သေကွဲ
Vol. 18 Ch. 180
အိတ်ကို ဖွင့်လိုက်သောအခါ အလောင်းတစ်ခုမှာ လူတိုင်း၏မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
ယခုအခါ ကျန်းမင်မှလွဲ၍ လူတိုင်းမှင်တက်သွားခဲ့ရသည်။ အကြောင်းမှာ အိတ်ထဲရှိအလောင်းသည် ယွမ်ဝမ်ချန်ဖြစ်နေသောကြောင့်ပင်။
ရွှစ် ရွှစ် ရွှစ်
ဓားထုတ်သံများ ဆူညံသွားခဲ့သည်။
ဆိုင်ယွဲ့၊ ဆိုင်ယွဲ့၊ ကောကန်းနှင့် ညကင်းလှည့်တပ်ဖွဲ့ဝင်အချို့သည် ခါးဆောင်ဓားများကို အလျင်အမြန်ဆွဲထုတ်ကာ ယွမ်ဝမ်ချန်ထံသို့ ချိန်ရွယ်လိုက်ကြ၏။
လေထုမှာ ချက်ချင်းပင် တင်းမာသွားခဲ့ရသည်။
ကျန်းမင်သည် မျက်လုံးများကိုစုံမှိတ်ချလျက် မြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီး သူမ၏တစ်ကိုယ်လုံးမှာ တသိမ့်သိမ့်တုန်ယင်နေခဲ့ကာ မျက်ရည်များမှာ ပုလဲကုံးပြတ်ကျသကဲ့သို့ အဆက်မပြတ် စီးဆင်းကျလာတော့၏။
လိန်ရှင်းနန်လည်း မျက်နှာအရောင် တော်တော်ဖြူဖျော့သွားခဲ့ရသည်။
အကြောက်တရားတစ်ခုက သူမ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့ကူးစက်သွားခဲ့ပြီး ကျောရိုးတစ်လျှောက် အေးစက်သွားကာ ထိတ်လန့်မှုများက လှိုင်းလုံးပမာ ရိုက်ခတ်လာလေတော့၏။
အကယ်၍ လီနန်ခယ့်သာ သူတို့နံဘေးမရှိခဲ့လျှင်၊
သူတို့အားလုံး အသက်အာမခံချက်ပင် ရှိလိမ့်မည်မဟုတ်တော့။
ဒီကိစ္စမျိုးက အရင်ကမဖြစ်ဖူးတာတော့ မဟုတ်ချေ။ လွန်ခဲ့သောသုံးနှစ်ခန့်က တိမ်တိုက်မြို့တော် ညကင်းလှည့်ဌာနမှ အမျိုးသမီးသိုင်းပညာရှင် တစ်ဆယ့်ခြောက်ဦးသည် ခေတ္တပေါ့ဆမှုကြောင့် သင်္ချိုင်းလူသားများဆီမှ အသက်နှုတ်ခေါ်ဆောင်သွားခြင်း ခံခဲ့ရဖူး၏။
ယွမ်ဝမ်ချန်သည် ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားခဲ့ရသည်။
အိတ်ထဲရှိ ပုပ်ပွနေပြီဖြစ်သော အလွန်တရာရင်းနှီးလှပါသည့် အလောင်းကိုယ်ထည်ကို ကြည့်ရင်း သူ၏မျက်နှာမှာ အကြောများတောင့်တင်းနေခဲ့ပြီး နှုတ်ခမ်းက တဆတ်ဆတ်တုန်ရီနေခဲ့သည်။ သို့သော် ထိုနှုတ်ခမ်းဆီမှ ဘာစကားမှထွက်မလာနိုင်တော့ပေ။
မိမိ၏ရုပ်အလောင်းကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ရချိန်တွင် မည်သူက စိတ်အေးအေးထားနိုင်ပါမည်နည်း။
"ဖြစ်စဥ်လေးတွေကို နည်းနည်း ရှေ့နောက်စီစဥ်ကြည့်ကြတာပေါ့"
လီနန်ခယ့်က သက်ပြင်းကိုဟင်းခနဲချကာ ခပ်ဖြည်းဖြည်းပြောပြလာသည်။
"လွန်ခဲ့တဲ့ကိုးရက်တုန်းက ယွမ်ဝမ်ချန်နဲ့ ကျန်းမင်ဟာ အကျဥ်းသားမုန့်ချင်ကို တုန်းချီခရိုင်နယ်စပ်စည်းထိ စောင့်ကြပ်ခေါ်ဆောင်လာခဲ့ကြတယ်။"
"ယွမ်ဝမ်ချန်က ကျန်းမင်ဘက်ကိုငဲ့ပြီး မုန့်ချင်ကို အသေရှင်းပစ်ချင်တဲ့စိတ်နဲ့ တမင်တကာလွှတ်ပေးလိုက်တယ်"
"ဒီလောက်ဆို အစီအစဥ်က ချောချောမွေ့မွေ့ ပြီးသွားသင့်ပြီမဟုတ်လား"
"ယွမ်ဝမ်ချန်လည်း မုန့်ချင်ကို သေစေလောက်တဲ့နေရာဆီ ချိန်ထိုးခဲ့တာပဲ။ အဲ့လူက သေခါနီးဒဏ်ရာနဲ့ ကျင်းထဲကိုနောက်ပြန်ပြုတ်ကျသွားခဲ့တယ်"
"အဲ့ဒီအပိုင်းမှာ ယွမ်ဝမ်ချန်က မုန့်ချင်သေမသေသွားစစ်ဖို့ အချိန်မရှိခဲ့ဘူးလို့ ပြန်ပြောခဲ့တယ်"
"တကယ်တော့ သူဆင်းကြည့်ခဲ့ပါသေးတယ်"
"အရိုးထဲထိအောင် တူးတူးခါးခါးမုန်းနေတဲ့လူကို တကယ်သေမသေမစစ်ဘဲထားသွားဖို့က မဖြစ်နိုင်တာလေ။ သူ အဲ့အလောင်းကို သူ့မျက်လုံးနှစ်လုံးနဲ့ စစ်ဆေးခဲ့ပါသေးတယ်"
"ယွမ်ဝမ်ချန် စစ်မကြည့်ခဲ့မိဘူးလို့ပြောတာက မှတ်ဉာဏ်ပျောက်ဆုံးမှုကြောင့်ပါ"
"နောက်ပြီး သင်္ချိုင်းလူသားတွေရဲ့ လက္ခဏာတစ်ခုက သေဆုံးခါနီးအချိန်ကမှတ်ဉာဏ်တွေကို ပြန်မမှတ်မိနိုင်တာပဲလေ"
လီနန်ခယ့်ဆက်စပ်ပြသော ဇာတ်လမ်းကျောရိုးတွင် သူတို့အားလုံး ဇာတ်ရည်လည်သွားကြသည်။
သိပ်မဝေးလှသော သစ်တောတစ်နေရာတွင် မင်းသမီးကြီးပိုင်ရူယွဲ့သည် ကိုယ်ရံတော်များခြံရံလျက် ရောက်ရှိလာပြီး ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေ၏။
လီနန်ခယ့်တစ်ယောက် အဖြစ်မှန်ကိုဖော်ထုတ်ပြီးကြောင်း တွေ့လိုက်သောအခါ သူမလည်း ရှေ့ဆက်မတက်တော့။
"ဒီလူက ဉာဏ်တော့ကောင်းသားပဲ"
သက်ဝင်တက်ကြွကာ ပြိုင်ဘက်ကင်းချောမောသောမျက်နှာပိုင်ရှင် ထိုလီနန်ခယ့်ကိုကြည့်ရင် မင်းသမီးကြီး၏မျက်နှာထားမှာ ခံစားချက်တို့ရှုပ်ထွေးလာသယောင်ရှိ၏။ ညဘက်မိုးသည်းကြားမှ မြူငွေ့အေးစက်စက်လို ကြည်လင်ကာ ဖောက်ထွင်းမြင်မရနိုင်သော မျက်လုံးများသည် ဉာဏ်ရည်ဉာဏ်သွေးတို့ဖြင့် တောက်ပလျက် ထိုသူအပေါ်ထားသောအမြင်ကို တစ်ချို့တစ်ဝက် ပြောင်းလဲလိုက်မိသည်။
ဒီလိုယောက်ျားမျိုးက ဒီမင်းသမီးအတွက် အစမ်းသပ်ခံချစ်သူရည်းစားဖြစ်ဖို့ ထိုက်တန်ပါတယ်။
ဟယ် ငါဘာမဟုတ်တာတွေ တွေးနေတာလဲ။
ပိုင်ရူယွဲ့သည် ထိုရွံရှာဖွယ်အတွေးကို စိတ်ထဲမှ ချက်ချင်းဖယ်ထုတ်လိုက်ပြီး ခံစားချက်တို့ရောပြွမ်းလာသောမျက်နှာထားမှာ ပြန်လည်အေးစက်တည်ငြိမ်သွားလေတော့၏။
ဉာဏ်ကောင်းနေတော့ရော ဘာဖြစ်လဲ။
ဒီမင်းသမီးရဲ့ သူ့အပေါ်ထားတဲ့အမုန်းတရားက ပြောင်းလဲသွားမှာမဟုတ်ဘူး။
ဒီမင်းသမီး သူ့ကိုချစ်ဖို့ဆုံးဖြတ်ချက်ကိုလည်း ပြောင်းလဲစေနိုင်မှာမဟုတ်ဘူး။
မုန်းစရာကောင်းတဲ့လူတစ်ယောက်ကို ပစ်စလတ်ခတ်ထားခဲ့ရလို့လည်း ဒီမင်းသမီး အပြစ်ရှိစိတ်ဝင်နေမှာမဟုတ်ဘူး။
လီနန်ခယ့်က ဆက်ပြောသည်။
"ဒါပေမဲ့ အဲ့ဒီမုန့်ချင် မိုးနီကိုဝှက်သိမ်းထားခဲ့မယ်လို့တော့ ယွမ်ဝမ်ချန်ထင်မထားခဲ့ဘူး။ သူ လူကိုစစ်ဆေးဖို့ ကျင်းထဲကိုခုန်ဆင်းသွားတဲ့အချိန်မှာ မုန့်ချင်က သူ့ကိုအလစ်ဖမ်းတိုက်ခဲ့ပြီး နှစ်ဦးလုံး မြေပေါ်လဲကျသွားခဲ့ရတယ်"
"အသေအကျေတိုက်ခိုက်ခဲ့ကြပြီး မုန့်ချင်က ဒဏ်ရာကြီးကြီးရသွားလို့ သေခါနီးဆဲဆဲဖြစ်နေချိန်မှာ ယွမ်ဝမ်ချန်ကတော့ တကယ်သေဆုံးသွားခဲ့ပြီ"
"ကျန်းမင်က ကျင်းထဲကိုဆင်းကြည့်တဲ့အခါ ယွမ်ဝမ်ချန်ရဲ့ အသက်မဲ့အလောင်းကိုမြင်တော့ ဝမ်းနည်းပူဆွေးမှုကြောင့် ဘေးမှအတူလဲနေခဲ့တဲ့မုန့်ချင်ရဲ့ခန္ဓာကိုယ်ကိုတော့ တစ်ချက်တောင်လှည့်မကြည့်မိခဲ့ဘူး။"
"အဲ့ဒီအချိန်မှာ မိသားစုဆီကနေ စွန့်ပစ်ခံလိုက်ရတဲ့ ချင်ချင်ဆိုတဲ့ကလေးမလေးဟာ တွင်းနက်ထဲကိုပြုတ်ကျလာခဲ့တာပဲ"
"ကလေးမလေးမြင်ခဲ့တဲ့ သွေးတွေလွှမ်းနေတဲ့ အဲ့ဒီမကောင်းဆိုးဝါးဟာ ဒဏ်ရာတွေအကြီးအကျယ်ရထားတဲ့ မုန့်ချင်ကိုယ်တိုင်ပါပဲ"
"နောက်ပိုင်း မုန့်ချင်တစ်ယောက် ကျင်းထဲကထွက်ပြီး မိစ္ဆာအဖြစ် သန္ဓေပြောင်းခဲ့တယ်"
"ကျန်းမင်ကတော့ စီနီယာအစ်ကိုရဲ့သေဆုံးမှုကြောင့် ဝမ်းနည်းကြေကွဲနေရင်းက သူသေခဲ့တဲ့အချိန်ဟာ ညသန်းခေါင်ဖြစ်မှန်း သတိရသွားပြီး မိုးနီရေနဲ့ သေဆုံးသူကို အသက်ပြန်သွင်းပေးခဲ့တယ်"
"ဒါပေမဲ့ သင်္ချိုင်းလူသားက သင်္ချိုင်းလူသားပဲလေ။ ဆယ်ရက်နေရင် သေသွားမယ့်သူပဲကို"
"ကျန်းမင်လည်း ဒါကိုသိတာကြောင့် နောက်ဆုံးဆယ်ရက်ကလေးကို ကောင်းကောင်းအချိန်ကုန်ဆုံးဖို့ တွေးထားခဲ့တာပေါ့"
"ဒါပေမဲ့ သူ့စီနီယာအစ်ကိုကို အမှန်အတိုင်းတော့ ပြောမပြနိုင်ခဲ့ဘူး"
"ဘာကြောင့်လဲဆိုတော့ မိုးနီကိုဒီလောက်နာကျည်းလှတဲ့ ယွမ်ဝမ်ချန်ဟာ သူ မိုးနီကြောင့်အသက်ပြန်ဝင်လာတာကိုသာ သိသွားမယ်ဆိုရင် သေချာပေါက် သတ်သေလိုက်မှာကြောင့်ပဲ"
"တစ်ချိန်တည်းမှာပဲ ခေါင်းတလားတစ်လုံးကိုမှာပြီး သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ အဲ့ဒီသင်္ချိုင်းလူသားကို သူ့လက်နဲ့သတ်၊ သူ့ကိုယ်သူလည်း တစ်ပါတည်းသတ်သေပြီး အတူလိုက်သွားဖို့တွေးထားတာ"
လီနန်ခယ့်၏အသံမှာ တိုးဖျော့ကာ စကားအသွားအလာက နှေးကွေး၏။ သို့သော် နားထောင်သူများနားတွင်တော့ ဗုံးတစ်လုံးချလိုက်သည့်နှယ်။ သင်္ချိုင်းလူသားဟူသော အစမှသည် အတူတကွလိုက်ပါသတ်သေခြင်းထိ ဆိုးရွားသွားလိမ့်မည်မှန်း သူတို့ မျှော်လင့်မထားခဲ့မိကြ။
သူတို့၏ဇာတ်လမ်းကို အစအဆုံးပြန်နားထောင်နေရသော ကျန်းမင်နှင့် ယွမ်ဝမ်ချန်တို့နှစ်ယောက်ကို ကြည့်ရင်း အားလုံး၏မျက်လုံးများမှာ ပူဆွေးမှုဖြင့် မှိုင်းညို့နေခဲ့ကြသည်။
ထိုအချိန်တွင် သင်္ချိုင်းလူသား ယွမ်ဝမ်ချန်မှာ တောင့်မခံနိုင်တော့သလို ပြိုလဲကျသွားလေသည်။
သူ ခေါင်းကိုတင်းတင်းအုပ်ကိုင်ထားကာ စာရွက်ဖြူကဲ့သို့ ဖျော့တော့နေသောမျက်နှာဖြင့် အရူးတစ်ယောက်လို အော်ဟစ်လူးလှိမ့်ရင်း ကြားလိုက်ရသည့်စကားများကို နားပင်မလည်နိုင်တော့လောက်အောင် ထူပူနေခဲ့သည်။
"မဖြစ်နိုင်တာ"
"ဘယ်လိုမှမဖြစ်နိုင်တာ"
"ဟားဟားဟား မင်းတို့အားလုံး ငါ့ကိုဝိုင်းစနေကြတာမဟုတ်လား"
"..."
သင်္ချိုင်းလူသားယွမ်ဝမ်ချန်၏ ရယ်မောရင်းငိုကြွေးနေသည့်မြင်ကွင်းမှာ နေရာတွင်ရှိသောလူတိုင်းကို ဝမ်းနည်းမှုနှင့်အတူ ကြောက်စိတ်ကိုလည်း ဖြစ်ပေါ်စေ၏။
ကျန်းမင်က အရှေ့သို့တိုးကာ ထိုသူကို ဖက်ပွေ့နှစ်သိမ့်ဖို့ ကြိုးစားပေသည့် အနောက်သို့ ခပ်ပြင်းပြင်းတွန်းထုတ်ခံလိုက်ရသည်။
"အစ်ကို"
အမျိုးသမီးမှာ နှလုံးသားကို ဓားထက်ထက်ဖြင့် အစိမ်းလိုက်ထိုးခွဲခံရသလို ပြင်းစွာသောနာကျင်ကြေကွဲမှုကြောင့် မျက်ရည်များက တောင်ကျစမ်းရေအလား အဆက်မပြတ် စီးကျလာခဲ့တော့သည်။
ရုတ်တရတ်ပင် သူမသည် ဓားကျိုးကို ရင်ဘတ်ဆီသို့ ဖိထောက်ထားလိုက်ပြီး မျက်လုံးတွင် မျက်ရည်တို့အပြည့်ဝိုင်းလျက် စိတ်ဆုံးဖြတ်ချက်နှင့်အတူ စိတ်သက်သာရာရသွားဟန် ပေါ့ပါးသောအသံဖြင့် ဆိုလေသည်။
အဝေးမှာ အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေသောပိုင်ရူယွဲ့မှာ ထိုမြင်ကွင်းကြောင့် အကြီးအကျယ်တုန်လှုပ်သွားရသည်။
ချစ်သူများ အတူတကွသေဆုံးကြခြင်းကို ဝတ္ထုစာအုပ်များထဲတွင် ဖတ်ခဲ့ဖူးပါသည်။
စိတ်ကူးထဲလည်း ပုံဖော်ကြည့်ခဲ့ဖူး၏။
သို့သော် မျက်စိရှေ့တွင် အရှင်လတ်လတ်ကြုံတွေ့ရခြင်းကား လုံးဝမတူညီလေပြီ။
"ဒါဟာအချစ်လား၊ လီနန်ခယ့်က ငါ့ကို ခြောက်လှန့်ချင်လို့လိမ်ပြောခဲ့တယ် ထင်နေတာ၊ တကယ်ကြောက်စရာကောင်းတာပဲ"
မင်းသမီးကြီး၏ မာန်မာနသည်ပင် ခြေလှမ်းအနည်းငယ် ဆုတ်ဆိုင်းသွားခဲ့ရလေပြီ။
သူမ နောင်တရမိသည်။
ကြောက်ရွံ့မိသည်။
လူတစ်ယောက်ကိုချစ်ဖို့ သူမ ထပ်မကြိုးစားချင်တော့။
သို့သော် ကုသမရသော ဤရောဂါဝေဒနာအကြောင်း တွေးမိသောအခါ သူမ စိတ်တွေရှုပ်ထွေးသွားရပြန်သည်။ မနေ့ကအဖြစ်အပျက်ကို ပြန်စဥ်းစားမိတော့ သူမသွားများကို တင်းတင်းဖိကြိတ်လိုက်မိသည်။
မဟုတ်ပါဘူး။
အဲ့လောက်လည်း ကြောက်စရာမကောင်းဘဲနဲ့။
သူတို့စုံတွဲ ဘယ်လောက်ပဲသနားစရာကောင်းပြနေပါစေ ဒီမင်းသမီးရဲ့ ပြင်းပြတဲ့ဆန္ဒကိုတော့ ချိုးဖျက်လို့မရနိုင်စေဘူး။
ဒီမင်းသမီးက သာမန်လူတွေနဲ့မတူဘူး။
ဒီမင်းသမီးက ယောက်ျားတစ်ယောက်အတွက်နဲ့ အသက်ပေးမယ့်သူမျိုး လုံးဝမဟုတ်ဘူး။ လုံးဝပဲ။
ထိုသို့တွေးရင်း ပိုင်ရူယွဲ့၏စိတ်ခံစားချက်များ အနည်းငယ်ပေါ့ပါးသွားခဲ့ရသည်။
ကျန်းမင်တစ်ယောက် သတ်သေတော့မည့်အဖြစ်ကိုမြင်သော် အားလုံး ပျာယာခတ်ကုန်ကြသည်။ လိန်ရှင်းနန်သည် သူမကိုဝင်တားရန် အမြန်လှုပ်ရှားပါသော်ငြား လီနန်ခယ့်က အော်တားလာ၏။
"သူ့ကိုမကယ်နဲ့ သေပါလေ့စေ"
လိန်ရှင်းနန် ကြက်သေသေသွားရသည်။ ဘာကြောင့်မှန်း နားမလည်ပါသော်ငြား ထိုယောက်ျားစကားအတိုင်း ခြေလှမ်းများကိုတန့်လိုက်၏။
အမျိုးသမီး၏အရေပြားကို ထိုးဖောက်သွားသောဓားကျိုးသည် နှလုံးသားဆီတည့်တည့်ဦးတည်ကာ သေခြင်းတရားကို ပင့်ဖိတ်ခေါ်ဆောင်ရန်ပြင်သည်။
ထိုစဥ် ချက်ချင်းဆိုသလိုပင် အလွန်ပြင်းပြသော သွေးညှီနံ့နှင့်အတူ ပေါ်ထွက်လာသော အပ်ချည်ကြိုးနီတစ်မျှင်သည် ကျန်းမင်၏လက်ထဲမှဓားလက်ကိုင်ကို ရစ်ပတ်လိုက်ကာ ဓားတစ်ချောင်းလုံး အပိုင်းအစများဖြစ်သွားအောင် ချိုးချေလိုက်တော့၏။
ရောက်လာပြီပဲ။
လောင်းကြေးနိုင်သူတစ်ဦးကဲ့သို့ လီနန်ခယ့်၏နှုတ်ခမ်းများ ကွေးညွှတ်သွားခဲ့သည်။
သက်ငယ်မိုးအိမ်လေး၏အထက်တွင် သွေးရောင်လွှမ်းနေသောပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပွက်ပွက်ဆူနေသော ရေနွေးအိုးအလား သွေးများ တရစပ်ပန်းထွက်နေခဲ့သည်မှာ ကျောစိမ့်ကြောက်ရွံ့ဖွယ်။
မိစ္ဆာမုန့်ချင်ပင်။