← Chapters

သင်္ချိုင်းလူသား

Vol. 18 Ch. 179

သင်္ချိုင်းလူသား

Vol. 18 Ch. 179

နောက်ဆုံးတော့ လီနန်ခယ့်သည် ထိုခပ်ချွဲချွဲအသံလေးတွင် ကျရှုံးမသွားခဲ့ပါချေ။

အပြင်သို့ ခြေနှစ်လှမ်းလောက်ထွက်လိုက်ပြီးနောက် သူ ရှက်ကိုးရှက်ကန်းပင် ပြန်လှည့်လာလိုက်သည်။

ဟာသပဲ သူ့လက်ရှိ အားနည်းနေတဲ့အခြေအနေနဲ့ဆိုရင် မယ်မယ်ကြီးကိုအတူခေါ်သွားရင်တောင် သူအပြင်မှာ ဘာများလုပ်နိုင်မှာမလို့လဲ။

ရေကန်သခင်မကို အနိုင်ပိုင်းနိုင်မှာတဲ့လား။

ဟိုကပေါ်လာတဲ့အချိန် သူက လှုပ်တောင်လှုပ်နိုင်ပါမတဲ့လား။

လက်တွေ့ကမ္ဘာတွင်သာ မိစ္ဆာများကို တွေ့သလောက် တာဝန်ကျေကျေလေးလဲလှယ်ပြီး မိစ္ဆာအမြုတေဖြစ်သော ပုလဲဖြူလေးများကို အလုံအလောက်စုဆောင်းကာ ဆုလာဘ်များလဲလှယ်ခြင်းက ပိုအန္တရာယ်ကင်းပေလိမ့်မည်။

...

နောက်တစ်နေ့တွင် လီနန်ခယ့်သည် ညကင်းလှည့်ဌာနသို့ စောစောစီးစီးရောက်ရှိသွားကာ မိစ္ဆာသားရဲများကို အမဲလိုက်ဖို့ပြင်ဆင်နေသော လိန်ရှင်းနန်အား ကြားဝင်ကာတားလိုက်သည်။

"အစ်မလိန် တစ်ခုခုတော့မှားနေပြီထင်တယ်"

ဘေးလူများဆီမှ ထူးထူးဆန်းဆန်းအကြည့်များကို လျစ်လျူရှုပြီး လီနန်ခယ့်သည် လိန်ရှင်းနန်အား ထောင့်တစ်နေရာဆီသို့ဆွဲခေါ်သွားလျက် တီးတိုးပြောလိုက်သည်။

"ကျွန်တော်အိမ်ပြန်ရောက်တော့ အမှုတစ်ခုလုံးကို ပြန်လည်သုံးသပ်ကြည့်ခဲ့ရာမှာ အရင်တွက်ချက်မှုကမှားယွင်းနေတယ်လို့ ခံစားနေရတယ်"

"ဘာကမှားယွင်းနေတာလဲ"

လိန်ရှင်းနန်က သူဆွဲယူထားသော သူမ၏လက်ကောက်ဝတ်ဖြူနုနုလေးကို အသာပြန်ဆွဲရုန်းလိုက်သည်။ ပါးပြင်နုလေးများက မသိမသာနီရောင်ပြေးလျက်။

ဒီလူ အနည်းဆုံးတော့ လူကြားသူကြား အပြုအမူလေးထိန်းမှပေါ့။

လီနန်ခယ့်က မျက်မှောင်ကြုတ်လျက်ဆိုလိုက်သည်။

"ကျန်းမင်က သံယောဇဉ်ဟောင်းတွေကို အမျှင်မပြတ်သေးတာပဲလို့ ကျွန်တော်တောက်လျှောက်တွေးခဲ့မိတာ၊ ဒါပေမဲ့ အဲ့ဒီသံယောဇဉ်က ချစ်ခြင်းမေတ္တာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ကနဦးတွက်ချက်မှုအတိုင်းဆိုရင် မုန့်ချင်အပေါ်ထားရှိတဲ့ သူ့သံယောဇဉ်က အပြစ်ရှိစိတ်နဲ့ အားတုံ့အားနာမှုတွေရောပြွမ်းနေတဲ့ မောင်နှမသံယောဇဉ်ပဲ ဖြစ်လိမ့်မယ်။ လက်တွဲဖော်တစ်ယောက်လို စစ်မှန်တဲ့အချစ်ကတော့ ယွမ်ဝမ်ချန်တစ်ယောက်အတွက်ပဲပေါ့"

"ဘာခံစားချက်ပဲဖြစ်ဖြစ် မုန့်ချင်ကိုဖမ်းမိလာတာနဲ့ ရှင်းသွားမဲ့ကိစ္စပါပဲ"

လိန်ရှင်းနန်၏ နှုတ်ခမ်းပါးပါးလှလှလေးများ မသိမသာတွန့်ကွေးသွားကာ ဆိုသည်။

"မစိုးရိမ်ပါနဲ့ ကျွန်မတော့ အဲ့ကောင်ကိုအမိဖမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့်ရှိတယ်"

"အစ်မနားမလည်ပါဘူး။ ဒီကိစ္စက အရမ်းအရေးကြီးလို့ပြောနေတာ"

လီနန်ခယ့်က ရုန်းထွက်သွားသောလက်ကောက်ဝတ်လေးကို ပြန်ဆွဲလိုက်ရင်း အားမလိုအားမရပြောမိသည်။

"ကျွန်တော့်ကို ဒီတစ်ကြိမ်ပဲယုံပေး၊ ဟုတ်ပြီလား။ တခြားခန့်မှန်းချက်တွေလည်း ရှိသေးပေမဲ့ ကျန်းမင်က ငါးစာကိုဟပ်မလားဆိုတာ လောင်းကြေးထပ်ကြည့်ချင်တာ"

အမျိုးသား၏ နက်ရှိုင်းတောက်ပသောမျက်လုံးများကိုမြင်တော့ လိန်ရှင်းနန်မှာ အခိုက်အတန့်မျှဆွံ့အသွားပြီးမှာ ခေါင်းကိုအသာညိတ်သည်။

"ရှင့်ကိုယုံလိုက်မယ်"

ထိုအသံတွင် တွန့်ဆုတ်မှု စိုးစဥ်းမျှမပါဝင်ပေ။

လီနန်ခယ့် မတော်တဆအမှားလုပ်မိကာ မိစ္ဆာကိုလက်လွှတ်လိုက်ရသည်ဆိုလျှင်ပင် ကောင်းဖို့အတွက်သာဖြစ်လာသည်ဟုတွေးကာ ထိုသူ၏ဆုံးဖြတ်ချက်ကိုတော့ နှစ်ခါပြန်မစဥ်းစားဘဲ စိတ်နှစ်ယုံကြည်မိဦးမည်ဖြစ်၏။

သူတို့နှလုံးသားကြားတွင် ယုံကြည်မှုဟူသောကြိုးတစ်ချောင်း ခိုင်ခိုင်ချိတ်ထားသလို ခံစားရနေရသည်။

"ကျေးဇူးပါဗျာ"

သူမ၏ထောက်ခံမှုကိုရမှ စိတ်အေးလက်အေးသက်ပြင်းချနိုင်ရှာသော ထိုအမျိုးသားကြောင့် လိန်ရှင်းနန်သည် သူ၏နှလုံးသားတည်ရှိရာနေရာကို လက်ချောင်းထိပ်လေးများဖြင့် ဖွဖွထိတွေ့ကြည့်မိ၏။ သူမနှလုံးခုန်သံနှင့် ထပ်တူကျနေသော ထိုနှလုံးသားကိုခံစားမိလိုက်သည်။

ကျွန်မရှင့်ကို ထာဝရယုံကြည်ပေးမှာပါ။

...

အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာမျှ ကြာချိန်တွင် လိန်ရှင်းနန်သည် ယုန်မလေးမုန့်နှင့် တခြားအဖွဲ့တင်များကိုခေါ်ကာ မိစ္ဆာဖမ်းထွက်သွားလေသည်။

လီနန်ခယ့်နှင့် ယွမ်ဝမ်ချန်တို့လည်း အတူလိုက်သွားခဲ့ကြသည်။

အစပိုင်းတော့ ကျန်းမင်သည် ယွမ်ဝမ်ချန်ကို မသွားဖို့အတန်တန်တားနေသေးပေသည့် လီနန်ခယ့်က ထိုသူကို မရရအောင် ဆွဲခေါ်ထုတ်လာခြင်းပင်။

ဤသို့ဖြင့် အားလုံး မိစ္ဆာဖမ်းထွက်သွားကြပြီး မကြာခင်မှာပင် ကျန်းမင်တစ်ယောက် ခြံဝင်းငယ်လေးထဲမှ အသာခိုးထွက်လာခဲ့၏။

တစ်ချိန်တည်းမှာပင်။

မင်းသမီးကြီးပိုင်ရူယွဲ့၏ စာကြည့်ဆောင်ထဲ၌။

မနေ့က တသင်းသင်းပျံ့လွင့်နေခဲ့သော လက်ဖက်ရည်ရနံ့များမှာ ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ကြမ်းပြင်ပေါ်တွင် ဖိတ်စင်နေခဲ့သော လက်ဖက်ရည်စက်များမှာလည်း ခြောက်သွေ့သွားခဲ့ပြီဖြစ်၏။

တိမ်တိုက်ပုံများပါသည့် ခရမ်းရောင် ပိုးသားဂါဝန်ကိုဝတ်ဆင်ထားသော ပိုင်ရူယွဲ့သည် ထိုင်ခုံတွင်ထိုင်ကာ အမျိုးသမီးကိုယ်ရံတော်တစ်ဦး ဖတ်ပြနေသော မယ်မယ်ကြီးပျောက်ဆုံးမှု၏ နောက်ဆုံးအစီရင်ခံစာကို နားထောင်နေခဲ့သည်။ မျက်လုံးများကတော့ အာရုံစူးစိုက်မှုမရှိဘဲ မနေ့က သူမကူးယူထားခဲ့သော မိစ္ဆာအမှုတင်ပြချက်ကို ငေးကြည့်နေမိရင်း။

လီနန်ခယ့်ထွက်သွားပြီးနောက် ပိုင်ရူယွဲ့ ထိုအမှုကို ဂရုတစိုက် ပြန်လည်သုံးသပ်ခဲ့သည်။

ထို့နောက် စာရွက်ပေါ်တွင် အသေးစိတ်အချက်အလက်မှန်သမျှကို ရေးချသည်။

သူမသည် ယွမ်ဝမ်ချန်၊ ကျန်းမင်နှင့် မုန့်ချင်တို့၏ အခြေအနေများကို အသေးစိတ်စုံစမ်းစစ်ဆေးရန် လူအချို့ကို သီးသန့်စေလွှတ်ထားပြီး အရင်ကတွက်ချက်စဥ်းစားထားသမျှနှင့် ကွဲလွဲမှုများကို ရှာဖွေစစ်ဆေးသည်။

ထိုကျန်းမင်မှာ စိတ်အမျိုးမျိုးပြောင်းတတ်သော မိန်းကလေးမျိုးတော့ မဟုတ်ခဲ့။

"ထူးဆန်းတာပဲ"

မင်းသမီးကြီးက မျက်မှောင်ကိုတင်းတင်းကြုတ်ကာ ခပ်တိုးတိုးဆိုသည်။

"သူက မုန့်ချင်အတွက်နဲ့ လက်ရှိချစ်သူကိုသတ်ဖို့ကြံစည်ထားပြီး ခေါင်းတလားကိုတောင် ကြိုပြင်ထားပြီးပြီပေါ့။ ဒီမိန်းမတကယ်ပဲ ဘာတွေတွေးနေတာလဲ။ တစ်ခုခုကလွဲမှားနေပေမဲ့ ဘယ်နေရာမှာများလဲ"

အမျိုးသမီးကိုယ်ရံတော်က အစီရင်ခံစာကို ဖတ်ရှုလို့ပြီးစီးသွားချိန်တွင် သူ့အတွေးနှင့်သူမျောနေသည့် မင်းသမီးကြီးအား တွေ့လိုက်ရတော့ စိတ်မသက်မသာဖြစ်သွားရသည်။

အမှန်အတိုင်းဆိုရင်လျှင် မယ်မယ်ကြီး၏သတင်းကို အစအနပင်မရတော့သည်မှာ အချိန်အတော်ကြာလေပြီ။ သူမလည်း ကိုယ်ရံတော်တစ်ဦးအနေဖြင့် ကြောက်မိသည်။ အဆိုးဆုံးကိုကြိုတွေးမထားလျှင်တောင် လက်ခံရမည့်ပြစ်ဒဏ်က တော်ရုံမဟုတ်လောက်။

"အရှင်မင်းသမီးကြီး၊ ဒီအမှုကိစ္စကို ဧကရီဆီတင်ပြပြီး လူအင်အားထပ်မံစေလွှတ်ပေးဖို့ တောင်းခံသင့်တယ်လို့ ဒီငယ်သားအကြံပြုပါရစေ"

အမျိုးသမီးကိုယ်ရံတော်က စိတ်တင်းကာ အကြံပြုလိုက်သည်။

ပိုင်ရူယွဲ့ကတော့ သူမစကားကို ကြားပင်မကြားဟန်ပင်။ သူမ ရုတ်ခနဲထရပ်လိုက်ပြီး လက်များကိုအနောက်ပစ်ကာ စာကြည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ စကတ်ဝဲဝဲလေးက ကြာပန်းပွင့်အလား ဝဲခါနေကာ ခန္ဓာကိုယ်ကောက်ကြောင်းကို ရံဖန်ရံခါ ထင်းခနဲမြင်တွေ့ရတတ်၏။

"တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ"

"ဒီလိုတွေဖြစ်ဖို့ ဘာကလှုံ့ဆော်လိုက်မိတာလဲ"

"..."

မင်းသမီးကြီးကတော့ သူမကိုရှိသည်ဟုပင်မထင်၊ တတွတ်တွတ်ရွတ်ရင်းသာ အခန်းအနှံ့ လျှောက်ပတ်သွားနေသည်။

မတော်တဆပင် သူမသည် မနေ့ကလွှင့်မပစ်ရသေးသော စားပွဲထောင့်နားရှိ ရွှမ်စက္ကူပေါ်မှ အရေးအကြောင်းအချို့ကို လှမ်းမြင်လိုက်ရသည်။ ၎င်းတို့မှာ မနေ့ကခြောက်သွေ့သွားသော ရေကွက်များမှ ကျန်ရှိနေခဲ့သော အမှတ်အသားများဖြစ်ကြ၏။

ရုတ်တရတ်၊ မင်းသမီးကြီး၏နှလုံးသားထဲ နွေးထွေးမှုလှိုင်းလုံးလေးတစ်ခု လိမ့်ဝင်လာသည်။

မနေ့ကဖြစ်ပျက်ခဲ့သော အရာအားလုံးမှာ သူမမှတ်ဉာဏ်ထဲ တစ်ကွက်ပြီးတစ်ကွက် ပြန်ပေါ်လာကြ၏။

ပြန်တွေးမိတော့ ကိုယ့်မျက်နှာကိုယ် လက်သီးဖြင့်ပိတ်ထိုးချင်စိတ်သာပေါက်လာတော့သည်။ ဘာကြောင့် ဒီလူကို ထပ်ပြီးအခွင့်အရေးပေးမိမှန်း သူမလည်းမသိတော့ပါ။

မဟာသွေးမဟာနွယ် မင်းသမီးတစ်ပါးက ဒီလိုပဲ စိတ်ထင်ရာပြုမူနေဖို့ သင့်ပါရဲ့လား။

အမျိုးသမီး၏ ပြိုင်ဘက်ကင်းဆွဲဆောင်မှုရှိလှသော မျက်နှာလေးက ရုတ်ချည်းညို့မှိုင်းကာ ဝတ်ရုံလက်စအောက် ပုန်းကွယ်နေသော လက်သီးလေးကိုတင်းတင်းဆုပ်လျက် ကြိမ်းဝါးလိုက်သည်။

"မနေ့ကအဖြစ်က နောက်ဆုံးအကြိမ်ဖြစ်စေရမယ်။ နောက်ထပ် ဘယ်သောအခါမှ ထပ်ဖြစ်မလာမယ့်ကိစ္စပဲ"

အမျိုးသမီးက တိတ်တိတ်လေး နှလုံးသားထဲ ကတိသစ္စာတစ်ခု ချည်နှောင်လိုက်သည်။

နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်ခဲ့ရင် ငါပိုင်ရူယွဲ့ အဲ့လူကို သခင်ကြီးလို့ခေါ်ပစ်လိုက်မယ်။

အမှတ်တရများစွန်းထင်းနေသော ရွှမ်စက္ကူကို လုံးချေလွှင့်ပစ်လိုက်ပြီးနောက် ပိုင်ရူယွဲ့သည် ကိုယ့်စိတ်ကိုယ်ငြိမ်အောင်ပြန်ထိန်းကာ အမှုအကြောင်းကို ဆက်လက်တွေးတောလိုက်သည်။

"လူနှစ်ဦးစာခေါင်းတလားကို မှာယူထားတာက သူတို့တွေ အတူတူသေဆုံးဖို့ စီစဉ်ထားတဲ့သဘောပဲ"

မင်းသမီးကြီးက ကောက်ချက်တစ်ခုချသည်။

ပိုင်ရူယွဲ့သည် သူမကိုယ်တိုင်၏ ရင်ထဲမှ ခံစားချက်အရှုပ်အထွေးများကိုတော့ မဖြေရှင်းတတ်ပေသည့် အပြင်လူတစ်ဦးအနေဖြင့် သူတစ်ပါးခံစားချက်ကို အကဲခတ်လေ့လာရာတွင်တော့ အထူးကျွမ်းကျင်ပေသည်။ အချစ်ဝတ္ထုများ အဖတ်နာလွန်းခြင်း၏ အကျိုးကျေးဇူးပါပေ။

သေချာပေါက် အရမ်းရွံစရာကောင်းတဲ့ဇာတ်ကြောင်းမျိုးတွေလည်း တွေ့ကြုံခဲ့ဖူးတာပေါ့။

ငွေဖလားဂန္ဓာမာဆိုတဲ့ ဝတ္ထုလိုမျိုး။

ရှစ်ကြိမ်တိတိ ဖတ်ရှုပြီးနောက် သူမသည် ထိုစာအုပ်မှာ သည်းမခံနိုင်လောက်အောင်ညစ်ညမ်းလှသည်ဟု သတ်မှတ်ခဲ့လိုက်တော့၏။

"ဘာလို့ ချစ်သူနဲ့ အတူလိုက်သေချင်ရတာလဲ"

ပိုင်ရူယွဲ့သည် လေဟာနယ်သက်သက်ကို ငေးစိုက်ကြည့်နေရင်း တစ်ယောက်တည်း စကားပြောနေမိသည်။

"လူကဖြင့်မသေသေးဘူးကို ဘာလို့ခုကတည်းက... အယ် နေပါဦး"

မင်းသမီးကြီး၏ စိတ်ထဲ လျှပ်စီးတစ်ချက်လက်သွားသကဲ့သို့ အဖြေတစ်ခုဖြတ်ပြေးသွားခဲ့သည်။

လမ်းလျှောက်နေရာမှ စားပွဲဆီသို့ အမြန်ပြန်သွားကာ အမှုအစီရင်ခံစာများနှင့် မှတ်စုများကို ပြန်ကောက်ကြည့်ပြီး အစအဆုံး သေချာပြန်လည်ဖတ်ရှု၏။ ထို့နောက် အံ့အားသင့်စွာ အာမေဋိတ်ပြုမိလေသည်။

"မဟုတ်မှလွဲရော..."

အနားမှ ကိုယ်ရံတော်အမျိုးသမီးကတော့ မင်းသမီးကြီးကို ကြောင်တောင်တောင်ကြည့်လျက်သားဖြင့် ဘာဖြစ်လို့ဖြစ်နေမှန်း နားမလည်နိုင်ဟန်ရှိ၏။

"အခုချက်ချင်း လီနန်ခယ့်ကိုသွားရှာခဲ့"

အလျင်စလို အမိန့်သံတစ်ချက်က ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ကိုယ်ရံတော်မလေးက ထရပ်တော့မလိုပြင်လိုက်စဥ်မှာပင် မင်းသမီးက ထပ်ပြောလာသည်။

"လူလွှတ်ရှာနေရင်ကြာတယ်၊ ငါကိုယ်တိုင်ပဲသွားလိုက်တော့မယ်"

...

တောင်ပေါ်ရှိ ပျက်စီးယိုယွင်းနေသော သက်ငယ်မိုးအိမ်လေးသည် ဟောင်းနွမ်းလှပေသည်။ ထက်ဝက်ခန့်မှာ ပြိုကျပျက်စီးနေခဲ့ပြီး ပင့်ကူအိမ်များနှင့် ပေါင်းပင်များပင် ဖုံးလွှမ်းနေခဲ့သည်။

ကျန်းမင်သည် ဘေးနားရှိကွက်လပ်တစ်ခုတွင် ပိတ်ဆို့ထားသောသစ်လုံးကို ဖယ်ရှားလိုက်သည်။

ထိုနေရာတွင် ဆူးပင်များစုပုံနေခဲ့၏။

အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက မြေပြင်ထက်တွင် တူးဆွထားသောလက္ခဏာများ ရှိနေခဲ့ပြီး တူးဆွရန်အသုံးပြုထားသည့် ကျိုးပဲ့နေသော ဓားသွားတစ်ခုအား ဘေးနားတွင် စိုက်ထောင်လျက်ထားခဲ့သည်ကို တွေ့ရပေလိမ့်မည်။

ကျန်းမင်သည် ဓားကျိုးကိုကောက်ယူကာ အားသုံး၍တူးဆွလိုက်သည်။

မကြာမီမှာပင် အိတ်ကြီးတစ်အိတ်ကို မြေအောက်မှ ဆွဲထုတ်လိုက်နိုင်၏။ ထိုအချိန်တွင် အမျိုးသမီး၏ ဖြူဖွေးသောနဖူးပြင်ထက် ချွေးစက်များ အစီအရီသီးနေခဲ့လေပြီ။

"အိတ်ထဲမှာဘာရှိတာလဲ"

ရှုပ်ထွေးသောခံစားချက်များဖြင့် အသံတစ်ခုက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ကျန်းမင်သည် မှင်တက်သွားခဲ့ရပြီး ခါးတွင်ပတ်ထားသော ဓားပျော့အရှည်ကို ချက်ချင်းထုတ်ယူကာ စိုးရိမ်စိတ်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုလိုက်သည်။

"ဘယ်သူလဲ"

သို့သော် နောက်တစ်ခဏတွင် သူမ ဆွံ့အသွားခဲ့ရတော့၏။

မိစ္ဆာဖမ်းဖို့ တက်ညီလက်ညီထွက်သွားကြသော လီနန်ခယ့်၊ လိန်ရှင်းနန်နှင့် သူမ၏ စီနီယာအစ်ကို ယွမ်ဝမ်ချန်တို့အားလုံးသည် သူမ၏အရှေ့တွင် တစ်စုတစ်စည်းတည်း ပေါ်လာခဲ့ကြလေသည်။

"စီနီယာအစ်ကို"

ယွမ်ဝမ်ချန်ကို မြင်တွေ့ရသောအခါ ကျန်းမင်၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့ရပြီး အနောက်မှအိတ်ကို ကိုယ်ဖြင့် အမြန်ကွယ်လိုက်မိသည်။

လီနန်ခယ့်က ထပ်မံမေးမြန်းလိုက်သည်။

"အိတ်ထဲမှာ ဘာရှိနေတာလဲ"

ကျန်းမင်သည် စကားမပြန်ဘဲ သူမအရှေ့မှ စီနီယာအစ်ကိုကိုသာ စိုက်ကြည့်နေခဲ့မိပြီး နှုတ်ခမ်းကို သွေးထွက်သည်အထိ ဖိကိုက်ထားခဲ့ကာ နုနယ်လှသောခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေခဲ့သည်။

ယွမ်ဝမ်ချန်က နင့်သည်းသောအသံဖြင့် မေးမြန်းလိုက်သည်။

"ညီမလေး၊ မင်းဒီမှာ ဘာလုပ်နေတာလဲ"

"ကျွန်မ...ကျွန်မ..."

အမျိုးသမီးသည် အသံကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့ ကြိုးစားခဲ့သော်လည်း လုံးဝကျရှုံးခဲ့ရသည်။

ထိုမတည်ငြိမ်မှုက ယွမ်ဝမ်ချန်အား ပို၍ သံသယဖြစ်စေခဲ့သည်။

"ညီအစ်ကိုလီက မိစ္ဆာမုန့်ချင်ဘယ်မှာရှိလဲဆိုတာ မင်းသိလိမ့်မယ်လို့ပြောခဲ့တယ်။ ငါအစက သူ့ကိုမယုံခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ မင်းငါ့ကိုရှင်းပြရမယ်။ မင်းဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။ အဲဒီအိတ်ထဲမှာ ဘာရှိတာလဲ"

လီနန်ခယ့်မှလွဲ၍ အခြားသူများအားလုံး သူမကို နားမလည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

"စီနီယာအစ်ကို၊ ကျွန်မ..."

ကျန်းမင်၏မျက်နှာတွင် ဝမ်းနည်းနာကျင်မှုများ ပြည့်နှက်နေခဲ့သည်။ အေးစက်သောလေပြင်းက သူမ၏ သွယ်လျသောခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ရာ သူမသည် သဲမုန်တိုင်းထဲတွင် တစ်ကိုယ်တည်းကျန်ရှိခဲ့သည့် မြက်ပင်လေးတစ်ပင်အလား အားကိုးရာမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများသာ တစ်စတစ်စ ဖုံးလွှမ်းလာခဲ့တော့၏။

"မင်းအခုထိ နားမလည်သေးဘူးလား"

လီနန်ခယ့်သည် ယွမ်ဝမ်ချန်၏ပခုံးကို အသာပုတ်လိုက်ပြီး ကျန်းမင်ထံသို့ လျှောက်လှမ်းသွားကာ အသံဖွဖွဖြင့်ဆိုလိုက်သည်။

"မင်း ယွမ်ဝမ်ချန်ကိုသတ်ချင်နေပေမယ့် ဘာလို့မသတ်ရဲခဲ့တာလဲ။ ဘာဖြစ်လို့ လူနှစ်ယောက်စာဆံ့တဲ့ အရည်အသွေးမြင့်ခေါင်းတလားကို မှာယူခဲ့ရတာလဲ။"

"ဘာဖြစ်လို့ မင်းက ယွမ်ဝမ်ချန်ကို မိစ္ဆာဖမ်းတဲ့နောက်မလိုက်ဘဲ မင်းနဲ့ပဲအတူနေဖို့ ဆွဲထားခဲ့ချင်ရတာလဲ"

"မှုခင်းနေ့က မင်း တွင်းနက်ထဲကိုဝင်သွားတာကို ယွမ်ဝမ်ချန်က ဘာလို့လုံးဝမသိခဲ့ရတာလဲ"

လီနန်ခယ့်၏မေးခွန်းများစွာကို တရစပ်ရင်ဆိုင်ရသောအခါ ကျန်းမင်၏ခန္ဓာကိုယ်မှာ ပိုမိုပြင်းထန်စွာ တုန်ယင်လာခဲ့ရသည်။ မျက်ရည်များမှာ သူမ၏ ထူထဲသောမျက်တောင်များအောက်မှ တပေါက်ပေါက်စီးကျလာခဲ့ပြီး ပါးတစ်ပြင်လုံး စိုလက်တောက်ပလျက်။

ယွမ်ဝမ်ချန်သည် နားမလည်နိုင်ခြင်းများ အပြည့်ဖြင့်သာ သူမကို ငေးမောနေမိခဲ့သည်။

"ညီမလေးက အစ်ကို့ကိုသတ်ချင်တာလား။ ခေါင်းတလားကရော ဘာကြီးလဲ။ ညီအစ်ကိုလီ၊ မင်းဘာတွေပြောနေတာလဲ တစ်ချက်ရှင်းပြနိုင်မလား"

ယွမ်ဝမ်ချန်၏ နှလုံးသားထဲတွင် မကောင်းသောအငွေ့အသက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

"မင်းတကယ်ပဲ နားမလည်သေးတာလား"

လီနန်ခယ့်သည် ကျန်းမင်တူးထုတ်ထားသော အိတ်ကြီးဆီသို့လျှောက်သွားကာ ချည်နှောင်ထားသော ကြိုးကို ဖြေချလိုက်ပြီး ယွမ်ဝမ်ချန်အား တစ်လုံးချင်းစီပြောပြလာ၏။

"ဘာဖြစ်လို့လဲဆိုတော့... မင်းက သင်္ချိုင်းလူသားတစ်ယောက်ဖြစ်နေလို့ပဲ"

All Chapters