ငါ့မိန်းမကို သွားမရှုပ်နဲ့။
Vol. 18 Ch. 171
အိမ်ပြန်ရောက်သောအခါ ကောင်းကင်ထက်၌ မှောင်မိုက်သွားခဲ့ချေပြီ။
ဇနီးဖြစ်သူ လော့ချန်းချိုးသည် ထုံးစံအတိုင်းပင် ညစာကိုပြင်ဆင်ထားပေးပြီး တံခါးဝတွင် ငြိမ်သက်စွာထိုင်လျက် ခင်ပွန်းသည်ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ခြံတံခါးဝတွင် ခင်ပွန်းသည်၏အရိပ် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ ထိုအမျိုးသမီး၏ မျက်နှာထက်တွင် ဆွဲဆောင်မှုရှိသော အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ယောက်ျား၊ ပြန်လာပြီလား။"
သို့သော် ထိုမျက်နှာထက်ရှိအပြုံးမှာ ချက်ချင်းဆိုသလို အေးခဲတောင့်တင်းသွားလေတော့၏။
ခင်ပွန်းသည်၏ ဒဏ်ရာရနေသာလက်မောင်းတစ်ဖက်ကို စိုက်ကြည့်ရင်း သူမ၏ ကြည်လင်ငြိမ်သက်သော မျက်ဆံနက်များထဲ ကြက်သီးထဖွယ် သတ်ချင်ဖြတ်ချင်စိတ်များ စိမ့်ထွက်လာလေတော့သည်။
သူမဆီမှ ခံစားရနိုင်သော မမြင်နိုင်သည့် အေးစက်စက်အရိပ်အငွေ့ကြောင့် ငန်းမမကြီးနှင့် လိပ်ဆရာကြီးတို့ပင် အနည်းငယ် ကြောက်လန့်တုန်လှုပ်သွားကြရသည်။
"ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး အဆစ်လွဲသွားရုံတင်"
မိမိထက်ကျင့်စဥ်မြင့်သော ကျွမ်းကျင်ပညာရှင်တစ်ဦးကို အနိုင်ယူသတ်ဖြတ်နိုင်ခဲ့သည့် စိတ်လှုပ်ရှားမှုက လီနန်ခယ့်ရင်ဘတ်ထဲ ဝဲလည်လှည့်နေစမ်းပင်။ တွဲလောင်းကျနေသည့်လက်မောင်းကိုပင် ဂရုမစိုက်ဟန်ဖြင့် ခပ်တိုးတိုးရယ်မောလိုက်သေး၏။
ထို့နောက် တံခါးဝတွင်ထောင်ထားသော နှစ်ဖက်သွားလှံရှည်ကြီးကို တစ်ချက်စွေစောင်းကြည့်လိုက်မိသည်။
အမျိုးသား၏နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားခဲ့၏။
အလွန်စွမ်းအားကြီးကာ မာယာများလှသော ထိုမိစ္ဆာကောင်ကို တစ္ဆေနတ်ဘုရားလှံသွားရှင်ပင် သတ်နိုင်လောက်ပါ့မလားဟု သူတွေးလိုက်မိသည်ပင်။
ဒီအချိန်မှာတော့ ငါသာ ပြိုင်ဘက်ကင်းပဲ။
အမျိုးသားမှာ အလွန်ပင် မာနထောင်လွှားနေခဲ့လေပြီ။
လော့ချန်းချိုး ခင်ပွန်းဆီအမြန်ပြေးသွားလိုက်ပြီး တွဲကူလျက် ကုလားထိုင်ပေါ်ထိုင်စေလိုက်သည်။
အမျိုးသားက အပေါ်ရုံကို ချွတ်လိုက်၏။
ထိုစဥ် ထွက်ပေါ်လာသောအရာမှာ ခင်ပွန်းသည်၏ပုခုံးထက်မှ ထင်ရှားပြတ်သားသော လက်ငါးချောင်းရာတစ်ခု၊ လော့ချန်းချိုးမျက်လုံးထဲမှ အေးစက်စက်ဒေါသများက ပို၍ ပြင်းထန်လာခဲ့သည်။
"ယောက်ျား ဘယ်သူနဲ့တွေ့ခဲ့ရတာလဲ"
ထိုအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏ အဆစ်ပြုတ်နေသော လက်မောင်းကို အေးအေးဆေးဆေးပင် နေရာတကျပြန်ဖြစ်အောင် ပြုပြင်ပေးလိုက်ပြီး ဆေးအချို့လိမ်းကျံပေးရင်းနှင့်ပင် လေသံခပ်ဖွဖွဖြင့် မေးမြန်းလိုက်သည်။
ထိုအသံဆီမှ မည်သည့်ခံစားချက်ကိုမှ ခြေရာခံကောက်ချက်ချလို့မရ။
လီနန်ခယ့်က လက်မောင်းကိုလှုပ်ကြည့်ရင်း အပြုံးဖြင့်ဆိုသည်။
"လူကိုသေချာမကြည့်တတ်တဲ့ ငတုံးတချို့နဲ့တွေ့ခဲ့ရုံပါ။ ကိုယ်သူတို့ကို လွယ်လွယ်လေးပဲရှင်းပစ်ခဲ့လိုက်တာ၊ မိန်းမသေချာနားထောင်၊ မင်းယောက်ျားက အခုဆို ဒီလောကမှာပြိုင်ဘက်ကင်းသိုင်းပညာရှင်ပဲ။ မင်းကိုပြဿနာလာရှာတဲ့သူမှန်သမျှ ကိုယ့်ဓားနဲ့စီရင်ပေးလိုက်မယ်"
"ယောက်ျားက အခုကို သန်မာလွန်းလှပါပြီ"
အမျိုးသမီးကလည်း သူ့ကို ကြည်ကြည်နူးနူးပင် ချီးကျူးစကားဆိုလာသည်။
လီနန်ခယ့်လည်း ပိုလို့ပင်ဘဝင်မြင့်သွားတော့၏။ သို့သော် ထိုသို့သန်မာအားကောင်းရန် မိုးနီကိုအသုံးပြုခဲ့ရသည်အား ပြန်သတိရမိတော့ မနေနိုင်စွာ မျက်မှောင်ကြုတ်မိသည်။
သူ့အနေနှင့် မိုးနီများပိုမိုစုဆောင်းနိုင်ရန် နည်းတစ်ခုခုတော့ရှာမှဖြစ်တော့မည်။ မိုးနီမရှိလျှင် ပြိုင်ဘက်ကင်းမဖြစ်နိုင်တော့သည့် အခြေအနေပင်။
ဤသို့ဖြင့် ညစာစားအပြီး လီနန်ခယ့် အိပ်ရာစောစောဝင်ခဲ့လိုက်သည်။
ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် အားကုန်သည်အထိတိုက်ခိုက်ခဲ့ရပြီးနောက် သူသည် ဇနီးသည်ကိုဖက်အိပ်ဖို့ပင် စိတ်မရှိတော့သလို ဒီညတော့ အားပြန်ပြည့်အောင် တစ်ဝအိပ်ပစ်လိုက်မည်ဟုသာ အတွေးရှိနေခဲ့၏။
ခင်ပွန်းသည် အိပ်မောကျသွားသည်ကိုကြည့်ရင်း လော့ချန်းချိုးသည် အမွှေးတိုင်တစ်ခုကို ထွန်းညှိလိုက်သည်။
ထို့နောက် အချိန်ခဏစောင့်အပြီး လီနန်ခယ့်၏အင်္ကျီအဝတ်အစားများကို စတင်စမ်းသပ်ရှာဖွေတော့သည်။ လက်စွပ်အနက်ရောင်တစ်ခုကို သူမ မြန်မြန်ဆန်ဆန်ပင် ရှာတွေ့ခဲ့ပါ၏။
"ဝူချွဲ့ ယင်ယန်ဂိုဏ်း"
လော့ချန်းချိုး၏ မျက်ခုံးသွယ်သွယ်လေးများ မသိမသာတွန့်ကျုံ့သွားပြီး ခပ်တိုးတိုးရေရွတ်မိသည်။
"ဒီယင်ဝူရှကတော့ သင်ခန်းစာမယူနိုင်သေးဘူးပဲ"
သို့ပေမဲ့ ခင်ပွန်းသည်တစ်ယောက် ယင်ဝူရှကို အနိုင်ချလာနိုင်ခဲ့သည်အား သူမအလွန်အံ့သြမိရ၏။
သူ့ကို လျှို့ဝှက်ကူညီပေးနေသည့် ဆရာသခင်တစ်ယောက်ယောက်တော့ ရှိပုံရသည်ပင်။
ဤသို့ ငြိမ်သက်စွာစဥ်းစားနေစဥ် အမျိုးသမီး၏နားရွက်ဖျားလေး ဆတ်ခနဲလှုပ်သွားသည်။ နက်ရှိုင်းသောအကြည့်များကား ပြတင်းပေါက်ဆီသို့ ဖျတ်ခနဲရောက်သွား၏။ ထို့နောက် အသံချိုချိုလေးဖြင့် ရယ်မောမိသည်။
"ဒီတစ်ညတော့ သူ့ကိုများပတ်ရှာရတော့မလားတွေးနေတာ၊ အိမ်တံခါးဝထိတောင် ရောက်လာတာပါလား"
...
"မင်းတို့ဒီမှာစောင့်နေကြ၊ တစ်ခုခုမူမမှန်တာတွေ့ရင် ငါ ရွှေပိုးကောင်အရေခွံလဲ နည်းလမ်းကို ထပ်သုံးလိုက်မယ်"
ယင်ဝူရှက မီးလင်းနေဆဲဖြစ်သော အိမ်အသေးလေးကို အေးစက်စူးရှစွာစိုက်ကြည့်နေရင်း ဘေးတွင်ပါလာသော တာအိုကျောင်းတော်သားလေးနှစ်ယောက်ကို ညွှန်ကြားနေသည်။
သူ့စိတ်ထဲတွင် လေးလံနေသောအရာတချို့ ရှိနေဆဲပင်။
ယေဘုယျအားဖြင့် သိုင်းပညာရှင်တိုင်းသည် လျှို့ဝှက်ပညာရပ်တစ်ခုကို မကြာမကြာအသုံးပြုနိုင်ခြင်းမရှိသော်ငြား ထိုကောင်စုတ်လေး၏ပညာရပ်က တမူထူးခြားနေမည်ကိုလည်း စိုးရိမ်ရသေး၏။
သို့သော် သူ၏ယင်ယန်လက်စွပ်ကိုတော့ မည်သည့်နည်းနှင့်ဖြစ်စေ မရအရပြန်ယူရမည်။
"ဟုတ်ကဲ့ ဆရာသခင်"
တာအိုကျောင်းသားငယ်လေးနှစ်ဦးက စည်ငယ်လေးများကိုကျစ်ကျစ်ဆုပ်ကိုင်ကာ ကွယ်ရာတွင်ပုန်းစောင့်နေခဲ့ကြသည်။
ယင်ဝူရှသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် နှလုံးသားထဲစူးနစ်ကျန်ရစ်သော နာကျည်းမှုများကို ဖြေဖျောက်ရန်အတွက် ထိုလင်မယားနှစ်ဦးကို မည်သို့ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ရမလဲဟု တွေးတောလျက် ခြံငယ်လေးဆီသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်လှမ်းသွားခဲ့တော့သည်။
သို့သော် ခြံဝင်းငယ်လေးထဲ လျှောက်ဝင်သွားသည်နှင့် အိမ်တံခါးက ဖျတ်ခနဲပွင့်လာခဲ့သည်။
ကျော့ရှင်းသော ကောက်ကြောင်းတစ်ခုက ယင်ဝူရှ၏မြင်ကွင်းထဲသို့ ချင်းနင်းဝင်ရောက်လာ၏။
"ဟင်"
ရုတ်တရတ်ပေါ်လာသော အမျိုးသမီးပုံရိပ်ကိုကြည့်ရင်း ယင်ဝူရှ ထိတ်လန့်အံ့သြစွာဖြင့် မျက်လုံးမှေးကျဥ်းကြည့်လိုက်မိသည်။ ဒါက လီနန်ခယ့်မိန်းမလား၊ ကိုယ်လုံးကိုယ်ပေါ် အတော်လှတာပဲ။
ဒီပုံရိပ်က ဘာကြောင့်ဒီလောက် ရင်းနှီးနေသလိုဖြစ်နေရတာလဲ။
ယင်ဝူရှ မျက်မှောင်ကြုတ်မိသည်။
လရောင်ဖြာနေသောမြင်ကွင်းတွင် အမျိုးသမီး၏ ခါးလယ်ထိရှည်လျားသောဆံနွယ်များက ညင်သာစွာနွဲ့ယိမ်းသွားကာ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး လှိုင်းတံပိုးများကို နင်းလျှောက်လာသည့်အလား လူ့လောကနှင့်မသက်ဆိုင်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမက တံခါးဘေးတွင်ထောင်ထားသော ငွေရောင်လှံရှည်ကိုကောက်ကာ သူ့ဘက်သို့လှည့်လာသည်။
"မတွေ့တာကြာပြီနော်"
သူမအသံက မိတ်ဆွေဟောင်းတစ်ဦးကို မိတ်ဆက်နေသကဲ့သို့ အေးဆေးပေါ့ပါးနေသည်။
ချက်ချင်းဆိုသလို ယင်ဝူရှ၏မျက်ဆံများ ကျုံ့ဝင်သွားခဲ့သည်။ သရဲတစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင်တုန်ယင်လာခဲ့တော့၏။
"မင်း...မင်း...မင်း...."
ယင်ဝူရှမှာ အထစ်ထစ်အငေါ့ငေါ့နှင့် စကားတစ်လုံးမှထွက်မလာနိုင်။ အနောက်သို့ပြန်လှည့်ကာ ချက်ချင်းထွက်ပြေးရန်ပြင်သော်လည်း တစ်ဖက်လူ၏အရှိန်အဝါကို သူ့ကို လှုပ်မရအောင်ဖိနှိပ်ထားခဲ့ပြီး ဖြစ်၏။
ဘုန်း
ယင်ဝူရှသည် မြေပြင်ပေါ်ဒူးထောက်ကျသွားပြီး လက်နှစ်ဖက်ကို မြေပြင်ပေါ်သို့အပ်လျက် မှောက်လျက်ဝပ်စင်းလိုက်ရတော့သည်။
ဒုန်း ဒုန်း ဒုန်း
သူ နဖူးကိုမြေပြင်နှင့်ဆောင့်ကာ ဦးချကန်တော့လိုက်သည်။
ဦးတစ်ခါချတိုင်း သူ၏ပြင်းပြသောလွတ်မြောက်ချင်စိတ်ကို အတိုင်းသားမြင်နိုင်သည်။ နဖူးတစ်ခုလုံးပေါက်ပြဲကာ သွေးမြေကျကုန်သည်အထိ။
လော့ချန်းချိုးသည် ငွေရောင်လှံကိုကိုင်ဆောင်လျက် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူမ၏စကတ်အောက်မှ ပန်းထိုးဖိနပ်ကလေးများမှာ ကြာပန်းပွင့်များပေါ် လှမ်းလျှောက်နေသည့်အလား တင့်တယ်လှသော်လည်း ယင်ဝူရှအတွက်မူ အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများကို ဆောင်ကျဉ်းပေးနေခဲ့သည်။
"တောင်း...တောင်းပန်ပါတယ်။ လူမှားပြီးလာရှာမိတာပါ၊ တောင်းပန်ပါတယ်"
"သူက ငါ့ယောက်ျားလေ"
အမျိုးသမီးက စကားတစ်ခွန်းကို ခပ်ပေါ့ပေါ့ဆိုသည်။
ယင်ဝူရှမှာ ထိုစကားတွင် ပါးစပ်အဟောင်းသားဖြစ်ကျန်လျက်။
ဇွက်
ချွန်မြသော လှံဖျားထက်ထက်က သူ့လည်ပင်းကို ထုတ်ချင်းပေါက်ထိုးစိုက်သွားခဲ့၏။
သူ့ခန္ဓာကိုယ်မှာ ဘုန်းခနဲအသံဖြင့် ပစ်လဲသွားခဲ့သည်။
လော့ချန်းချိုး၏ မျက်လုံးလှလှလေးများက မြေပြင်သို့စိုက်ကြည့်နေကာ ခေါင်းကို သာသာလေးခါယမ်းလိုက်သည်။
"ဒီလှည့်ကွက်ပဲ ထပ်သုံးပြန်ပြီလား။ အရင်နှစ်က ငါမင်းကိုအသက်ရှင်လျက်လွှတ်ပေးလိုက်တာ မင်းဆရာသခင်မျက်နှာကြောင့်ပဲ။ ဒီလှည့်ကွက်လေးနဲ့ ငါ့ကိုအရူးလုပ်နိုင်မယ်လို့ တကယ်ထင်လား"
အမျိုးသမီး စကားပြောလို့ဆုံးသည်နှင့် သူမလက်ထဲမှ ငွေရောင်လှံရှည်ကြီးကို လက်ယာဘက်မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ထိုးစိုက်ချလိုက်တော့၏။
အုန်း
မြေပြင်တွင် တွင်းနက်ကြီးတစ်ခု ပေါက်ကွဲဖြစ်တည်လာခဲ့သည်။
ယခင်ကထက် တစ်ဝက်မျှသေးငယ်သွားသော ပိုးအိမ်ကြီးတစ်ခု သူမရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
လော့ချန်းချိုးသည် ပိုးအိမ်ကို လှံဖြင့်ခွဲလိုက်ပြီး အထဲမှထွက်ပေါ်လာသော ယင်ဝူရှ၏ ငယ်ရွယ်နုပျိုသောကိုယ်ခန္ဓာအစစ်ကို စိုက်ကြည့်လိုက်သည်။ မျက်လုံးလှလှများသည် အောက်ခြေကိုမမြင်ရသောရေကန်နက်ကြီးကဲ့သို့ အေးစိမ့်နက်မှောင်လျက်။
"ရွှေပိုးကောင်အရေခွံလဲခြင်း၊ ဒါကလွဲပြီး ဘာများလုပ်နိုင်သေးလဲ"
ဇွက်
ယင်ဝူရှ၏ နုနုယ်ငယ်ရွယ်သောနှလုံးသားမှာ လှံဖျားရှည်ဖြင့် တည့်တည့်ထိုးဖောက်ခံလိုက်ရပြီး သူ့အလောင်းမှာ ပိုးအိမ်အနှံ့ တစ်စစီပြန့်ကျဲလွင့်စင်သွားရ၏။
အဝေးတွင်စောင့်ကြည့်နေသော တာအိုကျောင်းသားငယ်နှစ်ဦးမှာ ထိုမြင်ကွင်းကြောင့် ဝိညာဥ်လွင့်မတတ် ကြောက်ရွံ့သွားခဲ့ရသည်။
သူတို့ အမြန်လှည့်ပြေးဖို့ ခြေလှမ်းပြင်လိုက်ကြ၏။
သို့သော် သူတို့နောက်သို့လှည့်လိုက်သည်နှင့် လမ်းတွင်ပိတ်ရပ်နေသော ငန်းဖြူကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
"သတ်လိုက်"
လော့ချန်းချိုးက လှံဖျားတွင်ပေကျံနေသော သွေးများကိုဆေးချကာ ခပ်တိုးတိုးဆိုသည်။
သို့သော် တစ်ခုခုကိုတွေးမိသွားဟန်ဖြင့် နှုတ်ခမ်းကို လှလှလေးကွေးညွှတ်၏။
"တစ်ယောက်ကိုလွှတ်ပေးလိုက်၊ သူတို့ဆရာသခင်ချီထောင်ကို သွားရှာပြီး သတင်းပေးလိုက်ပါစေဦး၊ သူ့တပည့်အတွက် လက်စားလာချေမယ့်အချိန်ကို ငါစောင့်နေတယ်လို့"