← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) အရူးအမူး လေလံဆွဲခြင်း

ဤရှေးဟောင်းပစ္စည်း စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အဘိုးဝမ်၏ နှုတ်ခမ်းများပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာပြီး ပြဇာတ်တစ်ခုကို ကြည့်ရှုနေသည့်အလား ဖြစ်နေပေ၏။

"မိတ်ဆွေလေး စုယွမ်က ဒီစုဆောင်းမှုကို ဘယ်လိုထင်လဲ..." အဘိုးဝမ်သည် ဤစုဆောင်းမှု၏ လှည့်ကွက်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သော်လည်း စုယွမ်အား စမ်းသပ်ကြည့်လိုသေး၏။

“ဟားဟား... တကယ်လို့ ဒီလက်ရေးလှပန်းချီဟာ ကြီးကျယ်ခမ်းနားတဲ့ လက်ရေးလှပညာရှင် ဝမ်သွမ်ရဲ့ ကိုယ်တိုင်ရေး လက်ရာစစ်စစ် ဖြစ်တယ်ဆိုရင်တော့ တန်ဖိုးကို ငွေနဲ့ တိုင်းတာဖို့တောင် ခက်ခဲလောက်အောင် အဖိုးတန်မှာပေါ့...

ဒါပေမဲ့ လက်ရေးလှပန်းချီက တခြားသူတစ်ယောက် ရေးသားထားတာဖြစ်ပြီး၊ တံဆိပ်တုံးသာ ဝမ်သွမ်ရဲ့ တံဆိပ်တုံး ဖြစ်နေတယ်ဆိုရင်တော့ တန်ဖိုးက အများကြီး ကျဆင်းသွားမှာပဲ။ အဲဒီလောက် အဖိုးတန်တော့မှာ မဟုတ်ဘူး...”

"ဒါ့အပြင် လေလံမှူးက စတင်လေလံကြေး ယွမ် ၂ သိန်းလို့ ပြောသွားတာက အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်နေပါပြီ..."

စုယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

အဘိုးဝမ်က လုံးဝသဘောတူညီကြောင်း ပြသသည့်အနေဖြင့် သဘောကျစွာ ခေါင်းညိတ်ပြလိုက်၏။ သူတို့၏အရှေ့ရှိ အကဲဖြတ် ကျွမ်းကျင်ပညာရှင် သုံးဦးကလည်း စုယွမ် ပြောသည်ကို ကြားလိုက်ရပြီး အားလုံးက သူ့အား လေးစားအားကျသော အကြည့်များဖြင့် ကြည့်ရှုလိုက်ကြသည်။

အခြားတစ်ဖက်တွင်မူ လီဝေသည် ထိုလက်ရာကို မြင်တွေ့ရချိန်တွင် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏အဘိုးမှာ သူ့ဘဝတွင် လက်ရေးလှပန်းချီများကို မည်သည့်အရာထက်မဆို ပို၍ နှစ်သက်သောကြောင့်တည်း။

ထို့အပြင် မွေးနေ့ပါတီတွင် ဤကဲ့သို့သော နန်ရှန်းတောင်လို သက်တမ်းရှည်ပါစေ ဟူသည့် ပန်းချီကားကို ထုတ်ပြနိုင်ပါက အလွန်ကောင်းမွန်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် အဘိုးအို၏ မျက်နှာသာပေးမှုကို မရရှိနိုင်မည်ကို ငါ စိုးရိမ်နေစရာ လိုသေးလို့လား။

"အစ်ကိုကျားသစ်... ဒီ ဝမ်သွမ် လက်ရေးလှပညာရှင်လောကမှာ အရမ်းနာမည်ကြီးလား..." လီဝေက မေးလိုက်၏။

ကျားသစ်က သူ၏ခေါင်းကို ကုတ်လိုက်သည်။ သူ မသိသော်လည်း မျက်နှာအပျက်ခံ၍ မရချေ။

"သေချာတာပေါ့... ဆိုသဘီလေလံပွဲမှာ ပါဝင်နိုင်တဲ့သူတွေက နာမည်သက်သက်ပဲ ရှိတာမဟုတ်ဘူး..."

"ဒါဆို ဘာလို့ လေလံကြေးက ဒီလောက် နိမ့်နေရတာလဲ... ၂ သိန်းတည်းပဲ... ဒါပေမဲ့ ဒါက ကောင်းတဲ့အချက်ပဲလေ..." လီဝေက ပြုံးကာ ပြောလိုက်သည်။

"ဆိုသဘီနဲ့ သူတို့အဖွဲ့က ဝယ်ယူသူတွေကို ကျေးဇူးဆပ်ချင်လို့ ဖြစ်မှာပါ... စုဆောင်းသူတွေကို ဆုချီးမြှင့်တဲ့အနေနဲ့ ဈေးပေါပေါနဲ့ လေလံတင်ဖို့ နှစ်တိုင်း ပစ္စည်းအနည်းငယ်ကို ရှာဖွေလေ့ရှိတယ်... မင်း ဒီနေ့ တကယ်ကို ဈေးပေါပေါနဲ့ ရဖို့ အခွင့်အရေး ရသွားတာပဲ..." ကျားသစ်က ရယ်မောကာ ပြောလိုက်၏။

"သဘောပေါက်ပြီ... ဒီပစ္စည်းက ငါ့လက်ထဲကို ဈေးပေါပေါနဲ့ ရောက်လာတော့မယ် ထင်တယ်..." လီဝေက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"လေလံပွဲကို အခု စတင်ပါပြီ... ဝမ်သွမ်ရဲ့ တံဆိပ်တုံးပါတဲ့ နန်ရှန်းတောင်လို သက်တမ်းရှည်ပါစေ လက်ရေးလှ လက်ရာအတွက် ယွမ် ၂ သိန်းကနေ စတင်ပါမယ်... လေလံဆွဲတဲ့ အကြိမ်တိုင်း ယွမ် ၅ သောင်းထက် မနည်းရပါဘူး..."

လေလံမှူး၏ ကြေညာသံ ပြီးဆုံးသွားသည်နှင့်အမျှ ပစ္စည်းနံပါတ် ဆယ်အတွက် လေလံပွဲ စတင်သွားလေပြီ။

အံ့ဩစရာကောင်းသည်မှာ ဈေးနှုန်းနိမ့်ပါးသော်လည်း ထိုပစ္စည်းမှာ လေလံဆွဲသူများ၏ အပြိုင်အဆိုင် လုယူမှုကို မဖြစ်ပေါ်စေခဲ့ချေ။ မည်သူကမျှ ၎င်းကို သဘောကျဟန် မပြခဲ့ပေ။

စုယွမ်သည် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ မည်သူကမျှ ထိုစုဆောင်းမှုကို အာရုံမစိုက်ကြကြောင်း တွေ့ရှိလိုက်ရ၏။ ထိုနေရာရှိ လူတိုင်းက ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အတွင်းပိုင်းရှိ လှည့်ကွက်ကို သူတို့ မမြင်နိုင်လျှင်တောင် အပြင်ပန်းကို ကြည့်ရုံဖြင့် သိနိုင်ကြပေသည်။

"ဒီပစ္စည်းကတော့ အရောင်းအဝယ် ဖြစ်မှာမဟုတ်ဘူး ထင်တယ်..." ဘေးမှနေ၍ အဘိုးဝမ်က မှတ်ချက်ချလိုက်၏။

မည်သူကမျှ ဈေးပိုမပေးကြသည်ကို မြင်လိုက်ရချိန်တွင် လီဝေမှာ စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ကတ်ပြားမြှောက်လိုက်သည်။

"၂ သိန်းခွဲ..."

လေလံမှူးမှာလည်း အနည်းငယ် စိုးရိမ်နေခဲ့၏။ အကယ်၍ ဤပစ္စည်းသာ ယနေ့ အရောင်းအဝယ် မဖြစ်ပါက အနာဂတ်တွင်လည်း ဖြစ်နိုင်မည် မဟုတ်ချေ။ ဤပစ္စည်းမှာ အစကတည်းက ထူးခြားသောအရာ မဟုတ်ပေ။ အရောင်းအဝယ် ဖြစ်သွားမည်ကိုသာ မျှော်လင့်ထားပြီး အမြတ်ရရန် သူမ မမျှော်လင့်ထားခဲ့ချေ။

ဘာမှမသိသော လူတစ်ယောက်က ၂ သိန်းခွဲ ပေးလိုက်သည်ကို မြင်ရချိန်တွင် သူမ အလွန်ဝမ်းသာသွားပြီး လီဝေအား ရင်းနှီးသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။

"ကောင်းပါပြီ... ဒီလူကြီးမင်းက ၂ သိန်းခွဲအထိ ဈေးမြှင့်ပေးထားပါတယ်... သူ့မှာ အလွန်ကောင်းမွန်တဲ့ အမြင်အာရုံ ရှိပါတယ်..."

ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လေလံခန်းမအတွင်းရှိ လူအချို့က ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ကြ၏။

လေလံမှူးက သူ့အား ပြုံးပြပြီး လူအများရှေ့တွင် ချီးကျူးလိုက်သည်ကို မြင်ရချိန်တွင် လီဝေမှာ အလွန်အမင်း ဝမ်းသာသွားပြီး လေလံမှူးက သူ့ကို စိတ်ဝင်စားနေသည်ဟု ခံစားလိုက်ရသည်။

"၂ သိန်းခွဲ ပထမအကြိမ်..."

"ဈေးထပ်တိုးမယ့်သူ ရှိသေးလားရှင်..."

"၂ သိန်းခွဲ ဒုတိယအကြိမ်..."

လေလံမှူးက စနစ်တကျ ပြောဆိုနေချိန်တွင် လီဝေ၏ နှလုံးသားမှာ တဖြည်းဖြည်း စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောနှောလာခဲ့၏။ အကယ်၍ နောက်တစ်ကြိမ် လေလံအော်ရုံဖြင့် သူသာ ဤပစ္စည်းကို ဝယ်ယူနိုင်ခဲ့ပါက တစ်ဘဝလုံးစာ ကြွားလုံးထုတ်နိုင်ပြီ ဖြစ်သည်။

လူအုပ်ကြီးထံမှ လက်ခုပ်သံများကို လက်ခံရယူရန် လီဝေ မတ်တတ်ရပ်လိုက်မည့်အချိန်မှာပင် လေလံမှူးသည် သူမလုပ်နေသည်များကို ရပ်တန့်လိုက်ကြောင်း ရုတ်တရက် မြင်တွေ့လိုက်ရ၏။

"၂ သိန်းခွဲ တတိ..."

"ဒါက... ဈေးမြင့်တဲ့သူလား.." လေလံမှူးမှာ အံ့အားသင့်သွားရလေသည်။ သူမသည် အဘိုးဝမ်ကို မှတ်မိပြီး သူ၏ဘေးရှိ လူငယ်လေးက ကတ်ပြားမြှောက်လိုက်ခြင်း ဖြစ်ပေ၏။

ဤသည်မှာ သူမအတွက် အတော်လေး မယုံကြည်နိုင်စရာ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အကဲဖြတ် ကျွမ်းကျင်ပညာရှင် သုံးဦး၏ အဆိုအရ ထိုလူငယ်လေးသည် ထန်ပေါ်ဟူ၏ စစ်မှန်သော လက်ရာများကို စုဆောင်းသူတစ်ဦးဖြစ်ပြီး အလွန်အမင်း ထက်မြက်သော အမြင်အာရုံရှိသူတစ်ဦး ဖြစ်သောကြောင့်တည်း။ သူက ဘာကြောင့်များ ဤမျှ ဈေးကြီးပေးရမည်နည်း။

"တစ်သန်း..."

"ဒီလူကြီးမင်းက ဝမ်သွမ့်ရဲ့ တံဆိပ်တုံးပါတဲ့ လက်ရေးလှ လက်ရာအတွက် ယွမ် တစ်သန်းအထိ တိုးမြှင့်လိုက်ပါတယ်..."

လေလံမှူးသည် စုယွမ် အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခဲ့ကြောင်း မသိသော်လည်း အလျင်အမြန်ပင် ကြေညာလိုက်၏။

ဤအချိန်၌ ထိုနေရာရှိ လူတိုင်းသည် သူတို့၏ အာရုံများကို စုယွမ်ထံသို့ လှည့်လိုက်ကြသည်။ မူရင်းလက်ရာဟုပင် မသတ်မှတ်နိုင်သော လက်ရာတစ်ခုကို ဝယ်ယူရန် ဒေါ်လာတစ်ရာ အကုန်အကျခံခြင်းကပင် အမှန်တကယ် ပညာမဲ့လွန်းလှပေသည်။

စုဆောင်းသူ အများစုမှာ သံသယဖြစ်ဖွယ်ရာ စစ်မှန်မှုရှိသော ပစ္စည်းတစ်ခုကို ဈေးပေါပေါဖြင့် ဝယ်ယူမည့်အစား စစ်မှန်သော ပစ္စည်းတစ်ခုအတွက် ပိုမိုပေးချေလိုကြ၏။

အကယ်၍ ဤကဲ့သို့သော အရာမျိုးကို သင် ဝယ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် သင့်၏ ဂုဏ်သိက္ခာနှင့် သင့်ဘဝ၏ အခြားရှုထောင့်အားလုံးမှာ လုံးဝ ပြိုလဲသွားပေလိမ့်မည်။

လူအုပ်ကြီး၏ မျက်လုံးများထဲ၌ နားမလည်နိုင်မှုများနှင့် လှောင်ပြောင်မှု အနည်းငယ် ရောနှောနေခဲ့ပေ၏။

"စုယွမ်... အဘိုးဝမ်က ခုနက ဒီပစ္စည်းအကြောင်း ပြောမသွားဘူးလား..." ပိုင်ချန်သည် စုယွမ် ကတ်ပြားမြှောက်လိုက်သည်ကို မြင်ရချိန်တွင် နားမလည်နိုင်ဖြစ်သွား၏။

"မိတ်ဆွေလေး စုယွမ်... ဒါက ဘာသဘောလဲ... ကတ်ပြားမြှောက်လို့ ရလားလို့ မင်း ခုနက ငါ့ကို မေးတာ ဒါ့ကြောင့်လား..."

"မင်း ဒါကို လေလံဆွဲလို့ မဖြစ်ဘူးလေ..." အဘိုးဝမ်က လုံးဝ နားမလည်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"မိတ်ဆွေလေး စုယွမ်... မင်းရဲ့ အမြင်အာရုံနဲ့ဆိုရင် ဒါမျိုးကို မလုပ်သင့်ပါဘူး... မင်း ဘာလုပ်နေတာလဲ..." အဘိုးဟန်က နောက်သို့လှည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"အဆင်ပြေပါတယ်... အပျော်သဘောသက်သက် မြှောက်ကြည့်တာပါ... ဈေးနည်းနည်း တင်ပေးလိုက်မယ်လေ... မဟုတ်ရင် ဈေးအရမ်းနိမ့်နေရင် ကြည့်ရဆိုးမှာပေါ့..." စုယွမ်က ပြုံးကာ ပြောလိုက်သည်။

"မင်းကို ငါ သတိပေးမယ်နော်... ဒီဈေးက အရမ်းမြင့်နေပြီ... ပြီးတော့ ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး... အဲဒီအခါကျရင် မင်းပဲ ယူလိုက်ရလိမ့်မယ်..." အဘိုးဟန်က သတိပေးလိုက်၏။

"အင်း... တစ်ယောက်ယောက်ကတော့ ဝယ်မှာပါ... တကယ်လို့ ဘယ်သူမှ မဝယ်ရင် သဘာဝကျကျပဲ ကျွန်တော် ပိုက်ဆံပေးလိုက်မှာပေါ့..." စုယွမ် စကားပြောအပြီးတွင် အခြားသူများမှာ အကူအညီမဲ့သွားသလို ခံစားလိုက်ရသော်လည်း သူတို့ ဘာမှမလုပ်နိုင်ခဲ့ကြချေ။

"ဝမ်သွမ်ရဲ့ တံဆိပ်တုံးပါတဲ့ လက်ရေးလှ လက်ရာအတွက် တစ်သန်းပါရှင်..." လေလံမှူးက ဆက်ပြောလိုက်သည်။

ဤအချိန်၌ လီဝေ၏ စိတ်အစဉ်များ ကမောက်ကမ ဖြစ်သွားတော့၏။ မည်သူကများ ဈေးနှုန်းကို တစ်သန်းအထိ မြှင့်တင်ရန် ကိုယ်ကျင့်တရား ကင်းမဲ့နေသနည်းဆိုသည်ကို သူ မသိခဲ့ချေ။ ဤသည်မှာ သူ့ကို တမင်သက်သက် ဒုက္ခပေးရန် ကြိုးစားနေခြင်း မဟုတ်လော။

လီဝေသည် စုယွမ်ကို မသိမသာ လှမ်းကြည့်လိုက်ရာ သေချာပေါက်ပင် စုယွမ်က ကတ်ပြားမြှောက်ထားသည်ကို မြင်တွေ့လိုက်ရ၏။

ရုတ်တရက် လီဝေသည် စုယွမ်အပေါ် မလိုမုန်းထားမှုများနှင့် ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံစဖူးသော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

"ကောင်းပြီလေ... ဒီကောင်လေးကလည်း ဒီရတနာကို မျက်စိကျနေတာပဲ... ပြီးတော့ ဒီလောက် ဈေးကြီးတောင် ပေးထားသေးတယ်... တကယ်ပဲ..."

"ဒါပေမဲ့ ဈေးကို တစ်သန်းအထိ မြှင့်လိုက်ရုံနဲ့ မင်း ရနိုင်မယ်လို့ ထင်နေတာလား... မင်းက တအား ရိုးအလွန်းတယ်..."

လီဝေ၏ မျက်လုံးများထဲ၌ ဒေါသများ ပြည့်နှက်နေလျက် ပြောဆိုလိုက်၏။

"တစ်သန်း ပထမအကြိမ်..." လေလံမှူးက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ပြောလိုက်သည်။

ဤအချိန်၌ လူတိုင်းက စုယွမ်အနေဖြင့် ဤပစ္စည်းကို တစ်သန်းဖြင့် မကြာမီ ရရှိသွားမည်ဟု ယူဆထားကြ၏။ အဘယ်ကြောင့်ဆိုသော် မည်သည့် ကျွမ်းကျင်သူကမျှ ထိုဈေးနှုန်းအပေါ်သို့ တစ်ပြားတစ်စိမျှ ထပ်ပေါင်းမည် မဟုတ်သောကြောင့်တည်း။

လေလံမှူးက တူကို မြှောက်လိုက်ချိန်မှာပင် လူရိပ်တစ်ခု ရုတ်တရက် မတ်တတ်ရပ်လာခဲ့သည်။

စုယွမ် ခေါင်းလှည့်ကြည့်လိုက်ရာ လီဝေ ဖြစ်နေကြောင်း အမှန်တကယ် မြင်တွေ့လိုက်ရ၏။ ဤကောင်လေးက တကယ်ကို ဆက်ပြီး သည်းမခံနိုင်တော့ချေ။

"ဟက်... တစ်သန်းက ဘာလုပ်ရမှာလဲ..."

"ငါ လီဝေက ဒီပစ္စည်းကို ရဖို့ ဆုံးဖြတ်ထားတယ်... အခုချက်ချင်း နှစ်သန်း ပေးမယ်..."

ဤစကားများက ပရိသတ်တစ်ရပ်လုံးကို တုန်လှုပ်သွားစေခဲ့ပြီး လူတိုင်းက သူတို့ကို အရူးများကဲ့သို့ လှည့်ကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများထဲ၌ လုံးဝ နားမလည်နိုင်မှုများ ပြည့်နှက်နေတော့၏။

All Chapters