အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) ငါ့ကားနဲ့ ယှဉ်လို့မရဘူး
လူတိုင်းက ထိုကားကို လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားပေ၏။
ဤကားသည် Mercedes-Benz G-Wagon အမျိုးအစားဖြစ်ပြီး တန်ဖိုးအားဖြင့် ယွမ်နှစ်သန်းကျော် ရှိမည်ဟု ခန့်မှန်းရပေသည်။ ထိုEV ကားပိုင်ရှင်က မည်သို့လုပ်၍ ဤသို့သော စကားမျိုးကို ပြောဆိုနိုင်ရသနည်း။
အခြားအရာများကို ဘေးဖယ်ထားလိုက်ပါက ဤကားနှစ်စီး၏ မြင်းကောင်ရေအားကိုသာ ကြည့်ရှုလိုက်ပါ။ ကားမမောင်းဖူးဘဲ ကားအကြောင်း လုံးဝ နားမလည်သူတစ်ဦးပင်လျှင် မည်သည့်ကားက မြင်းကောင်ရေအား ပိုများကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ဤ G-wagon သည် သူ၏ကားစွမ်းအား သုံးပုံတစ်ပုံခန့်သာ ရှိသည်ဟု ပြောဆိုရဲသော ထိုEV ကားပိုင်ရှင်၏ ယုံကြည်မှုမှာ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။
ဤသည်မှာ စိတ်ကူးယဉ်ဆန်လွန်းလှပြီး လုံးဝ အဓိပ္ပာယ်မရှိသော စကားပင် ဖြစ်ချေ၏။
ထိုသူသည် ကားပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အခြေခံများကိုပင် နားမလည်ဘဲ ဤမျှလောက်အထိ မောက်မာဝင့်ကြွားစွာ ပြုမူရဲပေသည်။
"အစ်ကို... ခင်ဗျားက ဘယ်လောက်တောင် အသိဉာဏ်နည်းရတာလဲ..."
"အဲ့ဒီကားက Mercedes-Benz G-Wagon ..." ဖြတ်သွားဖြတ်လာတစ်ဦးက နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်၏။
"ဟီးဟီး... G - wagon ဖြစ်ဖြစ် J - wagon ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး... ဒီလိုနာမည်မျိုးနဲ့ ကား ရောင်းမထွက်မှာကို သူတို့ မကြောက်ကြဘူးလား... ဒါ့အပြင် Mercedes ဆိုတာ ဒေဝါလီခံရတော့မယ့် ကားကုမ္ပဏီအဟောင်းကြီး မဟုတ်ဘူးလား... သူတို့ဆီမှာ တကယ့်စွမ်းဆောင်ရည်မှ မရှိတာ..." EV ကားပိုင်ရှင်က သူ၏ စိတ်ထဲရှိသည့်အတိုင်း ပြောဆိုလိုက်သည်။
လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်ရှုလိုက်ကြပေ၏။
စုယွမ်သည် အခိုက်အတန့်မျှ စောင့်ကြည့်နေခဲ့ပြီး ရယ်မောချင်စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့သော်လည်း
နောက်ဆုံးတွင် ခေါင်းကိုသာ ခါယမ်းလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှလောက် အသိဉာဏ်နည်းပါးသူများနှင့် ငြင်းခုံနေခြင်းက လုံးဝ အဓိပ္ပာယ်မရှိသောကြောင့်ပင် ဖြစ်ပေ၏။
အကယ်၍ မိမိပြောဆိုသော စကားများက အမှန်တကယ် မှန်ကန်နေလျှင်ပင် ဤကဲ့သို့သော သူမျိုးသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အလွန်မြင့်မားလွန်းသောကြောင့် ဘယ်သောအခါမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
၎င်းကို အကန်းယုံကြည်မှုတစ်ခုအဖြစ် ဖော်ပြနိုင်ပေသည်။
စုယွမ်သည် အိမ်သို့ ချက်ချင်းပြန်လိုသဖြင့် သူ၏ ကားသော့ကို ထုတ်ယူကာ ကားဆီသို့ လျှောက်သွားလေ၏။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုသံပုံးကားကြီးကို ပိုက်ဆံပေးဝယ်တဲ့အထိ တုံးအတဲ့လူတွေ ရှိမယ်လို့ ငါမယုံဘူး... သံပြားတစ်ချပ်ရှာပြီး ကိုယ့်ဘာသာကိုယ် လုပ်စီးတာကမှ ပိုကောင်းဦးမယ်... ဒါက လုံးဝ တွက်ခြေမကိုက်ဘူး..."
EV ကားပိုင်ရှင်က မိန့်ခွန်းပြောနေသည့်အလား သူ၏ လက်များကို ဖြန့်ကားလိုက်သည်။ ထိုနေရာတွင် ရှိနေသူအားလုံးက သူ့ကို အေးစက်စွာ ကြည့်ရှုနေကြသော်လည်း သူကမူ လုံးဝ သာယာနေခဲ့ပေ၏။
ထိုချိန်တွင် စုယွမ်က ကားသော့ကို နှိပ်လိုက်ရာ G - wagon ထံမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး EV ကားပိုင်ရှင်ကို လန့်ဖြတ်သွားစေခဲ့သည်။
EV ကားပိုင်ရှင်သည် G - wagon ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ ကားဘေးတွင် ရပ်နေသော စုယွမ်ကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်း အနားသို့ တိုးသွားလေ၏။
"ဟေး ညီလေး... ဒါက မင်းရဲ့ကားလား..."
"ဟားဟား..." EV ကားပိုင်ရှင်က မေးခွန်းမေးပြီးနောက် လှောင်ပြောင်သရော်သည့် ရယ်သံနှစ်ချက်ကို ထုတ်လွှတ်လိုက်ပေသည်။
"ဟုတ်တယ်... ကျွန်တော့်ကားပဲ... ပြဿနာရှိလို့လား..." စုယွမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။ တစ်ဖက်လူက အရှက်ခွဲရန် တမင်သက်သက် ရောက်ရှိလာခြင်းဖြစ်ရာ သူ့အနေဖြင့် လုံးဝ အလျှော့ပေးမည် မဟုတ်ချေ။
"ဘာမှမဖြစ်ပါဘူး... ဘာမှမဖြစ်ပါဘူး... ရပါတယ်... ရပါတယ်... ဟားဟား."
EV ကားပိုင်ရှင်သည် သူ၏ ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောနေခဲ့ပြီး G-wagon ကို ကျေနပ်အားရနေသော အမူအရာဖြင့် မကြာခဏ လှမ်းကြည့်နေပေ၏။
"ညီလေး.မင်းက ဒီလိုကားမျိုးကို တကယ်ဝယ်ထားတာလား... မင်းက တန်ဖိုးဆိုတာကို တကယ်နားမလည်တာပဲ... ဒီကားက လုံးဝ တွက်ခြေမကိုက်ဘူးဆိုတာကို ငါတစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်..."
"တခြားဟာတွေကို ဘေးဖယ်ထားလိုက်ဦး... မင်းရဲ့ကားမှာ စမတ်စနစ်တွေ ပါသေးရဲ့လား... ငါ့ရဲ့ EV ကားသစ်ကြီးနဲ့ ယှဉ်လို့တောင် မရဘူး... ငါတို့လူငယ်တွေက အဆင်ပြေမှုနဲ့ နည်းပညာအတွက် ပိုက်ဆံသုံးကြတာ... နည်းပညာ လုံးဝ မပါတဲ့ကားကို ဝယ်တာက တကယ့်ကို အလဟဿ ဖြုန်းတီးပစ်တာပဲ..."
"ငါပြောတာကို နားထောင်စမ်းပါ... ဒီကားကို ရောင်းလိုက်ပြီး တစ်ပတ်ရစ် EV ကားတစ်စီးကို သွားဝယ်လိုက်... ပြီးပြည့်စုံတဲ့ ခံစားမှုကို ရစေရမယ်လို့ ငါအာမခံတယ်..."
EV ကားပိုင်ရှင်က စုယွမ်အား ကြည့်ကာ ဖျောင်းဖျရန် ကြိုးပမ်းလိုက်လေသည်။
"ဟက်... ထားလိုက်ပါတော့... ခင်ဗျားရဲ့ကားကို ကျွန်တော် သဘောမကျသေးဘူး..." စုယွမ်က ထိုသူ၏ကားကို တစ်ချက်ကြည့်ကာ တိုးညင်းစွာ ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများထဲတွင် နှာခေါင်းရှုံ့မှုများ ပြည့်နှက်နေပြီး ထိုသူကို လုံးဝ အရေးမစိုက်ခဲ့ချေ။
"ဟမ်... တစ်ခုခုတော့ မှားနေပြီ ညီလေး..."
"မင်းက ငါ့ကားကို အထင်သေးတယ်လို့ ပြောချင်နေတာလား... အဲ့ဒါ ဘာစကားမျိုးလဲ..."
"ငါတို့ကားတွေကို ယှဉ်ကြည့်ရင်တောင် အဆင့်ချင်း အတူတူမဟုတ်ဘူး... မင်းက ဘယ်လိုလုပ်ပြီး အဲ့ဒီလို ပြောရဲရတာလဲ..."
"မြင်းကောင်ရေအားနဲ့ စွမ်းဆောင်ရည်ကို ယှဉ်ကြည့်ရင် မင်းကားက ငါ့ကားကို မမီဘူး... ရုပ်ထွက်ကို ယှဉ်ကြည့်ရင် မင်းကားက ငါ့ကားကို မမီဘူး... သက်တောင့်သက်သာရှိမှုကို ယှဉ်ကြည့်ရင် မင်းကားက ငါ့ကားကို မမီဘူး... နည်းပညာကို ယှဉ်ကြည့်ရင် မင်းကားက ငါ့ကားကို မမီဘူး... ဈေးနှုန်းကို ယှဉ်ကြည့်ရင် မင်းကားက ငါ့ကားကို မမီဘူး... မင်းက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောရဲရတာလဲ... ငါ့ကားကို အထင်သေးဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ..."
EV ကားပိုင်ရှင်သည် သိသာထင်ရှားစွာပင် ဒေါသထွက်နေခဲ့ပေ၏။ ခေတ်နောက်ကျနေသော သံပုံးကားကို မောင်းနှင်နေသူတစ်ဦးက သူ၏ ကားသစ်ကြီးနှင့် မည်သို့လုပ်၍ ယှဉ်ပြိုင်နိုင်မည်နည်း။
ဤသူသည် သူ၏ ယုံကြည်မှုကို မည်သည့်နေရာမှ ရရှိလာကြောင်း လုံးဝ မသိရှိနိုင်ချေ။
"ဟုတ်ပြီ... ခင်ဗျားပြောတာ မှန်တယ်ဟုတ်ပြီလား... ခင်ဗျားကားက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ... အများဆုံး တွက်ခြေကိုက်တဲ့ကား... စွမ်းဆောင်ရည်နဲ့ တန်ဖိုး အချိုးအစား အမြင့်မားဆုံး ကားမော်ဒယ်ပဲ..." စုယွမ်က ပြောဆိုလိုက်သည်။
ဤစကားကို ကြားချိန်တွင် EV ကားပိုင်ရှင်သည် သိသာထင်ရှားစွာပင် ထပ်မံ၍ မကျေမနပ် ဖြစ်သွားပြန်၏။
သူ၏ကားသည် တွက်ခြေကိုက်သည် မှန်သော်လည်း အကောင်းဆုံး တွက်ခြေကိုက်သည်ဟု မပြောဆိုနိုင်ချေ။ အကယ်၍ တွက်ခြေအကိုက်ဆုံး ဖြစ်နေပါက အဆင့်နိမ့်အမှတ်တံဆိပ် တစ်ခု ဖြစ်မသွားပေဘူးလော။
ရုတ်တရက် EV ကားပိုင်ရှင်သည် စုယွမ်၏ စကားများထဲမှ သရော်လှောင်ပြောင်မှုကို ခံစားမိသွားပြီး သူ၏ မျက်နှာသည် အနည်းငယ် နီရဲသွားလေသည်။ "မင်းက ငါ့ကားကို မနာလိုဖြစ်နေတာ မဟုတ်လား... ဒီလိုဖြစ်နေဖို့ တကယ်ပဲ လိုအပ်လို့လား..."
"ငါမင်းကို ပြောလိုက်မယ်... မနာလိုဖြစ်နေလည်း အလကားပဲ... ဒါက အဆင့်မြင့်ကားကွ... မင်းတစ်သက်လုံး ဝယ်နိုင်မှာ မဟုတ်တဲ့အရာပဲ... သိလား..."
"မင်းက ကားအကြောင်း ဘာမှနားမလည်ဘဲနဲ့ သရော်နေသေးတယ်... မင်းရဲ့ အဆင့်နိမ့် ယုံကြည်မှုတွေ ဘယ်ကနေ ရလာလဲဆိုတာ ငါမသိဘူး... မင်းကို ဘာကများ အရည်အချင်း ပြည့်မီစေတာလဲ... ငါမင်းကို ပြောလိုက်မယ်... အခုကစပြီး ငါတို့ EV ကားပိုင်ရှင်တွေကို တွေ့ရင် မင်းကားကို ခပ်ဝေးဝေးမှာ ရပ်ထားတာ ပိုကောင်းမယ်... မင်းရဲ့ အဆင့်နိမ့်ကားက ငါတို့ကားတွေနဲ့ ယှဉ်ရပ်ဖို့ မထိုက်တန်ဘူး... နားလည်လား..."
"မင်းက ခေါင်းမာနေရုံသက်သက်ပဲ... မင်းက ထိုက်ရှန်းစီးကရက်လိုမျိုး အပေါစားစီးကရက်ကိုပဲ ဝယ်နိုင်ပြီး ယွမ်ဆယ်တန်တောင် မပြည့်တဲ့ အားကောထို အရက်ကိုပဲ သောက်နိုင်မယ်ဆိုတာ ငါရဲရဲကြီး လောင်းရဲတယ်... မင်းက မနာလိုဖြစ်နေရုံသက်သက်ပဲ..." EV ကားပိုင်ရှင်က နီရဲနေသော မျက်နှာဖြင့် ပြောဆိုလိုက်ပြီး ဂျီကလပ်စ်အား မကြာခဏ လှမ်းကြည့်နေပေ၏။
အမှန်တကယ်တော့ သူသည် ထိုကားကို မိုက်သည်ဟု ထင်မြင်နေသော်လည်း သူ၏ကားမှာ ရုပ်ဆိုးကြောင်းကို ဝန်မခံလိုသဖြင့် ဆက်တိုက် နှိမ့်ချပြောဆိုနေခြင်းသာ ဖြစ်ပေသည်။
စုယွမ်သည် ထိုစကားများကြောင့် ရယ်မောသွားခဲ့လေ၏။ တတိယဦးလေး၏ မိသားစုနောက်ပိုင်းတွင် ဤမျှ စိတ်ဝင်စားစရာကောင်းသော လူမျိုးနှင့် လုံးဝ မကြုံတွေ့ခဲ့ရချေ။
"အစ်ကို... ခင်ဗျားဆီမှာ ကျွန်တော် မနာလိုစရာ ဘာရှိလို့လဲ... ကျွန်တော် မနာလိုဖြစ်လောက်အောင် ခင်ဗျားဆီမှာ ဘာများရှိနေလို့လဲ..." စုယွမ်က ပြုံး၍ ခေါင်းခါလိုက်ပြီးနောက် စောင့်ကြည့်နေသော လူအုပ်ကြီးကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒီက အစ်ကိုတို့... အားလုံးပဲ ကားအကြောင်းကို နားလည်ကြတယ် မဟုတ်လား..."
"ကျွန်တော့်ကို အမှန်အတိုင်း ပြောပြကြပါဦး... ကျွန်တော် သူ့ကို မနာလိုဖြစ်ဖို့ လိုအပ်လို့လား..." စုယွမ်က ပြောဆိုလိုက်၏။
ထိုနေရာတွင် ရှိနေသူအားလုံး ရယ်မောသွားကြလေသည်။ EV ကားပိုင်ရှင်၏ အသိဉာဏ်နည်းပါးသော စကားများကို ကြားလိုက်ရသဖြင့် သူတို့၏ ယခင်က ဆိုးရွားနေသော စိတ်ခံစားချက်များသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ဟားဟားဟား... ယွမ်နှစ်သန်းတန် G - wagon မောင်းတဲ့လူက ယွမ်လေးသိန်းတန်ကား မောင်းတဲ့လူကို မနာလိုဖြစ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး... အဓိကအချက်က အဲ့ဒီ ယွမ်လေးသိန်းတန်ကား မောင်းတဲ့လူက G - wagon ကိုတောင် မသိတာပဲ..."
"ဟားဟားဟား... ဟုတ်တယ်... မင်းက လျှပ်စစ်ကားရဲ့ စွမ်းဆောင်ရည်ကို G - wagon နဲ့ ယှဉ်နေတာလား... မင်းက နောက်နေတာလား..."
"ဒါက တကယ့်ကို ရယ်စရာပဲ... အခြေခံဗဟုသုတတောင် နည်းနည်းလေးမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး စကားပြောရဲကြတာလဲ... ဒါက နောက်ပြောင်နေတာပဲ..."
"အဲ့ဒီ သူဌေးကြီးရဲ့ G - wagon က မင်းကားထက် ဘယ်နေရာမှာ ညံ့နေလို့လဲ... မင်းက ရေတွင်းထဲက ဖားတစ်ကောင်ပဲ..."
လူတိုင်းက ဝင်ရောက်ပြောဆိုကြပြီး G - wagon၏ အချက်အလက်များနှင့် ဤကားကြားရှိ အဓိကကွာခြားချက်များကို ထောက်ပြလိုက်ကြရာ EV ကားပိုင်ရှင်သည် လုံးဝ ဆွံ့အသွားတော့၏။
အထူးသဖြင့် G - wagon ၏ ဈေးနှုန်းကို ကြားလိုက်ရချိန်တွင် သူသည် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ သူသည် မယုံကြည်နိုင်စွာဖြင့် ဖုန်းကို ဆွဲထုတ်လိုက်ပြီး အလွန်ယုံကြည်ရသော ကားဆော့ဖ်ဝဲလ်ဖြစ်သည့် တုံးချယ်ဝမ် တွင် G - wagon ၏ ဈေးနှုန်းနှင့် အချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်လေသည်။