← Chapters

မိစ္ဆာဖမ်း ငါးစာ

Vol. 18 Ch. 173

မိစ္ဆာဖမ်း ငါးစာ

Vol. 18 Ch. 173

ညကင်းလှည့်တပ်ဖွဲ့ဌာနဆီသို့ ပြန်ရောက်လာသောအခါ လိန်ရှင်းနန်သည် မိစ္ဆာကောင်မုန့်ချင်ကို လိုက်လံရှာဖွေရန် ဆိုင်ယွင်၊ ဆိုင်ယွဲ့နှင့် အခြားသူများကို ခေါ်ဆောင်၍ ထွက်ခွာသွားနှင့်ပြီ ဖြစ်သည်။

ယုန်မလေးမုန့်တစ်ယောက်သာ ကျန်နေရစ်ခဲ့သည်။

ယွမ်ဝမ်ချန်လည်း အတူလိုက်ပါသွားပြီဖြစ်ပြီး ကျန်းမင်ကတော့ အခန်းထဲတွင်သာ ဒဏ်ရာသက်သာစေရန် အနားယူနေဆဲ။

ဤသည်မှာ ကျန်းမင်ကို လျှို့ဝှက်စောင့်ကြည့်ရန် လွယ်ကူစေရေးအတွက် တပူးပူးတတွဲတွဲ ရှိနေတတ်သူနှစ်ဦးကို တတ်နိုင်သမျှ လူခွဲပစ်ရန် လီနန်ခယ့်နှင့် လိန်ရှင်းနန်တို့ ကြိုတင်စီစဉ်ထားခဲ့သော အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

"အစ်မလိန် ကျွန်မကို ရှင့်အစီအစဥ်အကြောင်း ပြောပြခဲ့ပြီးပြီ"

ယုန်မလေးမုန့်သည် သူမ၏ ပထမဆုံးအနမ်းကို ခိုးယူသွားခဲ့သော ထိုအမျိုးသားကို မျက်နှာသာပေးလိုစိတ်မရှိသဖြင့် တည်တင်းသော မျက်နှာအမူအရာဖြင့် အေးစက်စွာ ဆိုလိုက်သည်။

"ကျွန်မတို့နှစ်ယောက်ကို အဲ့မိန်းကလေးကို အနီးကပ်စောင့်ကြည့်ဖို့ထားခဲ့တာ"

"အဲ့လိုကိုး၊ ဒါနဲ့ ကျန်းမင်ရဲ့ကျင့်ကြံဆင့်ကို မင်းသိထားလား။ သူသတိထားမိသွားနိုင်လား"

လီနန်ခယ့်က လမ်းမှာဝင်ဝယ်လာခဲ့သော မုန့်ချိုလေးများကိုကမ်းပေးရင်း ဆိုလိုက်သည်။

ထိုမိန်းကလေးနှင့် စကားပြောဆက်ဆံရသည့်အခါတွင်မှ သူ့မှာ သတိကင်းကင်းနှင့် စိတ်လက်ပေါ့ပါး ရိုးသားနိုင်ခြင်းဖြစ်သည်။

အိမ်နီးချင်းညီမငယ်လေးနှင့် အတူကစားပေးနေရသည့်အလား ခံစားရ၏။

ယုန်မလေးမုန့်က မုန့်ချိုလေးများကိုတစ်ချက်စွေကြည့်ပေသည့် လှမ်းတော့မယူ။ အေးတိအေးစက်ယောင်ဆောင်ထားသည့် ချစ်စဖွယ်အသံလေးဖြင့်သာ ဆိုသည်။

"ရှင်ဆိုရင်တော့ သူသေချာပေါက်သတိထားမိမှာပေါ့။ ဒါကြောင့် ကျွန်မနဲ့သာလွှဲထားပြီး ကိုယ့်ဘာသာ အေးအေးလူလူသွားနေစမ်းပါ"

"အင်းလေ ငါလည်းပုခုံးနာနေတာနဲ့ အတော်ပဲ"

လီနန်ခယ့်သည် ယုန်မလေးမုန့် ရိုက်နှက်ခဲ့သော သူ၏ပခုံးအနောက်ဘက်နေရာကို အခြားလက်တစ်ဖက်ဖြင့် ပွတ်သပ်ရင်း နာကျင်ဟန်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ယုန်မလေးမုန့်ကတော့ မုန့်ချိုများကိုကြည့်နေဆဲဖြစ်ပြီး ဘာစကားမှတော့ပြောမလာ။

သို့သော် နောက်ဆုံးတော့ မနေနိုင်တော့ဟန်ဖြင့်မေးလာသည်။

"ရှင့်မိန်းမက သမားတော်မဟုတ်ဘူးလား။ တစ်ချက်လောက်ကြည့်ခိုင်းလိုက်လေ"

"ပြပြီးပြီပဲ၊ မိန်းမကပြောတာတော့ အရိုးကိုထိသွားတာမလို့ ရက်နည်းနည်းလောက် ငြိမ်ငြိမ်လေးအနားယူရမယ်တဲ့"

လီနန်ခယ့်က မုန့်ချိုထုပ်လေးကို စားပွဲပေါ်တင်ကာ အလွန်နာကျင်ခံစားနေရဟန်ဖြင့် ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး ခါးသက်သက်ပြုံးသည်။

"ချော်လဲခဲ့တာလို့ပဲပြောလိုက်တာ၊ သူကတော့ နားတွေကိုပူနေအောင် ဆူလွှတ်လိုက်တာပဲ"

"ဆူခံရလည်းတန်တယ်လေ၊ ရှင်တကယ်ပဲ ချော်လဲခဲ့တာမဟုတ်လို့လား"

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးသည် နှာခေါင်းလေးကိုရှုံ့ပြပြီး စားပွဲပေါ်မှ မုန့်ချိုများကို ကောက်ယူကာ စတင်စားသုံးတော့သည်။

သူမ၏ ကြည်လင်ပြီး အရည်လဲ့နေသောမျက်ဝန်းများက လီနန်ခယ့်၏ ဒဏ်ရာရထားသော ပုခုံးနေရာကို တစ်ချက်တစ်ချက်ခိုးကြည့်နေပြီး ထိုအကြည့်လေးများထဲ နောင်တရရိပ်အနည်းငယ် စွန်းထင်လာခဲ့၏။

မနေ့က သူမ ဒေါသအရမ်းထွက်သွားသဖြင့် တစ်ချက်လောက် လက်လွန်လိုက်မိခြင်းပင်။

သို့သော် ဤလူ နုပုံပျော့ပုံအရဆိုလျှင် အရိုးကိုသေချာပေါက်ထိသွားလောက်၏။

အမျိုးသား၏ နာကျင်ခံစားနေရသော မသက်မသာအမူအရာကိုကြည့်ရင်း ယုန်မလေးမှာ ပါးစပ်ထဲရှိမုန့်ချိုများကိုပင် အရင်လောက်မချိုတော့ဟု ခံစားလိုက်ရသည်။

"အခြားကိစ္စတော့ မရှိပါဘူး၊ ဒါပေမဲ့ အဓိကက ငါ့ရဲ့ပထမဆုံးအနမ်းကို ငါ့မိန်းမအတွက်ပဲ သိမ်းဆည်းထားဖို့ ရည်ရွယ်ထားတာကို၊ အခုတော့ ဟူး..."

လီနန်ခယ့်သည် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်ဝင်ဟန်ပြုကာ ဝမ်းနည်းပမ်းနည်း ခေါင်းယမ်းလိုက်သည်။

ထိုစကားကို ကြားရသောအခါ ယုန်မလေးမုန့်သည် မျက်လုံးများပြူးကျယ်သွားခဲ့ရ၏။

"ရှင်ပဲကျွန်မကို နမ်းခဲ့တာ မဟုတ်ဘူးလား။ ဒါ့အပြင် ရှင်ကျွန်မကို မနမ်းခင်တုန်းကလည်း ဟိုအမျိုးသမီးနျဲ့ယင်းကို နမ်းခဲ့သေးတယ်မဟုတ်လား။"

"ဒါက လူတစ်ယောက်ကိုကယ်တင်ဖို့အတွက် မဖြစ်မနေလုပ်ခဲ့ရတာလေ။ အဲ့နှစ်ခုက မတူဘူး"

လီနန်ခယ့်က ပြန်လည်ချေပလိုက်သည်။

ယုန်မလေးမုန့်၏ ပါးပြင်များမှာ နီမြန်းသွားခဲ့ရပြီး ဝမ်းနည်းမှုကြောင့် မျက်ရည်များဝဲတက်လာရဿည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မကရှင့်ကိုနမ်းခိုင်းတာမှမဟုတ်တာ၊ နောက်ပြီး အဲ့ဒါက ကျွန်မရဲ့ပထမဆုံးအနမ်းလည်း ဟုတ်တာပဲကို။"

လီနန်ခယ့်က သူ့ကို စိတ်ရင်းဖြင့် တောင်းတောင်းပန်ပန်ကြည့်လာသည်။

"ဒါတကယ်ကိုငါ့အမှားမလို့ မင်းကိုတောင်းပန်ပါတယ်။ မင်းအရမ်းလှတာသိပေမဲ့ အဲ့လိုဆိုတိုင်း ငါမင်းကိုမထိပါးသင့်ဘူးလေ"

"မင်းလောက် ချစ်စရာကောင်းတဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ရင်းကောင်းပြီး ဉာဏ်ကောင်းတဲ့ ကြင်နာမှုအပြည့်ရှိတဲ့ နတ်သမီးလေးမျိုး ငါ့ဘဝမှာတစ်ခါမှမတွေ့ဖူးတာ အမှန်ဆိုပေမဲ့ စိတ်စေရာလိုက်ပြီး ထင်သလိုမလုပ်သင့်ဘူးဆိုတာ ငါနားလည်ပါတယ်။ အားလုံး ငါ့အမှားတွေပါပဲ"

အမျိုးသား၏ တောင်းပန်စကားကိုနားထောင်ရင်း ယုန်မလေးမုန့်မှာ ရှက်သွေးဖြန်းကာ ခေါင်းတစ်ခုလုံးပင်ပူထူလာတော့သည်။ သူမ ခေါင်းတွင်တွင်ငုံ့လျက် ရှက်ကိုးရှက်ကန်းလေးပြောလိုက်သည်။

"ကျွန်မ...ကျွန်မက ရှင်ပြောသလောက်လည်း တော်မနေပါဘူး"

"ဘာပဲဖြစ်ဖြစ် ငါမှားတာမှားတာပါပဲ"

လီနန်ခယ့်က တည်ကြည်လေးနက်စွာဆိုသည်။

"အခုကစပြီး ငါမင်းကိုသဘောမကျမိအောင်နေမှဖြစ်တော့မယ်။ မင်းအလှတွေကြား နစ်မျောမသွားအောင်ကြိုးစားဖို့ဆိုရင် ဒီလို ဆွဲဆောင်မှုရှိလွန်းတဲ့နတ်သမီးလေးကို ဘဲရုပ်ဆိုးလေးအဖြစ် ပုံဖော်ကြည့်မှရတော့မှာပဲ"

"အဲ့လောက်ထိလုပ်စရာမလိုပါဘူး။ ဒါ ရှင့်အမှားလည်းမဟုတ်ပဲနဲ့ကို"

ယုန်မလေးမုန့်မှာ ရှက်လွန်းသဖြင့် ခေါင်းပါမူးလာရပြီး ပူလောင်နေသောပါးလေးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ တိမ်လွှာလျှောစီးနေရသလို ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားနေရ၏။

ငါကအဲ့လောက်တောင် ဆွဲဆောင်မှုရှိနေတာလားနော်။

နောက်ပြီး အဲ့လောက်တောင်ချစ်စရာကောင်းနေလို့ မထိန်းနိုင်ဘဲ နမ်းမိသွားတာလား။

"မဟုတ်ပါဘူး ငါမှားတာပါ"

"ကဲပါ ကဲပါ ဒီတိုင်းပဲထားလိုက်ပါတော့"

ယုန်မလေးမုန့်၏ ရင်ထဲမှဒေါသများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားခဲ့လေပြီ။ သူမ ရှက်သွေးရဲလျက်နှင့်ပင် ပြောလိုက်၏။

"နောက်နောင်တော့ ဒါမျိုးထပ်မလုပ်နဲ့တော့နော်၊ ကျွန်မလည်း ရှင့်ကို နည်းနည်းကြိုက်နေတယ်ဆိုပေမဲ့ပေါ့"

"အကောင်းဆုံး ထိန်းသိမ်းပါ့မယ်"

အမျိုးသားက အလွန်အခက်တွေ့နေဟန်ဖြင့် ကြိုးကြိုးစားစား ကတိပေးလာသည်။

မိန်းကလေး၏မျက်နှာထက် အပြုံးတောက်တောက်လေး ပြန်လည်နေရာယူလာသည်ကိုမြင်တော့ လီနန်ခယ့် စိတ်ထဲမှကြိတ်၍ သက်ပြင်းချမိသည်။

သူများပြောတာကို အဲ့လောက်လွယ်လွယ်ယုံရသလား။

သို့သော် သူမဘက်က သူ့ကိုသဘောကျကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည်ကိုတော့ သူအတော်လေးအံ့သြမိဆဲပင်။

သို့သော် မိန်းကလေး၏စိတ်ထဲ သူ့အပေါ်ချစ်ခင်မှုမှာ သာမန်မိတ်ဆွေဆက်ဆံရေးတစ်ခုထက်ပိုသည့်အဆင့်သာ ရှိသေးပြီး အချစ်ဆိုတာထိတော့မရောက်သေးမှန်း သူနားလည်ပါသည်။ ထိုအကြောင်းပြချက်ကိုသုံးပြီး သူမကို ဆက်အနိုင်မကျင့်သင့်တော့။

ဆက်သွားရမည့်လမ်းက အရှည်ကြီးရှိသေးသည်။ ဤမိန်းကလေး၏ စိတ်ခံစားချက်နက်နဲမှုကို တစ်နေ့နေ့တော့ သူတိုင်းတာစမ်းသပ်နိုင်ပေလိမ့်မည်၊

"ဟုတ်သားပဲ ယုန်မလေး ငါမင်းကိုမေးစရာတစ်ခုရှိတယ်"

လီနန်ခယ့် မိန်းကလေးနားသို့တိုးကာ ကပ်ပြောလိုက်သည်။

"ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ မိုးနီရေသန့်ရဖို့ ခက်သလား၊ မင်းမှာရော အဲ့လိုအဆက်အသွယ်မျိုးတွေရှိထားလား"

"ရှင်ကဘာလို့ ဒါတွေမေးနေတာလဲ"

ယုန်မလေးက သူ့ကို ထူးထူးဆန်းဆန်းကြည့်သည်။

လီနန်ခယ့်ကဆိုသည်။

"ငါဒီတိုင်း စပ်စုချင်ရုံပါ။ ငါလည်း ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်ဆိုတော့လေ"

ယုန်မလေးမုန့်က များများစားစားဆက်တွေးမနေဘဲ ‌ရှင်းပြလာသည်။

"တစ်ခါတလေတော့ အမှုစုံစမ်းစစ်ဆေးတုန်း မိုးနီရေတွေ ရှာတွေ့တတ်တာမျိုးရှိတယ်။ ဒါပေမဲ့ မိုးနီရေသန့်တွေဆိုရင်တော့ ကိုယ်တွေ့တာကို လူသိသိမသိသိ ဥပဒေအရ အထက်ကိုတိုက်ရိုက်အပ်နှံရမှာပဲ"

"အပ်လိုက်တဲ့မိုးနီတွေကို ကျွန်မအရင်ကပြောဖူးတဲ့အတိုင်း နန်းမြို့တော်မှာ ဖျက်ဆီးဖျောက်ဖျက်ဖို့ပို့လိုက်ကြတယ်။ မပို့ခင်ကြားရက်တွေမှာတော့ ဒေသခံ လျှို့ဝှက်မြေအောက်တိုက်ခန်းထဲမှာ သိမ်းဆည်းထားတတ်ပြီး အထူးခွင့်ပြုချက်မရှိဘဲ ဘယ်သူမှဝင်ခွင့်မရှိဘူး"

"ရှင်ပြောသလို လမ်းကြောင်းတွေ အဆက်အသွယ်တွေ ကျွန်မသိထားပေမဲ့ ထုတ်ပြောလို့တော့မရဘူးရယ်"

"ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေက မိုးနီရေအရောင်းအဝယ်ပြုလုပ်မှုရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဓိကအင်အားစုတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ဒီလမ်းကြောင်းတွေကို အသုံးပြုဖို့လိုတယ်လေ"

"ငါသိပြီ"

လီနန်ခယ့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

အရင်တစ်ခေါက် မိုးနီရေများ မတော်တဆရှာဖွေတွေ့ရှိခဲ့ခြင်းသည် သူအလွန်ကံကောင်းနေခဲ့၍သာဖြစ်ပေမည်။

သူ ခွဲခြမ်းစိတ်ဖြာကြည့်ရသလောက် ညကင်းလှည့်တပ်ဖွဲ့ဝင်ပင်ဖြစ်နေပါစေ လျှို့ဝှက်သိုလှောင်ခန်းမှ မိုးနီကို ခိုးယူဖို့ဆိုသည်မှာလည်း အလွန်ခက်ခဲလောက်မည်ပင်။ ခိုးယူလို့ရသွားသည်ဆိုလျှင်တောင် နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများကို သေချာပေါက်ကြုံတွေ့ရပေဦးမည်။

မီးကို မီးဖြင့်တိုက်ခိုက်ခြင်းသာ ယခုအချိန် ဘေးအကင်းဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။

...

မွန်းတည့်ခါနီးအချိန်တွင် ကောကန်းတစ်ယောက် အမောတကောပြန်ရောက်လာသည်။

"ယုန်မလေး၊ လီနန်ခယ့်၊ မိစ္ဆာမုန့်ချင်ကို ခြေရာခံမိခဲ့ပြီ"

ကောကန်းက ခြံဝင်းထဲသို့ရောက်သည်နှင့် လူအကုန်ကြားအောင် အသံပြဲကြီးနှင့် တမင်တကာအော်ပြောလေသည်။

ဤသည်မှာလည်း သူတို့အစီအစဥ်တွေထဲက တစ်စိတ်တစ်ပိုင်းပင်။

ကျန်းမင်တစ်ယောက် ထိုသတင်းကို ကြားဖို့လိုသည်။

ကြိုတင်တွက်ဆထားသည့်အတိုင်းပင် ကျန်းမင်၏အခန်းတံခါး ဖျတ်ခနဲပွင့်ကာ အထဲမှထွက်လာသည်။

"အစ်ကိုကော၊ မိစ္ဆာရှိတဲ့နေရာကို ခြေရာခံမိပြီလို့ ပြောလိုက်တာလား"

"ဟုတ်တယ် တွေ့လိုက်ရပြီ၊ အစ်မလိန်နဲ့ကျန်တဲ့သူတွေ အဲ့ဒီနောက် အသည်းအသန်လိုက်နေကြပြီ။ အကူလိုလို့ ဒီနှစ်ယောက်ကိုပြန်လာခေါ်တာ"

ကောကန်းကခေါင်းညိတ်ကာ ဆိုသည်။

"ကျွန်မစီနီယာအကို ဘယ်ရောက်သွားလဲ"

"သူလည်း မိစ္ဆာနောက်လိုက်နေတယ်"

"ဘယ်နေရာမှာရှာတွေ့ခဲ့..."

သူမမေးခွန်းမဆုံးခင် ကောကန်းက ယုန်မလေးနှင့်လီနန်ခယ့်ဆီပြေးသွားကာ ခြံဝင်းငယ်လေးထဲမှ မိစ္ဆာဖမ်းရန် အထူးပြုလုပ်ထားသော မှော်လက်နက်အချို့ကိုဆွဲထုတ်လိုက်သည်။

ကျန်းမင်က ထိုနေရာတွင် အခိုက်အတန့်မျှကြောင်ရပ်နေပြီးမှ တံခါးကို အသာစေ့ပိတ်လိုက်သည်။

ခဏအကြာတွင် ကပ်လျက်ချပ်ရပ်ရှိသော ဝတ်စုံတစ်စုံကို လဲဝတ်လာကာ မျက်နှာကို အဝတ်ဖြင့်ကာစည်းလျက် ခြံဝင်းအတွင်းမှ လျင်မြန်တိတ်ဆိတ်စွာ ထွက်ခွာသွားလေတော့၏။

ခြံဝင်းအပြင် တံတိုင်းမြင့်နောက်ကွယ်တွင် ပုန်းလျက်စောင့်ဆိုင်းနေသူ လီနန်ခယ့်ကို ထိုမိန်းကလေးကိုမြင်အပြီး နှုတ်ခမ်းကွေးညွှတ်သည်။

"ငါးကတော့ ငါးစာကိုဆွဲလိုက်ပြီပဲ"

"သူ့နောက် လိုက်ကြစို့"

ယုန်မလေးက တက်ကြွစွာဖြင့် နောက်မှအမြန်ပြေးလိုက်တော့မည်အပြု အမျိုးသားက လက်ဆန့်တန်းကာတားဆီးလာသည်။

"ခဏနေဦး"

"ဘာဖြစ်လို့လဲ"

ယုန်မလေးက မျက်လုံးလေးကလယ်ကလယ်ဖြင့် သူ့ကို နားမလည်စွာကြည့်လာသည်။

လီနန်ခယ့်က ဘာမှပြန်မပြော၊ ထို့နောက် ကျန်းမင်၏ ပြေးထွက်သွားသောပုံရိပ်က အနီးအနားတွင် လှစ်ခနဲပြန်ပေါ်လာကာ တခြားတစ်နေရာသို့ဦးတည်သွားသည်။ လီနန်ခယ့် ပြုံးလိုက်၏။

"အခု သွားမယ်"

"ဉာဏ်ပြေးလိုက်တာ"

ချောမောခန့်ညားသောအမျိုးသား၏ ထက်မြက်သောဉာဏ်ရည်ကြောင့် ယုန်မ‌လေးမှာ ချီးကျူးလို့မဆုံးနိုင်ဖြစ်သွားရသည်။

သူတို့နှစ်ဦး သူမအနောက်သို့ တောက်လျှောက် ခြေရာခံလိုက်ခဲ့ကြရာ ကျန်းမင်သည် ခရိုင်မြို့ငယ်လေး၏ အတော်အတန်ဆိတ်ငြိမ်သော နေရာတစ်ခုတွင်ရှိသည့် ခေါင်းတလားဆိုင်တစ်ခု၏ ရှေ့သို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရသည်။

ဆိုင်တံခါးမှာ စေ့ပိတ်လျက်။

တံခါးရှေ့တွင် အတော်အတန်ဟောင်းနွမ်းနေသော နမူနာခေါင်းတလားနှစ်လုံး ရှိနေခဲ့ပြီး တစ်လုံးမှာ ကြီး၍ တစ်လုံးမှာ သေးငယ်လှပေသည်။

ကျန်းမင် တံခါးကိုခေါက်လိုက်သည်။

ခဏမျှ ကြာပြီးနောက် ဆိုင်တံခါးမှာ အနည်းငယ်ပွင့်ဟသွားခဲ့ပြီး နက်ရှိုင်းပြီးမှောင်မိုက်သော မျက်လုံးတစ်စုံ ပေါ်ထွက်လာခဲ့သည်။

သူတို့နှစ်ဦး၏ ပြောစကားများကို မရှင်းမလင်းရှိလှပြီး နောက်ဆုံးတော့ အထဲကလူက ကျန်းမင်ကိုဝင်ခွင့်ပြုကာ ဆိုင်တံခါးကို တင်းနေအောင်ပြန်ပိတ်လိုက်သည်။

"မုန့်ချင်က အဲ့ထဲမှာပုန်းနေတာများလား"

ယုန်မလေးမုန့်က အနည်းငယ်စိတ်လှုပ်ရှားနေဟန်ဖြင့် ကောက်ချက်ချသည်။

""အစ်မလိန်ပြောတာတော့ မိစ္ဆာတစ်ကောင်ဟာ ဒဏ်ရာရသွားတဲ့အခါ များသောအားဖြင့် သူသန္ဓေပြောင်းလဲခဲ့တဲ့ မူလနေရာမှာပဲ ပြန်လည်ပုန်းအောင်းနေတတ်ကြတယ်လို့ ပြောတယ်၊ ဒါပေမဲ့ အချို့ကတော့ မှောင်မိုက်ပြီးအေးစက်တဲ့ နေရာတွေမှာလည်း ပုန်းကွယ်တတ်ကြသေးတယ်။"

လီနန်ခယ့်က တစ်မျိုးတစ်မည်ထူးဆန်းသော ခေါင်းတလားဆိုင်ကြီးကို တစ်ချက်စစ်ဆေးကာ ခပ်တိုးတိုးဆိုသည်။

"ဒီနေရာကလည်း ငရဲခန်းကြီးကျနေတာပဲ"

"လာ တစ်ချက်‌လောက်သွားကြည့်တာပေါ့"

သူတို့နှစ်ဦး ဆိုင်အတွင်းသို့ ဝင်ရောက်ရန်အတွက် အနောက်ဘက်တံတိုင်းဆီသို့ ပတ်သွားရန် ခြေလှမ်းပြင်နေခိုက်မှာပင် ကျန်းမင်သည် ခေါင်းတလားဆိုင်ထဲမှ ရုတ်တရက် ထပ်မံထွက်ခွာလာခဲ့ပြန်သည်။

လီနန်ခယ့်က ယုန်မလေးမုန့်ကိုဆွဲပြီး ဘေးတွင်ကပ်ပုန်းလိုက်သည်။

"ဘာလို့ဒီလောက်မြန်မြန်ကြီး ပြန်ထွက်လာတာပါလိမ့်"

လီနန်ခယ့်က မျက်မှောင်ကြုတ်ကာ အမျိုးသမီး၏အရိပ်နှင့်အတူ ပိတ်စေ့သွားသောဆိုင်တံခါးကို စိုက်ကြည့်နေသည်။

"ကျွန်မတို့အခု ဘာလုပ်ကြမလဲ"

ယုန်မ‌လေးမုန့်က တိုးတိုးလေးတိုင်ပင်သည်။

"ခေါင်းတလားဆိုင်ထဲ အရင်ဝင်ကြည့်မလား၊ သူ့နောက်ပဲဆက်လိုက်ပြီး စုံစမ်းကြမလား"

လီနန်ခယ့်လည်း အခြေအနေကို သုံးသပ်ဖို့ခက်ခဲနေဟန်ရှိ၏။

"ဒီလိုလုပ် ကျွန်မက ခေါင်းတလားဆိုင်ထဲဝင်စစ်ဆေးပြီး ရှင်က ကျန်းမင်နောက်ဆက်လိုက်မယ်ဆိုရင်ရော"

သူမက အကြံပြုလာသည်။

လီနန်ခယ့်က မြင်ကွင်းမှကွယ်ပျောက်လုနီးဖြစ်နေသော ကျန်းမင်၏ပုံရိပ်ကို တစ်ချက်ကြည့်ကာ လေးနက်သောအသံဖြင့် ညွှန်ကြားသည်။

"မင်းက ခြေပိုသွက်တာကြောင့် သူ့နောက်ပဲလိုက်လိုက်၊ ငါက အဲ့ခေါင်းတလားဆိုင်ထဲ တစ်ချက်ဝင်စစ်ကြည့်မယ်။ ဒီမိန်းမ ဘာတွေစီစဥ်နေလဲ ကြည့်ကြသေးတာပေါ့"

All Chapters