အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) - ကျုပ် ဒီအလုပ်အတွက် လျှောက်ထားလို့ ရမလား
ကျီယန်က ရှို့ဝူ၏ စကားများကို စဉ်းစားရင်း မေးလိုက်သည်။
"လောင်ရှို့... အဲဒီအသံက မင်းရဲ့စိတ်ထဲမှာ ဘယ်တုန်းကစပြီး ပေါ်လာတာလဲ..."
ရှို့ဝူက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ တာဝန်ပေးခန်းမမှာ ရှောင်လင်ကို ဒုတိယအကြိမ်မြောက် တွေ့ခဲ့တဲ့အချိန်ကစပြီးတော့ပဲ...”
“အစတုန်းကတော့ အဲဒီအသံက စက္ကန့်ပိုင်းလောက်ပဲ ပေါ်လာပြီး ပြန်ပျောက်သွားတတ်တာ... ဒါပေမဲ့ အခုတော့ ရှောင်လင်ကို မြင်တဲ့ အကြိမ်တိုင်းမှာ အဲဒီအသံက ထွက်ထွက်လာတယ်..."
သူ့ထံမှ အဖြေကို ကြားလိုက်ရချိန်တွင် ကျီယန်နှင့် ထန်ဝေ့တို့မှာ အံ့အားသင့်စွာဖြင့် သူ့ကို လှမ်းကြည့်လိုက်ကြသည်။ ၎င်းတို့၏ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ရှို့ဝူ၏ စိတ်ထဲတွင် လေးလံသွားကာ ၎င်းတို့ကို ကြည့်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... မင်းတို့ တစ်ခုခု သိထားတာ ရှိလို့လား..."
ကျီယန်နှင့် ထန်ဝေ့တို့မှာ တစ်ဦးကိုတစ်ဦး ခေတ္တမျှ ကြည့်လိုက်ကြပြီးနောက် ကျီယန်က ပြောလိုက်သည်။
"လောင်ရှို့... တကယ်တော့လေ... မင်း ရှောင်လင်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်း အများကြီး ပြောင်းလဲသွားတာကို ငါတို့ သတိထားမိတယ်... မင်းက တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ..."
ထန်ဝေ့ကလည်း ရှို့ဝူကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်... ငါတို့ကတော့ ငါတို့ စိတ်ထင်လို့ပဲလို့ ထင်နေတာ... ဒါပေမဲ့ တချို့အချိန်တွေမှာ မင်းက မင်းကိုယ်မင်း မဟုတ်တော့သလိုပဲ... တခြားလူတစ်ယောက်လို ဖြစ်သွားတာ..."
သူ ဤသို့ ပြောလိုက်သည်နှင့် ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းက ဖုံးလွှမ်းသွားလေသည်။
ထန်ဝေ့နှင့် ကျီယန်တို့က ရှို့ဝူကို စိုးရိမ်တကြီး ကြည့်နေကြပြီး ရှို့ဝူ၏ မျက်ခုံးနှစ်ဖက်မှာ ပြင်းထန်စွာ တွန့်ချိုးနေချေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျီယန်က မေးလိုက်သည်။
"အဲဒီထူးဆန်းတဲ့အသံကို မင်း ဖယ်ထုတ်ပစ်လို့ မရဘူးလား..."
ရှို့ဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ငါ အကြိမ်ကြိမ် ကြိုးစားကြည့်ဖူးတယ်... ဒါပေမဲ့ အဲဒါက ငါ့စိတ်ထဲမှာ ရှိနေတုန်းပဲ... ရှောင်လင်ကို မြင်ရတဲ့ အကြိမ်တိုင်းမှာ အဲဒီအသံက ထွက်လာပြီး လျှောက်ပြောတော့တာပဲ...”
“ငါ ရှောင်လင်နဲ့ ဝေးဝေးနေဖို့ တွေးလိုက်တာနဲ့ ခေါင်းက ထိုးကိုက်လာတယ်... ငါ သူမကို မြင်မြင်ချင်း ထွက်သွားဖို့ ကြိုးစားရင်လည်း ငါ့ခန္ဓာကိုယ်က သူ့အလိုလို လှုပ်ရှားပြီး သူမအနားကိုပဲ တိုးကပ်သွားမိတယ်..."
ကျီယန်က ထိုစကားကို ကြားသောအခါ မေးလိုက်သည်။
"ဒါဆို ဒီလိုအခြေအနေတွေ အားလုံးက မင်း ရှောင်လင်ရဲ့ ဘေးနားမှာ ရှိနေတဲ့အချိန်မှပဲ ဖြစ်တာပေါ့..."
ကျီယန်၏ မေးခွန်းကြောင့် ရှို့ဝူမှာ ခေတ္တမျှ မှင်တက်သွားလေသည်။ ကျီယန်က သူ၏ တုံ့ပြန်မှုကို သတိပြုမိသွားသဖြင့် ထပ်မံမေးလိုက်သည်။
"သူမ မရှိတဲ့အချိန်မှာရော မင်းရဲ့စိတ်ကို မထိန်းချုပ်နိုင်တဲ့ ကိစ္စမျိုးတွေ လုပ်မိသေးလား..."
ရှို့ဝူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အံကြိတ်ကာ မျက်လုံးများကို မှိတ်လျက် ဝန်ခံလိုက်သည်။
"ငါ အိပ်ပျော်သွားတဲ့ အကြိမ်တိုင်းမှာလည်း သူမအကြောင်း နွေဦးအိပ်မက်တွေ မက်မက်နေတယ်..."
တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း ရှို့ဝူ၏ မျက်နှာတစ်ခုလုံး နီရဲတောက်လာသည်ကို မြင်လိုက်ရသဖြင့် ကျီယန်နှင့် ထန်ဝေ့တို့မှာ ဆွံ့အသွားကြချေသည်။
ကျီယန်က တွေးလိုက်မိသည်။
'မင်းက မူကြိုကျောင်းသားလေးလား... နွေဦးအိပ်မက်တွေအကြောင်း ပြောရုံလေးနဲ့ ဘာလို့ ဒီလောက်တောင် မျက်နှာနီရဲသွားရတာလဲ...'
ထန်ဝေ့ကလည်း တွေးလိုက်မိသည်။
'လောင်ရှို့... မင်း ဒီလောက်အထိ လျှို့ဝှက်ထားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး... မင်းရဲ့ ခေါင်းထဲမှာ တကယ်ပဲ ကာမစိတ်ကူးတွေနဲ့ ပြည့်နှက်နေတာပဲ... ငါ တကယ် အံ့ဩတယ်...'
ရှည်လျားပြီး အနေရခက်လှသော တိတ်ဆိတ်မှုအပြီးတွင် ကျီယန်က ချောင်းဟန့်ကာ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူက ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်တာအပြင် အဲဒီထူးဆန်းတဲ့အသံက တခြား ဘာတွေ လုပ်သေးလဲ..."
ရှို့ဝူ၏ မျက်နှာမှာ ပိုမိုညိုမှောင်သွားကာ ပြောလိုက်သည်။
"သူက အရမ်းဆူညံပြီး စကားတွေ အများကြီး ပြောတယ်..."
ကျီယန်က မျက်ခုံးပင့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်းကို ဒီလောက်အထိ ဒေါသထွက်စေတဲ့အထဲ သူ ဘာတွေ ပြောလို့လဲ..."
ရှို့ဝူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စဉ်းစားကာ မပြောပြရန် ဆုံးဖြတ်လိုက်သည်။ ထန်ဝေ့က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။
"အဲဒီ ထူးဆန်းတဲ့အသံ ပြောတဲ့အရာတွေက ငါတို့ကို မပြောပြရဲလောက်အောင် ရှက်စရာကောင်းတဲ့ ကိစ္စမျိုး ဖြစ်နေလို့လား..."
ထိုစကား ထွက်လာသည်နှင့် ကျီယန်၏ မျက်လုံးများမှာ တောက်ပသွားလေသည်။ သူက ရှို့ဝူ၏အနားသို့ တိုးကပ်သွားကာ ပြုံးလျက် စနောက်သောလေသံဖြင့် မေးလိုက်သည်။
"တကယ်ပဲ ရှက်စရာကောင်းတဲ့ ကိစ္စလား..."
ရှို့ဝူက မျက်နှာလွှဲလိုက်ရင်း ပြောလိုက်သည်။
"မဟုတ်ဘူး..."
သတ်လျှင်သတ်ပစ်နိုင်သည်၊ မပြောပြနိုင်ဟူသော သူ၏ အမူအရာကို ကြည့်ကာ ကျီယန်က စုတ်သပ်ရင်း မေးလိုက်သည်။
"ရှက်စရာကိစ္စ မဟုတ်ရင် အဲဒီ ထူးဆန်းတဲ့အသံ ပြောတာတွေကို ငါတို့ကို ဘာလို့ မပြောပြနိုင်ရတာလဲ... မင်းက ငါတို့ကို မပြောပြရင် ငါတို့က မင်းရဲ့ပြဿနာကို ဘယ်လို ကူညီဖြေရှင်းပေးနိုင်မှာလဲ..."
ထန်ဝေ့ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဟုတ်တယ် လောင်ရှို့... ငါတို့ကို ပြောပြလိုက်... ဒါမှ ငါတို့ မင်းကို ကူညီပေးနိုင်မှာ..."
၎င်းတို့၏ တိုက်တွန်းမှုများအောက်တွင် ရှို့ဝူမှာ အံကြိတ်ကာ ပြောလိုက်သည်။
"အဲဒီ ထူးဆန်းတဲ့အသံက ရှောင်လင်က ငါ့ဇနီးဖြစ်လို့ ဘာပဲဖြစ်ဖြစ် သူမကို ပြန်ခေါ်သွားရမယ်လို့ ပြောနေတာ... ပြီးတော့ ငါ သူမကို မြင်ရတဲ့အချိန်တိုင်းမှာ... သူမအပေါ် ဘာတွေ လုပ်ချင်လဲဆိုတာကိုလည်း အမြဲပြောနေတတ်တယ်..."
သူ့စကားကို ကြားပြီးနောက် ကျီယန်နှင့် ထန်ဝေ့တို့မှာ ရှို့ဝူကို သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်ကြသည်။ ထန်ဝေ့က သူ၏ ပုခုံးကို ပုတ်ကာ နားလည်မှုရှိစွာ ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ညီအစ်ကို... မင်း တော်တော်လေး ဒုက္ခရောက်ခဲ့တာပဲ..."
“မင်း အိပ်ပျော်တိုင်း နွေဦးအိပ်မက်တွေ မက်နေတာ မဆန်းပါဘူး... တစ်နေ့လုံး ဟိုဒင်းဟိုဟာဇာတ်လမ်းတွေကို အတိုင်းသား နားထောင်နေရတာကိုး..."
“ကျန်းမာအရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဆိုရင် ဘယ်သူမဆို ဒီလို တုံ့ပြန်မှုမျိုး ရှိမှာပဲ..."
ထန်ဝေ့၏ စကားကြောင့် ရှို့ဝူ၏ မျက်နှာမှာ ပို၍ ညိုမှောင်သွားပြီး ကျီယန်မှာမူ ရယ်မောလိုက်လေတော့သည်။
ထိုညတွင် ၎င်းတို့ သုံးဦးလုံးသည် ရှို့ဝူ၏ ဦးနှောက်ထဲရှိ ထူးဆန်းသောအသံကို ဖယ်ရှားရန် နည်းလမ်းရှာဖွေရင်း တစ်ညလုံး ကုန်ဆုံးသွားခဲ့သည်။
သို့သော်ငြား စိတ်မကောင်းစရာမှာ ၎င်းတို့ မည်သို့မျှ မတတ်နိုင်ခဲ့ချေ။
နောက်တစ်နေ့တွင် ကျန့်ရိမုက ကျီယန်ထံသို့ လာရောက်လည်ပတ်သောအခါ ပန်ဒါဝက်ဝံများကဲ့သို့ မျက်ကွင်းညိုနေကြသော ချောမောသည့် အမျိုးသား သုံးဦးက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရလေသည်။
လန်းဆန်းပြီး ကြည့်ကောင်းနေသော ကျန့်ရိမုကို ကြည့်ကာ ကျီယန်က မေးလိုက်သည်။
"ဒီနေ့ ဗိုလ်ကြီးကျန့် ဘာကိစ္စရှိလို့ လာတာလဲ... ပေးစရာရှိတာတွေ အဆင်သင့်ဖြစ်ပြီလား..."
ကျီယန်၏ မေးခွန်းကို ကြားမှ ကျန့်ရိမုမှာ သတိပြန်ဝင်လာသည်။ သူက နွမ်းနယ်ပင်ပန်းနေသော ရှို့ဝူနှင့် ထန်ဝေ့တို့ထံမှ အကြည့်ကို လွှဲလိုက်ပြီး မျက်လုံးများ နီရဲနေသော ကျီယန်ကို ကြည့်လိုက်သည်။
ကျန့်ရိမုက တွေးလိုက်မိသည်။
'သူတို့ သုံးယောက် ဒီလိုပုံစံဖြစ်သွားအောင် ဘာတွေ လုပ်ခဲ့ကြတာလဲ... အင်အားကြီးတဲ့ ပြိုင်ဘက်နဲ့ တွေ့ခဲ့ကြတာလား... ဒါမှမဟုတ် ပထမဆုံး အဆင့် ၄ ဖုတ်ကောင် ဒါမှမဟုတ် သန္ဓေပြောင်းသားရဲနဲ့ တိုက်ခိုက်ခဲ့ကြတာလား...'
သူ့စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသော်လည်း ကျန့်ရိမု၏ မျက်နှာတွင် မည်သည့်အရိပ်အယောင်မျှ မပြပေ။ သူက ကျီယန်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။
"ဓာတ်ခွဲခန်းဆီကနေ အဆင့် ၃ ပုံဆောင်ခဲအမြုတေကို ရဖို့အတွက် ငါတို့ ရက်နည်းနည်းလောက် လိုသေးတယ်..."
"ဒါဆိုရင် ဗိုလ်ကြီးကျန့် ဒီကို ဘာကိစ္စနဲ့ လာတာလဲ..."
ကျီယန်က ထပ်မံမေးလိုက်သည်။
၎င်းတို့၏ စိတ်မရှည်သော အမူအရာများကို မြင်လိုက်ရသဖြင့် ကျန့်ရိမုက စကားအပိုမပြောတော့ဘဲ ပြောလိုက်သည်။
"ဗိုလ်ကြီးရှို့က ချပ်ဝတ်တန်ဆာတွေနဲ့ လက်နက်တွေ ပြုလုပ်ဖို့အတွက် ပန်းပဲဆရာတစ်ယောက်ကို လစာအများကြီးပေးပြီး ရှာနေတယ်လို့ ကြားလို့လေ... ဒါကြောင့် ဒီနေ့ ကျုပ် ဒီကိုလာပြီး မေးကြည့်တာပါ.. ဒီအလုပ်ကို ကျုပ် လျှောက်လို့ရမလား..."