← Chapters

မိုးနီကမ္ဘာထဲက ဇနီးသည်နှစ်ယောက်

Vol. 18 Ch. 178

မိုးနီကမ္ဘာထဲက ဇနီးသည်နှစ်ယောက်

Vol. 18 Ch. 178

ယွမ်ဝမ်ချန်နှင့် စကားပြောရန် မူလကစီစဉ်ထားသော်လည်း တစ်ဖက်လူက အခန်းတံခါးကို တင်းနေအောင်စေ့ပိတ်ထားပြီး အပြင်သို့ထွက်လာရန် ဆက်တိုက်ငြင်းဆန်နေခဲ့သဖြင့် လီနန်ခယ့်သည် အိမ်ပြန်ရန်သာ ရွေးချယ်လိုက်ရတော့၏။

မနက်ဖြန် လိန်ရှင်းနန်ပြောသလို မိစ္ဆာကို လက်ဝယ်ရရှိဖမ်းဆီးလိုက်နိုင်လျှင် အရာအားလုံး ရှင်းလင်းပြေလည်သွားပေလိမ့်မည်။

ညစာစားသောက်ပြီးနောက် လီနန်ခယ့်သည် ဇနီးဖြစ်သူနှင့် ခဏတဖြုတ်စကားပြောပြီးနောက် ပင်ပန်းသည်ဟုအကြောင်းပြကာ အိပ်ရာစောစာဝင်ပြီး မိုးနီအိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်လိုက်တော့သည်။

နှစ်ရက်မျှ အနားယူကုသပြီးနောက် မင်းသမီးရှန်းယွမ်တစ်ယောက်လည်း နိုးထလာလောက်လေပြီ။

သူထင်သည့်အတိုင်း အတိအကျပင်၊ လီနန်ခယ့်သည် ရင်းနှီးနေပြီဖြစ်သော မင်္ဂလာခန်းဆောင်သို့ ပြန်လည်ရောက်ရှိသွားသောအခါ တောက်ပသောမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် မင်းသမီးရှန်းယွမ်သည် စားပွဲတွင်ထိုင်လျက် ဟယ့်လန်ရှောင်းနှင့် ကြည်ကြည်သာသာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။ တစ်ခါတစ်ရံတွင် ဟယ့်လန်‌ရှောင်းဆီမှ ဆည်းလည်းသံကဲ့သို့ ရယ်သံသာ‌လေးများကို ကြားရတတ်သေး၏။

"ယောက်ျား"

လီနန်ခယ့်ပေါ်လာသည်ကို မြင်သောအခါ ဟယ့်လန်ရှောင်းသည် သင်ပေးထားသည့်အတိုင်း ချိုသာစွာခေါ်ဆိုလိုက်သည်။

"ဒါကဘာလဲ"

လီနန်ခယ့်သည် မယ်မယ်ကြီးကို မှင်တက်မိစွာစိုက်ကြည့်လိုက်မိပြီး မျက်လုံးများက ဇဝေဇဝါဖြစ်နေဟန်ဖြင့်။

ထိုအမျိုးသမီးသည် ဒီတစ်ခေါက် လုံလုံခြုံခြုံရှိနေပါသော်ငြား သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဖြူစင်တောက်ပသော အလင်းတန်းနှစ်ခုက ထင်ထင်ရှားရှား ပေါ်ထွက်နေခဲ့သည်ပင်။ အလင်းတစ်ခုမှာ သူမ၏ ဝမ်းဗိုက်အောက်တွင်ဖြစ်ပြီး အခြားတစ်ခုမှာမူ ရင်ဘတ်အရှေ့ပိုင်းတွင်ဖြစ်ကာ အရေးကြီးအစိတ်အပိုင်းတချို့ကို လုံးဝဥဿုန် ဖုံးကွယ်ပေးထားခဲ့ခြင်းဖြစ်၏။

အချို့လူကြီးဂိမ်းများထဲမှာ အလင်းချောင်း အလင်းကွက်များအား လီနန်ခယ့် ရုတ်တရတ်ပြေးသတိရမိသည်။

"သူ့ဘာသူပေါ်လာတာပဲ၊ ဘယ်ကဘယ်လိုဖြစ်လာမှန်း ကျွန်မလည်းမသိဘူး"

ဟယ့်လန်ရှောင်း၏ နုနယ်ပြီး ကလေးဆန်လှသော မျက်နှာလေးတွင် နားမလည်နိုင်ဟန်အပြည့်ဖြင့် သူ့ကို တစ်ပတ်လှည့်ပြလာသည်။

"အဲ့ဒါ သူ့ဘာသာ ကျွန်မကိုယ်ပေါ်ရောက်လာတာပါဆို"

လီနန်ခယ့် သက်ပြင်းချလိုက်သည်။

"နတ်ဘုရားသားရဲတစ်ကောင်ရဲ့ အကာအကွယ်ဖြစ်လိမ့်မယ်"

မယ်မယ်ကြီး၏ အဓိကအစိတ်အပိုင်းများကို ထိုအလင်းတန်းများက ပြည့်စုံစွာကွယ်ဝှက်ပေးထားသော်ငြား ထိုအချင်းအရာမှာ သူမအား ကမ်းခြေဘီကီနီဝတ်စုံ ဝတ်ဆင်ထားသည့်အလား ထူးဆန်းသောဆွဲဆောင်မှုကို ပေးစွမ်းနေခဲ့၏။

"မင်းရော ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ"

လီနန်ခယ့်က မင်္ဂလာဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီး၏ဘေးတွင် ဝင်ထိုင်ရင်း မေးမြန်းလိုက်သည်။

"ယောက်ျားက ကျွန်မကို စိတ်ပူနေတာလား"

မင်းသမီးရှန်းယွမ်၏ နှုတ်ခမ်းနီနီလေးမှာ စနောက်သရော်လိုဟန်ဖြင့် ကွေးညွှတ်သွားခဲ့သည်။

လီနန်ခယ့်က ‌ဆိုသည်။

"ပြန်စနိုင်သေးပုံရရင် မင်းအဆင်ပြေနေတာပဲ။ နေကောင်းသွားရင်လည်း မယ်မယ်ကြီးကို အပြင်ဘယ်လိုပြန်ပို့ရမလဲဆိုတာ စဉ်းစားဦး။ လူကိုဒီမှာပဲ တစ်ချိန်လုံးဝှက်ထားဖို့ဆိုတာ နည်းလမ်းကောင်းမဟုတ်ဘူး။ ဒီအမျိုးသမီးက အပြင်မှာအဆင့်အတန်းမြင့်မားတာမလို့ မင်းရောငါပါ ဒုက္ခရောက်လိမ့်မယ်။"

"ဒီဇနီးမှာလည်း နည်းလမ်းမရှိပါဘူး"

မင်းသမီးရှန်းယွမ်က ခေါင်းကိုခါယမ်းလိုက်ပြီး တည်ငြိမ်သောမျက်နှာထက် အားတုံ့အားနာဖြစ်မှုများ ‌ပေါ်ပေါက်လာခဲ့သည်။

လီနန်ခယ့်သည် သေနတ်ကိုထုတ်ယူလိုက်ပြီး အကြံပြုလာ၏။

"သူ့ခေါင်းကို ဒီသေနတ်နဲ့ပစ်လိုက်ရင်ရော သူအပြင်ပြန်ရောက်သွားလောက်မလား"

မင်းသမီးရှန်းယွမ်က ဆိုသည်။

"ဒီဇနီးကတော့ အဲ့လိုမလုပ်ဖို့ပဲ အကြံပြုချင်ပါတယ်။ ရှင်က ဒီနည်းလမ်းကို အသုံးပြုလို့ရနေတာက အိပ်မက်အခြေအနေနဲ့ ဝင်ရောက်လာလို့လေ။ ဒါပေမဲ့ ဒီမိန်းကလေးကတော့ အပြင်လောကက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ တကယ်ဝင်ရောက်လာခဲ့တာပါ။ စမ်းပစ်လိုက်မှ တကယ်သေသွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်"

"ငါလည်း အဲဒါကိုစိုးရိမ်လို့ မစမ်းသပ်ရဲတာ"

လီနန်ခယ့်သည် အနည်းငယ်မတတ်သာဟန်ဖြင့် ငြိမ်ကျသွားခဲ့ရ၏။

မယ်မယ်ကြီးမှာမူ လက်ကလေးနှစ်ဖက်ဖြင့် ပါးပြင်လေးကို အုပ်ထောက်ထားပြီး တံတောင်ဆစ်များကို စားပွဲပေါ်တွင်တင်လျက် သူတို့ကြားကစကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

သူမသည် သကြားလုံးရထားသဖြင့် ကျေနပ်နေသော ကလေးငယ်လေးတစ်ဦးအလား။

လီနန်ခယ့်က သူမကို ပစ်သတ်မည့်အကြောင်းပြောသည်အား ကြားသောအခါ သူ့လက်ထဲသေနတ်ကိုပင် စူးစမ်းသောမျက်လုံးလေးများဖြင့် လိုက်ကြည့်နေခဲ့သေးသည်။

မင်းသမီးရှန်းယွမ်သည် သူမ၏ဂါဝန်ညီကို သပ်ရပ်အောင်ဖိသပ်လိုက်ကာ ဆွဲဆောင်မှုရှိသော ပေါင်တံကောက်ကြောင်းကို ပေါ်လွင်စေလိုက်ရင်း ဆို၏။

"ရှောင်းရှောင်းက ဒီနေရာမှာဘေးကင်းပါတယ်၊ သူ့ကို ဘယ်သူမှရှာတွေ့နိုင်မှာမဟုတ်ဘူး။ သူတို့တွေရှင့်နောက် နောက်ယောင်ခံလိုက်တယ်ဆိုရင်တောင် အိပ်မက်ထဲထိလိုက်နိုင်မှာမလို့လား။ သူ့ကိုဒီမှာပဲနေခွင့်ပေးလိုက်ပါ။ ရှင့်အတွက်လည်း အကူအညီရတယ်လေ"

"ဒီမိန်းကလေးက ငါ့ကို ဘာများကူညီပေးနိုင်မှာလဲ"

လီနန်ခယ့်သည် ညည်းတွားရန်ပြင်လိုက်သော်လည်း ဟယ့်လန်ရှောင်းတစ်ယောက် အရင်တစ်ခါ လူစားပန်းပွင့်ကြီးများကို လက်ချည်းဗလာဖြင့် အလွယ်တကူဆွတ်ခူးခဲ့သည်ကို ပြန်သတိရသွားသဖြင့် ပါးစပ်ကို အသာပိတ်လိုက်ရတော့သည်။

ဟုတ်ပါပြီ မင်းကငါ့ထက်ပိုစွမ်းတယ် ဆိုကြပါစို့။

"နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်"

လီနန်ခယ့်က လေးနက်စွာ ပြောပြလာသည်။

"ငါမိုးနီရေကို သောက်သုံးပြီးတဲ့နောက် သန္ဓေပြောင်းလဲခြင်းမရှိဘဲ ခန္ဓာကိုယ်ကို ခွန်အားမြှင့်တင်ပေးနိုင်တဲ့ စွမ်းအင်အပိုတစ်ခုရရှိခဲ့တယ်။ ဒါပေမဲ့ တကယ့်ကမ္ဘာမှာ စစ်မှန်တဲ့မိုးနီရေကို ရရှိဖို့ဆိုတာ ခဲယဥ်းလွန်းတာကြောင့် ငါဒီလိုစဥ်းစားထား..."

"မရပါဘူး"

လီနန်ခယ့်တစ်ယောက် စကားမဆုံးသေးခင်မှာပင် မင်းသမီးရှန်းယွမ်က စကားဖြတ်တုံ့ပြန်လေသည်။

လီနန်ခယ့်မှာ မျက်လုံးလေးကလယ်ကလယ်ဖြစ်လျက် မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ"

မင်းသမီးရှန်းယွမ်က စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။

"ဒီဇနီးက ရှင်ဘာတွေးနေလဲဆိုတာကို သိပါတယ်။ ဒီနေရာကနေ မိုးနီရေကို အပြင်လောကဆီ ယူဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မိုးနီရေရွာသွန်းတဲ့ အချိန်တိုင်းမှာ အပြင်ကိုထွက်လို့မရဘူးဆိုတာ ရှင်သိသားပဲ"

"မိုးမရွာတဲ့အချိန်မှာ ငါအပြင်ကိုထွက်ပြီးမှ မိုးနီရွာကျလာမယ့်အချိန်ကို စောင့်ဆိုင်းနေရင်ကော အဲဒါ အလုပ်မဖြစ်ဘူးလား"

လီနန်ခယ့်သည် စနစ်၏ဟာကွက်တစ်ခုကို အသုံးချရန် ကြံစည်လိုက်ခြင်းဖြစ်သည်။

"မရပါဘူး"

မင်းသမီးရှန်းယွမ်က ခေါင်းခါလိုက်သည်။

"မိုးရွာပြီဆိုတာနဲ့ ရှင် ဒီမင်္ဂလာခန်းဆောင်ဆီသို့ အတင်းအကျပ်ပြန်ပို့ခံရမှာပဲ"

"ဒါဆိုရင် သူကျတော့ရော ဘာဖြစ်လို့ မိုးနီရွာတုန်း အပြင်မှာနေနိုင်ရတာလဲ"

လီနန်ခယ့်သည် လက်ချောင်းနုနုလေးများဖြင့် လူသတ်သေနတ်ကို လျှို့ဝှက်စွာတို့ထိစူးစမ်းနေသော ဟယ့်လန်ရှောင်းကို ညွှန်ပြလိုက်သည်။

"ပြီးခဲ့တဲ့အကြိမ် မိုးနီရွာတုန်းက သူအပြင်မှာရှိနေခဲ့တာမဟုတ်လား"

အမည်တပ်ခြင်းခံလိုက်ရသော မယ်မယ်ကြီးသည် သူမ၏လက်ချောင်းလေးကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပါးလေးနှစ်ဖက်ဖောင်းပြကာ လိမ္မာယဉ်ကျေးဟန်ဆောင်လိုက်သည်။

ထို့နောက် ပူးပေါင်းဆောင်ရွက်လိုဟန်ဖြင့် ‌ခေါင်းလေးကို တဆတ်ဆတ်ညိတ်ပြလာ၏။

"ဟုတ်တယ် ကျွန်မအပြင်မှာနေနိုင်တယ်"

"သူကသူ ရှင်ကရှင်လေ"

မင်းသမီးရှန်းယွမ်က မတတ်သာစွာညည်းတွားရင်း ကြည်လင်တောက်ပသောမျက်ဝန်းများဖြင့် သူ့ကိုစိုက်ကြည့်လာကာ ဆိုသည်။

"ရှင်ကျွန်မစကားကို မယုံကြည်ရင် လက်တွေ့သာ စမ်းသပ်ကြည့်လိုက်ပါတော့။ အခု အပြင်မှာ မိုးနီမရွာသေးဘူးမဟုတ်လား"

သူမဘက်က စိန်ခေါ်လာသဖြင့် လီနန်ခယ့်မှာ စမ်းသပ်ဖို့ပင် ပျင်းရိသွားရသည်။

တခြား ဘယ်ဟာကွက်မှမရှိတော့ဘူးလား။

လီနန်ခယ့် စိတ်ပျက်အားလျော့သွားခဲ့မိ၏။

ထိုနှစ်ဦး ကိုယ့်အတွေးနှင့်ကိုယ်ငြိမ်ကျကာ သူမကို အာရုံမစိုက်တော့ချိန်မှ ဟယ့်လန်ရှောင်းသည် သူမ၏ သွယ်လျသောလက်ချောင်းလေးကို ထပ်မံဆန့်ထုတ်လိုက်ပြီး စူးစမ်းချင်စိတ်အပြည့်ဖြင့် သေနတ်ကို ထပ်မံတို့ထိလိုက်ပြန်သည်။

"ငါတို့တွေ ရှောင်းရှောင်းကိုသွားခိုင်းလို့ရတာပဲ"

လီနန်ခယ့်၏ မျက်လုံးအစုံ ရုတ်တရက်တောက်ပသွားခဲ့ရသည်။

"သူ့ကို မိုးနီရေတွေစုဆောင်းခိုင်းပြီး အိမ်ထဲကို သယ်လာခိုင်းလိုက်မယ်လေ"

ထပ်မံအမည်တပ်ခြင်း ခံလိုက်ရပြန်သော မယ်မယ်ကြီးသည် လန့်ဖျပ်သွားကာ လက်ချောင်းလေးကို အမြန်ရုပ်သိမ်းလိုက်ပြီး သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အင်း ရှောင်းရှောင်းကိုသွားခွင့်ပြုပါ။ အယ် နေပါဦး"

ဟယ့်လန်ရှောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလျင်အမြန်ရှင်းပြလာသည်၊

"အပြင်မှာမိုးရွာတဲ့အခါ မိုးရေအားလုံးက ကျွန်မကို ရှောင်ကွင်းသွားကြတာ"

"မင်းကိုရှောင်ကွင်းသွားတာ ဟုတ်လား"

လီနန်ခယ့်မှာ နှုတ်ခမ်းများတွန့်တက်သွားကာ ချက်ချင်းလက်မလျှော့လိုဟန်ဖြင့် ဆက်လက်အကြံပြုလိုက်သည်။

"ကြွေပုလင်းတစ်လုံးကို မြေပြင်ပေါ်မှာချထားခဲ့ပြီး မင်းက ဘေးနားမှာပုန်းနေလိုက်လေ။ ဒါဆိုရင် မိုးနီရေစုဆောင်းနိုင်တာပဲ မဟုတ်ဘူးလား"

"ဪ ဟုတ်သားပဲ"

ဟယ့်လန်ရှောင်း၏ လှပသောမျက်ဝန်းလေးများ တောက်ပသွားခဲ့၏။

"ဒါပေမဲ့ အခုပြဿနာကတော့ ဒီအခန်းထဲမှာ မိုးနီရေထည့်ထားနိုင်တဲ့ ကြွေထည်ပစ္စည်းမျိုး မရှိနေတာပါပဲ"

မင်းသမီးရှန်းယွမ်က သူ၏ လင်းလက်သောစိတ်ကူးအပေါ်သို့ ရေအေးဖြင့် ထပ်မံပက်ဖျန်းလိုက်ပြန်သည်။

"ကြွေထည်ရှာတွေ့ခဲ့ရင်တောင်မှ အဲ့အိုးကို တကယ့်ကမ္ဘာဆီ ရှင်သယ်ဆောင်သွားနိုင်မှာလား။ ဒီအခန်းက ရှင့်ကိုပေးအပ်တဲ့ ဆုလာဘ်တွေကလွဲလို့ တခြားဘယ်အရာကိုမှ လက်တွေ့ကမ္ဘာဆီ သယ်သွားလို့မရတာ ရှင်ရောသိပြီးသားပဲမဟုတ်လား"

ထိုသတိပေးချက်ကြောင့် လီနန်ခယ့်၏ တောက်လောင်နေသော မျှော်လင့်ချက်မီးတောက်မှာ လုံးဝဥဿုံ ငြှိမ်းသတ်ခံလိုက်ရတော့၏။

အမှန်ပင် ပြီးခဲ့သည့်အကြိမ်က သူသည် လူစားပန်းပွင့်ကို လက်တွေ့ကမ္ဘာသို့ယူဆောင်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရဖူးသည်။

စည်းကမ်းချက်မှာ လက်တွေ့ကမ္ဘာမှပစ္စည်းများကိုလည်း အထဲသို့ သယ်ဆောင်လာ၍ မရချေ။ ဥပမာအားဖြင့် ဆိုင်ယွင်ပေးအပ်ထားသော သေနတ်နှင့် လိန်ရှင်းနန်ပေးအပ်ထားသော ဓားမြှောင် တစ်ခုကိုမှ သူ့ကိုယ်ပေါ်သယ်ဆောင်လာလို့ မရခဲ့။

"ထားလိုက်ပါတော့ အိပ်ချိန်ရောက်ပြီ"

လီနန်ခယ့်သည် သက်ပြင်းချလိုက်ပြီး သေနတ်ကိုကောက်ယူလိုက်သည်။

"တာ့တာ ယောက်ျား"

All Chapters