အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) ရှောင်ချန် သေဆုံးခြင်း
"ငါ့အတွက် သေပေးစမ်း..."
ရှောင်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအား များက တဟုန်ထိုး တက်လာပြီး မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ တောက်လောင်နေသော လက်သီးဆန္ဒ များက ရှုချွမ်းရှိရာ ဆီသို့ လွှမ်းခြုံသွားခဲ့တော့သည်။
လက်သီးချက်ကြောင့် တိုက်ပွဲ ပြိုင်ကွင်း ပတ်ဝန်းကျင်ပင် တုန်လှုပ်သွားခဲ့ရပြီး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များက ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့သွားခဲ့သည်။
လက်သီးချက် ရောက်မလာသေးမီမှာပင် တိုက်ကွက်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့် နတ်ဘုရားစွမ်းအားတို့ကြောင့် စောင့်ကြည့်နေကြသော သိုင်းပညာရှင်များနှင့် ပါရမီရှင်များအားလုံး မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
အားကောင်းလိုက်သည့် ဖြစ်ခြင်း၊ အလွန်အမင်း အားကောင်းလွန်းလှသည်။
ရှောင်ချန်က လင်းရှောင်ယွီနှင့် တိုက်ခိုက်စဉ်က သူ၏ ခွန်အား ၅၀ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင်မူ သူ၏ ခွန်အား အားလုံးကို အပြည့်အဝ ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။
သူ၏ ရည်မှန်းချက်က ရှုချွမ်းကို အခွင့်အရေး လုံးဝမပေးဘဲ လက်သီးတစ်ချက်တည်းဖြင့် အပြတ်သတ်ပစ်ရန် ဖြစ်သည်။
"ဒီရှောင်ချန်က ဘယ်ကနေ ထွက်လာတာလဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"
"ဂျူနီယာညီလေး ရှု... သူ ဒီတိုက်ကွက်ကို ခုခံနိုင်ပါ့မလား"
"ဒီလောက်ခွန်အား မျိုးနဲ့ဆိုရင် ငါကိုယ်တိုင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဂျူနီယာညီလေးရှု... မနိုင်ရင်လည်း အရှုံးပေးလိုက်ပါ၊ အလကားသက်သက် အသက်အဆုံးရှုံးမခံနဲ့"
ပြိုင်ကွင်း အောက်တွင် ထိုက်ယိမြင့်မြတ်နယ်မြေမှ တပည့် လေးဦးသည် စင်ပေါ်ရှိ ရှုချွမ်းကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ရေရွတ်နေကြသည်။
ရှောင်ချန်ကမူ ရှုချွမ်း သေဆုံးသွားသည့်အထိ မရပ်မနား တိုက်ခိုက်မည့်ပုံစံဖြင့် ရက်စက်စွာ ပြေးဝင်လာနေပြီ ဖြစ်သည်။
သူတို့ မည်သို့ပင် ကြည့်ကြည့်၊ နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးသော ရှုချွမ်းအနေဖြင့် ဤတိုက်ကွက်ကို တောင့်ခံနိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
သို့သော်လည်း ကြောက်မက်ဖွယ် စွမ်းအားဖြင့် တဟုန်ထိုး ဝင်ရောက်လာသော ရှောင်ချန်ကို ရင်ဆိုင်ရချိန်တွင် ရှုချွမ်းက အလွန်အမင်း တည်ငြိမ်နေဆဲ ဖြစ်သည်။
သူက ရှောင်ချန်၏ သေစေနိုင်သော လက်သီးချက်ကို မျက်လုံးထဲပင် ထည့်ထားပုံမရပေ။
အကာအကွယ်ယူမည့် လှုပ်ရှားမှုတစ်ခုကိုမျှပင် မလုပ်ဆောင်ခဲ့ချေ။
ဤမြင်ကွင်းကို မြင်သောအခါ ပြိုင်ကွင်း အောက်ရှိ သိုင်းပညာရှင်များကြားတွင် ချက်ချင်းပင် ဝေဖန်ဆွေးနွေးသံများ ဆူညံလာခဲ့သည်။
"သူ လုံးဝ လက်လျှော့လိုက်ပြီလား။ အသက်ရှင်ဖို့ အစီအစဉ် မရှိတော့ဘူးလား"
"သူ ကြောက်ဒူးတုန်သွားတာပဲ ဖြစ်ရမယ်။ နှမြောစရာကောင်းလိုက်တာ... သူက သူတော်စင်သားတော်ပဲလေ"
"ဒါမှမဟုတ် သူက ရှောင်ချန်ရဲ့ လက်သီးချက်ကို အမှုမဲ့အမှတ်မဲ့ သဘောထားနေတာများလား"
ကြည့်ရှုနေကြသော သိုင်းပညာရှင်များက ရှုချွမ်းတစ်ယောက် ရှောင်ချန်၏ လက်သီးချက် ဝင်လာမည့်အချိန်ကို ငြိမ်သက်စွာ ရပ်စောင့်နေသည့် အပြုအမူကို လုံးဝ နားမလည်နိုင်ဖြစ်နေကြသည်။
ရှောင်ချန်၏ လက်သီးချက်က ရှုချွမ်း၏ မျက်နှာဆီသို့ ထိမှန်တော့မည့် လျှပ်တစ်ပြက် အခြေအနေတွင်...
ဓားမြှောင်၏ တိုးလျသော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံက အလွန်တိုးညှင်းလှသဖြင့် ဆူညံလွန်းလှသော ပတ်ဝန်းကျင်တွင် မည်သူမျှ သတိမထားမိလိုက်ကြပေ။
ထို့နောက်တွင်... ကလန်...
နတ်ဘုရားသတ်ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်တာနှင့် သံမဏိသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အခုအကြိမ်တွင် ပြိုင်ကွင်း ရှိ လူအားလုံး စူးစူးရှရှနှင့် ရှင်းလင်းစွာ ကြားလိုက်ရသည်။
ချက်ချင်းပင် တောက်လောင်ပြင်းထန်လှသော ဓားဆန္ဒ များ ပေါက်ကွဲထွက်ပေါ်လာပြီး စူးရှလှသော သတ်ဖြတ်လိုစိတ်များသည် ပြိုင် ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ဓားနယ်မြေ တစ်ခုကို ဖွဲ့စည်းလိုက်တော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုသတ်ဖြတ်လိုစိတ်ကြောင့် ပြိုင်ကွင်း အောက်ရှိ သိုင်းပညာရှင်အားလုံး ကြက်သီးမွေးညင်းထသွားကြပြီး သေခြင်းတရား၏ အအေးဓာတ်က ၎င်းတို့၏ နှလုံးသားထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားခဲ့ရသည်။
"ဘာ... ဘာတွေဖြစ်ကုန်တာလဲ။ ငါ ဘာလို့ ဒီလောက်တောင် ကြောက်လန့်သွားရတာလဲ"
"တကယ်ကို ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုစိတ်ပဲ။ ဒီဓားချီ ရဲ့ လှိုင်းလေးကို ခံစားမိရုံနဲ့တင် သေမင်းရဲ့ ခြိမ်းခြောက်မှုကို ခံလိုက်ရသလိုပဲ"
"ငါ ဝန်ခံပါတယ်။ အရင်က ရှုချွမ်းရဲ့ ခွန်အားကို တကယ်ပဲ လျှော့တွက်ခဲ့မိတာပဲ"
ယခုအချိန်တွင် ရှောင်ချန်သည်လည်း ရှုချွမ်း၏ ဓားနယ်မြေကို သိရှိသွားပြီး အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များနှင့် မကောင်းဆိုးဝါး စွမ်းအားများကြောင့် သူ၏ မျက်မှောင်ကို အနည်းငယ် တွန့်လိုက်မိသည်။
ဒါပေမဲ့ သူက ရှုချွမ်းအပေါ် တိုက်ခိုက်မှုကို ရပ်တန့်ရန် အစီအစဉ်မရှိဘဲ ခဏချင်းမှာပင် သူ၏ လက်သီးချက်က ရှုချွမ်း၏ မျက်နှာရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း..."
ရှုချွမ်းက နတ်ဘုရားသတ်ဓားကို တင်းတင်းဆုပ်ကိုင်ကာ ရှောင်ချန်ထံသို့ ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းခုတ်လိုက်သည်။
သူရဲ့ ခန္ဓာကိုယ်မှ ထက်မြပြီး အရပ်မျက်နှာအားလုံးကို ဖြတ်တောက်နိုင်သော ဘယ်သူမှ တားဆီး၍မရသော ဓားချီ များ ပေါက်ကွဲထွက်ပေါ်လာပြီး ရှောင်ချန်၏ လက်သီးချက်နှင့် ထိပ်တိုက် တိုးမိသွားခဲ့သည်။
ဤအချိန်တွင် စက္ကန့်ပိုင်းမျှ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်ပေါ်သွားခဲ့သည်။
ရှောင်ချန်ရဲ့ ပြိုင်ဘက်ကင်း အော်ရာ များ ထွက်ပေါ်နေသော လက်သီးချက်က ရှုချွမ်း၏ မျက်နှာအရှေ့ တည့်တည့်တွင် ရပ်တန့်သွားခဲ့ရသည်။
အဲ့ဒါက ရှုချွမ်းကို ပြင်းထန်စွာ ဒဏ်ရာရရှိစေရန် မဟုတ်ပေမဲ့ သေဆုံးသွားစေရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် အကွာအဝေးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ဒါပေမယ့် သေးငယ်လှသော အကွာအဝေးကကျော်လွှား၍မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ရှုချွမ်းက ဓားချီ တစ်ချက်တည်းဖြင့် ရှောင်ချန်ရဲ့ လက်သီးချက်ကို အကြွင်းမဲ့ တားဆီးလိုက်ပြီး ရှေ့သို့ ဆက်မတိုးနိုင်အောင် တားဆီးလိုက်ခြင်း ဖြစ်သည်။
ဒီမြင်ကွင်းကြောင့် ရှိနေသူအားလုံး လုံးဝ ဆွံ့အမှင်သက်သွားကြရသည်။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကာ သူတို့ မြင်တွေ့နေရသည့် အရာကို မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။
ရှောင်ချန်၏ ပြိုင်ဘက်ကင်း လက်သီးချက်ကို ရှုချွမ်းက ဤမျှ လွယ်ကူစွာ တားဆီးလိုက်နိုင်သည်လား။
ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။
ရှောင်ချန်ရဲ့ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။
သူက ရှုချွမ်း၏ ဓားချီက အဲ့လောက်အထိ သန်မာ လိမ့်မည်ဟု သိပ်မမျှော်လင့်ထားခဲ့ပေ။
သူက ချက်ချင်းပင် တိုက်ခိုက်မှုကို ရပ်တန့်ကာ မီတာပေါင်းများစွာ အကွာသို့ နောက်ဆုတ်ပြေးထွက်သွားခဲ့သည်။
ဒါပေမဲ့လည်း ရှုချွမ်းက သူ့ကို ဒီအတိုင်း အလွယ်တကူ လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။
"ဖြတ်စမ်း..."
ရှုချွမ်းရဲ့ ခန္ဓာကိုယ်မှ နောက်ထပ် ဓားမြည်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
ချက်ချင်းပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ဒီဓားချက်က ရှောင်ချန်ဆီသို့ ဦးတည်ကာ ဆင်းသက်သွားခဲ့တော့သည်။
ဒီဓားချက်ကို ရင်ဆိုင်လိုက်ရချိန်တွင် ရှောင်ချန်က သူရဲ့ တစ်သက်တာတွင် တစ်ခါမျှမကြုံဖူးသော အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
ချက်ချင်းပင် သူက သူရဲ့ ခန္ဓာကိုယ်အတွင်းရှိ မူလချီများနှင့် အသက်စွမ်းအား များကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး အားကောင်းလှသော လက်သီးဆန္ဒများကို ထုတ်ဖော်ကာ ရှုချွမ်း၏ ဓားတိုက်ကွက်ကို တားဆီးရန် ရူးသွပ်စွာ ရှေ့သို့ ပြန်လည်ထိုးနှက်လိုက်တော့သည်။
"ဘုန်း..."
ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
"ဖူး..."
ဤဓားတိုက်ကွက်က အဆုံးတွင် ရှောင်ချန်ရဲ့အကာအကွယ်ကို ဖောက်ထွက်ကာ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး သွေးပျက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
မကောင်းဆိုးဝါး ဝိညာဉ်စွမ်းအားများက ဒဏ်ရာထဲသို့ စိမ့်ဝင်သွားခဲ့ပြီး ရှောင်ချန်သည်လည်း သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရတော့သည်။
"မင်းက အရမ်းကြောက်စရာကောင်းတဲ့သူလို့ ငါ ထင်နေခဲ့တာ... ဒါပေမယ့် ငါ့ရဲ့ ဓားတိုက်ကွက် နှစ်ချက်ကိုတောင် မခံနိုင်ဘူးလား"
"ဒီလောက် ခွန်အားလေးနဲ့တင် ငါ့ကို သတ်ချင်နေသေးတာလား။ မင်းကို အချိန် နှစ်တစ်ရာ ပေးရင်တောင် မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး"
ရှုချွမ်းက ဒဏ်ရာရနေသော ရှောင်ချန်ကို ငုံ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
လူကို သတ်ရုံတင်မကဘဲ နှလုံးသားကိုပါ မြေလှန်ဖျက်ဆီးခြင်း ဆိုတာ အခုအချိန်တွင် ရှုချွမ်း ပြုမူနေသည့် ပုံစံကို ရည်ညွှန်းခြင်း ဖြစ်သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ။ ငါက သူ့ရဲ့ ဓားချက် နှစ်ချက်တည်းနဲ့ ဘာလို့ပြိုလဲသွားရတာလဲ"
ရှောင်ချန်က စိတ်ပိုင်းဆိုင်ရာပါ ပြိုလဲကာ မှင်သက်သွားခဲ့ပြီးမျက်နှာတွင် သူ့ကိုယ်သူ သံသယဝင်မှုများ ပြည့်နှက်နေသည်။
သူက ရှုချွမ်း၏ ဓားချက်နှစ်ချက်ကြောင့် အလွန်အမင်း အံ့အားသင့်သွားခဲ့ရပြီး မိမိကိုယ်ပိုင် တည်ရှိမှုကိုပင် သံသယဝင်လာခဲ့သည်။
အခုအချိန်အထိ ရှုချွမ်းက ဒီလောက်အထိ ခွမ်အားသန်မာ နိုင်လိမ့်မည်ကို မယုံကြည်နိုင်သေးပေ။
"မဟုတ်ဘူး... ငါ မရှုံးသေးဘူး။ ငါ့မှာ အခွင့်အရေး ရှိသေးတယ်"
ရှောင်ချန်က ချက်ချင်း စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး မလိုလားအပ်သော ရှုံးနိမ့်မှု ခံစားချက်က ပြင်းထန်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှုချွမ်းနဲ့ ယှဉ်ပြိင်ပြီး ရှုံးနိမ့်ရခြင်းကို သူ လုံးဝ လက်မခံနိုင်ပေ။
"မင်းလို နိဗ္ဗာနနယ်ပယ်က အမှိုက်တစ်ယောက်ကို ငါက ဘယ်လိုလုပ် ရှုံးရမှာလဲ"
"ငါ့အတွက် သေပေးစမ်း..."
ရှောင်ချန်က အော်ဟစ် လိုက်ပြီး လက်သီးဆန္ဒ များကို လုံးဝ ပေါက်ကွဲစေကာ ချက်ချင်းပင် နတ်ဘုရားအဆင့် စွမ်းရည်ကို ထုတ်ဖော်လိုက်ရာ လက်သီးပညာက နတ်ဘုရားများကိုပင် ဖြတ်ကျော်ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။
သူရဲ့ ခန္ဓာကိုယ်မှ အဆုံးမဲ့ အသက်စွမ်းအားများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ စီးထွက်လာခဲ့သည်။
အခုအချိန်တွင် ရှောင်ချန်က နောက်ဆက်တွဲ ရလဒ်အားလုံးကို လျစ်လျူရှုကာ တားမြစ်ထားသော လျှို့ဝှက်ကျင့်စဉ် တစ်ခုကို အသုံးပြု၍ ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ခက်ခဲလှတဲ့ အခြေအနေကြောင့် တားမြစ် လျှို့ဝှက်ကျင့်စဉ် ၏ တွန်းအားပေးမှုအောက်တွင် သူရဲ့ ကျင့်ကြံမှုနယ်ပယ်က ကမ္မနယ်ပယ် အဆင့် ၇ သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံမှုအဆင့် မြင့်တက်သွားခြင်းရဲ့ အထင်ရှားဆုံး အကျိုးသက်ရောက်မှုအဖြစ် သူ၏ လက်သီးဆန္ဒသည် တစ်ချက်ပြီးတစ်ချက် ပိုမိုပြင်းထန်လာပြီး ဟင်းလင်းပြင်ပတ်ဝန်းကျင်တွင် ကြောက်စရာကောင်းသော အက်ကွဲကြောင်းကြီးများကိုပင် ဆုတ်ဖြဲပစ်လိုက်တော့သည်။
ဒီအချိန်တွင် အောက်မှ စောင့်ကြည့်နေကြသော သိုင်းပညာရှင်များက သူတို့ရဲ့ ဦးရေပြားများ တဆစ်ဆစ် နာကျင်လာသည်အထိ ပြင်းထန်သော သေခြင်းတရား၏ အော်ရာ ကိုသာ ခံစားလိုက်ရတော့သည်။
ပြိုင် ကွင်းကျယ်ကြီးပေါ်တွင်မူ...
ရှုချွမ်းက ရှောင်ချန်၏ ကြောက်မက်ဖွယ်ကောင်းလှသော လက်သီးတိုက်ကွက်ကို ရင်ဆိုင်ရသော်လည်း လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်မြဲရပ်နေသည်။
"ဒါက သေခါနီး အားခဲပြီး ရုန်းကန်တာ သက်သက်ပဲ"
ရှုချွမ်းက ခေါင်းခါယမ်းလိုက်သည်။ ပြိုင်ဘက်က ဘယ်လောက်ပဲ ခွန်အားများ တိုးလာပါစေ သေလမ်းရှာခြင်းသာ ဖြစ်သည်။
တိုက်ပွဲရဲ့ ရလဒ်က စတင်ကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။
ရှောင်ချန်အတွက် တစ်ခုတည်းသော လမ်းကတော့ သေခြင်းတရားသာ ဖြစ်သည်။
သူ့စကား အဆုံးသတ်တွင်...
ရှုချွမ်း၏ ခန္ဓာကိုယ်မှ ကောင်းကင်တစ်ခုလုံးကို တုန်ဟည်းသွားစေနိုင်သော ဓားချီများ ထွက်ပေါ်လာပြီး တောက်ပလှသော ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ တိမ်တိုက်များဆီသို့ ထိုးတက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ပြိုင် ကွင်းရှိ လူတိုင်းက မယုံနိုင်စရာ မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ဓားနယ်မြေ ပြိုင် ကွင်းတစ်ခုလုံးသို့ ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။
ဤနယ်မြေအတွင်းရှိ ရှိသမျှသော လူအားလုံးရဲ့လက်နက်များ၊ ဓားများ သို့မဟုတ် ဓားများက တုန်ခါလာကြပြီး တစ်စုံတစ်ဦး၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည့်အလား ဖြစ်ပေါ်လာခဲ့သည်။
ဒါအပြင် ရှုချွမ်း၏ ခန္ဓာကိုယ်မှ အတိုင်းအဆမရှိသော နတ်ဘုရား အလင်းတန်းများ ချက်ချင်းပင် လျှံထွက်လာခဲ့သည်။
ရှုချွမ်းက ယခင်က တစ်ခါမျှ ထုတ်မသုံးခဲ့ဖူးသေးသော သူ၏ နတ်ဘုရားအဆင့် စွမ်းရည်ဖြစ်သည့် အဆတစ်ရာ တိုးပွားခြင်းကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားစွမ်းရည်ရဲ့ ပံ့ပိုးမှုအောက်တွင် ကောင်းကင်သို့ ထိုးတက်နေသော ဓားချီကအဆပေါင်းများစွာ ပိုမိုအားကောင်းလာပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် စွမ်းအားကြီးတစ်ခုကဲ့သို့ ထင်ရှားပြတ်သားစွာ ကောင်းကင်ထက်တွင် တည်ရှိလာခဲ့သည်။
ကြောက်မက်ဖွယ် ဓားချီ၏ ဖုံးလွှမ်းမှုအောက်တွင် ကောင်းကင်နှင့် မြေကြီးသည်ပင်လျှင် အရောင်အသွေး မှိန်ဖျော့သွားခဲ့ရသည်။
ယခုအချိန်တွင် ရှုချွမ်းက ကမ္ဘာကြီး၏ တစ်ခုတည်းသော နေမင်းကြီးကဲ့သို့ ဖြစ်နေခဲ့တော့သည်။
"ခုတ်ဖြတ်စမ်း..."
အမိန့်ပေးသံနှင့်အတူ သူ၏ စကားလုံးများက လောက၏ နိယာမ တစ်ခုကဲ့သို့ ဖြစ်ပေါ်သွားခဲ့သည်။
မဟာဓားချီကြီးက ချက်ချင်းပင် အောက်သို့ ခုတ်ပိုင်းလိုက်ပြီး ရှောင်ချန်ဆီသို့ ဦးတည်ကာ ဆင်းသက်သွားခဲ့တော့သည်။
၎င်းက ရှောင်ချန်၏ ရှေ့မှောက်သို့ မရောက်သေးမီမှာပင်...
ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များက ရှောင်ချန်ကို လွှမ်းခြုံထားပြီးဖြစ်ရာ တစ်ခါမျှ မကြုံဖူးသေးသော သေခြင်းတရား၏ အအေးဓာတ်ကြောင့် ဦးရေပြားများ တဆစ်ဆစ်နာကျင်လာပြီး နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အတိုင်းအဆမရှိ မြင့်တက်လာခဲ့သည်။
"မဖြစ်နိုင်ဘူး..."
"ငါက သူ့လက်ထဲမှာ ဘယ်တော့မှ သေမှာ မဟုတ်ဘူး..."
သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုအောက်တွင် ရှောင်ချန်၏ မျက်နှာက မရှုမလှ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။
သူရဲ့ အော်ရာ များ ပြန်လည် မြင့်တက်လာခဲ့ပြီး သူသည် ပိုမိုကြီးမားသော ခွန်အားကို ရရှိရန်အတွက် သူ့မှာ သက်တမ်း နှင့် ဝိညာဉ်ကိုပါ စတင်၍ မီးရှို့လိုက်တော့သည်။
"ငါ့အတွက် တားဆီးပေးစမ်း..."
သူမှာ ရှုချွမ်းရဲ့ ဓားတိုက်ကွက်ကို တားဆီးရန်အတွက် ရူးသွပ်စွာဖြင့် အသက်လု၍ ကြိုးစားလိုက်သည်။
သို့သော်လည်း... ရှုချွမ်း၏ ဓားချီက ချက်ချင်းပင်အရှေ့သို့ ရောက်ရှိလာပြီး သူ ထုတ်ဖော်ထားသမျှသော နည်းလမ်းအားလုံးနှင့် အရှိန်အဟုန်ပြင်းစွာ ထိပ်တိုက် တိုးမိသွားခဲ့တော့သည်။
"ဘုန်း... ဘုန်း..."
နားကွဲလုမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီး အရပ်မျက်နှာအားလုံးသို့ မြည်ဟည်းသွားခဲ့သည်။
ရှောင်ချန် ပြုလုပ်ခဲ့သမျှသော အရာအားလုံးကသေခါနီး အားခဲ၍ ရုန်းကန်ခြင်း သက်သက်သာ ဖြစ်သွားခဲ့ရသည်။
ကောင်းကင်နှင့် မြေကြီးကို အရောင်ပြောင်းလဲသွားစေပြီး နေ့အလင်းရောင်ကိုပင် ကွယ်ပျောက်စေခဲ့သော ဓားတိုက်ကွက်က ရှောင်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
"အား... မလုပ်နဲ့..."
ရှောင်ချန်၏ စိတ်ပျက်အားငယ်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
ထိုအသံထဲတွင် မလိုလားမှုများ၊ ကြောက်ရွံ့မှုများ၊ ဒေါသများနှင့် နောင်တရမှုများစွာ ရောပြွမ်းနေသည်။
သို့သော်လည်း လျှပ်တစ်ပြက်အတွင်းမှာပင် အသံက လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် လုံးဝ ငြိမ်သက်ခြင်းများ စိုးမိုးသွားခဲ့သည်။
စောင့်ကြည့်နေကြသော သိုင်းပညာရှင်အားလုံး ပြိုင် ကွင်းကျယ်ကြီးဆီသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ဓားအလင်းတန်းများ ကွယ်ပျောက်သွားပြီးနောက်တွင်မူ... ရှုချွမ်းက ဓားကို ကိုင်ဆောင်လျက် ကွင်းပြင်ထက်တွင် ပြိုင်ဘက်ကင်းသော အနေအထားဖြင့် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဆန့်ကျင်ဘက်တွင် ရှိနေသော ရှောင်ချန်က... ရှုချွမ်း၏ ဓားချက်ကြောင့် ဦးခေါင်းမှ ခြေဖျားအထိ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲအက်သွားခဲ့ပြီ ဖြစ်သည်။
အလယ်ပိုင်းဒေသမှ ထွက်ပေါ်လာသော ပြိုင်ဘက်ကင်း ပါရမီရှင်၊ ထျန်းယန်ဂိုဏ်း၏ ပထမဆုံးသော သူတော်စင်သာသားတော် ရှောင်ချန်က ပြိုင် ကွင်းထက်တွင်တင် သနားစရာကောင်းစွာဖြင့် အသက်ပျောက်ကွယ်သွားခဲ့ရတော့သည်။