← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) - နွားအိုမြက်နုကြိုက်ခြင်း

ထူထူက ကျူးလင်၏ အဖြေကို စဉ်းစားရင်း တိတ်ဆိတ်သွားလေသည်။

ခဏအကြာတွင် ထူထူက ပြောလိုက်သည်။

"ကျွန်တော် ကြားဖူးတာတော့ မိစ္ဆာနတ်ဘုရားက မသေမျိုးတဲ့... အရင်တုန်းက ရှေးဟောင်းနတ်ဘုရားတွေအားလုံး စွမ်းအားတွေ အကုန်ပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာတောင် သူ့ကို မသတ်နိုင်ခဲ့ကြဘူး...”

“တကယ်လို့ သူ သေသွားခဲ့ရင်တောင် နှစ်ပေါင်းတစ်သောင်းအကြာမှာ ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ ပြောကြတယ်..."

ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း... သူက ကမ္ဘာဦးစွမ်းအင်ကနေ မွေးဖွားလာတာမို့ စကြဝဠာထဲမှာ မကောင်းတဲ့စွမ်းအင်တွေ ရှိနေသရွေ့ သူ့ရဲ့စွမ်းအားတွေက ပျောက်ကွယ်သွားမှာ မဟုတ်သလို အကြိမ်ကြိမ်လည်း ပြန်လည်ရှင်သန်နိုင်တယ်..."

ထူထူက သူမ၏စကားများကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါဆို သူ့ကို သတ်လိုက်လို့ရော ဘာထူးမှာလဲ... ကျွန်တော့်အမြင်ပြောရရင် မိစ္ဆာနတ်ဘုရားက ပြဿနာရဲ့ အရင်းအမြစ် မဟုတ်ဘူး...”

“တကယ်လို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရချင်တယ်ဆိုရင် စကြဝဠာထဲက မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားပစ်ဖို့ပဲ လိုတာ..."

ကျူးလင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"အဲဒါက မဖြစ်နိုင်ဘူး... သက်ရှိအားလုံးက ကောင်းတဲ့စွမ်းအင်နဲ့ မကောင်းတဲ့စွမ်းအင်ဆိုပြီး စွမ်းအင်နှစ်ဖက်နဲ့ မွေးဖွားလာကြတာ...”

“မကောင်းတဲ့စွမ်းအင်ကို မဖျက်ဆီးဘဲ ကောင်းတဲ့စွမ်းအင်ကို ရယူဖို့က နည်းလမ်းမရှိဘူး... ဒါပေမဲ့ သက်ရှိတွေက ဒီစွမ်းအင်နှစ်ခုလုံးကို ဆုံးရှုံးသွားရင် သူတို့ရဲ့ တည်ရှိမှုလည်း ပျောက်ကွယ်သွားလိမ့်မယ်..."

ထူထူက ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။

"အဲဒီလိုဆိုရင် မိစ္ဆာနတ်ဘုရားကို သတ်ပစ်လိုက်တော့ရော ဘာထူးခြားသွားမှာလဲ...”

“ပြီးတော့ ကျွန်တော်သိသလောက်ဆိုရင် မိစ္ဆာနတ်ဘုရားက တစ်ပါးတည်းကျန်ရစ်တဲ့ ရှေးဟောင်းနတ်ဘုရားပဲ..."

“သူက လူရှေ့ထွက်ခဲသလို စကြဝဠာရဲ့ စည်းစနစ်ကို ပျက်ပြားအောင်လည်း ဘာမှမလုပ်ခဲ့ဘူး...”

“ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဒဏ္ဍာရီလာတိုက်ပွဲအပြီး သူ ပထမဆုံးအကြိမ် ပြန်ပေါ်လာတာက သခင်မလေး မွေးဖွားလာတဲ့အချိန်ပဲ..."

ကျူးလင်က ထူထူကို ကြည့်ကာ မေးလိုက်သည်။

"နင့်သက်တမ်းက နှစ်ပေါင်းသုံးထောင်ပဲ ရှိသေးတာ... သူ့အကြောင်း ဘယ်လောက်များ သိလို့လဲ... နင့်ကို ထားလိုက်ပါဦး... ငါကိုယ်တိုင်တောင် သူ့အကြောင်း အများကြီး သိတယ်လို့ မပြောနိုင်ဘူး..."

ယုန်ကလေးက သူမ၏ အမွေးပွပွခြေဖဝါးလေးများဖြင့် ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"သခင်မလေး... ကျွန်တော်က ငယ်သေးတယ်ဆိုပေမဲ့ နေရာအများကြီးကို လည်ပတ်ခဲ့ပြီးပြီနော်... အဲဒါအပြင် ကျွန်တော့်ကို ဒီအကြောင်း ပြောပြခဲ့တာ ကောင်းကင်ဧကရာဇ်ကိုယ်တိုင်ပဲ..."

ထူထူကို ဤအကြောင်း ပြောပြခဲ့သူမှာ မိမိ၏ အစ်ကိုတော် ဖြစ်နေကြောင်း ကြားလိုက်ရသဖြင့် ကျူးလင်က မျက်ခုံးကို အသာပင့်ကာ မေးလိုက်သည်။

"ငါ့အစ်ကိုတော်က နင့်ကို ဘာလို့ ဒီအကြောင်းတွေ ပြောပြရတာလဲ..."

ထူထူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ကောင်းကင်ဧကရာဇ်က ကျွန်တော့်ကို ဘာလို့ ပြောပြခဲ့လဲဆိုတာတော့ မသိဘူး...”

“တစ်နေ့မှာ သခင်မလေး တရားကျင့်ဖို့ တံခါးပိတ်ကျင့်ကြံနေတုန်း ကောင်းကင်ဧကရာဇ်က သခင်မလေးရဲ့ နတ်ဘုရားနန်း‌ဆောင်ကို ရုတ်တရက် ရောက်လာခဲ့တယ်..."

“သူက ကျွန်တော့်ကို ခေါ်ပြီး ဒီအကြောင်းတွေကို ရုတ်တရက်ကြီး ပြောပြခဲ့တာ...”

“အဲဒီအချိန်တုန်းက သူ့မျက်နှာက စိတ်ရှုပ်နေသလိုပဲ သူ့မျက်ဝန်းထဲမှာ နောင်တတွေကိုတောင် ကျွန်တော် မြင်ခဲ့ရတယ်..."

ကျူးလင်က ထူထူ၏ အဖြေကြောင့် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"နင်သိသမျှ အကုန်လုံးကို ငါ့ကို ပြောပြစမ်း...”

“ငါ့အစ်ကိုတော်က ငါ့ကို မိစ္ဆာနတ်ဘုရားကို သတ်ဖို့ မွေးဖွားလာတာလို့ပဲ အမြဲပြောခဲ့ပြီး တခြားအကြောင်းတွေကို ဘာလို့ တစ်ခါမှ မပြောပြခဲ့တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်..."

ထူထူက အတိတ်ကို ပြန်လည်အမှတ်ရရင်း ပြောလိုက်သည်။

"ကောင်းကင်ဧကရာဇ် ပြောတာတော့ သခင်မလေး မွေးဖွားတဲ့နေ့မှာ မိစ္ဆာနတ်ဘုရားက နတ်ဘုရားရေခဲရေကန်ဆီ ရုတ်တရက် ရောက်လာခဲ့တယ်တဲ့...”

“အဲဒီအချိန်က သခင်မလေးအတွက် အရေးကြီးဆုံးအချိန် ဖြစ်နေတာမို့ တိုက်ပွဲကြောင့် သခင်မလေးကို ထိခိုက်သွားမှာ စိုးရိမ်ပြီး ဘယ်သူမှ လက်မလှုပ်ရဲခဲ့ကြဘူး...”

“နတ်ဘုရားရေခဲရေကန်အောက်ခြေက ရေခဲပန်းဆီကနေ သခင်မလေးရဲ့ ဝိညာဉ် ပျံထွက်လာတဲ့အချိန်မှာ မိစ္ဆာနတ်ဘုရားက သခင်မလေးရဲ့ ဝိညာဉ်ဆီ ရုတ်တရက် ပျံသန်းသွားပြီး သခင်မလေးကို ခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့တယ်တဲ့..."

ကျူးလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ပြီးတော့ရော... အဲဒီနောက် ဘာဆက်ဖြစ်လဲ..."

ထူထူက ပခုံးတွန့်ကာ ပြောလိုက်သည်။

"အဲဒီနောက်မှာတော့ မိစ္ဆာနတ်ဘုရားက သူ့ကို တားဆီးဖို့ ကြိုးစားတဲ့ ကောင်းကင်ဧကရာဇ်အပါအဝင် နတ်ဘုရားတွေအားလုံးကို ရိုက်နှက်ပစ်ခဲ့တာပေါ့...”

“ကံကောင်းတာက သူ သခင်မလေးရဲ့ ဝိညာဉ်ကို ထိတွေ့ဖို့ လုပ်လိုက်တဲ့အချိန်မှာ သခင်မလေးရဲ့ ဝိညာဉ်က ရုတ်တရက် မှေးမှိန်သွားပြီး ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့တယ်...”

“ကောင်းကင်ဧကရာဇ် ပြောတာတော့ အဲဒီအချိန်က မိစ္ဆာနတ်ဘုရားရဲ့ မျက်ဝန်းထဲမှာ ကြောက်ရွံ့မှုတွေကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာတဲ့..."

“ကျွန်‌တော့်ကို ဒီအကြောင်း ပြောပြတဲ့အချိန်အထိ ကောင်းကင်ဧကရာဇ်က မိစ္ဆာနတ်ဘုရားမှာ ကြောက်ရွံ့တတ်တဲ့အရာ ရှိတယ်ဆိုတာကို မယုံနိုင်သေးဘူး..."

ကျူးလင်က ခဏမျှ တွေးတောပြီးနောက် မေးလိုက်သည်။

"ဒါဆို ငါမွေးဖွားလာတုန်းက မိစ္ဆာနတ်ဘုရားက ငါ့ကို ပြန်ပေးမဆွဲသွားတာက သူ ငါ့ဝိညာဉ်ကို ထိလို့မရလို့နဲ့ ငါ ပျောက်ကွယ်သွားမှာကို ကြောက်လို့ပေါ့ ဟုတ်လား..."

ထူထူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျွန်တော် မှတ်မိသလောက်တော့ ကောင်းကင်ဧကရာဇ် မထွက်သွားခင် ပြောခဲ့တာရှိသေးတယ်...”

“တကယ်လို့ ကောင်းကင်ဧကရာဇ်က သခင်မလေးအတွက် အိမ်ထောင်ဖက် စီစဉ်ပေးရဲရင် မိစ္ဆာနတ်ဘုရားက စကြဝဠာကြီးကို ဖျက်ဆီးပြီး သခင်မလေးကို လုယူသွားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်တဲ့...”

“သူက သခင်မလေးကို သူ့ဇနီးလို့ သတ်မှတ်ထားပြီး သူ့ဇနီးကို လိုချင်တပ်မက်ရဲတဲ့သူမှန်သမျှကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တာ..."

ဤအချက်ကို ကြားလိုက်ရသောအခါ ကျူးလင်က သူမ၏ နှာတံလေးကို ညှစ်ကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"အဲဒီ အရှက်မရှိတဲ့လူကတော့... မွေးကင်းစကလေးလေးကိုတောင် သူ့ဇနီးအဖြစ် သတ်မှတ်ရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒါက တကယ့်ကို နွားအိုမြက်နုကြိုက်တာပဲ..."

ထူထူက သူ၏ သခင်မလေး မျက်နှာအမူအရာကို ကြည့်ကာ လက်မောင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။

"သခင်မလေး... တကယ်ကို ပင်ပန်းခဲ့ရတာပဲ... အရင်တုန်းက သူ သခင်မလေးဆီ လာတွေ့တိုင်း သခင်မလေးမှာ ဖိအားတွေ အများကြီးရှိခဲ့မှာ သေချာတယ်..."

ယုန်ကလေး၏ သနားကရုဏာသက်နေသော လေသံကို ကြားလိုက်ရသဖြင့် ကျူးလင်က သက်ပြင်းချလိုက်လေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်သည်။

"တကယ်လို့ နင်အခုပြောတဲ့စကားတွေက အမှန်ဆိုရင်တော့ ငါ့မှာ သူ့ကို သတ်ရမယ့် အကြောင်းပြချက် တကယ်မရှိတော့ဘူး..."

ထူထူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်ပ... မိစ္ဆာနတ်ဘုရားက သူ့ဇနီးနောက်ကိုပဲ လိုက်ဖို့ စိတ်ဝင်စားနေတာကို သခင်မလေးက ဘာအကြောင်းပြချက်မှမရှိဘဲ သူ့ကို တကယ် သတ်လိုက်မယ်ဆိုရင် သခင်မလေးက လူဆိုးဖြစ်ပြီး သူက သားကောင် ဖြစ်မသွားဘူးလား..."

“သူ ချစ်ရတဲ့သူရဲ့ လက်ထဲမှာ အသတ်ခံလိုက်ရတဲ့အချိန် သူ့မျက်နှာပေါ်က အမူအရာကို စိတ်ကူးကြည့်ရုံနဲ့တင် ကျွန်တော် မျက်ရည်ကျချင်လာပြီ...”

“သူ ဘယ်လောက်တောင် နှလုံးကွဲကြေသွားမလဲ... ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်မလဲ..."

ထူထူ၏ စကားများကို ကြားလိုက်ရသဖြင့် ကျူးလင်က တုန်လှုပ်သွားလေသည်။

သူမက ယုန်ကလေးကို စူးစိုက်ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။

"ဘယ်သူက သူ့ဇနီးလဲ... လျှောက်မပြောနဲ့..."

ထူထူက သူမ၏ မနှစ်မြို့သော မျက်နှာထားကို ကြည့်ကာ သူ၏ ပန်းပွင့်ဖတ်သဏ္ဌာန် ပါးစပ်လေးကို ခြေဖဝါးလေးများဖြင့် အမြန်အုပ်လိုက်ရင်း ပြောလိုက်သည်။

"တောင်းပန်ပါတယ် သခင်မလေး... ကျွန်တော် မှားသွားပါတယ်..."

ယုန်ကလေး၏ အမူအရာကို မြင်လိုက်ရသဖြင့် ကျူးလင်က ယုန်ကလေး၏ ပါးပြင်ကို ဆွဲညှစ်ကာ ပြောလိုက်သည်။

"နောက်တစ်ခါ မဖြစ်စေနဲ့..."

ထူထူက ခေါင်းကို အမြန်ညိတ်ကာ ပြောလိုက်သည်။

"သခင်မလေး... သခင်မလေးမှာ မိစ္ဆာနတ်ဘုရားကို သတ်ဖို့ အကြောင်းပြချက် မရှိတော့ဘူးဆိုမှတော့ စိုးရိမ်နေစရာ အကြောင်းလည်း မရှိတော့ဘူး မဟုတ်လား..."

ကျူးလင်က ယုန်ကလေး၏ စကားများကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝေခွဲမရသော လေသံဖြင့် ပြောလိုက်သည်။

"အဲဒီလိုပဲ ထင်ရတာပဲ..."

All Chapters