ခေါင်းတလားဆိုင်ရှင်
Vol. 18 Ch. 174
လီနန်ခယ့်သည် ကျဉ်းမြောင်းသော လမ်းကြားလေးထဲမှ ခေါင်းတလားဆိုင်၏ အနောက်ဘက်တံတိုင်းဆီသို့ ပတ်သွားလိုက်ပြီးနောက် သွက်လက်စွာဖြင့် ကျော်တက်ခုန်ဝင်လိုက်သည်။
အနောက်ဘက် ဝင်းခြံကျယ်ထဲတွင် သစ်ဆွဲဖတ်များ၊ ရွေပေါ်စများ၊ သစ်ကိုင်းခြောက်များကဲ့သို့သော အမှိုက်သရိုက်များနှင့် သစ်သားအပိုင်းအစများ တောင်ပုံရာပုံ စုပုံနေခဲ့၏။ ဝင်းခြံထောင့် တံတိုင်းအနားတွင်မူ မထုဆစ်ရသေးသည့်အပြင် ဆေးလည်းမသုတ်ရသေးသော ခေါင်းတလားအကြမ်းအချို့နှင့် လက်သမားကိရိယာအချို့ကို မှီတင်ထားသည်ကို မြင်တွေ့ရသည်။
ခြံဝင်းအတွင်း မည်သည့်အသံမျှမကြားရဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပကတိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
သူသည် ဟစိဟစိဖြစ်နေသော တံခါးတစ်ချပ်ကို သတိကြီးစွာဖြင့် တွန်းဖွင့်လိုက်ရာ ဆီးကြိုလာသော အေးစက်စက်အငွေ့အသက်များကြောင့် ရေခဲတိုက်တစ်ခုထဲသို့ ခြေချလိုက်ရသည့်အလား ခံစားလိုက်ရ၏။
ဤအခန်းမှာ အလွန်ပင် ကျယ်ဝန်းလှပေသည်။
အခန်းထဲတွင် ပရိဘောဂအသုံးအဆောင် များများစားစားမရှိဘဲ စီစီရီရီချထားသော ခေါင်းတလားတန်းကြီးများကိုသာ တွေ့ရသည်။
အခန်းတွင်းအလင်းရောင်မှာ အလွန်ပင် မှုန်မှိုင်းနေခဲ့ပြီး ပြတင်းပေါက်မှဖြာကျလာသော ခပ်ပါးပါးအလင်းတန်းအချို့သည် အရှေ့ဆုံးတွင်ရှိသော ခေါင်းတလားနှစ်လုံးပေါ်သို့ ကျရောက်သက်ဆင်းကာလေထဲတွင် ဝဲပျံနေသော ဖုန်မှုန့်လေးများနှင့် ရောယှက်ထွန်းလင်းနေခဲ့သည်။
"တောက် တောက် တောက်"
ကျောကုန်းကုန်း အဖိုးအိုတစ်ဦးသည် ခေါင်းတလားအဖုံးတစ်ခုပေါ်သို့ ငုံ့ကိုင်းလျက် လက်ထဲရှိ ဆောက်အသေးလေးတစ်ခုဖြင့် တစ်စုံတစ်ခုကို ထုဆစ်နေခဲ့၏။
လီနန်ခယ့်သည် ထွက်သက်ဝင်သက်ကို တတ်နိုင်သမျှ ထိန်းချုပ်လိုက်ပြီးနောက် အခန်းတွင်းရှိ အရာရာကို အသေးစိတ် ဂရုတစိုက်စောင့်ကြည့်နေမိသည်။
သူသည် လက်တစ်ဖက်ဖြင့် ဓားရိုးကိ အသင့်ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ ယင်ဝူရှထံမှ သိမ်းဆည်းရမိခဲ့သော မှော်စာရွက်များကို ကိုင်ဆောင်ထားခဲ့၏။
ဤမှော်စာရွက်များကို မည်သည့်နေရာတွင် အသုံးပြုရမှန်း သူသေချာမသိသော်လည်း ယင်ဝူရှကဲ့သို့ စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦးက ကိုယ်နှင့်မကွာ ဆောင်ထားသည်ဖြစ်ရာ အသုံးမဝင်တာမျိုးတော့ မဖြစ်နိုင်။
"ဧည့်သည်က ခေါင်းတလားလာမှာတာလား"
အဖိုးအို၏ အေးစက်စက်နိုင်လှသောလေသံမှာ ဗြုန်းစားကြီး ထွက်ပေါ်လာခဲ့သည်။
လီနန်ခယ့် ကြက်သေသေသွားခဲ့ရပြီး သူ့ကိုကျောခိုင်းလျက် ခေါင်းတလားအဖုံးကို စူးစူးစိုက်စိုက် ထုဆစ်နေသော အဖိုးအိုကို သတိကြီးစွာဖြင့် သေချာစိုက်ကြည့်လိုက်မိ၏။ ရင်ထဲတွင် အံ့အားသင့်မှုများ လှိုင်းထန်လျက်။
ဤမျှဝေးကွာသောနေရာတွင် မိမိကိုယ်ကို အတတ်နိုင်ဆုံးအသံမထွက်အောင် ထိန်းသိမ်းပုန်းကွယ်နေသည်ကိုပင် ချက်ချင်းသတိထားမိသွားသည့် ဤအဖိုးအိုကား သိုင်းပညာရှင်တစ်ဦးပေလော။
"ခေါင်းတလားအမျိုးအစားတိုင်းအတွက် ဈေးနှုန်းတွေကို ဒီအဖိုးကြီးက ဆိုင်းဘုတ်တွေထောင်ပေးထားပါတယ်။ ဧည့်သည်စိတ်ကြိုက်ကြည့်ရှုပြီး နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်"
အဖိုးအိုသည် လုပ်လက်စအလုပ်ကို မပြတ်ဆက်လုပ်နေခဲ့ရင်း ခြောက်သွေ့နေသော သစ်သားတစ်ချောင်းလို သို့မဟုတ် အငွေ့ထောင်းထောင်းထနေဆဲ ပြာပူကဲ့သို့ ခြောက်ခမ်းသည့်လေသံထဲတွင် မည်သည့်ခံစားချက်အရိပ်အယောင်မျှ ပါဝင်ခြင်းမရှိဘဲ သူထုလုပ်သော သက်မဲ့ခေါင်းတလားများကဲ့သို့ပင် တစ်သမတ်တည်း အေးစက်နေခဲ့သည်။
လီနန်ခယ့်စိတ်ထဲ ဤအဖိုးအိုမှာ လမ်းလျှောက်နေသော လူသေကောင်တစ်ကောင်အလား ထူးဆန်းသော ခံစားချက်မျိုးပင် ဝင်ရောက်လာခဲ့မိ၏။
လီနန်ခယ့်သည် သစ်သားအမျိုးအစားမတူ လက်ရာလည်းမတူညီကြသော ခေါင်းတလားတန်းရှည်ကြီးကို လှမ်းကြည့်လိုက်ပြီးနောက် ဆက်လက်ပုန်းကွယ်မနေတော့ဘဲ ကိုယ်ထင်ပြလိုက်ကာ မေးမြန်းလိုက်သည်။
"အဘိုးက ဆိုင်ရှင်လား"
"ဘာဆိုင်ရှင်လဲ၊ ငါက မြေကြီးထဲ ခြေတစ်ဖက်လှမ်းနေပြီဖြစ်တဲ့ သေခါနီးအဖိုးကြီးတစ်ယောက်ပါပဲ"
အဖိုးအိုက ရယ်မောလိုက်သည်။
သို့သော် ထိုရယ်မောသံမှာလည်း မည်သည့်ခံစားချက်မျှ မပါဝင်ဘဲ လုံးဝဥဿုံ ခြောက်ကပ်လွန်းလှပေသည်။
လီနန်ခယ့်သည် သတ္တိမွေးကာ အဖိုးအိုအနားသို့ လျှောက်လှမ်းသွားလိုက်၏။
ထိုအဖိုးအိုမှာ ပိန်လှီလွန်းလှပြီး မျက်နှာမှာလည်း အရိုးပေါ်အရေတင်မျှသာရှိတော့ကာ အလွန်ပင် အိုမင်းရင့်ရော်နေခဲ့၏။ မြက်ခြောက်များကို တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် စားသုံးခဲ့ရသော ဝမ်ပေါင်ချွမ်းသည်ပင် ဤအဖိုးအိုလောက် ပိန်လှီလိမ့်မည်မဟုတ်ချေ။
"ကျွန်တော်က ခရိုင်ရုံးတော်ရဲ့ ကိုယ်ရေးအရာရှိပါ" လီနန်ခယ့်က ဆိုလိုက်သည်။
"ဪ"
အဖိုးအိုက ထိုမျှသာပြန်လည်တုံ့ပြန်ခဲ့ပြီး မည်သည့်စကားမျှ ထပ်မဆိုလေတော့။
အဖိုးအိုသည် ခေါင်းတလားအဖုံးပေါ်တွင် နားမလည်နိုင်သော မှော်စာလုံးများကို ထုဆစ်နေသည်ကို စောင့်ကြည့်ရင်း လီနန်ခယ့်မေးမြန်းလိုက်သည်။
"ခုနကထွက်သွားတဲ့ မိန်းကလေးက ဒီမှာ ခေါင်းတလားလာမှာတာလား"
"ခေါင်းတလားလာမှာတာကလွဲလို့ ဒီနေရာကို ဘာကိစ္စနဲ့ လာစရာရှိဦးမှာလဲ"
"ခေါင်းတလားက ဘယ်သူ့အတွက်လဲ"
"ဧည့်သည်က သူ့စိတ်နဲ့သူထုတ်မပြောရင် ဒီအဖိုးကြီးက ဘယ်တော့မှမမေးဘူး"
အဖိုးအိုသည် ဓားပြားလေးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ခေါင်းတလားအဖုံး၏ အနားသတ်များကို ဂရုတစိုက် ရွေပေါ်ထိုးနေသည်။ သူ၏မျက်နှာအမူအရာမှာ အလွန်ပင် အာရုံစူးစိုက်နေဟန်ရှိ၏။
လီနန်ခယ့်က ထပ်မံမေးမြန်းလိုက်သည်။
"အဲ့မိန်းကလေးက ဘယ်ခေါင်းတလားကိုမှာသွားတာလဲ"
"မင်းအနောက်က တစ်လုံးလေ"
လီနန်ခယ့် လှည့်ကြည့်လိုက်သည်။
သူ့နောက်တွင် အဖိုးတန်သစ်နက်သားဖြင့် ပြုလုပ်ထားသော ခေါင်းတလားတစ်လုံး ရှိနေခဲ့၏။
အသုံးပြုထားသောသစ်သားနှင့် လက်ရာမှာ အလွန်ပင်ပြောင်မြောက်လှပြီး ထောင့်ရှစ်ထောင့်နှင့် အနားတစ်ဆယ့်နှစ်ဖက်စလုံးကို စုဆောင်းချိတ်ဆက်ထားသည့် ပုံစံမှာ အဖိုးအို၏ ထူးကဲလှသော လက်သမားပညာရပ်ကို ပေါ်လွင်စေသည်။
ဆောက်လက်စဖြစ်ဟန်တူကာ အဖုံးမရှိသေးဘဲ အတွင်းဘက်တွင်မူ ပိုးထည်ကူရှင်တစ်ခုဖြင့် အုပ်ဆိုင်းထားသည်ကို တွေ့လိုက်ရ၏။
အဖိုးအိုသည် လောလောဆယ်တွင် ကျန်းမင်မှာယူသွားခဲ့သော ခေါင်းတလားအတွက် အဖုံးကို ထုဆစ်ပေးနေခြင်းဖြစ်ပုံရသည်။
"ဒီခေါင်းတလားက ဈေးအတော်ကြီးမှာပဲ"
"ဒါပေါ့"
အဖိုးအိုက ကျန်းမင် မည်မျှအထိသုံးစွဲခဲ့သည်ကို ထုတ်မပြောခဲ့သော်လည်း အခြားခေါင်းတလားများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤအရာမှာ ဆိုင်အတွင်းရှိ အဆင့်အမြင့်ဆုံးအမျိုးအစား ဖြစ်ပုံရ၏။
ဘဝတွင် အရေးအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးအတွက်သာ မဟုတ်လျှင် အဘယ်သူက အဘယ်ကြောင့် ဤမျှလောက်အထိ အသေးစိတ်ဂရုစိုက်နေရမည်နည်း။
လီနန်ခယ့်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ခဏမျှ တွေးတောပြီးနောက် သူ အဖိုးအိုအား မေးမြန်းလိုက်သည်။
"အဲဒီအမျိုးသမီးက တခြားဘာတွေပြောသွားသေးလဲ"
"မသိဘူး၊ ဒီအဖိုးကြီးက နားပင်းနေတာလေ။ ဧည့်သည်က ဘယ်လိုခေါင်းတလားမျိုးမှာချင်လဲ ဆိုတာကိုပဲ ငါကြားရတယ်၊ တခြားအရာတွေကိုတော့ ငါနားမထောင်ဘူး။ ငါကြားခဲ့ရင်တောင်မှ အဲဒီစကားတွေက ငါ့ဝမ်းဗိုက်ထဲမှာပဲ ပုပ်သိုးဆွေးမြေ့သွားမှာပါ၊ ဘယ်တော့မှ တစ်လုံးမှထွက်လာမှာ မဟုတ်ဘူး"
အဖိုးအိုသည် သစ်သားရွေပေါ်စများကို မှုတ်ထုတ်ပစ်လိုက်ပြီး အေးစက်စွာဆိုလိုက်သည်။
လီနန်ခယ့် ပြုံးလိုက်ပြီး လက်မထောင်ပြကာ ချီးကျူးလိုက်သည်။
"အဘိုးက ကိုယ်ပိုင်မူဝါဒရှိတာပဲ၊ ကောင်းပါတယ်။"
သို့သော် နောက်တစ်စက္ကန့်တွင်မူ အဖိုးအိုကပြောလာသည်။
"မင်းပိုက်ဆံပေးရင်တော့ တစ်မျိုးပေါ့"
"..."
လီနန်ခယ့်သည် ငွေစအချို့ကိုထုတ်ယူလိုက်ပြီး လှမ်းပစ်ပေးလိုက်သည်။
"သူ တခြားဘာပြောသွားသေးလဲ"
အဖိုးအိုက သူ့ပိုက်ဆံကို လှည့်၍ပင်မကြည့်ခဲ့ချေ။
ပိုက်ဆံက နည်းလွန်းလှသေးသည်ပင်။
လီနန်ခယ့်သည် သူ၏ရင်ဘတ်ကို ထပ်မံစမ်းသပ်လိုက်ပြီး ယင်ဝူရှဆီမှ သိမ်းဆည်းရရှိခဲ့သော ငွေစက္ကူကို နှမြောတသစွာဖြင့် ကမ်းပေးလိုက်သည်။
ထိုငွေစက္ကူကို ခေါင်းတလားအဖုံးပေါ်သို့ တင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့တော့၏။
လီနန်ခယ့်မှာ မျက်လုံးကိုပင်သေချာပွတ်ကြည့်လိုက်ရသည်။ အဖိုးအိုမှာမူ ထိုငွေစက္ကူကို သူယူသွားတာမဟုတ်သည့်အလား ခေါင်းတလားအဖုံးပေါ်တွင် ဆက်လက်၍ ကုန်းကုန်းကြီးအလုပ်လုပ်နေဆဲ ဖြစ်သည်။
"သူက ဒီအဖိုးကြီးကို မေးခွန်းတစ်ခုပဲမေးခဲ့တယ်"
အဖိုးအိုသည် အရိုးခေါင်းကဲ့သို့ ပိန်လှီလွန်းသော သူ၏မျက်နှာကို မော့လိုက်ပြီး နက်ရှိုင်းမှောင်မိုက်သော မျက်လုံးများထဲတွင် အပြုံးရိပ်အချို့ ဖြတ်သန်းသွားလျက် နှေးကွေးစွာဆိုလိုက်သည်။
"ဒီခေါင်းတလားထဲကို လူနှစ်ယောက်ဆန့်လားတဲ့"
လူနှစ်ယောက်လား။
လီနန်ခယ့် ခေါင်းတလားကို မသိမသာလှမ်းကြည့်လိုက်မိသည်။
၎င်းမှာ လူနှစ်ယောက်အတူလှဲလျောင်းရန် ကောင်းကောင်းဝင်ဆံ့သောအရွယ်အစား ရှိ၏။
"ဒါပဲလား"
ခေါင်းကိုပြန်ငုံ့၍ အလုပ်ဆက်လုပ်နေသော အဖိုးအိုကိုကြည့်ရင်း လီနန်ခယ့်၏ မျက်နှာအမူအရာမှာ အတော်လေးမကျေမနပ်ဖြစ်သွားဟန်ရှိကာ ခါးထက်မှဓားရိုးကို တင်းနေအောင်ဆုပ်ကိုင်လိုက်သည်။
ဤလုပ်ရပ်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်းသာဖြစ်သည်။
လီနန်ခယ့်သည် သက်ပြင်းကို အကြိမ်ကြိမ်ချလိုက်ပြီးနောက် လှည့်ထွက်ရန်ပြင်လိုက်သည်။
"ဧည့်သည် မင်းရဲ့ခေါင်းတလားကို ယူမသွားတော့ဘူးလား"
အဖိုးအို၏ ခြောက်ကပ်ပြီး တစ်သမတ်တည်းဖြစ်နေသော လေသံမှာ သူ၏အနောက်ဘက်မှ တိုးညင်းစွာ လွင့်ပျံလာခဲ့သည်။
လီနန်ခယ့်သည် ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
"အဘိုး ဘာပြောလိုက်တာလဲ"
ဖုန်မှုန့်များဝဲပျံနေသော နေရောင်ခြည်မျှင်းမျှင်းအောက်တွင် အဖိုးအို၏ပုံသဏ္ဌာန်မှာ အချိန်မရွေး လေတိုက်ရာလမ်းကြောင်းတွင် လွင့်ပါးသွားနိုင်သည့် စာရွက်တစ်ရွက်အလား ပိန်လှီပါးလျားလွန်းလှပေသည်။
အဖိုးအိုက ဆိုလိုက်သည်။
"မင်းပိုက်ဆံပေးပြီးပြီဆိုမှတော့ ခေါင်းတလားတစ်လုံးကိုမှာယူပြီးပြီလို့ အဓိပ္ပာယ်ရတာပဲ။ ဧည့်သည်က ကိုယ့်ခေါင်းတလားကိုယ် ယူသွားဖို့ အစီအစဥ်မရှိဘူးလား"
လီနန်ခယ့် သဘောတကျ ရယ်မောလိုက်သည်။
"ဒါကဘာလဲ၊ ပစ္စည်းတစ်ခုဝယ်ရင် တစ်ခုလက်ဆောင်ပေးတဲ့ ပရိုမိုးရှင်းလား။ နောက်ဆက်တွဲ ဖျော်ဖြေရေးအစီအစဥ်တွေဘာတွေရော ရှိသေးတာလား။ ကျွန်တော့်ခန္ဓာကိုယ်ကအကောင်းကြီးပါ။ ခေါင်းတလားမလိုသေးဘူး"
"ဧည့်သည်က ဒီပုံစံတွေကိုမကြိုက်ရင်၊ ဒီအဖိုးကြီးက မင်းကို အသစ်တစ်လုံး လက်ဆောင်ပေးပါရစေ"
အဖိုးအိုသည် ခဲယဥ်းနှေးကွေးစွာ မတ်တပ်ထရပ်လိုက်သော မှောင်ရိပ်များထဲတွင်ရှိနေသော ခေါင်းတလားတစ်လုံးဆီသို့ ညွှန်ပြလိုက်သည်။
ထိုခေါင်းတလားမှာ အဆင်းသဏ္ဍာန် သဲသဲကွဲကွဲမရှိလှဘဲ အနီရောင်ဆေးသုတ်ထားသော အနားသတ်တစ်ခုကိုသာ ဖျတ်ခနဲ မြင်တွေ့နိုင်၏။
လီနန်ခယ့်၏ နှလုံးသားထဲတွင် သံသယများပြည့်သိပ်လာခဲ့ရသည်။ ဤအဖိုးအို ဘာတွေကြံစည်တွေးတောနေမှန်း သူမသိနိုင်။ သူ့ကိုသတ်ဖို့ကြံစည်နေသော ရန်သူများအနက်မှ တစ်ယောက်ဖြစ်လေသလော။
သို့သော် အဖိုးအိုမှာ ရန်လိုရက်စက်မည့်ပုံလည်း မပေါ်လှချေ။
သတ်လိုဖြတ်လိုစိတ်ကိုလည်း အငွေ့အသက်မျှပင် မခံစားရ။
လီနန်ခယ့်သည် ထိုခေါင်းတလားအနားသို့ တိုးကပ်သွားလိုက်၏။
ခေါင်းတလး၏ ပုံသဏ္ဌာန်မှာ တဖြည်းဖြည်းနှင့် ပိုမိုရှင်းလင်းလာခဲ့သည်။ ခေါင်းတလားမျက်နှာပြင်တစ်ခုလုံးကို အနီရောင်တောက်တောက်ဆိုးထားခဲ့ပြီး မည်သည့်သစ်သားအမျိုးအစားဖြင့် ပြုလုပ်ထားမှန်း ခန့်မှန်းလို့မရနိုင်။ ပတ်ပတ်လည်တွင် မှော်စာရွက်များကို တင်းကျပ်စွာစည်းကပ်ထားသည်။
ဤခေါင်းတလားကို မြင်တွေ့လိုက်ရသောအခါ လီနန်ခယ့်သည် ထူးဆန်းစွာဖြင့် စိတ်မသက်မသာဖြစ်သွားခဲ့ရမိသည်။
သူ၏ ဝမ်းဗိုက်ထဲတွင်လည်း မအီမသာခံစားချက်ကြီး ရုတ်ချည်းပေါ်ပေါက်လာလျက်။
သို့သော် ပို၍ထူးဆန်းသည်မှာ သူ့စိတ်ထဲ ဤခေါင်းတလားကို တစ်နေရာရာတွင် မြင်တွေ့ဖူးခဲ့သည့်အလား ရင်းနှီးသောခံစားချက်မျိုး ခံစားလိုက်ရခြင်းဖြစ်သည်။
"ဧည့်သည်၊ မင်းအတွက် ဒီခေါင်းတလားကိုသယ်ဆောင်ပေးဖို့ လူတစ်ယောက်လောက် ငါခေါ်ပေးရမလား"
အနောက်ဘက်မှ အဖိုးအို၏အသံ ထပ်မံလွင့်ပျံလာသည်။
"မလိုပါဘူး၊ အဘိုးပဲသိမ်းထားလိုက်ပါ"
လီနန်ခယ့် ထိုသို့တုံ့ပြန်စကားဆိုပြီးသာ ထွက်လာလိုက်တော့သည်။
"တစ်နေ့နေ့ကျရင်တော့ ဧည့်သည်က ဒါကိုလာယူမှာပါ" အဖိုးအိုက တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဂျိမ်းခနဲအသံကျယ်ကြီးဖြင့် တံခါးပိတ်သွားသည်ကို ကြားရသောအခါ အဖိုးအိုသည် သက်ပြင်းချလိုက်မိ၏။
ထိုအချိန်တွင် ခေါင်းတလားမှာ ရုတ်တရက်တုန်ခါလာခဲ့သည်။
ထိုတုန်ခါမှုမှာ အတော်လေး ပြင်းထန်လှပေသည်။
ခေါင်းတလားအဖုံးမှာ တဖြည်းဖြည်းနှင့် ပွင့်ဟသွားခဲ့ပြီးနောက်...
ပုပ်စပ်စပ်အနံ့အသက်ဆိုးများမှာ ချက်ချင်းပင် စိမ့်ထွက်လာခဲ့ပြီး ဖြူဖျော့လွန်းလှသော လက်တစ်ဖက်သည် ခေါင်းတလားအတွင်းမှ ဖြည်းညင်းစွာထွက်ပေါ်လာခဲ့၏။ လက်သည်းများမှာ ချွန်ထက်မည်းနက်ကာ အလွန်ရှည်လျားလွန်းနေလျက်။
"မလောပါနဲ့ မလောပါနဲ့... သူမင်းဆီကို ရောက်လာမှာပါ"
အဖိုးအိုသည် ခေါင်းတလားရှိရာသို့ အမြန်ပြေးသွားလိုက်ပြီး ခေါင်းတလားကိုပွတ်သပ်ကာ ချော့မော့လိုက်သည်။
"သူ မင်းဆီကိုလာမှာပါ သူမင်းကို စွန့်ပစ်မှာမဟုတ်ပါဘူး"
အဖိုးအို၏ နှစ်သိမ့်ချော့မြှူမှုအောက်တွင် ခေါင်းတလားမှာ တဖြည်းဖြည်းနှင့် ပြန်လည်ငြိမ်သက်သွားခဲ့တော့၏။
မည်းနက်သော လက်သည်းများရှိသည့် ဖြူဖျော့ဖျော့လက်မှာ ခေါင်းတလားအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ခေါင်းတလားအဖုံးမှာလည်း ပြန်ပိတ်သွားခဲ့သည်။
"ဧည့်သည်က ခေါင်းတလားကိုဝယ်ယူသွားခဲ့ပြီဆိုတော့ ငါ့တာဝန်က သူ့နာမည်ကို အခေါင်းပေါ်ရေးထွင်းပေးဖို့ပဲပေါ့"
အဖိုးအိုသည် ဆောက်နှင့် တူငယ်လေးကို ကောက်ယူလိုက်ပြီး ခေါင်းတလား၏အရှေ့ဘက်သို့ တိုးကပ်သွားလိုက်သည်။
သူက စတင်ထုဆစ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် မျက်မှောင်ကြုတ်လိုက်မိ၏။
"နေပါဦး အဲ့ဧည့်သည်ရဲ့နာမည်က ဘာပါလိမ့်"
"ဂျစ် ဂျစ် "
ထိုအချိန်တွင် ခေါင်းတလားအတွင်းဘက်မှ နားမခံသာသော ကုတ်ခြစ်သံအချို့ ထွက်ပေါ်လာခဲ့သည်။
အခေါင်းတွင်းမှ ဖြူဖျော့ဖျော့လက်သည် ချွန်ထက်သောလက်သည်းများဖြင့် ခေါင်းတလားအဖုံးကို ကုတ်ခြစ်ဆန္ဒပြနေခဲ့သည်ပင်။
အဖိုးအိုသည် ထိုကုတ်ခြစ်သံကို အနီးကပ်နားထောင်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"မှန်တာပေါ့၊ သူ့နာမည်က နန်ခယ့်တဲ့"