← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) - လာနေပြီ

ဝမ်နက သူမ၏ဘေးတွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ရှုကာ ပြောလိုက်သည်။

"မုန်မုန်... ငါတို့ အခုပဲ ထွက်သွားကြရအောင်... မဟုတ်ရင် အချိန်မီတော့မှာ မဟုတ်ဘူး..."

မုန့်ကျယ်လန်သည်လည်း ယခုအချိန်တွင် ထွက်ခွာသွားရမည်ကို သိရှိသော်လည်း မထွက်ခွာမီ ကျူးလင် အိမ်တွင် ရှိမရှိကို အတည်ပြုချင်နေသေးသည်။ သူမက သူမ၏ သူငယ်ချင်းကောင်းကို ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။

"နန... သူမ အိမ်မှာ မရှိတာကို ငါ အရင်ဆုံး သေချာအောင် လုပ်ပါရစေဦးနော်..."

ထိုသို့ပြောပြီးနောက် သူမသည် တံခါးကို ထပ်မံခေါက်ကာ အော်ဟစ်လိုက်သည်။

"အစ်မကြီး... တကယ်လို့ ကျွန်မပြောတာကို ကြားရရင် အခုချက်ချင်း ထွက်သွားပါတော့... အခု စခန်းဆီကို ခြင်အုပ်စုကြီး တိုးကပ်လာနေပြီ... အတွင်းဘက်အကွင်းက ဗုံးခိုကျင်းဆီကို အမြန်ပြေးပါတော့..."

တိုက်ခန်းအတွင်း၌ ကျူးလင်သည် မုန့်ကျယ်လန် ပြောလိုက်သော စကားများကို ကြားလိုက်ရသည်။

ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြားရသဖြင့် မုန့်ကျယ်လန်နှင့် ဝမ်နတို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သူမ သိလိုက်၏။

သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ဖန်လှည့်ကြည့်လိုက်ပြီး အောက်ထပ်တွင် ထိတ်လန့်တုန်လှုပ်နေကြသော လူအုပ်ကြီးကို ခေတ္တမျှ စိုက်ကြည့်နေမိသည်။

ထူထူက သူမ၏ တည်ငြိမ်သော မျက်နှာအမူအရာကို ကြည့်ကာ မေးလိုက်သည်။

"သခင်မလေး... ဘာအစီအစဉ်ရှိလဲဟင်..."

ကျူးလင်သည် အောက်ထပ်ရှိ ထိတ်လန့်နေသော လူများထံမှ အကြည့်ကို လွှဲလိုက်ပြီး အဝေးမှ မည်းမှောင်နေသော တိမ်တိုက်များကို လှမ်းကြည့်လိုက်သည်။

သူမသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြတင်းပေါက်ဘောင်တွင် တွဲလောင်းခိုနေသော ယုန်ကလေးကို ကြည့်ကာ မေးလိုက်သည်။

"ထူထူ... အဲဒီခြင်တွေ စခန်းထဲကို ဝင်လာရင် လူတွေအများကြီး သေကုန်ကြလိမ့်မယ် မဟုတ်လား..."

ထူထူက ခေါင်းညိတ်ပြလိုက်ရာ သူမက ထပ်မံမေးလိုက်ပြန်သည်။

“တကယ်လို့ လူတွေအများကြီး သေကုန်ရင် ငါတို့လည်း ပုံဆောင်ခဲအမြုတေတွေ ထပ်ပြီး မရှာနိုင်တော့ဘူး မဟုတ်လား..."

သူမ၏ မေးခွန်းကို ကြားရသောအခါ ထူထူက ထပ်မံခေါင်းညိတ်ပြပြန်သည်။ ကျူးလင် တွေးတောနေသည်ကို မြင်သဖြင့် ထူထူက မေးလိုက်သည်။

"သခင်မ... အဲဒီခြင်တွေကို ဖြေရှင်းဖို့ နည်းလမ်းရှိလို့လားဟင်..."

ထူထူ၏ မေးခွန်းကို ကြားရသောအခါ ကျူးလင်က ပြောလိုက်သည်။

"အင်း... ငါ့မှာ နည်းလမ်းတော့ ရှိပါတယ်..."

ထူထူက ခေါင်းလေးကို အနည်းငယ်စောင်းကာ မေးလိုက်သည်။

"သခင်မ... ဘာလုပ်ဖို့ စိတ်ကူးထားလဲဟင်..."

ကျူးလင်က ယုန်ကလေးကို ပြုံးပြရင်း ပြောလိုက်သည်။

"ခဏနေရင် သိရမှာပေါ့... သွားကြစို့..."

ထိုသို့ပြောပြီးနောက် သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ရေခဲပြာရောင်ဝတ်ရုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီး တိုက်ခန်းထဲမှ ထွက်လာခဲ့သည်။

ကျူးလင်သည် သူမ၏ အစီအစဉ်ကို ပြောပြရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သဖြင့် ထူထူသည်လည်း သူမနောက်သို့ အလျင်အမြန် လိုက်ပါသွားတော့သည်။

တိုက်ခန်းအဆောက်အအုံပြင်ပသို့ ရောက်ရှိချိန်တွင် ကျူးလင်သည် အတွင်းဘက်အကွင်းဆီသို့ ဦးတည်ပြေးလွှားနေကြသော သာမန်လူများထဲ၌ စွမ်းအားရှင် အများအပြားကိုလည်း တွေ့လိုက်ရသည်။

၎င်းတို့၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာများကို မြင်ရသောအခါ ထူထူက စိတ်ချင်းဆက်သွယ်ကာ မကျေမနပ် ပြောလိုက်သည်။

“ဟင်း... သူတို့ကို ကြည့်စမ်းပါဦး... သာမန်နေ့တွေမှာတော့ အထက်တန်းစားလိုမျိုး ကိုယ်ဖို့ လုပ်နေကြပြီး အန္တရာယ်နဲ့ ကြုံရတဲ့အခါကျတော့ သာမန်လူတွေထက်တောင် ပိုပြီး မြန်မြန်ပြေးကြတယ်...”

ထူထူ၏ စကားကို ကြားပြီးနောက် ကျူးလင်က တည်ငြိမ်စွာ ပြန်လည်ပြောဆိုလိုက်သည်။

“သူတို့ကို အပြစ်တင်လို့တော့ မရပါဘူး... လူတိုင်းက အသက်ရှင်သန်ဖို့ ကြိုးစားနေကြတာပဲလေ...”

“ပြီး‌တော့ သူတို့ထဲက အများစုက ချီစုဆောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတွေလောက်ပဲ အစွမ်းရှိကြတာ... သူတို့ရဲ့ အစွမ်းနဲ့ဆိုရင် အဲဒီခြင်တွေကို သွားတိုက်ခိုက်တာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ...”

ကျူးလင်၏ စကားကို ကြားရသောအခါ ထူထူက နှုတ်ခမ်းကို စူလိုက်ရင်း ပြောလိုက်သည်။

“သခင်မ... မေ့သွားပြီလား... သခင်မလည်း သူတို့လိုပဲ ချီစုဆောင်းခြင်းအဆင့် အစောပိုင်းမှာပဲ ရှိသေးတာလေ...”

ကျူးလင်က ထူထူ၏ ပါးလေးကို အသာအယာ ဆွဲညှစ်လိုက်ရင်း မေးလိုက်သည်။

“ငါက သူတို့နဲ့ တူလို့လား...”

အပြင်ဘက်အကွင်းမှ လူအုပ်ကြီး တိုးဝှေ့လာနေသည်ကို မြင်သဖြင့် ကျူးလင်သည် ပိတ်သိပ်နေသော လမ်းမကြီးကို တစ်ချက်မျှ ကြည့်လိုက်သည်။

ထို့နောက် သူမသည် အမိုးများပေါ်သို့ ခုန်တက်ကာ အမိုးတစ်ခုမှတစ်ခုသို့ ကူးပြောင်းရင်း အပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူမသည် ဒုတိယနယ်မြေနှင့် အပြင်ဘက်ကို ပိုင်းခြားထားသော တံတိုင်းပေါ်သို့ ခုန်ဆင်းလိုက်သည်။

ကျူးလင်သည် အဝေးသို့ လှမ်းကြည့်လိုက်ရင်း ကောင်းကင်မျက်လုံး နည်းစနစ်ကို အသက်သွင်းလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမ၏ မျက်ဆံနက်နက်များသည် ငွေရောင်သို့ ပြောင်းလဲသွား၏။ သူမသည် အဝေးရှိ ခြင်များကို အကဲခတ်ကြည့်ရှုရင်း ပြောလိုက်သည်။

"ငါ ထင်ထားတာထက် ခြင်တွေက ပိုပြီး များနေပါလား..."

ထူထူမှာမူ အဝေးမှ မည်းမှောင်နေသော တိမ်တိုက်ကြီးကိုသာ မြင်ရသဖြင့် မေးလိုက်သည်။

"သခင်မ... သူတို့ကို ဖြေရှင်းနိုင်ပါ့မလားဟင်..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ငါ့ရဲ့ သတ်ဖြတ်ခြင်းအစီအရင်က သူတို့ထဲက တစ်ဝက်လောက်ကိုပဲ သတ်နိုင်လိမ့်မယ်..."

သူမ၏ အဖြေကို ကြားရသောအခါ ထူထူသည် သူမ၏ အစီအစဉ်မှာ ဓားသတ်ဖြတ်ခြင်းအစီအရင်ကို အသုံးပြုရန်ဖြစ်ကြောင်း သိရှိသွားသဖြင့် ထပ်မံမေးမြန်းလိုက်သည်။

"ဒါဆို ကျန်တဲ့ ခြင်တစ်ဝက်ကိုကျတော့ ဘယ်လိုလုပ်မလဲဟင်..."

ကျူးလင်က ထိုမေးခွန်းကို ပြန်မဖြေဘဲ စခန်း၏ အပြင်ဘက်တံတိုင်းပေါ်တွင် ရပ်နေကြသော စစ်သားများကို လှမ်းကြည့်လိုက်သည်။

၎င်းတို့အားလုံးမှာ သဘာဝလွန်စွမ်းအားရှင်များ ဖြစ်ကြသည်ကို မြင်သောအခါ သူမက တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျန်တဲ့ ခြင်တစ်ဝက်ကိုတော့ သူတို့ကိုပဲ ဖြေရှင်းခိုင်းလိုက်တာပေါ့..."

ထိုသို့ပြောပြီးနောက် သူမသည် တံတိုင်းပေါ်မှ ခုန်ချကာ စခန်း၏ ဝင်ပေါက်ဆီသို့ ပြေးဝင်သွားတော့သည်။ မကြာမီ စစ်သားတစ်ဦးက သူမ ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။

ထိုစစ်သားသည် သူမ၏ ထူးခြားသော ဝတ်ရုံကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ရှင်းလင်းပေးခဲ့သော သဘာဝလွန်စွမ်းအားရှင်အဖွဲ့ကို သတိရသွားသည်။

ကျူးလင် တံတိုင်းပေါ်သို့ မခုန်တက်မီ စစ်သားက လှေကားထံသို့ ညွှန်ပြရင်း ပြောလိုက်သည်။

"ဒီဘက်က လာပါ..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး လှေကားအတိုင်း ပြေးတက်သွားသည်။ သူမ တံတိုင်းအထက်သို့ ရောက်ရှိချိန်တွင် ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရ၏။ ထန်ဝေ့က သူမ ၎င်းတို့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ပြုံးလျက် ပြောလိုက်သည်။

"ရှောင်လင်... မင်း နောက်ကျနေတယ်နော်..."

သူမက သူ့ကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။

"ရှင်တို့လည်း သတိပေးသံကြားလို့ ရောက်လာကြတာလား..."

ရှို့ဝူက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"လင်အာ... ခဏနေရင် ခြင်တွေကို ရင်ဆိုင်တဲ့အခါ သတိထားဦး... ဒီသန္ဓေပြောင်းခြင်တွေက သာမန်ခြင်တွေထက် ပိုပြီး ကြီးမားရုံတင်မကဘူး... အရမ်းလည်း အန္တရာယ်များတယ်... သူတို့မှာ အဆိပ်ရှိလို့ တိုက်ခိုက်တဲ့အခါ အနီးကပ်မသွားမိဖို့ သတိရပါ..."

သူ၏ သတိပေးချက်ကို ကြားရသောအခါ ကျူးလင်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ကောင်းပါပြီ... ရှင်လည်း သတိထားပါဦး..."

ရှို့ဝူက သူမကို ပြုံးပြရင်း ပြောလိုက်သည်။

"အင်း... ကိုယ် သတိထားပါ့မယ်..."

ဆယ်မိနစ်ခန့် ကြာပြီးနောက် အမြင်အာရုံစွမ်းရည်ရှိသော စစ်သားတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

"လာနေပြီ... အားလုံး အသင့်ပြင်ထားကြ..."

သူ့စကား ဆုံးသည်နှင့် အခြားစစ်သားများသည်လည်း လက်များကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြသည်။

ခြင်အုပ်စုကြီးသည် ၎င်းတို့၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိလာသောအခါ အမြင်အာရုံစွမ်းရည်ရှိသော စစ်သားက အော်ဟစ်လိုက်ပြန်သည်။

"တိုက်ခိုက်ကြ..."

သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရောင်စုံစွမ်းရည် တိုက်ကွက်ပေါင်းများစွာသည် ခြင်အုပ်စုဆီသို့ တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။

တိုက်ခိုက်မှုအများစုမှာ ခြင်များကိုပင် မထိမှန်သည်ကို မြင်သောအခါ ကျူးလင်က ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မ စစ်သားတွေကို ကူညီဖို့ ဟိုဘက်ကို သွားလိုက်ဦးမယ်..."

"ရှောင်လင်... မသွားနဲ့ဦး..."

All Chapters