← Chapters

ခြေထောက်လည်းဆေးပေးမယ် နောက်ကျောလည်းတိုက်ပေးမယ်

Vol. 18 Ch. 172

ခြေထောက်လည်းဆေးပေးမယ် နောက်ကျောလည်းတိုက်ပေးမယ်

Vol. 18 Ch. 172

တစ်ညလုံး ကောင်းမွန်စွာအိပ်စက်အနားယူပြီးနောက် နံနက်ခင်းတွင် လီနန်ခယ့်သည် ပုံမှန်မဟုတ်လောက်အောင်ပင် ခွန်အားများပြည့်ဝနေပြီး တက်ကြွလန်းဆန်းစွာ နိုးထလာခဲ့၏။

မနေ့ညက ကောင်းကင်ကိုပင် အောင်နိုင်လွှမ်းမိုးတော့မည့်အလား မာနထောင်လွှားနေခဲ့သည့်ခံစားချက်မျိုး ပြန်လည်ရရှိလာသည့်အတိုင်းပင်။

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော သူ၏ ချစ်စရာဇနီးသည်ကို နှုတ်ဆက်လိုက်ပြီးနောက် ဝင်းခြံထဲတွင် အပေါ်အင်္ကျီဗလာဖြင့် ဓားသိုင်းကွက်များကို ပြန်လှန်လေ့ကျင့်နေခဲ့သည်။

သူ၏ လက်ရှိဓားထုတ်ခုတ်လွှဲခြင်းသိုင်းကွက်မှာ တတိယအဆင့်တွင်သာ ပိတ်မိနေဆဲဖြစ်သည်။

စတုတ္ထအဆင့်သို့ ရောက်ရှိရန်အတွက် အကြိမ်ရေတစ်သောင်းခန့် ဆက်လက်ခုတ်လွှဲဖို့ လိုအပ်နေတုန်းပင်။

လွန်ခဲ့သည့်နှစ်ရက်ခန့်က သူ အနည်းငယ်ပျင်းရိနေခဲ့ပြီး လေ့ကျင့်ရေးအကြိမ်ရေကိုပင် ရေတွက်မထားခဲ့သဖြင့် အတိအကျမမှတ်မိသော်ငြား အဆင့်တက်တော့မည့်ဆဲဆဲခံစားချက်ကို သတိထားမိနေသည်။

ဤဓားသိုင်းပညာ၏ တတိယအဆင့်သည်ပင် မိုးနီရည်၏စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ထိုမျှလောက် အင်အားပြင်းထန်လှပေသည်။

အကယ်၍ စတုတ္ထအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက ကောင်းကင်ကြီးကိုပင် မှောက်လှန်ပစ်နိုင်လိမ့်မည် မဟုတ်ပါလား။

ဓားနတ်သမီး ယဲ့ယောင်ယောင်ဖြစ်စေ၊ တစ္ဆေနတ်ဘုရားလှံသွားရှင်ဖြစ်စေ သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ဓားထုတ်ခုတ်လွှဲချက်ကို ထုတ်ဖော်လိုက်သည့်အခါ မြေပြင်ပေါ်သို့ အလိုက်သင့်ဒူးထောက်ကျလျက် ချီးကျူးစကားများ မဆုံးတမ်းဆိုကြရလိမ့်မည်။

ထိုသို့ ဘဝင်မြင့်စွာ တွေးတောမိသောအခါ လီနန်ခယ့်သည် ပို၍ စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်လေတော့သည်။

စိတ်လှုပ်ရှားနေသည့်ကြားထဲမှ ဘေးသို့လာပြီး စိတ်အနှောင့်အယှက်ပေးနေသော ငန်းမမကြီးကိုလည်း မျက်စိနောက်လှသဖြင့် ရေကန်ထဲသို့ ကန်ချလိုက်မိသေးသည်။

လေ့ကျင့်ခန်းလုပ်ပြီးနောက် လီနန်ခယ့်သည် အလျင်အမြန်ပင် မျက်နှာသစ်သန့်စင်လိုက်ပြီးနောက် ချစ်ဇနီးပြင်ဆင်ထားပေးသော နံနက်စာကို စတင်သုံးဆောင်သည်။

လီနန်ခယ့်သည် မင်းသမီးကြီးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဇနီးဖြစ်သူအား ဖုံးကွယ်မထားခဲ့ချေ။ အိမ်သူသက်ထားမှာ အနည်းငယ်သဝန်တိုတတ်ကြောင်း သူကောင်းကောင်းသိသဖြင့် နံနက်စာစားရင်း လက်ကိုင်ခဲ့သည့်အပိုင်းကိုချန်လှပ်လျက် အကျဉ်းချုံး၍ ပြောပြလိုက်သည်။

"မင်းသမီးကြီးက ရှင့််ကိုလာရှာတာလား။"

အမြဲတစေ အေးဆေးငြိမ်သက်ပြီး နူးညံ့သိမ်မွေ့သော လော့ချန်းချိုးသည်ပင် လီနန်ခယ့်၏စကားကို ကြားရပြီးနောက် မင်းသမီးကြီး၏ အတွေးအခေါ်များကို နားမလည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။

သူမကို အချစ်နှောင်ကြိုးများ ဖြတ်တောက်ရန်အတွက် ချစ်သူအမျိုးသားတစ်ဦးကို ရှာဖွေခိုင်းခြင်းသည် သမားတော်ဖြစ်သူ၏ယောက်ျားကို ပရောပရည်လုပ်ဖို့ရန်မဟုတ်။

ရူးများနေတာလား။

စိတ်ဝေဒနာတစ်ခုခုခံစားနေရတာတော့ သေချာပါတယ်လေ။

"ဒါဆို ယောက်ျားက ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။"

လော့ချန်းချိုးက ချိုမြသောအသံဖြင့် မေးမြန်းလိုက်သည်။

"မင်းသမီးတစ်ပါးက ရင်ခွင်ထဲကို အတင်းတိုးဝင်လာတာဆိုတော့ ယောက်ျားအတွက် တကယ်ကို ပျော်စရာကောင်းနေမှာပဲ။"

ကဲ ခပ်ရွဲ့ရွဲ့ သဝန်တိုစကားတွေစပါပြီ။

လီနန်ခယ့် ခပ်တင်းတင်းပြောလိုက်သည်။

"မိန်းမအမြင်မှာ ကိုယ် လီနန်ခယ့်က အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ အကျင့်ပျက်‌ယောက်ျားတစ်ယောက်ဖြစ်နေတာလား၊ ဒါဆိုလည်း မမလေး ကိုယ့်ကို မြန်မြန်စွန့်ခွာသွားတာကောင်းလိမ့်မယ်ထင်ပါတယ်။ ကိုယ့်ကြောင့် ဂုဏ်သတင်းညစ်ပေစွန်းထင်းမခံပါနဲ့"

လော့ချန်းချိုးသည် ခင်ပွန်းဖြစ်သူ ဤမျှစိတ်ကြီးလိမ့်မည်မထင်သဖြင့် အခိုက်အတန့်မျှ ကြောင်အသွားရသည်။

ထိုစဥ် ယောက်ျားဖြစ်သူက မျက်နှာမှုန်မှုန်နှင့် ထမင်းကိုသာအတင်းခပ်စားနေသည်ကိုမြင်တော့ လော့ချန်းချိုး အားတုံ့အားနာဖြစ်သွားရသည်။ သူမ တို့ဖူးတစ်တုံးကိုညှပ်ထည့်ပေးလိုက်ပြီး လေသံပျော့လေးဖြင့်ဆိုလိုက်သည်။

"ကျွန်မအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး ယောက်ျားရဲ့ စိတ်မဆိုးပါနဲ့"

ချောက်

လီနန်ခယ့်က ပန်းကန်လုံးနှင့်တူကို ဆောင့်ချလိုက်သည်။

မနေ့က အင်အားကြီးရန်သူကို အနိုင်ယူသတ်ဖြတ်နိုင်ခဲ့သည့် ထင်ယောင်ထင်မှားမာန်မာနများက သူ့ကို ယုံကြည်မှုများ အဆုံးမရှိပေးစွမ်းနေခဲ့ပုံရသည်။ ထို့ကြောင့် လီနန်ခယ့်သည် ရှားရှားပါးပါးထွက်ပေါ်လာသော အသာစီးအနေအထားကို အသုံးပြုလျက် ဤအိမ်ထောင်ရေးတွင် သူ၏အကြွင်းမဲ့ အချုပ်အခြာအာဏာကို ကြေညာရန် ဆုံးဖြတ်လိုက်တော့သည်။

"ဘာပဲဖြစ်ဖြစ် မင်းအမြင်မှာတော့ ကိုယ်က တွေ့သမျှမိန်းမတိုင်းနဲ့ ပရောပရည်လုပ်နေတဲ့ အရှက်မရှိတဲ့ လူရှုပ်လူပွေတစ်ယောက်ဖြစ်နေတာပဲ မဟုတ်လား။ မင်းကိုယ့်ကိုတကယ်ပဲ အဲ့လောက်ရွံရှာနေတယ်ဆိုရင် လူကြီးလူကောင်းတစ်ယောက်သာ အမြန်သွားရှာလိုက်ပါတော့။ ခင်ပွန်းနဲ့ဇနီးကြား ယုံကြည်မှုတံတိုင်းက ဒီလောက်ယိုင်နဲ့နေမှဖြင့် ရှေ့ဆက်သွားတော့လည်း ဘာထူးတော့မှာလဲ"

"မဟုတ်ဘူး ကျွန်မပြောချင်တာက..."

"မင်း တခြားအိမ်ထောင်ရေးတွေကိုကြည့်ကြည့်၊ ဆင်းရဲတဲ့သူဖြစ်ပါစေ ချမ်းသာတဲ့သူဖြစ်ပါစေ ခင်ပွန်းဦးဆောင်တဲ့နောက် ဇနီးသည်က ယုံယုံကြည်ကြည် ဖဝါးထပ်မျှလိုက်ပါရမယ်ဆိုတာလောက်တော့ သိတဲ့သူချည်းပဲ"

"ဥပမာအားဖြင့် ငါတို့ရုံးက ရဲမက်တုန်းယွီကိုကြည့်လိုက်။ သူအိမ်ပြန်ရောက်တိုင်း သူ့မိန်းမက သူ့နောက်ကျောနဲ့ခြေထောက်တွေကို ဆေးကြောပေးတယ်။ သူအလုပ်ကိစ္စနဲ့ ပျော်တော်ဆက်ဂေဟာကို သွားရရင်တောင်မှ သူ့မိန်းမက သူ့ယောက်ျားဟာ အဲဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာကို သိပြီး အပြည့်အဝယုံကြည်ပေးတယ်။"

"အဲ့ဒါကို ဘာလို့ခေါ်တယ်ထင်သလဲ၊ ဇနီးမောင်နှံကြားက အခြေခံအကျဆုံးယုံကြည်မှုလို့ ခေါ်တယ်ကွ"

အမျိုးသား၏ ပြစ်တင်ဆုံးမမှုကို မကြုံစဖူး ရင်ဆိုင်နေရသဖြင့် လော့ချန်းချိုးသည် ဦးခေါင်းလေးကို အနည်းငယ်ငုံ့ကိုင်းထားခဲ့ရာ ဆံနွယ်အချို့မှာ နူးညံ့သောပါးပြင်ထက်သို့ ကျဆင်းလာခဲ့ပြီး ဝမ်းနည်းရိပ်သမ်းနေသော မျက်ဝန်းလေးများအား ကွယ်ဝှက်ထားပေးခဲ့၏။

ကိုယ်ကျင့်တရားအဆင့်အတန်း မြင့်မားသောနေရာတွင်နေကာ တခြားသူများကို ဝေဖန်ဆုံးမစကားဆိုရသည်မှာ အတော်ကောင်းသောခံစားချက်ပင်။

သူ့ငေါက်ငမ်းစကားများကြား အိမ်သူသက်ထား ခေါင်းမဖော်နိုင်ဖြစ်နေသည်ကိုမြင်သော် လီနန်ခယ့် မနေနိုင်စွာ ခပ်ဆိုးဆိုးပြုံးမိသည်။

ငါ့ကို မိန်းမကြောက်ရတယ်လို့ ဘယ်သူပြောရဲသေးလဲကွ။

နဂါးမှန်းသိအောင် အမောက်ထောင်ပြရသေးတာပေါ့။

ဒီမိန်းမကို အခုချိန် နိုင်နိုင်နင်းနင်း ကိုင်တွယ်မထားနိုင်ရင် နောက်ပိုင်း အနောက်ဆောင်တည်တဲ့အခါ ဘယ်လိုနိုင်အောင်ထိန်းသိမ်းနိုင်မလဲ။

ဤသို့ဖြင့် စားပွဲကိုတစ်ချက်ပြင်းပြင်းရိုက်ချကာ သင်ခန်းစာကိုဆက်သည်။

"ကိုယ်မင်းကို ဘယ်နှကြိမ်ပြောနေရဦးမှာလဲ။ ကိုယ့်ပထမဆုံးအတွေ့အကြုံကို မင်းနဲ့ပဲဖြတ်သန်းဖို့ ဆုံးဖြတ်ထားပြီးသား၊ အဲ့မတိုင်ခင် တခြားဘယ်မိန်းမနဲ့မှ ကျူးလွန်မှာမဟုတ်ဘူး၊ မင်းကိုယ့်ကိုမယုံတာလား။"

"ဒါဆို ဒုတိယအကြိမ် တတိယအကြိမ်တွေကိုရော"

လော့ချန်းချိုးက ရုတ်တရတ် တန်ပြန်မေးခွန်းထုတ်လာသည်။

"အင်း အဲ့ဒါကတော့..."

လီနန်ခယ့် ရုတ်တရတ်ကြောင်အသွားပြီး မျက်လုံးများကို ဟိုဟိုသည်သည်ရွှေ့သည်။

"အဲ့ဒါတွေလည်း မင်းနဲ့ပဲပေါ့ မိန်းမရ"

လော့ချန်းချိုး၏ စူးရှရှမျက်ဝန်းများက သူ့မျက်လုံးများထဲသို့ တည့်တည့်စိုက်ကြည့်လာခဲ့ကာ ဖိအားပေးနေသောလေသံဖြင့် တည်ငြိမ်စွာဖြင့် ထပ်မံမေးခွန်းထုတ်ပြန်သည်။

"ဒါဆို ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်... ပြီးတော့ ရှစ်ဆယ့်ရှစ်ကြိမ်မြောက်ကျရင်ကော။"

"..."

လီနန်ခယ့်သည် ကိုယ့်ပါးစပ်ကိုယ် နှစ်ချက်လောက် ပြန်ပိတ်ရိုက်ချင်စိတ် ပေါက်သွားရသည်။

အဆင်ချောသဘောတွေ့စရာ အခြေအနေကြီးမှာ ပြန်လည်ပြုပြင်၍မရအောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်သဖြင့် သူသည် ‌ပေါက်တတ်ကရ ဆင်ခြေဆင်လက်များကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်တော့၏။

"အတိုချုပ်ပြောရရင်တော့ ကိုယ့်ပထမဆုံးအကြိမ်က မိန်းမအတွက်ဆိုတာပဲ။ မိန်းမမယုံရင် ကိုယ်ဒီညပဲ သက်သေပြလို့ရတယ်"

"ကျွန်မ ယောက်ျားကိုယုံပါတယ်" လော့ချန်းချိုးက ခပ်ပြုံးပြုံးဆိုသည်။

"တွေ့လား။ ဒါဟာ လင်မယားကြားကယုံကြည်မှုပဲ။ မိန်းမ ကိုယ့်ကိုယုံကြည်မယ်ဆိုတာ ကိုယ်သိပြီးသားပါ။"

လီနန်ခယ့်၏ အပြုံးမှာ အလွန်ပင်တောက်ပလန်းဆန်းနေခဲ့သည်။ ထို့နောက် ပန်းကန်ကိုကောက်ကိုင်ကာ ဟင်းသီးဟင်းရွက်အချို့ကို သူမ၏ ထမင်းပန်းကန်ထဲသို့ ထည့်ပေးလာသည်။

"ရော့ မိန်းမ၊ ဟင်းသီးဟင်းရွက်တွေအများကြီးစား၊ ဟင်းသီးဟင်းရွက်တွေက လူကို အသားအရည်စိုပြေတောက်ပပြီး အလှတိုးစေတယ်"

လော့ချန်းချိုး မျက်မှောင်ကြုတ်သွားသည်။

"အလှတိုးစေတယ် ဟုတ်လား။ ယောက်ျားက ကျွန်မကို မလှဘူးလို့ထင်နေတာလား။"

"မဟုတ်တာတွေကွာ၊ ကိုယ့်မျက်လုံးထဲမှာတော့ မိန်းမကအလှဆုံးပဲ။"

လီနန်ခယ့်တစ်ယောက် ပျာယာခတ်ကာ နဖူးထက် ချွေးစေးများစိမ့်ထွက်လာရတော့၏။

လော့ချန်းချိုးသည် ထမင်းအစားမပျက်စွာပင် မျက်နှာတည်ဖြင့်ဆိုလာသည်။

"တကယ်လို့ယောက်ျားက ကျွန်မကို မလှဘူးထင်ပြီး ရှင့်နဲ့မလိုက်ဖက်ဘူးလို့ ယူဆရင်တော့ ယောက်ျားအနေနဲ့ တခြားမိန်းမတစ်ယောက်သာ သွားရှာလိုက်ပါတော့။ ကျွန်မကြောင့်နဲ့ အချိန်ကုန်ခံ အာရုံပျက်ခံမနေပါနဲ့တော့။

ဘုရားရေ သူ့တိုက်ကွက်နဲ့ပဲ သူ့ကို ပြန်အလဲထိုးနေပါလား။

လီနန်ခယ့်သည် ဒီတစ်ခေါက်တော့ ပြေးပေါက်ပိတ်ကာ နားကန်းချင်ယောင်ဆောင်လျက် ထမင်းသာအတင်းငုံ့စားနေလိုက်တော့၏။

ကံကောင်းထောက်မစွာပင် ဇနီးဖြစ်သူသည် တော်သင့်ပြီဖြစ်ကြောင်း သဘောပေါက်ဟန်ဖြင့် သူ့ကို အသက်ရှူခွင့်ပေးလာ၏။

"ဒါပေမဲ့ ယောက်ျားက အဲ့လို အပေါ်ယံပဲကြည့်တတ်တဲ့လူမျိုးမဟုတ်ဘူးလို့ ကျွန်မယုံကြည်ပါတယ်"

"မိန်းမက ကိုယ့်အကြောင်းအသိဆုံးပါပဲ။"

လီနန်ခယ့်သည် သက်ပြင်းချလျက် စိတ်အေးသွားခဲ့ရပြီး လက်မထောင်ပြလိုက်သည်။

လော့ချန်းချိုးသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူမသည် တူထိပ်ဖျားကို ညင်သာစွာကိုက်လိုက်ရင်း ခပ်တိုးတိုးမေးလာ၏။

"ဒါနဲ့ စကားမစပ် အဲ့ဒီရဲမက်တုန်းယွီက အိမ်ပြန်ရောက်တိုင်း သူ့မိန်းမကို နောက်ကျောနဲ့ခြေထောက်တွေ ဆေးကြောသန့်စင်ခိုင်းတာပေါ့"

"မဟူတ်ဘူး၊ မဟုတ်ပါဘူး။"

လီနန်ခယ့်မှာ ထိတ်လန့်တကြားဖြင့် အလျင်အမြန်ရှင်းပြလာသည်။

"မိန်းမ နားကြားမှားတာနေမှာပါ။ ကိုယ်ပြောတာက ရဲမက်တုန်းယွီဆို အိမ်ပြန်ရောက်တိုင်း သူ့မိန်းမရဲ့နောက်ကျောနဲ့ခြေထောက်တွေကို ဆေးပေးရတယ်လို့၊ ကိုယ်ရော ဆေးပေးရဦးမလား။ ကိုယ့်လက်ရာက ပိုတောင်ကောင်းလောက်သေးတယ်"

လော့ချန်းချိုး၏ မျက်လုံးလှလှလေးများက သူ့ကို ရှက်ကိုးရှက်ကန်းကြည့်နေပြီး လည်တိုင်သွယ်သွယ်လေးမှာလည်း နီမြန်းနေခဲ့သည်။

အမျိုးသားက ခပ်တိုးတိုး ရယ်မောလိုက်သည်။

ဤကြားဖြတ်စနောက်မှုကြောင့် တင်းမာကျဥ်းကျပ်သောပတ်ဝန်းကျင်မှာ ပြန်လည်ပြေလျော့သွားခဲ့ရပြီး ဇနီးမောင်နှံကြားမှ သိမ်မွေ့သောနွေးထွေးမှုကိုပင် ပြန်လည်တွန်းအားပေးနိုင်လိုက်ဟန်ရှိ၏။

နံနက်စာစားပြီးနောက် လီနန်ခယ့်သည် ပန်းကန်များကို တက်ကြွစွာ ဆေးကြောသိမ်းဆည်းပေးတော့လေသည်။

ထို့နောက် ပန်းကန်များကိုကောက်ကိုင်လျက် တံခါးအပြင်ဘက်သို့ ထွက်ခွာရန်ပြင်ဆင်လိုက်စဉ် သူ့ခြေထောက်က တံခါးဘောင်ဘေး မတ်မတ်ထောင်ထားသော လှံရှည်ကြီးအား မတော်တဆဝင်တိုက်မိလေတော့၏။

လှံရှည်ကြီးမှာ တိမ်းစောင်းသွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျခါနီးဖြစ်သွားခဲ့သည်။

ဖတ်

ကျောက်စိမ်းကဲ့သို့ နူးညံ့ဖြူဖွေးသောလက်တစ်ဖက်က ထိုအရာကို အချိန်မီဖမ်းဆွဲကိုင်လိုက်နိုင်သည်။

ဇနီးမောင်နှံနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် လော့ချန်းချိုးကို လက်ကို ချက်ချင်းလွှတ်ချလိုက်သဖြင့် လှံရှည်ကြီးမှာ မြေပြင်ပေါ်အုန်းခနဲလဲကျကာ ဖမ်းဆွဲထားရန်ပြင်ခဲ့သူကတော့ လက်ကောက်ဝတ်နုနုလေးကိုပွတ်သပ်ရင်း ဆိုလေ၏။

"ဒီလှံရှည်ကြီးက တကယ်လေးတာပဲ ယောက်ျား၊ ကျွန်မမနိုင်ဘူးရယ်။"

မင်းကကိုယ်နဲ့ သရုပ်ဆောင်လုပ်တမ်း ကစားချင်သေးတယ်‌ပေါ့"

လီနန်ခယ့်၏မျက်နှာထက် အမူအရာအမျိုးမျိုး ဖြတ်ပေးသွားပြီး လက်ထဲမှပန်းကန်များကိုချကာ ပေါင်တစ်ရာကျော်ခန့်လေးလံသော လှံရှည်ကြီးကို မနည်းအားစိုက်ထုတ်လျက် ပြန်လည်မထောင်ပေးလိုက်ရသည်။

"ယောက်ျားကော ဒီလှံရှည်ကြီးကို ကြည့်ကောင်းတယ်လို့ထင်လား။"

"သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။"

"ဒါဆို ယောက်ျားဘာဖြစ်လို့ တစ်ခါလောက်ယူသုံးမကြည့်တာလဲ။ ကျွန်မအထင် လှံပိုင်ရှင်လည်း ဒါကိုသဘောတူလောက်မှာပါ"

"သုံးဖို့မလိုအပ်ပါဘူး။ သုံးပြီးမှ ဒီလှံပိုင်ရှင်က စိတ်သဘောထားသေးသိမ်တဲ့လူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"

"..."

လော့ချန်းချိုးသည် မျက်လုံးများကို အနည်းငယ်မှေးကျဥ်းကာ ပြန်မေးလာ၏။

"ယောက်ျားဘာပြောလိုက်တာလဲ။ ကျွန်မ သေချာမကြားလိုက်ရဘူး။"

ပတ်ဝန်းကျင်လေထုမှာ အေးစိမ့်လို့လာသည်ကို အာရုံခံမိလိုက်သဖြင့် လီနန်ခယ့်သည် ခပ်တိုးတိုးရယ်မောလိုက်ပြီး ပန်းကန်များကို ပြန်လည်ကောက်ကိုင်ကာ ပြုံးလျက်ဆိုလိုက်သည်။

"ဒီလောက်လှတဲ့လှံကို ပိုင်ထားတဲ့သူဟာ စိတ်သဘောထား အလွန်ကြီးမြတ်တဲ့လူဖြစ်ရမယ်၊ ပြီးတော့ လူ့လောကထဲက အလှဆုံးနတ်သမီးလေးပါ ဖြစ်နိုင်လောက်တယ်လို့ ပြောလိုက်တာပါ"

လီနန်ခယ့် တံခါးအပြင်သို့လှမ်းထွက်လိုက်ပြီး တစ်ခဏလောက်တွေဝေသွားပြီးမှ လှမ်းပြောလာသည်။

"မိန်းမ ဒီလက်နက်ကိုသဘောကျတယ်ဆိုရင် ကိုယ်နောက်ကျ မင်းကိုတစ်ခုလုပ်ပေးမယ်လေ"

All Chapters