမယ်။"

ထို့နောက် ကွေ့ချင်းရှောင်း၏ လှပကာ တောက်လောင်နေသည့် မျက်လုံးများက ကွေ့ချင်းကျုံးထံသို့ ရောက်သွား၏။ "တတိယအစ်ကို... ညီမကို တားဖို့ မကြိုးစားနဲ့။ ညီမဘာလုပ်လုပ် အစ်ကို ဝင်မပါနဲ့။"

ကွေ့ချင်းကျုံး ခေတ္တမျှ တုံ့ဆိုင်းသွားရသည်။ ထို့နောက် ကျွန်းပေါ်ရှိ ဆိုနင်ပင်းထံသို့ သူ၏ အကြည့်များ ပြန်ရောက်သွားပြီးနောက် တစ်ဖန် ပြန်လည် ယုတ်မာသည့် အသွင်သို့ ပြောင်းလဲသွားပြန်ကာ ပြောလိုက်၏။

"ကောင်းပြီ... ဆိုလွန်ကို ညီမလေးဆီ လွှဲပေးလိုက်မယ်။ ဒါပေမဲ့ အဖေက သူ့ကို သတ်လို့မရဘူးလို့ ပြောထားတယ်။"

ကွေ့ချင်းရှောင်းက လှောင်ရယ်လိုက်သည်။ "ဟမ့်...။ ဒီလောကမှာ သေတာထက် ပိုဆိုးတဲ့ အရာတွေ အများကြီး ရှိတယ်။"

သူမက ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်စွာ အမိန့်ပေးလိုက်၏။ "တိုက်ခိုက်ကြ... ကျွန်းပေါ်က လူအကုန်လုံးကို သတ်။"

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ဆိုလွန်က မြို့စားကြီး ကျိထင်၏ သင်္ဘောအုပ်စုကို ဦးဆောင်ပြီး သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ချီတတ်လာ၏။

အမှောင်ထဲ၌ ပုန်းကွယ်နေသည့် မိစ္ဆာကောင်ကြီး တစ်ကောင်ကဲ့သို့ သူ၏ သင်္ဘောအုပ်စုကြီးက ကွေ့ချင်းကျုံး၏ တပ်ဖွဲ့များကို ဝါးမျိုရန်အတွက် ဧရာမ ပါးစပ်ကြီးကို ဟထားလေပြီ။

ကွေ့ချင်းရှောင်း ရောက်နေသည့် အကြောင်းကိုမူ ဆိုလွန် မသိပေ။

ကွေ့ချင်းကျုံး ဦးဆောင်သည့် သင်္ဘောအုပ်စုကြီးပ ကျောက်စရစ်ကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

ဆိုမုက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ "ခံစစ်ပြင်ထားကြ။"

ချက်ချင်းပင် ဆိုမိသားစု၏ စစ်သည်တစ်ရာတို့က ရှေ့တန်းသို့ ထွက်လာကြပြီး သူတို့၏ ဧရာမဒိုင်းကာကြီးများကို မြှင့်တင်လိုက်ကြ၏။ သူတို့က အနောက်ဘက်ရှိ ဆားချက်သမား တစ်ထောင်ကျော်ကို ကာကွယ်ရန်အတွက် ကျစ်လျစ်စွာ ရပ်တည်နေကြသည်။

ကွေ့မိသားစု၏ သင်္ဘောအုပ်စုသည်လည်း ပို၍ နီးကပ်လာနေ၏။

ကွေ့ချင်းကျုံးက သူ၏ ဓားကို ဆွဲထုတ်ကာ ကျောက်စရစ်ကျွန်းဆီသို့ ချိန်ရွယ်လျက် အော်ဟစ်လိုက်သည်။ "အသင့်ပြင်ထားကြ။"

ချက်ချင်းဆိုသလိုပင် သင်္ဘောဒါဇင်ပေါင်းများစွာပေါ်ရှိ လေးကိုင်စစ်သည်များနှင့် ဒူးလေးကိုင်စစ်သည်များစွာတို့က ရှေ့သို့ ထွက်လာကြ၏။

လေးကြိုးများကို ဆွဲတင်လိုက်ကြပြီး ကျွန်းပေါ်ရှိ ဆိုမိသားစု စစ်သည်များနှင့် ဆားချက်သမားများထံသို့ ချိန်ရွယ်လိုက်ကြသည်။

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သည့် မြားတံများက သူတို့အပေါ်သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာပေလိမ့်မည်။

ဆိုမိသားစု၏ စစ်သည်များမှာ ကောင်းစွာ လေ့ကျင့်ထားသူများ ဖြစ်သော်လည်း လက်နက်မဲ့လုနီးပါး ဖြစ်နေသည့် ဆားချက်သမားများမှာမူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းမရှိချေ။ သူတို့ သေချာပေါက် အသေအပျောက် များပြားရပေလိမ့်မည်။

ကွေ့ချင်းရှောင်းက တိတ်ဆိတ်နေသော်လည်း သူမ၏ လှပသော မျက်လုံးများတို့ကမူ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။

ဆိုလွန်အား မတွေ့ရသေးသော်ငြား သူ၏ စစ်သည်များနှင့် ဆားချက်သမားများကို သတ်ဖြတ်ခြင်းက သူမ၏ ရင်ထဲရှိ နက်ရှိုင်းသော အမုန်းတရားများကို ပြေပျောက်စေရန် ကူညီပေးလိမ့်မည်။

သူတို့ ကျွန်းပေါ်သို့ ပြေးတက်သွားပြီး သူ၏လူများကို သုတ်သင်လိုက်သည်နှင့် ဤကျောက်ဆောင်များပေါများသည့် ကျွန်းဆွယ်ပေါ်၌ ပုန်းအောင်းစရာနေရာ ကျန်တော့မည် မဟုတ်ချေ။ သူတို့အနေဖြင့် ဆိုလွန်အား အလွယ်တကူ ဖမ်းဆီးနိုင်ပေလိမ့်မည်။

ဆိုလွန်တစ်ယောက် သေဖို့အတွက် တောင်းပန်နေရမည်ကို တွေးလိုက်ရုံမျှဖြင့် ကွေ့ချင်းရှောင်းတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီလာတော့၏။

သင်္ဘောဒါဇင်ပေါင်းများစွာတို့က အရှိန်အပြည့်ဖြင့် ရှေ့သို့ ပြေးဝင်လာကြသည်။ ဆိုနင်ပင်းနှင့် အခြားသူများဆီသို့ ပို၍ ပို၍ နီးကပ်လာနေကြ၏။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး စတင်တော့မည်ဖြစ်ကာ အသက်ဝိညာဉ်များကို ရိတ်သိမ်းရမည့် အချိန် ရောက်လာလေပြီ။

ကွေ့ချင်းကျုံးက သူ၏ ဓားကြီးကို အောက်သို့ လွှဲချကာ အော်ဟစ်လိုက်သည်။ "ပစ်...။"

ရွှီး... ရွှီး... ရွှီး...။

ကွေ့မိသားစု၏ ရေတပ်သားများက မြားများကို ပစ်ခတ်လိုက်ကြ၏။ ရုတ်တရက် ရွာသွန်းလာသည့် မိုးသက်မုန်တိုင်းတစ်ခုကဲ့သို့ပင် မြားတံများသည် ညကောင်းကင်ယံကို ဖြတ်သန်းကာ မီတာရာချီ အကွာအဝေးသို့ ပျံသန်းသွားကြသည်။

ဒုတ်... ဒုတ်... ဒုတ်...။

မရေမတွက်နိုင်သော မြားများက သဲသောင်ပြင်ပေါ်သို့ ထူထပ်စွာ စိုက်ဝင်သွားကြပြီး ဆိုမိသားစု၏ ခံစစ်မျဉ်းနှင့် မီတာအနည်းငယ်အကွာ၌ ကျရောက်သွား၏။

ဤပထမအကြိမ် ပစ်ခတ်မှုသည် သူတို့ကို ခြောက်လှန့်ရန်အတွက် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

ကွေ့မိသားစု၏ သင်္ဘောအုပ်စုက ရှေ့သို့ အလျင်အမြန် ဆက်လက် ရွက်လွှင့်လာ၏။ ကွေ့ချင်းကျုံးက သူ၏ ဓားကို တစ်ဖန် ပြန်မြှောက်ကာ အော်ဟစ်လိုက်သည်။ "ဒုတိယအကြိမ်... အသင့်ပြင်ထားကြ။"

ချက်ချင်းပင် လေးကိုင်စစ်သည် တစ်ထောင်ကျော်တို့က လေးကြိုးများကို ဆွဲတင်လိုက်ကြပြီး သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြ၏။

ဆိုနင်ပင်းမှာ​တော့ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်မိသည်။ ဤဒုတိယအကြိမ် မြားမိုးသည် သေချာပေါက် လူများကို သေဆုံးစေလိမ့်မည်။ လူဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာကျော်အထိပင် ဖြစ်နိုင်ချေ ရှိနေသည်။

ဤသူများသည် ဆိုမိသားစု၏ သစ္စာရှိသော လက်အောက်ငယ်သားများ ဖြစ်ကြ၏။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အရေးကြီးပြီး မိသားစု ပြန်လည်ထမြောက်ရေးအတွက် မျှော်လင့်ချက်များ ဖြစ်ကြသည်။

ဆိုလွန် ဤနေရာ၌ မရှိသောကြောင့် သူတို့ကို ကာကွယ်ရန်မှာ သူမ၏ တာဝန် ဖြစ်သည်။ အကယ်၍ ဤဆားချက်သမားများနှင့် စစ်သည်များသာ ယနေ့ အသတ်ခံရမည်ဆိုပါက မောင်ဖြစ်သူကို မည်သို့ မျက်နှာပြရမည်ကို သူမ မသိတော့ချေ။

ရန်သူများ၏ လေးကြိုးများ တင်းမာစွာ ဆွဲတင်လိုက်သည့် အသံကို ကြားလိုက်ရသောအခါ ဆိုနင်ပင်းက သူမ၏ ရင်ထဲမှနေ၍ အော်ဟစ်လိုက်သည်။ "ကောင်းကင်ဘုံ... ဘာလို့ ဆိုမိသားစုကို ဒီလိုမျိုး ဆက်ဆံရတာလဲ။ ဘာလို့ ကျွန်မတို့ရဲ့ မျှော်လင့်ချက် အားလုံးကို ဖြတ်တောက်ရတာလဲ။"

သူမ မြားမိုးများ ရွာကျလာမည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ဆိုင်းနေလိုက်၏။

ဆားချက်သမား အားလုံးတို့က သူတို့၏ ရိုးရှင်းသော လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကြသည်။

တစ်ယောက်မှ နောက်ဆုတ်သွားခြင်း မရှိသော်ငြား သူတို့၏ ရင်ထဲ၌မူ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေ၏။ သူတို့က သေမင်း၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြသည်။

ကွေ့ချင်းကျုံးက ရယ်မောကာ ပြောလိုက်သည်။ "ဟားဟား။ ဆိုမိသားစုက အမှိုက်တွေ... မင်းတို့ သေရမယ့်အချိန် ရောက်လာပြီ။"

ရွှီး... ရွှီး... ရွှီး...။

မရေမတွက်နိုင်သော မြားတံများက ညကောင်းကင်ယံကို ထိုးဖောက်သွားကြပြီး အသံများစွာ ထွက်ပေါ်လာ၏။

သို့သော်... ကွေ့ချင်းကျုံးက ပစ်ခတ်ရန် အမိန့်မပေးရသေးချေ။

ထို့အပြင် ဤမြားများ​က မီးတောက်များကိုပင် သယ်ဆောင်လာကြသေးသည်။ မြားများစွာက သူတို့၏ အနောက်ဘက် ပင်လယ်ပြင်မှ ပစ်ခတ်လာခြင်းဖြစ်ပြီး မီးတောက်နေသည့် ဥက္ကာခဲပျံများ အုပ်စုလိုက် ကျဆင်းလာသည်နှင့် တူနေသေး၏။

"တတိယသခင်လေး... ရန်သူ့တိုက်ခိုက်မှု။ ရန်သူ့တိုက်ခိုက်မှုဗျ။"

ရွှဲ... ရွှဲ... ရွှဲ...။ မရေမတွက်နိုင်သော မီးမြားများက မုန်တိုင်းတစ်ခုကဲ့သို့ ရွာကျလာပြီး ပင်လယ်ရေပြင်ထဲသို့ ပြင်းထန်စွာ ကျဆင်းသွားကြသည်။

ကွေ့ချင်းကျုံး အနောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။ သူတို့၏ အနောက်ဘက်ရှိ သမုဒ္ဒရာမှာ မှောင်မိုက်နေပြီး သူ ဘာကိုမှ မမြင်ရချေ။

ဉာဏ်နီဉာဏ်နက်များလှသည့် ဆိုလွန်မှာ ကွေ့မိသားစု၏ ရေတပ်သားများ မသိရှိစေရန် သူ၏ သင်္ဘောအုပ်စုကို မီးများအားလုံး ငြိမ်းသတ်ထားရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။

အမှောင်ထဲ၌ ရွက်လွှင့်ခြင်းက အလွန်တရာ အန္တရာယ်များလှသော်လည်း ဤပင်လယ်ပြင် ဧရိယာမှာ လုံခြုံပြီး ရေအောက်ကျောက်ဆောင်များ မရှိနေချေ။

ကျိထင်၏ သင်္ဘောအုပ်စုမှ မီးမြားများ တစ်ဖန် ထပ်မံ လင်းလက်လာပြီး နောက်ထပ် ကြယ်ကြွေမိုးရွာသွန်းသည့်အလား ပစ်ခတ်လာကြပြန်၏။

မီးတောက်များ၏ အလင်းရောင်ကို အသုံးပြု၍ ကွေ့ချင်းကျုံးတစ်ယောက် နောက်ဆုံး၌ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူတို့၏ အနောက်ဘက် ကီလိုမီတာဝက်ခန့်အကွာတွင် ဧရာမ စစ်သင်္ဘောကြီး အနည်းငယ် ရှိနေ၏။

ကွေ့ချင်းကျုံးတစ်ယောက် ထိတ်လန့်သွားပြီး ရေရွတ်လိုက်သည်။ "သောက်ကျိုးနည်း။ ဒီစစ်တပ်က ဘယ်ကရောက်လာတာလဲဝ။"

ထို့နောက် သူ ကျိထင်၏ သင်္ဘောအုပ်စုဆီသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ငါက လင်ဟိုင်မြို့စားရဲ့ တတိယမြောက်သားပဲ။ ဒါက ကွေ့မိသားစုရဲ့ နယ်မြေကွ။ ကျူးကျော်လာတဲ့ ဘယ်စစ်တပ်မဆို အခုချက်ချင်း ဆုတ်ခွာသွားရမယ်။ မဟုတ်ရင် စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ကွပ်မျက်ခံရမယ်။"

ရွှီး... ရွှီး... ရွှီး...။

သို့သော်... သူ ရရှိလိုက်သည့် အဖြေမှာ ဒုတိယအကြိမ် မီးမြားမိုးပင်။ မြားများမှာ ယခင်ကဲ့သို့ပင် ပင်လယ်ထဲသို့ ကျဆင်းသွားသော်လည်း ကွေ့မိသားစု၏ ရေတပ်သားများကို ထိတ်လန့်ကြောက်ရွံ့သွားစေ၏။

ရုတ်တရက် ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ပိတ်မိသွားရာ လက်ရှိအချိန်၌ သူတို့ အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ အလွန်တရာကိုမှ နည်းပါးသွားလေပြီ။

ကွေ့ချင်းရှောင်းကမူ သူတို့၏ အနောက်ဘက်ရှိ ဧရာမ သင်္ဘောအုပ်စုကြီးကို ခေါင်းမာစွာဖြင့် စိုက်ကြည့်နေမိ၏။

ထိုအရာက အမြင်မှားခြင်းတစ်ခုသာ ဖြစ်နိုင်သကဲ့သို့ သူမ အမှန်တကယ်ပင် မြင်တွေ့လိုက်ရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင်္ဘောဦးပိုင်း၌ ရပ်နေသည့် လူတစ်ယောက်၏ ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။

ထိုသူမှာ ဆိုလွန်နှင့် တူလှ၏။

ကွေ့ချင်းရှောင်းက သူမ၏ နဂါးစွမ်းအားကို အသုံးပြု၍ ရေပြင်အထက်၌ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဆိုလွန်... ခွေးမသား။။"

ကွေ့ချင်းရှောင်း၏ အသံကို ကြားလိုက်ရသောအခါ ဆိုလွန်မှာလည်း အံ့အားသင့်သွားရ၏။ ရန်သူများက ကွေ့မိသားစု၏ သင်္ဘောအုပ်စုမှန်း သူ သိထားသော်လည်း ဖာသည်မလေး ကွေ့ချင်းရှောင်းပါ ဤနေရာ၌ ရှိနေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။

အပိုင်း ၂၁၇ + ၂၁၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters