အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) ပြသခြင်း
"ငါ ထင်ခဲ့တာက..."
လီဂျွန်၏ စကားမဆုံးမီမှာပင် သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားတော့၏။
သူတို့ကို အာဏာပိုင်တွေက ဝေဖန်လိုက်တယ်ပေါ့။
ဤကိစ္စကို အာဏာပိုင်တွေက တိုက်ရိုက် ဝေဖန်လိုက်ခြင်း ဖြစ်ပေသည်။
ကျွမ်းကျင်သော စီးပွားရေးသမားတစ်ဦးအနေဖြင့် အာဏာပိုင်များ၏ လူသိရှင်ကြား ဝေဖန်ခြင်းကို ခံရပါက မည်သို့ဖြစ်လာမည်ကို လီဂျွန် သဘာဝကျကျပင် သိရှိနေခဲ့၏။
ဤကဲ့သို့ လျင်မြန်သော အမြန်နှုန်းမှာ သံသယဝင်စရာမလိုဘဲ သူတို့ကို အချိန်ကြာမြင့်စွာကတည်းက စောင့်ကြည့်ခံနေရကြောင်း ဆိုလိုနေပေသည်။
ချက်ချင်းဆိုသလိုပင် လီဂျွန်သည် ပူပြင်းသော သက်ပြင်းများကို ဆက်တိုက် ချလိုက်ပြီး ယခုလေးတင် မတ်တတ်ရပ်ထားသော သူ၏ခန္ဓာကိုယ်မှာ ကုလားထိုင်ပေါ်သို့ ပြန်လည် ပြိုကျသွားလေတော့၏။
သုံးစက္ကန့်အကြာတွင် သူသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ အတွင်းရေးမှူးအား ပြောလိုက်သည်။
"မင်းလုပ်နေတာတွေကို ရပ်လိုက်ပြီး အနုတ်လက္ခဏာဆောင်တဲ့ သတင်းတွေကို လျှော့ချဖို့အတွက် ပြည်သူ့ဆက်ဆံရေးဌာနကို အခုချက်ချင်း အကြောင်းကြားလိုက်..."
"ဒါ့အပြင် ဒီကိစ္စကို ရှင်းပြဖို့ သတင်းစာရှင်းလင်းပွဲတစ်ခု ငါ လုပ်မယ်... အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုကို ရှာဖွေဖို့ သူတို့ကို အကြောင်းကြားလိုက်..."
"ပြီးတော့ ဒီကိစ္စကို အဓိက ရှယ်ယာရှင်အားလုံးကိုပါ အသိပေးလိုက်..."
"နောက်ဆုံးအနေနဲ့ အများပြည်သူရှေ့မှာ ခွဲခြားဆက်ဆံတဲ့ စကားတွေ ပြောခဲ့တဲ့ အဲဒီနှစ်ယောက်က ငါတို့ ကုမ္ပဏီရဲ့ အချိန်ပြည့်ဝန်ထမ်းတွေ မဟုတ်ဘဲ အလုပ်သင်တွေသာ ဖြစ်တယ်လို့ အခုချက်ချင်း သတင်းဖြန့်လိုက်... အခုချက်ချင်း သွားလုပ်စမ်း... ပြီးတော့ အဲဒီလူနှစ်ယောက်ကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးဖို့ သေချာလုပ်..."
လီဂျွန်သည် ဤအရာများအားလုံးကို တစ်ဟုန်ထိုး အော်ဟစ်ပြောဆိုလိုက်ပြီး သူ၏ မျက်လုံးများမှာ ဒေါသများဖြင့် တောက်လောင်နေခဲ့လေ၏။
ဤသည်မှာ မည်သည့်အရာကိုမျှ မလုပ်နိုင်ဘဲ ပြဿနာကိုသာ ရှာဖွေတတ်သည့် အသုံးမကျသော လူစုပင် ဖြစ်သည်။ ယခုအချိန်၌ ကောထိုက်လေကြောင်းလိုင်းကို အခြားသော ပြိုင်ဘက်ကုမ္ပဏီများစွာက စောင့်ကြည့်နေကြပေ၏။
ဤကိစ္စမှာ ဤမျှလွယ်ကူစွာ ပြီးဆုံးသွားဖွယ် မရှိချေ။ ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင်သာ ကြိုးစားရမည် ဖြစ်ပေသည်။
လေဆိပ်ကြိုပို့ကားပေါ်တွင် လေယာဉ်မယ်အချို့သည် ကားပေါ်မှဆင်းလာပြီး ဟိုတယ်ဆီသို့ လျှောက်သွားနေကြသည်။
"ဟားဟားဟား... အရမ်းရယ်ရတာပဲ... ငါက တော်တော် သတ္တိကြောင်တာပဲ... အဲဒီလူကြောင့် ငါ တကယ် လန့်သွားခဲ့တာ..."
"ဟုတ်တယ်... သူတို့က Ar နည်းပညာကုမ္ပဏီရဲ့ ဘော့စ်အဖြစ် ဟန်ဆောင်ခဲ့ကြသေးတယ်... ငါ စိတ်လှုပ်ရှားနေချိန်မှာ သူတို့ကို တကယ် ယုံကြည်ခဲ့မိတာ ရယ်စရာကောင်းလိုက်တာ..."
"Ar နည်းပညာကုမ္ပဏီက အခု နာမည်ကြီးနေတဲ့ ကုမ္ပဏီလေ... သူတို့ရဲ့ ဘော့စ်က ဘယ်လိုလုပ် ရိုးရိုးတန်းကနေ စီးရမှာလဲ..."
လေယာဉ်မယ်နှင့် ကြီးကြပ်ရေးမှူးတို့သည် ဘာမှမဖြစ်ခဲ့သဖြင့် စိတ်သက်သာရာ ရသွားခဲ့ကြ၏။
ခုနလေးတင် သူတို့ အမှန်တကယ် လန့်သွားခဲ့သည်မှာ ရယ်စရာပင်။
ထို့အပြင် သူတို့က အခြားလေယာဉ်မယ်တစ်ဦးအား မေးမြန်းကြည့်ခဲ့ရာ ကုမ္ပဏီထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ကြောင်း သိရပေသည်။
"နင့်ဖုန်းကို ကြည့်လိုက်ဦး... ငါတို့ရဲ့ ဗီဒီယို အင်တာနက်ပေါ် ရောက်သွားပြီ..."
ဗီဒီယိုကို မြင်တွေ့လိုက်ရချိန်တွင် လေယာဉ်မယ်မှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။
ဗီဒီယိုထဲရှိ လူနှစ်ဦးစလုံး၏ မျက်နှာများကို မှုန်ဝါးထားသော်လည်း သူတို့၏ မောက်မာပြီး ရိုင်းစိုင်းသော လေသံများမှာမူ ပြောင်းလဲမသွားခဲ့ချေ။
ကွန်မင့်ကဏ္ဍတွင် သူတို့ကို လှောင်ပြောင်ထားသော မှတ်ချက်များဖြင့် ပြည့်နှက်နေပြီး အချို့က ဆဲရေးတိုင်းထွာသည့် မက်ဆေ့ခ်ျများကိုပင် ပေးပို့ထားကြပေသည်။
"ဒါ တကယ်ကိုပဲ... ဒါက ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို ချိုးဖောက်တာ မဟုတ်ဘူးလား... ဒီဗီဒီယိုကို ငါ report ထုပစ်မယ်..."
ကြီးကြပ်ရေးမှူးက ဒေါသတကြီး ပြောလိုက်၏။
ထိုသတင်းဆောင်းပါး၏ ပင်မစာမျက်နှာကို သူမ နှိပ်ဝင်ကြည့်လိုက်ချိန်တွင် အကောင့်နာမည်မှာ အလွန်ရင်းနှီးနေကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ဒါက ဟို မားကက်တင်း အကောင့်တွေထဲက တစ်ခုမဟုတ်ဘူး... ဒီအကောင့်က..."
ချက်ချင်းဆိုသလိုပင် ကြီးကြပ်ရေးမှူးမှာ တင်းမာသွားတော့၏။ ဤမျှ လျင်မြန်စွာဖြင့် တရားဝင်အကောင့်တွင် တင်ခံလိုက်ရလေပြီ။ ဤလူက မည်မျှတောင် ဩဇာတိက္ကမ ကြီးမားနေသနည်း။ သူက အမှန်တကယ်ပင် Ar နည်းပညာကုမ္ပဏီရဲ့ ဘော့စ်လား။
"ဒုက္ခပါပဲ... ဒီဗီဒီယိုကို report ထုလို့ မရဘူးဟ..."
လေယာဉ်မယ်က ရုတ်တရက် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။
ဗီဒီယိုကို report ထုရန် ထိုနှစ်ဦး ရပ်တန့်လိုက်စဉ်မှာပင် နောက်ဘက်မှ အမျိုးသမီးတစ်ဦး အလောတကြီး ပြေးလာခဲ့သည်။
"ကြီးကြပ်ရေးမှူး... ပြဿနာကြီး တက်ပြီ... ငါ အင်တာနက်ပေါ် တက်ကြည့်လိုက်တာ ဒီအကောင့်ရဲ့ ဗီဒီယိုကို report ထုလို့ မရဘူး... ကုမ္ပဏီကို ချက်ချင်း ဆက်သွယ်ပြီး ဖြေရှင်းခိုင်းလိုက်တော့..."
လေယာဉ်မယ်က စိုးရိမ်တကြီး ပြောလိုက်၏။ အကယ်၍ ဤဗီဒီယိုကိုသာ ဆက်လက်ကြီးထွားခွင့် ပြုလိုက်ပါက လူတွေကို သူတို့ မည်သို့ မျက်နှာပြရဲတော့မည်နည်း။
"Report ဟုတ်လား... နင် ဘာတွေ တွေးနေတာလဲ... နင်တို့ လုပ်ခဲ့တာတွေကို ရုံးချုပ်က သိနေပြီ... လေယာဉ်ခန်းထဲ လူတွေရှေ့မှာ အဲဒီလိုစကားတွေ ပြောခဲ့တာကို တစ်ယောက်ယောက်က ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်ပြီ.."
"အခု ငါတို့ ကုမ္ပဏီကို မျက်လုံးပေါင်း ဘယ်လောက်များများက စောင့်ကြည့်နေကြလဲဆိုတာကို နင် သိလား... ဒီလို အရေးကြီးတဲ့ အချိန်မှာ နင်တို့က ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ..."
"ပိုပြီး အရေးကြီးတာက နင်တို့က Ar နည်းပညာကုမ္ပဏီရဲ့ ဘော့စ်ကြီးကို စော်ကားလိုက်တာပဲ... Ar နည်းပညာကုမ္ပဏီက အခု နိုင်ငံတွင်းမှာ အရေးအပါဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာပြီ... နင်တို့က သူတို့ရဲ့ ဘော့စ်ကို စော်ကားရဲတယ်ပေါ့လေ..."
"ဒီကိစ္စက ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာရတဲ့ အကြောင်းရင်းက အာဏာပိုင်တွေအနေနဲ့ Ar နည်းပညာကုမ္ပဏီအပေါ် သူတို့ရဲ့ အလေးထားမှုကို ပြသချင်လို့ပဲ..."
ပြေးလာသော အမျိုးသမီးက ဒေါသတကြီး ပြောဆိုလိုက်လေသည်။
"နင်တို့တော့..."
ကြီးကြပ်ရေးမှူးမှာ လုံးဝ စိတ်ပျက်သွားတော့၏။ အဖြစ်အပျက်ကို သိရှိပြီးနောက် စုယွမ်အား သူမ ချက်ချင်း တောင်းပန်ခဲ့သော်လည်း စုယွမ်က နားမထောင်ခဲ့ချေ။ ထိုအချိန်၌ ကိစ္စရပ်များ ဤနေရာတွင် ပြီးဆုံးသွားမည် မဟုတ်ကြောင်းကို သူမ သိရှိခဲ့လေပြီ။
"အို... အဲဒီလောက်တောင် ဆိုးရွားနေတာလား..."
"သူက ရိုးရိုးတန်းကနေ စီးလာတာ ရှင်းနေတာပဲလေ... ဒီလောက် အရေးပါတဲ့ ပုဂ္ဂိုလ်က ဘာလို့များ ရိုးရိုးတန်းကနေ စီးရမှာလဲ... ဒါက ငါတို့ကို တမင်သက်သက် အကွက်ဆင်တာ မဟုတ်ဘူးလား..."
"ပြီးတော့ ငါတို့ရဲ့ ဒီလအတွက် လစာကရော..."
ယခင်က အလွန်မောက်မာခဲ့သော လေယာဉ်မယ်မှာ ယခုအခါ ရှင်းလင်းစွာပင် ထိတ်လန့်နေခဲ့ပေ၏။
"လစာ ဟုတ်လား... ဟမ်.."
ကြီးကြပ်ရေးမှူးမှာ ဤနှစ်ဦး၏ မိုက်မဲမှုကြောင့် လုံးဝ ဒေါသထွက်သွားရလေသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် သူတို့က လစာအကြောင်းကို တွေးတောနေကြသေးသည်ပေါ့လေ။
"နင်တို့ရဲ့ လုပ်ရပ်တွေကြောင့် ငါတို့ ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက သန်းသောင်းချီ အငွေ့ပျံသွားတော့မှာ... အဲဒါကို နင်တို့က လစာ လိုချင်သေးတာလား..."
"ရယ်စရာကောင်းလိုက်တာ..."
ကြီးကြပ်ရေးမှူး စကားပြောအပြီးမှာပင် တောင့်တင်းခိုင်မာသော အမျိုးသားအချို့ အလျင်အမြန် ထွက်လာပြီး ထိုနှစ်ဦး၏ လက်မောင်းများကို ဖမ်းဆွဲလိုက်ကြ၏။
"ကြီးကြပ်ရေးမှူး... ဘာတွေ လုပ်နေတာလဲ..."
လေယာဉ်မယ်က ထိတ်လန့်တကြား မေးလိုက်သည်။
"တောင်းပန်ပါတယ်... ကုမ္ပဏီက နင်တို့ကို အလုပ်ထုတ်ပစ်လိုက်ပြီ..."
"ပြီးတော့... နောက်ထပ် သင်တန်းတွေ တက်ဖို့ နင်တို့ကို အနီးနားက union တစ်ခုဆီ ပို့ဆောင်ရလိမ့်မယ်..."
ကြီးကြပ်ရေးမှူးမှာ အလွန်အမင်း စိတ်ပျက်နေခဲ့၏။
မိုက်မဲသော အရာများကို မလုပ်လျှင် ဒုက္ခမရောက်နိုင် ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်ပေသည်။
ဤနှစ်ဦးမှာ အလွန်အမင်း ဗြောင်ကျလွန်းလှရာ မည်သူကမျှ ကူညီပေးနိုင်မည် မဟုတ်ချေ။
သူတို့၏ မျက်နှာများ ချက်ချင်း ဖြူရော်သွားပြီး တောင့်တင်းခိုင်မာသော အမျိုးသားများ၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေ၏။ အကျိုးဆက်များက အဘယ်ကြောင့် ဤမျှ ဆိုးရွားသွားရသည်ကို သူတို့ လုံးဝ နားမလည်နိုင်ခဲ့ကြချေ။
သူတို့က နောက်ပြောင်နေခဲ့ရုံမျှသာ ဖြစ်ပြီး အမှန်တရား အချို့ကို ပြောဆိုနေခဲ့ခြင်းသာ ဖြစ်ပေသည်။
အနက်ရောင် ကားတစ်စီးထဲသို့ ဝင်ရောက်သွားပြီးနောက် သူတို့၏ အော်ဟစ်သံများကို ထပ်မံ၍ မကြားရတော့ချေ။
ဆိုသဘီလေလံရုံ အဆောက်အအုံ။
စုယွမ်၊ အဘိုးဝမ်နှင့် ကျိုးရို့တို့မှာ အခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး စီးပွားရေးကိစ္စ ဆွေးနွေးရန် ရောက်ရှိလာသော ပိုင်ချန်မှာမူ သဘာဝကျကျပင် သူတို့နှင့် ပူးပေါင်းခြင်း မရှိခဲ့ချေ။
အခန်းထဲတွင် အဘိုးဝမ်နှင့် အသက်အရွယ်တူခန့်ရှိသော သက်ကြီးရွယ်အို သုံးဦး ရှိနေနှင့်ပြီး ဖြစ်ပေသည်။
ထိုသုံးဦးမှာ ဆိုသဘီလေလံရုံမှ ရှေးဟောင်းပစ္စည်း အကဲဖြတ်သူများပင် ဖြစ်၏။
"ဒါက မင်းတို့ကို ငါပြောခဲ့တဲ့ မိတ်ဆွေလေး စုယွမ်ပဲ... ဒီစုဆောင်းမှုကို ယူလာခဲ့တာ သူပါပဲ..."
အဘိုးဝမ်က မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါ မိတ်ဆွေလေး စုယွမ်..."
အကဲဖြတ်သူ သုံးဦးက စုယွမ်အား ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"အဘိုးဝမ်... မင်းကတော့ ငါတို့ကို စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ... ဒီတစ်ခေါက် အစားထိုးမယ့် ရှေးဟောင်းပစ္စည်းက ဘယ်လိုအမျိုးအစားလဲ..."
"လေလံဖွင့်ပွဲမှာ ဒါကို ပထမဆုံးအဖြစ် ထားဖို့ ငါတို့ စီစဉ်ထားတယ်..."
အဘိုးအိုတစ်ဦးက ပြောလိုက်၏။
ဤစကားကို ကြားချိန်တွင် အဘိုးဝမ် အနည်းငယ် ပြုံးလိုက်သည်။ လေလံပွဲ၏ အဖွင့်ပစ္စည်းများမှာ ရိုးရှင်းသော အရာများသာ ဖြစ်ကြ၏။ ဤလူများက စုယွမ်သည် ငယ်ရွယ်ပြီး ကောင်းမွန်သောအရာများကို မပေးစွမ်းနိုင်ဟု ထင်မြင်နေပုံရကာ ပုဂ္ဂိုလ်ရေး အဆက်အသွယ်များကြောင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု ယူဆထားသောကြောင့် ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဒါဆိုရင်လည်း ကြည့်လိုက်ကြတာပေါ့... မိတ်ဆွေလေး စုယွမ်... ငါတို့ကို ပြပါဦး..."
အဘိုးဝမ် စကားပြောအပြီးတွင် စုယွမ်က ခေါင်းညိတ်ပြလိုက်ပြီး လိပ်ထားသော ပန်းချီကားကို ထုတ်ယူကာ ဖြည်းညင်းစွာ ဖြန့်ချလိုက်လေ၏။