← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း (၁၁၄) ဒါက မင်း ထိုင်ဖို့ နေရာမဟုတ်ဘူး

"မင်း ဆိုလိုတာက ဒီပန်းချီကားအတွက် ဘာငွေမှ မကုန်ခဲ့ဘူးဆိုတဲ့ သဘောလား..."

အဘိုးဝမ်မှာ ယုံကြည်ရန်ပင် ခက်ခဲနေခဲ့လေ၏။

ယခင်က ပန်းချီကားအတွက် ငွေဘယ်လောက်ပေးခဲ့ရသနည်းဟု စုယွမ်အား သူ မမေးမြန်းခဲ့ဖူးချေ။ ဈေးပေါပေါဖြင့် ရခဲ့သည်ဆိုလျှင်တောင် အနည်းဆုံး ယွမ် ဆယ်သန်း သို့မဟုတ် သန်းနှစ်ဆယ်ခန့် ကုန်ကျမည်ဟု သူ ထင်မှတ်ထားခဲ့၏။

ငွေတစ်ပြားတစ်စိမျှ မသုံးစွဲဘဲ ထန်ပေါ်ဟူ၏ စစ်မှန်သော လက်ရာတစ်ခုကို ရယူနိုင်ခြင်းမှာ မြေကြီးပေါ်၌ ငွေရှာတွေ့ခြင်းနှင့်ပင် တူညီနေပေသည်။

ယွမ်သန်းရာချီ တန်ကြေးရှိသော အရာတစ်ခုကိုပေါ့လေ။ ဤကံကောင်းမှုမှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလှပေ။

"ဟုတ်တယ်လေ အဘိုးဝမ်... ခင်ဗျား မသိဘူးလား... ခင်ဗျားကို ကျွန်တော် ပြောပြပြီးပြီလို့ ထင်နေတာ..."

ကံကောင်းထောက်မစွာဖြင့် စုယွမ်သည် အလျင်အမြန် ရှောင်တိမ်းနိုင်ခဲ့သဖြင့်သာ ယခုလေးတင် ပန်းထုတ်လိုက်သော ရေများသည် သူ၏အပေါ်သို့ ကျရောက်မလာခဲ့ခြင်း ဖြစ်ပေ၏။

"ဟားဟားဟား... အဘိုးဝမ်... မင်း ခုနက တော်တော် ဂုဏ်ယူဝင့်ကြွားနေတာ မဟုတ်ဘူးလား... ဒီအရာက မင်းဟာလို့တောင် ငါ ထင်နေခဲ့တာ... အခု ဘာငွေမှ မကုန်ခဲ့ဘူးလို့ ကြားတော့မှ ဘာလို့ ဒီလောက်တောင် အံ့ဩနေရတာလဲ..."

"ဟားဟားဟားဟား..."

အဘိုးအိုသုံးဦးမှာ အားရပါးရ ရယ်မောလိုက်ကြလေသည်။

ရိုးရိုးသားသား ပြောရလျှင် ခုနလေးတင် သူတို့ကို ရိုးအပြီး အတွေ့အကြုံနုနယ်သည်ဟု ပြောဆိုခဲ့သော အဘိုးဝမ်သည် ယခုအခါ၌ အလွန်အမင်း ထိတ်လန့်သွားကာ သူ၏ လက်ဖက်ရည်များကိုပင် ပန်းထုတ်လိုက်ရချေပြီ။

"ဟားဟား.."

အဘိုးဝမ်မှာ အမှန်တကယ်ပင် ရှက်ရွံ့သွားသဖြင့် အနေရခက်မှုကို ပြေလျော့စေရန် လက်ဖက်ရည်တစ်ငုံကို အလျင်အမြန် သောက်လိုက်၏။

"မိတ်ဆွေလေး စုယွမ်... ငါတို့ရဲ့ အကဲဖြတ်မှုကတော့ အတည်ပြုပြီးပါပြီ... ပစ္စည်းရဲ့ စစ်မှန်မှုကို သေချာစေဖို့နဲ့ အစားထိုးမခံရအောင် ကာကွယ်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ငါတို့ အခု ဆက်လုပ်သွားပါ့မယ်... အဲဒါမှ မင်းအတွက် ဘာဆုံးရှုံးမှုမှ မဖြစ်စေမှာလေ..."

ဤစကားကို ပြောပြီးနောက် အဘိုးအိုသုံးဦးသည် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြပြီး ထိုညနေပိုင်းတွင် လေလံတင်မည့် ပစ္စည်းများ၏ သိုလှောင်ရုံသို့ ပန်းချီကားကို ပို့ဆောင်ပေးခဲ့ကြလေသည်။

"ဒီနေ့ လေလံပွဲက ညနေ ၆ နာရီ ၆ မိနစ်တိတိမှာ စတင်မှာပါ... လေလံပွဲအတွင်းမှာ ဘာမှမမှားယွင်းစေဖို့ သေချာအောင် အချိန်ကို ကံကောင်းစေမယ့် အချိန်အဖြစ် ရွေးချယ်ထားတာပဲ.."

ဤစကားကို ကြားချိန်တွင် စုယွမ်မှာ စိတ်သက်သာရာ ရသွားခဲ့၏။ ခဏတာမျှ စကားစမြည် ပြောဆိုပြီးနောက် ထိုအဘိုးအိုသုံးဦးက ထန်ပေါ်ဟူ၏ စစ်မှန်သော ဤလက်ရာသည် လေလံပွဲ၌ နောက်ဆုံးမှ ဒုတိယမြောက် ပစ္စည်းဖြစ်လာမည်ဖြစ်ပြီး ကြီးကျယ်ခမ်းနားသော ပိတ်သိမ်းမှု ဖြစ်လာမည်ဟု ပြောဆိုခဲ့ကြသည်။

"ဒီက ငါ့သူငယ်ချင်းဟောင်း သုံးယောက်ကို မတွေ့ရတာ ကြာပြီဆိုတော့ မွန်းလွဲပိုင်းမှာ ငါတို့ ဆုံကြမလို့ စီစဉ်ထားတယ်... မိတ်ဆွေလေး စုယွမ်... မင်းရော ငါတို့နဲ့ လိုက်ခဲ့မလား..."

အဘိုးဝမ်က မေးလိုက်၏။

"ဒီတစ်ခေါက်တော့ ချန်လှပ်ထားလိုက်ပါ... အဘိုးဝမ်နဲ့ တခြားအဘိုးတွေရဲ့ စုဆုံမှုမှာ ကျွန်တော် မပါဝင်တော့ပါဘူး..."

စုယွမ်သည် ခဏတာ တွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

အဘိုးဝမ်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ကောင်းပြီလေ... ဟောင်ကောင်ကို လျှောက်လည်ဖို့ ရှောင်ရို့ကို မင်းနဲ့အတူ အဖော်လိုက်ခိုင်းလိုက်မယ်... ဘာပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ..."

ဤစကားကို ကြားချိန်တွင် ကျိုးရို့သည် အဘိုးဝမ် ဘာတွေးနေကြောင်းကို သဘာဝကျကျပင် သိရှိနေခဲ့သော်လည်း ယနေ့နံနက်က စုယွမ်နှင့် ပိုင်ချန်တို့ အတူတူ ရောက်လာသည်ကို မြင်တွေ့ထားခဲ့ရာ သူတို့၏ ဆက်ဆံရေးမှာ ထူးခြားကြောင်း သူမ သိရှိနေခဲ့၏။

"ဆရာ... ကျွန်မကိုလည်း ဆရာတို့နဲ့ လိုက်ခွင့်ပြုပါ... ဆရာတို့ရဲ့ ဆုံစည်းမှုမှာ လက်ဖက်ရည်ငှဲ့ပေးမယ့်လူ မရှိရင် သိပ်မကောင်းဘူးလေ..."

အဘိုးဝမ်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး စိတ်ပျက်နေပုံရသော်လည်း စကားပြောရန် တွန့်ဆုတ်နေခဲ့လေ၏။

"ကောင်းပြီလေ..."

အဘိုးအိုသုံးဦးလည်း စုယွမ် မလိုက်လာသဖြင့် အနည်းငယ် စိတ်ပျက်သွားကြသည်။ သူတို့တစ်ဦးစီတွင် မြေးမလေးများ ရှိကြပြီး၊ ရှေးဟောင်းပစ္စည်းများကို နားလည်သဘောပေါက်ကာ ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးနှင့် မိမိတို့၏ မြေးမလေးများကို ဖူးစာဖက်ပေးရန် တိတ်တဆိတ် မျှော်လင့်ထားခဲ့ကြသည်။ စုယွမ်သည် အိမ်ထောင်ဖက်ကောင်းတစ်ဦး ဖြစ်လာနိုင်သူဖြစ်သော်လည်း၊ ယခု သူ မလိုက်လာသဖြင့် သူတို့လည်း အတင်းအကျပ် စီစဉ်ရန် မတတ်နိုင်တော့ပေ။

"ကောင်းပြီ... ကျွန်တော် အခု သွားတော့မယ်..."

အခြားသူများအား နှုတ်ဆက်ပြီးနောက် စုယွမ်သည် အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

အောက်ထပ်သို့ ဆင်းလာစဉ် စုယွမ်သည် သူ၏ဖုန်းထဲမှ သတင်းများကို စစ်ဆေးကြည့်လိုက်ရာ တရားဝင်မီဒီယာများက ကောထိုက်လေကြောင်းလိုင်းကို အမှန်တကယ်ပင် နာမည်တပ်၍ ဝေဖန်ထားကြောင်း တွေ့ရှိလိုက်ရပြီး ကုမ္ပဏီ၏ အတိတ်က အရှုပ်တော်ပုံများ ပြန်လည်တူးဆွခံရသဖြင့် ကြီးမားလှသော ဆူပူအုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့လေပြီ။

စတော့ဈေးကွက်မှာ လျင်မြန်စွာ တုံ့ပြန်လာခဲ့ပြီး တစ်စုံတစ်ရာ မှားယွင်းနေပုံရသည်နှင့် တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းသွားကြ၏။ နာရီအနည်းငယ်အတွင်းမှာပင် ကောထိုက်လေကြောင်းလိုင်းသည် ဒေါ်လာ ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများကို ဆုံးရှုံးသွားခဲ့ရလေသည်။

ဤအရာများအားလုံးသည် အရေးမပါပုံရသော ဝန်ထမ်းတစ်ဦးကြောင့် စတင်ခဲ့ခြင်း ဖြစ်ပေ၏။

ထို့အပြင် ပြိုင်ဘက်ကုမ္ပဏီများစွာကလည်း လျင်မြန်စွာ လှုပ်ရှားလာကြပြီး သူတို့အပေါ် တိုက်ရိုက် တိုက်ခိုက်မှုများ စတင်လာခဲ့ကြပေသည်။

ဤသည်က ကောထိုက်လေကြောင်းလိုင်း၏ အနာဂတ် ရပ်တည်ရေးကို အလွန်အမင်း ခက်ခဲသွားစေလိမ့်မည်။

ယမ်းပုံကို မီးရှို့ခဲ့သော ထိုလူနှစ်ဦးမှာ မည်သို့ဖြစ်သွားကြမည်ကို သူ သိချင်နေမိ၏။ ဟောင်ကောင်ဆိုသည်မှာ ဂိုဏ်းဂဏများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်ကြောင်းကို လူတိုင်း သိထားကြပေသည်။

ဆိုသဘီလေလံရုံ အဆောက်အအုံ၏ အဝင်ဝသို့ ရောက်ရှိချိန်တွင် ပိုင်ချန် ရောက်ရှိနှင့်နေပြီဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသဖြင့် စုယွမ် အံ့အားသင့်သွားရလေသည်။

"စီးပွားရေးကိစ္စ အဆင်ပြေသွားပြီလား..."

စုယွမ်က မေးလိုက်၏။

"အင်း... တော်တော်လေး ချောချောမွေ့မွေ့ပါပဲ... ငါတို့ သဘောတူညီချက် ရသွားပြီ..."

ပိုင်ချန်က ပြန်ဖြေလိုက်သည်။

"ဒါဆို အခု တခုခု သွားစားကြစို့... ဟောင်ကောင်က အစားအသောက်တွေက တော်တော်လေး ကောင်းတယ်လို့ ကြားဖူးတယ်... စားဖို့ နေရာတစ်ခုခု သွားရှာကြရအောင်..."

စုယွမ်မှာ အနည်းငယ် ဆာလောင်နေခဲ့၏။ နံနက်ပိုင်းတွင် များများစားစား မစားခဲ့ရသည့်အပြင် သူ၏ အဖော်များက လက်ဖက်ရည်ကို နှစ်နာရီကြာအောင် သောက်နေခဲ့ကြရာ သူ၏ ဗိုက်ထဲမှ အသံများပင် ထွက်ပေါ်နေခဲ့ချေပြီ။

"မိုက်တာပေါ့... ငါ ဒါကို စမ်းကြည့်ချင်နေတာ ကြာပြီ... ဒါပေမဲ့ အလုပ်တွေ အရမ်းရှုပ်နေခဲ့လို့... ပြီးတော့ အရေးအကြီးဆုံးက တစ်ယောက်တည်းဆိုတော့ သိပ်မပျော်ရဘူးလေ..."

ပိုင်ချန်က ပြောလိုက်သည်။

"ကွက်တိပဲ... လေလံပွဲက ညနေ ၆ နာရီလောက်မှဆိုတော့ နေ့လယ်စာစားပြီး တစ်နေ့လည်ခင်းလုံး နင့်ကို အဖော်ပြုပေးလို့ ရတာပေါ့..."

စုယွမ်က ပြုံးကာ ပြောလိုက်၏။

ဤစကားကို ကြားချိန်တွင် ပိုင်ချန်သည် အားရပါးရ ရယ်မောလိုက်ပြီးနောက် သူတို့နှစ်ဦးသည် အင်တာနက်ပေါ်တွင် ဆိုင်ကောင်းကောင်း တစ်ဆိုင်ကို ရှာဖွေကာ ထိုနေရာသို့ သွားရန် အငှားယာဉ် တစ်စီးကို တားလိုက်ကြလေသည်။

ဟောင်ကောင်သည် နေရာကျယ်ကြီး မဟုတ်သောကြောင့် ထိုဆိုင်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။ ဤဆိုင်လေးမှာ သမိုင်းကြောင်း ရှည်လျားပြီး ဒေသခံများကြားတွင် အလွန်ရေပန်းစားသော ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း အငှားယာဉ်မောင်းက သူတို့ကို ပြောပြခဲ့သည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် သွားလာနေသော လူများဖြင့် အနည်းငယ် ကြိတ်ကြိတ်တိုး စည်ကားနေကြောင်း ခံစားလိုက်ရသည်။ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ချိန်တွင် အင်တာနက်ပေါ်၌ မြင်တွေ့ခဲ့ရသော ဆိုင်လေးကို မြင်လိုက်ရလေ၏။

ဤစားသောက်ဆိုင်လေးကို အမြဲတမ်းလာစားနေကျ ဖောက်သည်များကသာ လုံးဝ နေရာယူထားကြပြီး ၎င်းက သူတို့၏ အစားအသောက်များမှာ အရသာရှိလှသောကြောင့် လူများကို ထပ်ခါတလဲလဲ လာရောက်စားသောက်ချင်အောင် ဆွဲဆောင်ထားနိုင်ကြောင်း ပြသနေပေသည်။

ဆိုင်အတွင်း၌ နေရာမရှိတော့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဆိုင်အပြင်ဘက် မိုးကာအမိုးအောက်တွင် စားပွဲအနည်းငယ် ခင်းကျင်းထားပြီး တိမ်ထူသောနေ့တစ်နေ့ ဖြစ်သောကြောင့် ရာသီဥတုမှာ အတော်လေး အေးမြနေခဲ့၏။

သူတို့သည် နာမည်ကြီး ဟင်းလျာအချို့ကို မှာယူလိုက်ကြပြီး ဝင်ထိုင်ကာ အစားအသောက်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ကြသည်။

သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေစဉ် သုံးမိနစ်ခန့်အကြာ၌ ဆိုင်တွင် ရေသန့် မရောင်းချကြောင်းကို စုယွမ် သဘောပေါက်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် အနီးနားတွင် စူပါမားကတ်ငယ်လေး တစ်ခုရှိနေသဖြင့် သွားရောက်ဝယ်ယူရန် ထွက်သွားလိုက်သည်။

ထိုအချိန်မှာပင် ပိုင်ချန်သည် ရုတ်တရက် ကျောကို တစ်ယောက်ယောက်က ပုတ်လိုက်သလို ခံစားလိုက်ရပြီး အစားအသောက်များ လာချပေးသည်ဟု ထင်မှတ်လိုက်၏။

သို့သော် ဟောင်ကောင်တွင် အစားအသောက် လာချပေးရန်အတွက် လူတစ်ယောက်၏ ပခုံးကို ပုတ်ရန် လိုအပ်ပါသလော။

ပိုင်ချန်သည် အနောက်သို့ လှည့်ကြည့်လိုက်သော်လည်း ဆိုင်ရှင်ကို မတွေ့လိုက်ရချေ။

"မင်္ဂလာပါ ချန်ချန်... တိုက်ဆိုင်လိုက်တာ... မင်းလည်း ဒီမှာ ရှိနေတာကိုး..."

"ရိုးရိုးသားသား ပြောရရင် ငါတို့နှစ်ယောက်က တကယ်ကို ဖူးစာဆုံဖို့ ဖန်တီးခံထားရတာပဲ..."

အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အမျိုးသမီးနှစ်ဦးနှင့်အတူ ပိုင်ချန်၏ အနောက်၌ ရပ်နေလေ၏။

ပိုင်ချန် လှည့်ကြည့်လိုက်သည်ကို မြင်ချိန်တွင် ထိုအမျိုးသားသည် အလျင်အမြန်ပင် မျက်စိမှိတ်ပြကာ အမျိုးသမီးနှစ်ဦးအား ထွက်သွားရန် အချက်ပြလိုက်သည်။ အမျိုးသမီးနှစ်ဦးသည် ပိုင်ချန်အား စိုက်ကြည့်ကာ မလွှဲမရှောင်သာ ထွက်သွားရတော့၏။

"ဟားဟားဟား... ချန်ချန်... မင်း ဒီမှာ လာစားနေတာလား... ဒီက အစားအသောက်တွေ တော်တော်ကောင်းတယ် ကြားလို့ ငါလည်း လာခဲ့တာ..."

"မင်း မသိပါဘူး... ငါက တော်တော် သံယောဇဉ်ကြီးတဲ့ကောင်ပါ... မင်းကို မတွေ့ရတဲ့ ဒီရက်ပိုင်းအတွင်းမှာ ငါ နေ့တိုင်း မင်းအကြောင်းပဲ အိပ်မက်မက်နေခဲ့တာ..."

"မင်း တစ်ယောက်တည်း လာတာ မဟုတ်လား... ကွက်တိပဲ... နေ့လယ်စာစားဖို့ ငါတို့ရဲ့ လှပတဲ့ ချန်ချန်လေးကို ငါ အဖော်ပြုပေးမယ်..."

ထိုအမျိုးသားမှာ အားနာဟန် လုံးဝမရှိဘဲ ယခုလေးတင် စုယွမ် ထိုင်ခဲ့သော နေရာတွင် တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး ပိုင်ချန်အား စုစိုက်ကြည့်နေခဲ့လေသည်။

ပိုင်ချန်၏ မျက်နှာမှာ အလွန်အမင်း ရုပ်ဆိုးသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"လီဝေ... နင် ဟောင်ကောင်မှာ ဘာလာလုပ်တာလဲ... ငါ့ကို လာမနှောင့်ယှက်ပါနဲ့လို့ နင့်ကို ငါ ပြောထားပြီးပြီလေ..."

"ပြီးတော့ အဲဒီထိုင်ခုံကနေ အခုချက်ချင်း ဖယ်လိုက်... ဒါက နင် ထိုင်ဖို့ နေရာမဟုတ်ဘူး..."

All Chapters