အရာအားလုံး နောက်ကျသွားခဲ့လေပြီ။
Vol. 18 Ch. 177
ညကင်းလှည့်တပ်ဖွဲ့ဌာနသို့ ပြန်ရောက်သောအခါ ယုန်မလေးသည် နောက်ယောင်ခံလိုက်ရာမှ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။
လီနန်ခယ်၏ ရေများကွက်ကြားစိုနေသော အဝတ်အစားများကိုမြင်တော့ မိန်းကလေးငယ်လေးက စပ်စပ်စုစုမေးလာသည်။
"ရှင် ရေများသွားကူးခဲ့တာလား"
လီနန်ခယ့်က သူ့ခေါင်းထဲရှိနေသည့်အတိုင်းသာ ပြနဖြေလိုက်သည်။
"နွေဦးပန်းပွင့်တွေအလယ်က ပင်လယ်ရေလှိုင်းလုံးကြီးနဲ့ တွေ့ခဲ့ရတာ"
"အခြေအနေဘယ်လိုရှိလဲ၊ ကျန်းမင်နောက်လိုက်ရင်း တစ်ခုခုသိခဲ့ရတာရှိသေးလား"
လီနန်ခယ့်က သူမ၏ရေဇလုံကိုငှားကာ မျက်နှာကို ဂရုတစိုက်ဆေးကြောသန့်စင်နေသည်။
ယုန်မလေးမုန့်သည် မုန်လာဥနီတစ်ချောင်းကိုက်လျက် သူမ၏မျက်နှာသုတ်ပုဝါကို လှမ်းပစ်ပေးရင်း ဆိုလိုက်သည်။
"ဘာထူးခြားမှုမှတော့ မရှိပါဘူး။ အဲဒီအမျိုးသမီးက ညကင်းလှည့်တပ်ဖွဲ့ဌာနထဲပြန်ရောက်ပြီး အခန်းထဲကို တန်းတန်းမတ်မတ်ပြန်သွားပြီးကတည်းက အပြင်ကို ပြန်မထွက်လာတော့ဘူး"
"ငါတို့ခန့်မှန်းချက်များ မှန်နေနိုင်မလား"
လီနန်ခယ့် တွေးတောလိုက်သည်။
"ယွမ်ဝမ်ချန်ပြန်ရောက်တဲ့အခါ သူ့ကို နောက်တစ်ခေါက် သေချာစစ်ဆေးမေးမြန်းရဦးမယ်"
မိုးချုပ်ခါနီးအချိန်တွင် လိန်ရှင်းနန်နှင့် အခြားအဖွဲ့သားများ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး လီနန်ခယ့်တို့ကို အံ့အားသင့်စေမည့် သတင်းသစ်အား သယ်ဆောင်လာခဲ့ကြ၏။
"အဲ့တော့ ပြောချင်တာက မိစ္ဆာမုန့်ချင်ရဲ့သဲလွန်စတွေကို တကယ်နောက်ယောင်ခံနိုင်ခဲ့တာလား"
လီနန်ခယ့်က တအံ့တသြမေးလေသည်။
မူလက ကျန်းမင်အား ပျာယာခတ်စေရန် သူတို့ဇာတ်တိုက်ထားခဲ့သော အစီအစဥ်အတိုင်းလုပ်ခြင်းဟုသာ ထင်မှတ်ထားသော်ငြား ယခုတော့ ထိုအဖွဲ့မှာ သဲလွန်စကို တကယ်ရှာတွေ့ခဲ့သည်တဲ့လေ။
လိန်ရှင်းနန်က ခေါင်းဆတ်ပြသည်။
"တကယ်လည်း တိုက်တိုက်ဆိုင်ဆိုင်တွေ့သွားခဲ့တာ။ မွန်းလွဲပိုင်း ရှန်နာရီ (ညနေ ၃နာရီမှ ၅နာရီအတွင်း) အစပိုင်းလောက်မှာ ကျွန်မတို့တပ်ဆင်ထားတဲ့ စွမ်းအားအာရုံခံမှော်လက်နက်က ရုတ်တရက် အချက်ပြသံမြည်လာခဲ့တာ။ ကျွန်မတို့လည်း သူပြတဲ့နေရာဆီ တောက်လျှောက်လိုက်သွားလိုက်တော့ စွန့်ပစ်ထားတဲ့ သက်ငယ်တဲအိမ်တစ်လုံးရဲ့အနားမှာ မိစ္ဆာတစ်ကောင်ရှိနေခဲ့တဲ့သဲလွန်စတွေကို တွေ့လိုက်ရတာပဲ"
"သူ့ကိုတော့ အကောင်လိုက်မတွေ့လိုက်ရပေမဲ့ ကျန်ရှိနေတဲ့သဲလွန်စတွေအပေါ် မူတည်ပြီး ဖြစ်နိုင်ချေအရှိဆုံး နယ်မြေအပိုင်းအခြားကို သတ်မှတ်ပြီး ထောင်ချောက်တွေဆင်ထားခဲ့ပြီးပြီ။"
"အဲ့နေရာတစ်ဝိုက်စောင့်ကြည့်ဖို့ လူတွေလည်းထားခဲ့လိုက်တယ်။ နောက်ပိုင်းကျတော့ ရှာဖွေရေးနယ်မြေကို ဖြည်းဖြည်းချင်းချုံ့ပြီး ပိုက်စိပ်တိုက်ရှာလို့ရတာပေါ့။ ဒီလိုဆို အဲ့မိစ္ဆာကို တစ်ရက်အတွင်းတောင် ရအောင်ရှာနိုင်လောက်တယ်"
"သက်ငယ်တဲအိမ်နားမှာတွေ့ခဲ့တာလား။ အဲ့ထဲမှာပုန်းနေတာများလား" လီနန်ခယ့်မေးလိုက်သည်။
လိန်ရှင်းနန်ကဆိုသည်။
"အဲ့သက်ငယ်တဲက စွန့်ပစ်ခံအိမ်ပျက်လေးပဲ၊ ကျွန်မတို့ အထဲကိုဝင်ရှာခဲ့သေးတယ်။ မိစ္ဆာဝင်ပုန်းထားတဲ့သဲလွန်စမျိုးတော့ မတွေ့ခဲ့ရဘူးရယ်"
"ဒါဆို အဲ့သက်ငယ်တဲနားမှာ သူကဘာလုပ်နေရတာလဲ"
"ကျွန်မလည်းမသေချာဘူးရယ်"
လိန်ရှင်းနန်က ခေါင်းယမ်းပြလိုက်သည်။
"ဒါပေမဲ့ မိစ္ဆာရှာတဲ့လမ်းမှာ သဲလွန်စတွေ့တာက သတင်းကောင်းပဲ၊ ဒီမိစ္ဆာမုန့်ချင်ကို ကျွန်မတို့ရအောင်ဖမ်းနိုင်ရင် တခြားအမှုကိစ္စတွေကို ဦးစားပေးစုံစမ်းလို့ရပြီ"
လီနန်ခယ့်က အတွေးများနေဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။
ကျိုးကြောင်းဆက်စပ်စဥ်းစားကြည့်လိုက်ရင် လက်ရှိအချိန် မိစ္ဆာမုန့်ချင်၏ အဓိကလုပ်ရမည့်တာဝန်မှာ ရထားသောဒဏ်ရာများကို ပျောက်ကင်းအောင်ကုစားကာ မိစ္ဆာခန္ဓာကူးပြောင်းခြင်း နောက်ဆုံးအဆင့်ကို ပြီးမြောက်အောင်ပြုလုပ်ဖို့ပင်။ ထို့ကြောင့် ဝေးဝေးလံလံတော့ ပြေးလို့မရနိုင်သေး။
ဒီလူ ဒါတောင် ဘာဖြစ်လို့ အပြင်ထွက်ပြီးစွန့်စားနေရတာလဲ။
မင်းသမီးရှန်းယွမ် တစ်ခါပြောခဲ့ဖူးသလိုဆိုလျှင် နောက်ဆုံးအဆင့်ကို ကူးပြောင်းပြီးမြောက်ခြင်းမရှိသေးသော လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းအခြေအနေတွင် အသိစိတ် တစ်ပိုင်းတစ်စတော့ ကျန်ရှိနေတတ်သည်ပင်။
ထိုသက်ငယ်တဲအိမ်ဆီ သွားရောက်ခြင်းမှာ သူ၏ကျန်ရှိနေသော အသိစိတ်တစ်ပိုင်းတစ်စက လမ်းညွှန်ခိုင်းစေခဲ့ခြင်းပေလော။
သူ ဘာကိုများလိုက်ရှာနေခဲ့တာလဲ။
...
အခြားအခန်းတစ်ခုတွင်။
ယွမ်ဝမ်ချန်သည် ယနေ့မှုခင်းလိုက်ရာတွင် ရှာတွေ့ခဲ့သော မိစ္ဆာမုန့်ချင်၏သဲလွန်စများကြောင့် သူ၏စီနီယာညီမလေးဖြစ်သူ ကျန်းမင်အား ပြန်လည်ပြောပြနေခဲ့၏။
'သက်ငယ်တဲအိမ်' ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ကျန်းမင်၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ရသည်။ သူမသည် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်သွားရသည့်အလား လက်သီးနှစ်ဖက်ကို မသိမသာ တင်းတင်းဆုပ်လိုက်မိသည်။
ထိုတဲအိမ်အနီးတဝိုက် မည်သည့်အရာမျှရှာမတွေ့ခဲ့ဟု ကြားလိုက်ရသောအခါမှသာ ကျန်းမင်သည် သက်ပြင်းချနိုင်ခဲ့တော့၏။
"စီနီယာအစ်ကို၊ အစ်ကိုက တကယ်ပဲ မုန့်ချင်ကိုသေစေချင်တာလား"
ထိုအမျိုးသား၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားတက်ကြွနေသော အမူအရာကိုကြည့်ရင်း ကျန်းမင်သည် မည်သည့်ဝမ်းမြောက်မှုမျှ မပြသနိုင်စွာ မသာမယာအသံဖြင့် ခပ်တိုးတိုးမေးလိုက်သည်။
ယွမ်ဝမ်ချန်၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ရပြီး ဘာစကားမှဆိုမလာခဲ့တော့။
"အစ်ကိုက ညီမကိုကာကွယ်ချင်လို့ဆိုတာ ညီမသိပါတယ်"
ကျန်းမင်သည် ထိုအမျိုးသား၏လက်ကို တယုတယဆုပ်ကိုင်လိုက်ပြီး မျက်ရည်များပြည့်လျှံနေသော မျက်ဝန်းအစုံဖြင့် ဆိုလေသည်။
"စီနီယာအစ်ကို ညီမအစ်ကို့ကို တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး မုန့်ချင်နောက်ကို ထပ်မလိုက်ပါနဲ့တော့လား၊ မတန်ပါဘူး"
"မင်းဘာဖြစ်လို့ အခုထိ နားမလည်နိုင်ရသေးတာလဲ"
ယွမ်ဝမ်ချန်သည် ထိုအမျိုးသမီး၏လက်ကို ဆတ်ခနဲခါထုတ်ပစ်လိုက်ပြီး နီမြန်းနေသောမျက်နှာဖြင့် အကြည့်လွှဲလျက် ဆိုသည်။
"ငါဝန်ခံပါတယ်၊ အစကတော့ ငါသူ့ကို အငြှိုးကြောင့်သတ်ချင်ခဲ့တာ အမှန်ပဲ၊ ပြီးတော့ အဲဒီအချိန်တုန်းကလည်း သူ့ကို သေတွင်းဆီပဲ တိုက်ရိုက်ပို့လိုက်ချင်တာ။ ဒါပေမဲ့ အခုသူက ငါ့ရဲ့ညံ့ဖျင်းမှုကြောင့် မိစ္ဆာအဖြစ် ဘဝပြောင်းသွားပြီလေ"
"မိစ္ဆာကောင်ဆိုတဲ့ စကားလုံးကို မင်းနားလည်လား၊ အသိစိတ်ကင်းလွှတ်ပြီး တွေ့ကရာလူကို အသက်အန္တရာယ်ပြုမယ့် မိစ္ဆာကောင်ကြီးဖြစ်သွားပြီ။ ဒါတွေအားလုံး ငါ့အမှားတွေပဲ။ ငါဖန်တီးခဲ့တဲ့အန္တရာယ်ကို ငါကိုယ်တိုင်ပဲ ဖျောက်ဖျက်ပစ်ရမယ်"
"ဒါက ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ငါ့ရဲ့ ဘဝပေးတာဝန်ပဲ။"
"ဟိုးအစကတည်းက ငါညကင်းလှည့်တပ်ဖွဲ့ထဲကို ဘာအတွက်ဝင်ခဲ့ရတာလဲ၊ အဲဒီ မိုးနီရေကဖြစ်တည်လာတဲ့ မကောင်းဆိုးဝါးမိစ္ဆာကောင်တွေ ဒီကမ္ဘာပေါ်ကနေ လုံးဝဥဿုံပျောက်ကွယ်သွားစေဖို့ မျှော်လင့်ချက်နဲ့ မဟုတ်ဘူးလား၊ ဒါမှ နောက်ထပ်အပြစ်မဲ့တဲ့လူတွေ အသက်မပေးရတော့မှာ"
"ငါမိစ္ဆာကောင်တွေကို မုန်းတယ်ဆိုတာ မင်းသိပါတယ်။ ဂျူနီယာညီလေးချင်တစ်ယောက် ငါတို့ကိုကယ်တင်ဖို့အတွက် မိစ္ဆာတစ်ကောင်ရဲ့လက်ထဲမှာ မရှုမလှအသက်ဆုံးခဲ့ရတာကို မင်းမေ့သွားပြီလား။"
"လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ငါတို့တွေကိုင်တွယ်ခဲ့ရတဲ့ မိုးနီအမှုတိုင်းမှာ အပြစ်မဲ့တဲ့သားကောင်တွေကို မင်းမမြင်ခဲ့ဘူးလား။ ငါနောက်ဆုံးမှာ ဘယ်လိုပြစ်ဒဏ်မျိုးပဲ ကျခံရပါစေ၊ အဲ့ဒီမိစ္ဆာကောင်ကိုတော့ ငါ့လက်နဲ့သတ်မှဖြစ်မယ်"
"ဒါပေမဲ့ အစ်ကိုကဘာလို့ အစ်ကိုကိုယ်တိုင်အတွက်ကျ ထည့်မစဉ်းစားရတာလဲ"
ကျန်းမင်က သည်းမခံနိုင်စွာ အော်ဟစ်လိုက်ပြီး မျက်ရည်များစီးကျကာ ရှိုက်သံများရောကာ ဆို့နင့်နေသောအသံဖြင့် ဆို၏။
"တကယ်ပဲတန်လို့လား၊ အစ်ကို ဒီလောက်အထိ အများကြီးစတေးခံခဲ့လို့ရော လူဘယ်နှစ်ယောက်က အစ်ကို့ကို သတိတရကျေးဇူးတင်နေမှာလဲ။ လူဘယ်နှစ်ယောက်က အစ်ကို့ကို သူတို့ရဲ့ နှလုံးသားထဲမှာ တကယ်မှတ်သားပေးထားမှာလဲ၊ ပြီးတော့ အထက်အရာရှိ ဘယ်နှယောက်က အစ်ကို့ကြိုးစားမှုတွေကို တန်ဖိုးထားပေးမှာလဲ"
"ငါ အဲဒါတွေကိုဂရုမစိုက်ဘူး"
"ဒါပေမဲ့ ညီမ ဂရုစိုက်တယ်"
ယွမ်ဝမ်ချန်သည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်မူ တိတ်ဆိတ်သွားခဲ့ရသည်။
ကျန်းမင်သည် ရုတ်တရက် အရှေ့သို့တိုးကပ်သွားပြီး ထိုအမျိုးသားကို ဖက်ထားလိုက်သည်။
"စီနီယာအစ်ကို ဘယ်မိစ္ဆာကောင်နောက်ကိုမှ ထပ်မလိုက်ပါနဲ့တော့။ ညီမ အစ်ကို့ကို အတည်တကျလက်ထပ်ချင်တယ်၊ ဖြစ်နိုင်ရင် အခုချက်ချင်းလက်ထပ်ချင်တာ။ ညီမတို့ ဒီညပဲ လက်ထပ်လိုက်ကြရအောင်၊ ပြီးတော့ တခြားဘာတာဝန်ဝတ္တရားတွေမှ ထည့်မတွေးပါနဲ့တော့"
ယွမ်ဝမ်ချန်သည် မှင်တက်သွားခဲ့မိ၏။
ဤသည်မှာ ညီမလေးကျန်းမင် သူမ၏အချစ်ကို သူ့ရှေ့တွင် ပထမဆုံးအကြိမ် ရဲရဲဝံ့ဝံ့ ချပြဝန်ခံခြင်းဖြစ်သည်။
ဒါပေမဲ့ ဘာကြောင့် ရုတ်တရတ်ကြီး အချစ်တွေဝန်ခံနေရတာလဲ။ ဘာကြောင့် အခုအချိန်မှလဲ။
ယွမ်ဝမ်ချန်သည် အနည်းငယ်လမ်းပျောက်သွားသလို ခံစားလိုက်ရမိသည်။
သူသည် မျက်လုံးများကိုမှေးမှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းသည်။ ထို့နောက် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ရင်း ပြတ်သားစွာဆိုလိုက်သည်။
"မင်းငါ့ကို ဇွတ်အတင်းတားနေဖို့ မလိုပါဘူး။ မနက်ဖြန်ကျရင် ငါတို့တွေ မိစ္ဆာမုန့်ချင်ရဲ့ကို နောက်ယောင်ခံလိုက်ပြီး ငါ့လက်နဲ့သူ့ကိုသတ်ပစ်တော့မှာ။ နောင်ရေးအတွက် ဘာပြဿနာကိုမှ အမြစ်ချန်ထားခဲ့မှာမဟုတ်ဘူး"
သူ့ကို မျက်ရည်လည်ရွှဲဖြင့် နောက်မှဖက်ထားသော ကျန်းမင်ကို ဘေးသို့ အသာတွန်းဖယ်လိုက်ပြီး မျက်နှာချင်းဆိုင်လှည့်ကြည့်ကာ ဆိုသည်။
"ဒါတွေအားလုံး အဆုံးသတ်ပြီးရင် အစ်ကိုမင်းကိုလက်ထပ်ပါ့မယ်။ အစ်ကို့စိတ်ကို မင်းနားလည်ပေးနိုင်ဖို့မျှော်လင့်တယ်"
ယွမ်ဝမ်ချန်သည် ထိုသို့ပြောပြီးနောက် တံခါးဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့၏။
ကျန်းမင်သည် ထိုအမျိုးသား၏ ကျောခိုင်းထွက်ခွာသွားသောပုံရိပ်ကို ငေးကြည့်ကျန်ရစ်ရင်း သူမ၏ နာကျင်စိုစွတ်နေသော မျက်ဝန်းများတွင် နာကျင်မှုများနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေခဲ့၏။
ထို့နောက် ဓားမြှောင်တစ်ချောင်းကို ဖြည်းညင်းစွာ ဆွဲထုတ်ယူလိုက်သည်။
သို့သော် နောက်ဆုံးတွင်မူ သူမသည် လက်တွေ့တိုက်ခိုက်ခြင်းမပြုခဲ့။ ထွက်ခွာသွားသောသူကိုသာ တမြေ့မြေ့ငေးကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး တိုးဖွစွာ ရေရွတ်လိုက်မိ၏။
"စီနီယာအစ်ကိုရယ် အခုမှတော့ အရာအားလုံးနောက်ကျသွားခဲ့ပါပြီ"