မြစ်ရေလှိုင်းလုံးကြီး
Vol. 18 Ch. 176
မင်းသမီးကြီး၏ စံအိမ်တော်သည် အလွန်ပင် ခန့်ညားထည်ဝါပြီး တည်ဆောက်ပုံမှာ စိတ်ကူးစိတ်သန်း ပြောင်မြောက်လှသည်ဟု ဆိုရပေမည်။
ပတ်ပတ်လည်တွင် ကွေ့ကောက်နေသောစင်္ကြံလမ်းများ ဝန်းရံတည်ရှိပြီး ကြည်လင်သောရေကန်များက ကောင်းကင်ပြာကြီးကို ထင်ဟပ်နေစေခဲ့၏။ ပန်းပုလက်ရာလက်ရာမြောက် ပြတင်းပေါက်များဆီမှတစ်ဆင့် လှမ်းမျှော်ကြည့်လိုက်လျှင် အတွင်းအပြင် ရှုခင်းအားလုံးကို အတိုင်းသားမြင်တွေ့နိုင်သော်လည်း နွေးထွေးမွှေးပျံ့လှသော အတွင်းခန်းဆောင်များကိုမူ အပြင်ဘက်မှမမြင်ရနိုင်အောင် ကျွမ်းကျင်သော ဗိသုကာပညာဖြင့် ဖုံးကွယ်ထားခဲ့သည်။
ကွေ့ကောက်ရှည်လျားလှသော စင်္ကြံလမ်းများသည် မည်သည့်နေရာသို့ ဦးတည်နေမှန်းမသိရပါဘဲ အနီးကပ်စူးစမ်းကြည့်လျှင်ပင် တည်ဆောက်ပုံအပြည့်အစုံကို သိမြင်နိုင်ဖို့ ခက်ခဲပေသည်။
ဥယျာဉ်ထဲရှိ ရေကန်ဘောင်များတွင် လက်ဖက်ပင်များကို အစီအရီ ဝန်းရံစိုက်ပျိုးထားခဲ့သည်။
၎င်းတို့၏ အပေါ်ဘက်တွင်မူ ဆန်းကြယ်စွာထုဆစ်ထားသော လူလုပ်ကျောက်တောင်အတုကြီးများ အုပ်မိုးတည်ရှိနေပြီး အောက်ဘက်တွင်မူ မြူနှင်းများနှင့် နီမောင်းသောတိမ်တိုက်များ ဝန်းရံလျက်ရှိသည့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သန့်ရှင်းလှသော စိမ့်စမ်းရေများ တသွင်သွင်စီးဆင်းနေခဲ့သည်။
လေထုထဲတွင် သင်းပျံ့သောရနံ့တစ်ခု ပျံ့လွင့်နေပြီး လန်းဆန်းသစ်လွင်ပေသည့် လူကို မူးယစ်စွဲမက်စေသဖြင့် လှည့်မပြန်ချင်စရာ တဝဲလည်လည်ဖြစ်ချင်အောင် ဆွဲဆောင်နေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် လီနန်ခယ့်အပေါ် ဒေါသများတဟုန်းဟုန်းတောက်ကာ ရွံရှာမုန်းတီးလွန်းလှပြီဖြစ်သော မင်းသမီးကြီးသည် သူမ၏ ဝင်းခြံတံခါးကို တင်းကျပ်စွာပိတ်ထားခဲ့ကာ လူကို အထဲသို့ ခြေပင်ချခွင့်မပေးခဲ့ချေ။
သူ့ဘက်က နှုတ်ရေးကြွယ်စကားလုံးများဖြင့် မည်မျှပင် ဖျောင်းဖျပြောဆိုပြီး အကျိုးအကြောင်း အဆိုးအကောင်းများကို ရှည်လျားစွာရှင်းပြခဲ့သော်လည်း သူမကတော့ လူကိုမောင်းထုတ်ဖို့ လုံးဝတွန့်ဆုတ်နေခြင်းမရှိ။
ကံကောင်းထောက်မစွာဖြင့် အမွှေးတိုင်တစ်တိုင်ကုန်ဆုံးလုနီးပါး အချိန်အကြာတွင် မင်းသမီးကြီး၏ဒေါသများ ငြိမ်သက်သွားခဲ့သော်လည်း ဤလျှာအရိုးမရှိ စကားတတ်လွန်းသောလူအပေါ် သူမ၏ ရှိရင်းစွဲမုန်းတီးမှုမှာ ပို၍ပင် နက်ရှိုင်းပြင်းပြသွားရ၏။
သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် လက်ထဲရှိလက်ဖက်ရည်ခွက်ဖြင့် လီနန်ခယ့်၏မျက်နှာကို လှမ်းပက်ပစ်လိုက်သည်။
"ဟိုသွေးမိစ္ဆာကိုလည်း မင်းတို့အခုထိရှာမတွေ့သေးဘူးလား"
ပိုင်ရူယွဲ့က ခါးကိုမတ်နေအောင်ထိုင်လိုက်ပြီး သူမပြန်လည်ကူးယူရေးဆွဲထားသော မြေနေရာပန်းချီပုံကိုကြည့်ရင်း အေးတိအေးစက်အသံဖြင့် မေးသည်။
ပူပြင်းလွန်းသော ရာသီဥတုကြောင့် ချွေးအထွက်လွန်နေ၍ပေလားမသိ၊ ထိုအမျိုးသမီး၏ နုနယ်လှသော နဖူးပြင်ပေါ်တွင် မွှေးပျံ့သောချွေးစေးလေးများ စိုစွတ်နေဆဲဖြစ်ပြီး ဆံနွယ်ပျော့အချို့မှာ သူမ၏ ဖြူဖွေးလှပသော မျက်နှာပေါ်တွင် ကပ်ငြိနေခဲ့ရာ တော်ဝင်ဆန်၍ မြင့်မြတ်သောအသွင်တွင် ဆွဲဆောင်မှုရှိသော အလှတရားတစ်မျိုးကို ပိုမိုတိုးပွားစေခဲ့၏။
"သိပ်မကြာခင် တွေ့တော့မှာပါ"
လီနန်ခယ့်က မျက်နှာတစ်ပြင်လုံးစိုရွှဲသွားသော လက်ဖက်ရည်များကို အင်္ကျီလက်စဖြင့်သပ်ချလိုက်သည်။ ပါးစပ်အတွင်းနှင့် နှုတ်ခမ်းမှာတော့ အကျိုးသက်ရောက်မှုတစ်စုံတစ်ရာကြောင့် ထုံထိုင်းယောင်ကိုင်းဆဲ။
"လိန်ရှင်းနန်က အဲ့လောက်တောင် အရည်အချင်းမရှိတာလား"
အမျိုးသမီးမှာ စကားစမြည်အကြောင်းအရာကို အမှုကိစ္စဘက်သို့ အတင်းအကျပ်ရွှေ့ပြောင်းချင်နေခြင်းဖြစ်ကြောင်း သိသာလှပေသည်။
လီနန်ခယ့် မျက်မှောင်ကြုတ်လိုက်သည်။
"ပထမ၊ ဒီမိစ္ဆာက မထင်ထားတဲ့အချိန်တွေမှ ပေါ်ချင်သလိုပေါ်လာတတ်တယ်၊ နောက်ပြီး မင်းသမီး.. အဲ ယွဲ့အာလည်း သူ့စွမ်းအားကို မျက်မြင်တွေ့ခဲ့ရတာပဲမဟုတ်လား။ အစ်မလိန်က အဲ့လောက်အစွမ်းထက်နေရအောင် နတ်ဘုရားလည်းမဟုတ်ဘူးလေ။ ဒီလိုကောင်ကို ချက်ချင်းလက်ငင်းရှာတွေ့ဖို့ထိတော့ ဘယ်စွမ်းဆောင်နိုင်မလဲ။"
"ရှင်တို့ ဘာသဲလွန်စတွေ တွေ့ထားကြသေးလဲ"
ပိုင်ရူယွဲ့က လေသံပြတ်ဖြင့်မေးသည်။
လီနန်ခယ့်က ဘာတစ်ခုကိုမှဖုံးကွယ်မထားဘဲ လွန်ခဲ့သောနှစ်ရက်က သူတို့စုံစမ်းရှာဖွေတွေ့ရှိခဲ့သော အချက်အလက်များ သဲလွန်စများကို အသေးစိတ်တင်ပြရင်း ယွမ်ဝမ်ချန်နှင့် ကျန်းမင်တို့ကြားက ပုံမှန်မဟုတ်သောအခြေအနေများကိုပါ ပြောပြလိုက်သည်။
"ဒီတော့ သူတို့ကြား အတွင်းရေးတွေရှိနေသေးတာပေါ့"
ပိုင်ရူယွဲ့က ရှည်လျားနက်မှောင်သော ဆံကေသာများကို လက်ဖြင့်စုစည်းကာ ရင်ဘတ်ရှေ့ချလိုက်သည်။ ဆွဲငင်မှုတချို့ ကိန်းအောင်းကျန်ရစ်နေသေးသော သူမ၏မျက်လုံးများမှာ မသိမသာ အရည်လဲ့တောက်ပနေဆဲဖြစ်၏။
"အဲ့ဒီကျန်းမင်က စိတ်ဝင်စားစရာတော့ကောင်းတယ်၊ စီနီယာအစ်ကိုအပေါ်ကိုလည်း ခံစားချက်တွေရှိနေပြီး ကလေးဘဝကသတိုးသားလောင်းကိုလည်း သံယောဇဥ်မပြတ်နိုင်သေးဘူးပေါ့နော်"
"ဒီကိစ္စက တကယ်ကို ရှုပ်ထွေးလွန်းပါတယ်"
လီနန်ခယ့်က ဆိုလိုက်သည်။
"အဲ့မိန်းကလေးက စီနီယာအစ်ကိုယွမ်ဝမ်ချန်အပေါ်မှာ လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့ နက်ရှိုင်းတဲ့ခံစားချက်တွေရှိနေတာ ရှင်းနေပေမဲ့ မုန့်ချင်ကိုလည်း အလားတူဂရုစိုက်ပေးနေခဲ့တာပါ။ မုန့်ချင်အတွက်နဲ့ သူ့ကိုစောင့်ရှောက်တွဲခေါ်ပေးခဲ့တဲ့ စီနီယာအစ်ကိုကို သတ်ပစ်ဖို့စိတ်ကူးမိတဲ့အထိပါပဲ"
"စီနီယာအစ်ကိုကို သတ်ဖို့ထိကြိုးစားခဲ့တာလား၊ ရှင့်မျက်လုံးနဲ့မြင်ခဲ့ရလို့ တပ်အပ်ပြောနိုင်တာလား"
ပိုင်ရူယွဲ့မှာ အံ့သြတကြီးဖြစ်သွားရသည်။
လီနန်ခယ့်အတွေးထဲ အချိန်ရပ်တန့်သွားစဥ်က မြင်ခဲ့ရသော မြင်ကွင်းတစ်ခု ဖျတ်ခနဲပေါ်လာပြီး သူထပ်ပြောလိုက်သည်။
"ကျွန်တော် သူ့မျက်လုံးတွေထဲက လူသတ်ချင်လောက်တဲ့ရက်စက်မှုကို သေချာမြင်ခဲ့ရပါတယ်။ ကြမ်းတမ်းရက်စက်လှတယ်ဆိုပေမဲ့ တွန့်ဆုတ်မှုတစ်ချို့တစ်ဝက်ပါနေတာကိုလည်း မြင်ရနိုင်ပါတယ်။ သေချာတာကတော့ ယွမ်ဝမ်ချန်ကိုသတ်ဖို့အကြံအစည် ရှိနေတာပါပဲဂ
"ထူးဆန်းတာပဲ"
ပိုင်ရူယွဲ့က စိတ်မြန်လက်မြန်ဖြင့် ထရပ်ဖို့ပြင်သော်လည်း တစ်စုံတစ်ခုကိုသတိရသွားဟန်ရှိကာ မျက်နှာနီနီဖြင့် ပြန်ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်လျက်သားဆိုလေသည်။
"ဒီယွမ်ဝမ်ချန်က ကျန်းမင်နဲ့မုန့်ချင်တို့ကို ခွဲခွာစေခဲ့တဲ့ အဓိကအကြောင်းရင်းများ ဖြစ်နေခဲ့လို့လား။ ဥပမာအားဖြင့် သူတို့တွေ ဂိုဏ်းထဲမှာရှိနေတုန်းက ယွမ်ဝမ်ချန်က မိန်းကလေးအပေါ် အာဏာသုံး အခွင့်ကောင်းယူခဲ့ပြီး စေ့စပ်ကြောင်းလမ်းမှုကို အတင်းအကျပ် ဖျက်သိမ်းခိုင်းခဲ့တာမျိုးပေါ့။"
"မိန်းကလေးတစ်ယောက်မှာ အရှက်သိက္ခာက အရေးကြီးဆုံးပဲ။ ဒီအချက်နဲ့သာ အကျပ်ကိုင်ခဲ့ရင် သူလည်း ထပ်ငြင်းရဲစရာမရှိဘဲ ယွမ်ဝမ်ချန့်နောက်လိုက်ဖို့ပဲရှိတော့မှာ။ တစ်ဖက်မှာ မုန့်ချင်ကိုလည်းလက်မလွှတ်နိုင်တာကြောင့် နောက်ကွယ်ကနေ တိတ်တိတ်လေးကူညီပေးဖို့ပဲ ရှိတော့တာပဲ"
အင်း ဒီလိုလည်းဖြစ်နိုင်တာပဲ။
ပိုင်ရူယွဲ့၏ ခွဲခြမ်းစိတ်ဖြာမှုအပြီး လီနန်ခယ့်၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။
အတွင်းကျကျမသိရသေးသော်လည်း ဤခန့်မှန်းချက်မှာ အတော်ကို ကျိုးကြောင်းဆီလျော်လှသည်ပင်။
သို့သော် အချိန်တစ်ခုမျှ သေချာတွေးတောကြည့်ပြီးနောက် လီနန်ခယ့်က ခေါင်းကိုယမ်းခါလိုက်ပြီး ဆို၏။
"ယွမ်ဝမ်ချန်က အဲ့လိုမဟုတ်တာလုပ်မယ့်လူမျိုးတော့ မဖြစ်နိုင်ဘူး။ ရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခုမှာ ပါဝင်ပက်သက်ခဲ့မိပြီး နှစ်ယောက်လုံးရုန်းမထွက်နိုင်ခဲ့တာမျိုး ဆိုရင်ရော"
ထိုသုံးဦး၏ ရှုပ်ထွေးလှသောဆက်ဆံရေးကို ပြန်လည်စဥ်းစားမိသောအခါ သူ့ခန့်မှန်းချက်မှာ အတော်လေးဖြစ်နိုင်သလို ခံစားလိုက်မိသည်။
ဂိုဏ်းမောင်နှမများအဖြစ်နေထိုင်ရင်း မတော်တဆတစ်ခုခုကြောင့် သူတို့ ဆက်ဆံရေးတစ်ခုကို အလိုမပါစွာတည်ဆောက်မိခဲ့ရာမှ ကျန်းမင်တစ်ယောက် ငယ်ဘဝကတိကဝတ်ကို တွန့်ဆုတ်စွာချိုးဖျက်ခဲ့ရခြင်းပေများလား။
နောက်တော့ ယွမ်ဝမ်ချန်ကို အားကိုးချစ်ဖြင့်ချစ်မိခဲ့ရာမှာ ကံကြမ္မာစီမံရာကိုလက်ခံကာ ချစ်သူသစ်နောက် မခွဲတမ်းလိုက်ပါခဲ့ခြင်းသာ ဆိုပါစို့။
ယခု အချစ်ဟောင်းဖြစ်သူ မုန့်ချင်တစ်ယောက် အကျပ်အတည်းတွေ့ရရှာသောအခါ သူမမှာ မတတ်သာစွာ ကြားညပ်နေရသောအခြေအနေတွင် အနာကျင်ရဆုံးနစ်နာသူသာ ဖြစ်ပေမည်။
အချစ်ခဲ့ရဆုံးသော သံယောဇဥ်အတွယ်ရဆုံးသော ချစ်သူဟောင်းနှင့် သူမနှင့် ထိမ်းမြားလက်ထပ်ဖို့ပင် စီစဥ်သတ်မှတ်ထားခဲ့ပြီးသော စီနီယာအစ်ကိုဖြစ်သူ။
သံယောဇဥ်ဟောင်းကို သဝန်တိုစိတ်ဖြင့် သည်းမခံနိုင်တော့သော ယွမ်ဝမ်ချန်က နှလုံးသားအလိုကိုလိုက်ကာ မုန့်ချင်အား သတ်ဖြတ်လိုက်သောအခါ ကျန်းမင်၏နှလုံးသားမှာလည်း အချစ်တို့ကုန်ဆုံး အေးစက်သွားခဲ့ရပြီး ယွမ်ဝမ်ချန်ကို သူမလက်ဖြင့်သတ်ပစ်ရန် စတင်စိတ်ကူးမိခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ကျန်ရှိနေသေးသော သံယောဇဉ်များကြောင့် တုံ့ဆိုင်းတွေဝေနေခဲ့ခြင်း ဖြစ်ပေမည်။
"ဒါဆိုရင် အဲ့မိန်းကလေး ခေါင်းတလားသွားမှာရတဲ့ ရည်ရွယ်ချက်ကရော ဘာများဖြစ်မလဲ"
လီနန်ခယ့် တိုးတိုးရေရွတ်မိသည်။
မင်းသမီးကြီးက သူမ၏ ကိုယ်ပိုင်ထင်မြင်ချက်ကို အကြံပြုလာသည်။
"ဒီခေါင်းတလားက မိစ္ဆာမုန့်ချင်အတွက် မဟုတ်ဘဲ ယွမ်ဝမ်ချန်နဲ့ သူကိုယ်တိုင်အတွက်များ ဖြစ်နေမလား။ ယွမ်ဝမ်ချန်ကိုသတ်ရင်း သူ့ကိုယ်သူပါ အဆုံးစီရင်ပြီး ဒီကံဆိုးမိုးမှောင်ကျလွန်းတဲ့ ဆက်ဆံရေးကြီးကို အဆုံးသတ်ပစ်ချင်တာမျိုး ဖြစ်နိုင်တယ်"
ယွမ်ဝမ်ချန်နဲ့ သူကိုယ်တိုင်အတွက်လား။
လီနန်ခယ့်မှာ ထိုဖြစ်နိုင်ချေကို လုံးဝမစဥ်းစားခဲ့မိဖူးသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေရသည်။
မိစ္ဆာသေဆုံးသွားသည်နှင့်တစ်ပြိုင်နက် မုန့်ချင်သည်လည်း ဤကမ္ဘာမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ စိတ်နှလုံးကြေကွဲနာကျင်စွာ ကျန်ရစ်ခဲ့ရမည်ဖြစ်သော သူမသည် ယွမ်ဝမ်ချန်နှင့်အတူသေဆုံးရန် ရွေးချယ်လိုက်ခြင်းဖြင့် သူမ၏ရင်ထဲမှ နှလုံးသားဝေဒနာများနှင့် နာကျင်မှုများကို အဆုံးသတ်ရန်ကြိုးစားခြင်း ဖြစ်ပေလိမ့်မည်။
လုံးဝကို ဇာတ်လမ်းအချိတ်အဆက်မိလှသော ခန့်မှန်းချက်တစ်ခုပင်။
"နောက်ဆုံးကျန်တဲ့ မေးခွန်းတစ်ခုကတော့ ကျန်းမင်တစ်ယောက် ချောက်နက်ထဲကမုန့်ချင်ရဲ့ခန္ဓာကိုယ်ကို သွားစစ်ဆေးနေတဲ့အချိန် ယွမ်ဝမ်ချန်တစ်ယောက် ဘယ်ရောက်နေလဲဆိုတာပဲ"
လီနန်ခယ့်က နောက်ဆုံးသောရှုပ်ထွေးမှုကြီးကို ချပြလိုက်သည်။
မင်းသမီးကြီးသည် ထိုမေးခွန်း၏အဖြေကို အခိုက်အတန့်မျှတော့ မတွေးတတ်ဟန်ရှိ၏။ ထို့နောက် အမျိုးသား၏အင်္ကျီထက် စွန်းထင်ကျန်ရစ်သော လက်ဖက်ရည်များကိုကြည့်ရင်း တည်တင်းသောမျက်နှာထားဖြင့် ဆို၏။
"ဒီကိစ္စကို ကျွန်မကူစဥ်းစားပေးမှာမလို့ ရှင်အခုတော့ ပြန်လိုက်ပါတော့"
"ဟုတ်ပါပြီ"
လီနန်ခယ့် ခေါင်းညိတ်ကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။
ထို့နောက် ခြံဝင်းအပြင်သို့ရောက်မှ တစ်ချိန်လုံးထိန်းချုပ်ထားခဲ့သောစကားကို အားရပါးရထုတ်ပြောမိ၏။
"နွေဦးမိုးက တိတ်ဆိတ်သိမ်မွေ့စွာနဲ့ ကျရောက်လာတတ်ပေမယ့် ဒီမိုးကတော့ ဆည်ဘောင်ပြိုလို့ အလုံးအရင်းထွက်ကျလာတဲ့ မြစ်ရေလှိုင်းကြီးအတိုင်းပဲ။ ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ"