စာကြည့်ခန်းသို့ နောက်တစ်ခေါက်
Vol. 18 Ch. 175
ခေါင်းတလားဆိုင်ထဲမှ လှမ်းထွက်ခဲ့လိုက်ပြီးနောက် လီနန်ခယ့်၏ နှလုံးသားထဲ ပြည့်သိပ်နေခဲ့သော မအီအသာမွန်းကြပ်မှုများမှာ လွင့်ပါးသွားခဲ့ရပြီး စိတ်အေးလက်အေးရှိသွားခဲ့သည်။
ဤအမှုမှာ ပိုမိုရှုပ်ထွေးလာခဲ့ပြီ ဖြစ်၏။
အကယ်၍ မိစ္ဆာမုန့်ချင်သည်သာ ဤနေရာတွင် ပုန်းကွယ်မနေခဲ့လျှင် ကျန်းမင်သည် ထိုသူကိုမြှုပ်နှံသဂြိုဟ်ရန် ခေါင်းတလားလာမှာနေခြင်းပေလော။
ဒါဆိုရင် ဘာဖြစ်လို့ လူနှစ်ယောက်ဆန့်လားလို့ မေးခဲ့ရတာလဲ။
ကျန်းမင်တကယ်ပဲ ဘာတွေကြံစည်နေတာလဲ။ သူနဲ့မုန့်ချင်ကြားထဲ ငါတို့မသိသေးတဲ့ တခြားကိစ္စတွေ ရှိနေသေးတာလား။
အရာရာကို ထောင့်စေ့အောင် စဉ်းစားသုံးသပ်ပြီးနောက် လီနန်ခယ့်သည် ညကင်းလှည့်တပ်ဖွဲ့ဌာနဆီသို့သာပြန်သွားရန် ဆုံးဖြတ်လိုက်၏။
ယုန်မလေးမုန့် အိမ်တိုင်ရာရောက်ပြန်ရောက်ပြီလားဟု စစ်ဆေးလိုသောကြောင့်ပင်။
သို့သော် လီနန်ခယ့်တစ်ယောက် ညကင်းလှည့်တပ်ဖွဲ့ဌာန၏ အဝင်ဝသို့ ရောက်ရုံမျှသာရှိသေးချိန်တွင် မင်းသမီးကြီး၏ ကိုယ်ရံတော်အမျိုးသမီး ထပ်ပေါ်လာပြန်သည်။
ကိုယ်ရံတော်အမျိုးသမီး ဘာစကားမှမဆိုရသေးခင်မှာပင် လီနန်ခယ့် သက်ပြင်းချလိုက်ပြီး မတတ်သာဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်သိပါတယ်၊ ရှေ့ကလမ်းပြပါ"
ဤသို့ဖြင့် အကြိမ်ကြိမ်ရောက်ဖူးနေပြီသားဖြစ်သော စာကြည့်ခန်းထဲသို့ တစ်ဖန်ထပ်မံ ခေါ်ဆောင်ခြင်းခံခဲ့ရပြန်တော့၏။
အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့ချိန်တွင် လီနန်ခယ့်သည် အရင်အတိုင်းပင် မင်းသမီးကြီး၏လက်ကလေးကို ဆုပ်ကိုင်ရန် သဘာဝကျကျ လက်လှမ်းလိုက်သော်လည်း သူမကရှောင်ဖယ်လေသည်။
"ငါ့ကိုပေး"
ပိုင်ရူယွဲ့သည် နုနယ်လွန်းသဖြင့် ပန်းရောင်ရိပ်ရိပ်သန်းနေသော လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်သည်။
"ဟင်"
လီနန်ခယ့်က သူ့ကို ဇဝေဇဝါပြန်ကြည့်နေသည်။
ပိုင်ရူယွဲ့သည် နှုတ်ခမ်းကို တင်းနေအောင်ကိုက်လိုက်ပြီး သူ့ကိုစိုက်ကြည့်လာသည်။ အရည်လဲ့နေသောမျက်လုံးများထဲ အေးစက်စက်ဒေါသများက မကင်းစင်သေး။
"မနေ့ကမင်းပဲ ချစ်သူတွေကြား ဆက်ဆံရေးတိုးတက်စေမယ့် အစီအစဉ်တစ်ခုဆွဲပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"
"ဪ ဟုတ်သားပဲ"
လီနန်ခယ့် သဘောပေါက်သွားသည်။
မနေ့က သူအိမ်ပြန်ခင် နောက်ရက်တွေ့သည့်အခါ ချစ်သူရည်းစားဆက်ဆံရေးကို အရှိန်မြှင့်ဖန်တီးပေးမည့်အစီအစဥ်တစ်ခု ရေးဆွဲခဲ့ပါမည်ဟု ပြောခဲ့သေးသည်ပင်။
သို့သော် အိမ်ပြန်ရောက်ပြီးနောက် သူ့စကားသူ လုံးဝမေ့လျော့သွားခဲ့သည်။
လီနန်ခယ့်စိတ်ထဲ အတွေးများ ကစဥ့်ကလျားဖြစ်နေသော်လည်း နှုတ်ကတော့ ချောချောမွေ့မွေ့ပင် လျှောက်လဲချက်များ တန်းစီပေးလိုက်သည်။
"အစီအစဥ်ဆိုတာမျိုးက စာရွက်ပေါ်ချရေးနေစရာမလိုပါဘူး။ ခေါင်းထဲမှာအကုန်ရှိပြီးသားပဲ။ ကျွန်တော်လုပ်သမျှကိုသာ အသာတကြည် လိုက်လုပ်ဖို့လိုတယ်။ ဒီလိုဆိုရင် ဆယ်ရက်ကနေ လဝက်အတွင်း မင်းသမီးကြီးကျွန်တော့်ကို လုံးဝချစ်မိသွားမှာပဲ"
"ဘယ်လိုလုပ်ကြမလဲ အဲ့ဒါကို"
ပိုင်ရူယွဲ့က အေးစက်စက်မေးလိုက်သည်။
လီနန်ခယ့်က လက်ညှိုးတစ်ချောင်းထောင်လျက် စတင်၏။
"အဆင့်တစ် အပြန်အလှန်ခေါ်ဝေါ်တဲ့နာမည်တွေက ရင်းနှီးမှုရှိရမယ်၊ ချစ်သူရည်းစားတွေဆိုတာ အရင်းနှီးဆုံးလူသားတွေလေ၊ ကျွန်တော်ကမင်းသမီးကြီးကို မင်းသမီးကြီးလို့ခေါ်၊ မင်းသမီးကြီးကကျွန်တော့်ကို လီနန်ခယ့်လို့ခေါ်နေရင် ကြားထဲအဆင့်အတန်းကွာခြားချက်ကြီးက အရမ်းသိသာနေတော့မှာ။ ကျွန်တော်တို့ဘယ်လိုလုပ် ချစ်မိသွားကြမှာလဲ"
"ဒါဆို မင်းကိုငါဘယ်လိုခေါ်သင့်လဲ"
ပိုင်ရူယွဲ့က ဤအချက်ကို အဓိပ္ပာယ်ရှိသည်ဟုလက်ခံသဖြင့် မေးလိုက်သည်။
"သခင်ကြီးလို့ ခေါ်ပေါ့ဗျာ"
"ဘာပြောတယ်"
"စတာပါ။ ကျွန်တော့်ကိုအားခယ့်လို့ခေါ်"
လီနန်ခယ့်မှာ မသိစိတ်ထဲမှတိုးထွက်လာသော အတွေးရိုင်းများကို အမြန်ချွန်းအုပ်ပြီး စကားကိုအမြန်ပြင်လိုက်ရသည်။
"အား... အား...."
ပိုင်ရူယွဲ့မှာ သူ့ကို ထိုနာမည်ဖြင့်ခေါ်ဖို့ အတန်တန်ကြိုးစားပါသော်လည်း အပြည့်အစုံထုတ်မပြောနိုင်ရှာ။ သူမ ခြေထောက်သေးသေးလေးကို စိတ်ရှုပ်စွာဆောင့်ချလိုက်သည်။
"ဒီတိုင်းက အလုပ်ဖြစ်မှာမဟုတ်ဘူး အစီအစဥ်ပြောင်း"
"ဒါဆို အချစ်လေးလို့ခေါ်လေ"
လီနန်ခယ့်က အရင်တစ်ခါသုံးခဲ့သော စံနှုန်းလှည့်ကွက်ကိုပင် ပြန်သုံးသည်။
"အားခယ့်"
ပိုင်ရူယွဲ့မှာ အချစ်လေးဆိုသည့်နာမည်နှင့်စာလျှင်တော့ ဒီတစ်ခုက လက်ခံနိုင်စရာရှိသည်ဟု တွေးလို့နေသည်။
လီနန်ခယ့် ပိုင်နိုင်စွာပြုံးလိုက်ပြီး တစ်ခဏမျှတွေးတောကာ ဆိုသည်။
"ဒါဆို ကျွန်တော်မင်းသမီးကြီးကို ကလေးလေးလို့ခေါ်မယ်"
"ကလေး...လေး ဟုတ်လား"
"မဟုတ်ရင် အသည်းလေးဆိုရင်ရော"
"..."
ပိုင်ရူယွဲ့၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ရပြီး သူမ၏ ဂုတ်အနောက်ဘက်တွင် ကြက်သီးမွေးညင်းများပင် ထောင်ထလာခဲ့သည်အား ခံစားလိုက်ရမိသည်။ အူယားလွန်းသဖြင့် ပါးစပ်ထဲပင်အချဥ်ပေါက်ကာ သွားများကျဥ်တက်သွားသဖြင့် အလျင်အမြန်ပင် ခေါင်းခါယမ်းလိုက်သည်။
"မရဘူး လုံးဝမရဘူး။ ငါ့ကိုအဲ့နာမည်နဲ့လာခေါ်ရဲရင် မင်းကိုသတ်ပစ်မယ်"
"ဒါဆိုလည်း မင်းသမီးကြီးပဲ ကိုယ့်နာမည်ကိုယ်သတ်မှတ်ပါတော့"
လီနန်ခယ့် လက်များကိုဖြန့်ကာ မတတ်သာသလိုဆိုလိုက်သည်။
ပိုင်ရူယွဲ့သည် အချိန်အတော်ကြာအောင် စဥ်းစားခန်းဝင်နေပြီး မျက်နှာလေး မဆိုစလောက်ရှက်သွေးဖြန်းကာ ခြင်အော်သံမျှသာကျယ်သောအသံလေးဖြင့် ဆိုလာ၏။
"ငါ့ကို ယွဲ့အာလို့ခေါ်"
ကြားရအဆင်ပြေပြီး ရင်းနှီးသောအခေါ်အဝေါ်ပင်။
လီနန်ခယ့် နည်းနည်းစိတ်ပျက်သွားပေသည့် အသာတကြည်ခေါ်လိုက်သည်။
"ယွဲ့အာ"
ထိုနာမည်ကိုကြားလိုက်ရသည့်အခါ မင်းသမီးကြီးမှာ မနေနိုင်စွာရှက်သွေးရဲသွားရသည်။ ချယ်ရီရောင် နှုတ်ခမ်းလှလှလေးများမှာ မသိမသာပွင့်ဟကာ တစ်ခုခုကိုပြောဖို့ ကြိုးစားနေဟန်ရှိပေသည့် မဝံ့ရဲစွာ ပြန်လည်စေ့ပိတ်သွားရ၏။
""တကယ်တော့ ချစ်သူတွေကြား သံယောဇဉ်တိုးပွားအောင်လုပ်ဖို့ဆိုရင် စကားပြောတာ၊ မုန့်အတူစားတာ၊ ပြဇာတ်အတူကြည့်တာ၊ လမ်းအတူလျှောက်တာနဲ့ အတူတူ ပျော်ရွှင်စရာတွေဖန်တီးတာက အကောင်းဆုံးနည်းလမ်းတွေပါပဲ။ တကယ်လို့ ကျွန်တော်တို့တွေ အတူရှိတုန်း ထူးခြားတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လိုက်ရမယ်ဆိုရင် ပိုတောင် အမှတ်တရဖြစ်လိမ့်ဦးမယ်၊ ဒါပေမဲ့ မင်းသမီးလေးကို သူရဲကောင်းကဝင်ကယ်တာမျိုး၊ ရင်နာစရာ သေကွဲကွဲတဲ့အဖြစ်မျိုးထိတော့ မကြုံအောင်ထိန်းသိမ်းရမှာပေါ့လေ"
လီနန်ခယ့်၏ အမျှင်မပြတ်သောစကားရှည်ကြီးက မင်းသမီးကြီးကို မျက်မှောင်တင်းတင်းကြုတ်စေသည်။
နားထောင်ရတာတော့ အတော်လေးရိုးရှင်းပုံပါပဲ။
"မင်းတို့ ဇနီးမောင်နှံရော ဆက်ဆံရေးတိုးတက်အောင် ဘယ်လိုလုပ်ကြလဲ"
ရုတ်တရတ် ပိုင်ရူယွဲ့က ကလေးမလေးတစ်ယောက်လို စပ်စပ်စုစုမေးလာသည်။
လီနန်ခယ့်သည် ရယ်မောလိုက်သည်။
"ကျွန်တော်တို့တွေက လက်ထပ်ပြီးမှ သံယောဇဉ်တွယ်ခဲ့ကြတာပါ။ နေ့စဉ်ဘဝဖြတ်သန်းရင်း သေးငယ်တဲ့အမှတ်တရလေးတွေကနေတစ်ဆင့် တဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ကြရတာပေါ့။ အစတုန်းကတော့ တစ်ယောက်ကိုတစ်ယောက် သံသယတွေပွားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ပြဿနာတွေကို နားလည်မှုနဲ့ ဖြေရှင်းနိုင်ခဲ့ကြတယ်။ တစ်ယောက်လျှို့ဝှက်ချက် တစ်ယောက်သိနေပေမဲ့ မသိချင်ယောင်ဆောင်ပေးရတာ ပိုလို့တောင် ကြည်နူးစရာကောင်းသေးတယ်။ တိုတိုပြောရရင် ကျွန်တော်တို့က လုံးဝပြီးပြည့်စုံတဲ့အဆင့်ထိ မရောက်သေးပေမဲ့ ဒီအနေအထားကတင် အတော်လေး စိတ်ကြည်နူးစရာကောင်းနေပါပြီ"
ပိုင်ရူယွဲ့က တအံ့တသြလေး နားထောင်နေသည်။ လက်ထပ်ပြီးမှတည်ဆောက်ရသော အချစ်ရေးမျိုးကို သူမ သိပ်နားမလည်ဟန်ပင်။
"နားထောင်ကြည့်တော့ လွယ်လွယ်လေးလိုပေမဲ့ အရမ်းခက်ခဲခဲ့မှာပဲနော်"
မင်းသမီးကြီးမှာ သူများလင်မယားကြား မွန်းကြပ်သွားမိဟန်ဖြင့် ခေါင်းကိုအသာကုတ်ကာ လေသံပျော့လေးဖြင့် စကားစ၏။
"ဒါဆိုလည်း စကားစမြည်ပြောကြတာပေါ့"
"ဘာအကြောင်းပြောချင်လဲဗျ"
"ဒါတော့ ဒီမင်းသမီး ဘယ်သိမလဲ"
အမျိုးသမီးက ပါးနီနီလေးများကို ဖောင်းနေအောင်စူကာ စိတ်ရှုပ်သွားဟန်ဆိုသည်။
"ဟုတ်ပါပြီ ကျွန်တော့်ဘာသာပဲ စဥ်းစားလိုက်မယ်၊ နောက်ပြီး စကားပြောနေတုန်း ကိုယ့်ကိုယ်ကိုယ် ဒီ မင်းသမီးလို့ဆက်မသုံးနဲ့တော့နော် ဟုတ်ပြီလား"
လီနန်ခယ့်က အတည်ပေါက်သတိပေးလာသည်။
ပိုင်ရူယွဲ့က မျက်လွှာချကာ မလှုပ်တလှုပ်ဖြင့် အွန်းဟု တုံ့ပြန်သည်။
"ကဲ အရင်ဆုံးလက်ကိုင်ရအောင်၊ ပြီးရင် စကားပြောကြမယ်"
လီနန်ခယ့်က သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
"ဒီတစ်ကြိမ်တော့ ကျွန်တော့်လက်ကို ခင်ဗျားအရင်စကိုင်လိုက်"
အခန်းမှာ တိတ်ဆိတ်သွားခဲ့သည်။
ပိုင်ရူယွဲ့က အောက်နှုတ်ခမ်းလေးကို သွားဖြင့်ဖိကိုက်ထားပြီး နောက်ဆုံးတော့ လက်ကလေးကို မဆန့်ချင်ဆန့်ချင် ဆန့်ထုတ်ကာ လီနန်ခယ့်လက်အား ညင်သာစွာဆုပ်ကိုင်လိုက်၏။
ထိုစဥ် သူမနှလုံးသားထဲ ရှုပ်ထွေးသောစိတ်ခံစားချက်များ မြင့်တက်လာသည်။
သို့သော် အမျိုးသားဘက်က ထိုအခိုက်အတန့်လေးကို သေချာမခံစားနိုင်လိုက်ခင်မှာပင် လက်နုနုလေးက ရုတ်တရတ် တင်းကျပ်သွားခဲ့သည်။ လက်ကောက်ဝတ်ဖြူဖြူပေါ် သွေးကြောစိမ်းများ ထောင်ထလာသည်အထိ သူ့လက်ကို တင်းနေအောင်ဆုပ်လိုက်ခြင်းပင်။
ကျန်လက်တစ်ဖက်ကလည်း လက်သီးကို တင်းတင်းဆုပ်မိလျက်သား ဖြစ်၏။
ချီးပဲ၊ ရောဂါဆန်းက ထပ်ထလာပြန်ပြီ။
ပိုင်ရူယွဲ့ စိတ်ထဲမှကျိန်ဆဲလိုက်ကာ ထိုအမျိုးသား၏လက်ကိုမြန်မြန်လွှတ်ပြီး လူကို အဝေးသို့တွန်းလွှတ်လိုက်ချင်၏။ သို့သော် ရောဂါလက္ခဏာက အရင်တစ်ကြိမ်ကထက် ပိုမိုပြင်းထန်နေခဲ့လေသည်။
တွန်းလွှတ်ဖို့နေနေသာသာ ထိုလက်ကို သူမ အားမရနိုင်စွာ ပို၍ပင် တင်းတင်းဆုပ်ကိုင်မိလေသည်။
ကိုယ်လုံးလေးက မသိမသာတုန်ယင်လာကာ စကားတစ်လုံးပြောထွက်ဖို့ပင် ခက်ခဲနေဟန်ဖြင့် နဖူးနှင့်နှာခေါင်းထိပ်မှ ချွေးသီးများ တပေါက်ပေါက်စီးကျလာသည်။
လီနန်ခယ့်လည်း ထိုမူမမှန်မှုကို သတိပြုမိလိုက်၏။
ဒါ ဘာအဓိပ္ပာယ်များလဲ။
တော်ဝင်စားပွဲကြီးကို နောက်တစ်ကြိမ်မြည်းစမ်းခွင့်ရတော့မယ့်သဘောလား။