အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) မြှူဆွယ်ခြင်းလား၊ ခန္ဓာကိုယ်လုယူခြင်းလား
ဤအခိုက်အတန့်တွင် မိုးကြိုး ပင်လယ်ကြီးအတွင်းရှိ ကျင်းရှို့က အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ၊ သူက ဤနေရာ၌ ပိတ်လှောင်ခံထားရသည်မှာ နှစ်ပေါင်းသောင်းချီနေပြီ ဖြစ်သည်။
သူရဲ့ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေချေပြီ။
ဤမိုးကြိုး ပင်လယ်ကြီးက အရာခပ်သိမ်းကို ချိပ်ပိတ်ထားခဲ့သဖြင့် ဤမျှလောက်များပြားလှသော နှစ်များအတွင်း သူက ကမ္ဘာ၏ မူလချီ တစ်စက်မျှပင် မစုပ်ယူနိုင်ခဲ့ချေ။
သို့သော်လည်း မိုးကြိုး ပင်လယ်၏ အပြင်ဘက် တည့်တည့်တွင်မူ မူလချီများက အလျှံပယ် ပြည့်နှက်နေခဲ့သည်။
၎င်းက သူ့အား မြင်သာမြင်စေပြီး စုပ်ယူခွင့်မပေးသဖြင့် သူ၏ ကျင့်ကြံမှုကို အနည်းငယ်မျှပင် တိုးတက်အောင် မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် ဤမိုးကြိုး ပင်လယ်ကြီးက သူ၏ အရာခပ်သိမ်းကို အဆက်မပြတ် တိုက်စားဖျက်ဆီးနေခဲ့သည်။
သူက ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
အစောပိုင်းကမူ သူက လုံးဝ မျှော်လင့်ချက်မဲ့ နေခဲ့ရသည်။
သို့သော်လည်း ယနေ့တွင်မူ တစ်စုံတစ်ဦးက သူ၏ အိမ်ရှေ့တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံပေးခဲ့ပြီ ဖြစ်သည်။
ထိုသူ၏ ကျင့်ကြံမှုနယ်ပယ်က ဤမျှအထိ မမြင့်မားလှသော်လည်း ဤအချက်ကပင် သူ့အတွက် ခန္ဓာကိုယ်လုယူရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လာစေသည်။
ရန်သူ၏ ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားလေလေ... ခန္ဓာကိုယ်လုယူရန် ခက်ခဲမှုက ပိုမိုကြီးမားလေလေ မဟုတ်ပါလား
"ကောင်းကင်ဘုံက ငါ့ကို ပျက်စီးဖို့ အလိုမရှိဘူးပဲ"
"အဘိုးကြီး... မင်းမြင်လား၊ ကောင်းကင်ဘုံကတောင် ငါ့ကို သေခွင့်မပေးဘူးကွ"
ကျင်းရှို့က စိတ်ထဲမှနေ၍ စိတ်လှုပ်ရှားစွာဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
သူ၏ စိတ်ခံစားချက်လှိုင်းများကြောင့် မိုးကြိုး ပင်လယ်ကြီးသည်လည်း ချက်ချင်းပင် တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး ကြောင်းကြီးများ ပေါက်ကွဲထွက်လာကာ ကျင်းရှို့၏ ခန္ဓာကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားတော့သည်။
သို့သော် ကျင်းရှို့က ၎င်းကို အသားကျနေသည့်အလား... ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ နက်မှောင်သော အလင်းတန်းများ ဖြာထွက်လာစေလျက် ဤမိုးကြိုး များကို ခုခံကာကွယ်လိုက်သည်။ ၎င်းနောက်တွင်မူ မိုးကြိုး ပင်လယ်ကြီးမှာ ပြန်လည်၍ ငြိမ်သက်သွားခဲ့ပြန်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ရှုချွမ်း၏ စိတ်ထဲတွင် သတိထားမှုမှာ ပိုမို၍ ကြီးမားလာခဲ့သည်။
သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေသည့်တိုင်အောင် ဤလူ၏ အစွမ်းက ဤမျှအထိ အားကောင်း နေသေးသည်။
မိမိအနေဖြင့် ဤမိုးကြိုး ပင်လယ်အနားသို့ပင် မချဉ်းကပ်ရဲသော်လည်း ကျင်းရှို့ကမူ ၎င်းကို နေ့စဉ်ပြုလုပ်နေကျ အလုပ်တစ်ခုကဲ့သို့ သဘောထားနေသည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ အထင်အရှားပင်။
"လာခဲ့စမ်းပါ... အမွေအနှစ်က ဒီမှာရှိတယ်၊ ဒီကိုလာပြီး ယူလိုက်စမ်း"
ကျင်းရှို့၏ ပါးစပ်မှနေ၍ အလွန် မြှူဆွယ်သိမ်းသွင်းလိုသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအသံကို ကြားလိုက်ရသောအခါ ရှုချွမ်းက ရုန်းကန်ခြင်းပင် မပြုနိုင်တော့ဘဲ စိတ်အာရုံများ ဝေဝါးသွားခဲ့ကာ သူ၏ ခြေထောက်များက မိုးကြိုး ပင်လယ်ကြီးရှိရာဆီသို့ မသိစိတ်မှနေ၍ အလိုအလျောက် ခြေလှမ်းလှမ်း လျှောက်လှမ်းသွားမိတော့သည်။
ဘေးမှ ရွှမ်လျဲ့က ဤသည်ကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ လိပ်ခေါင်းကြီးကို အမြန်ထုတ်ကာ ရှုချွမ်းကို လှမ်း၍ အော်ဟစ်လိုက်သည်။
"ရှုချွမ်း... သတိထားဦး၊ဒီဝိညာဉ်အိုကြီးရဲ့ ထောင်ချောက်ထဲကို မကျစေနဲ့"
သို့သော်လည်း သူ၏ စကားမဆုံးသေးမီမှာပင်... ကောင်းကင်ယံမှ နက်မှောင်သော မြူခိုးလှိုင်းတစ်ခု ချက်ချင်း ရိုက်ခတ်လာခဲ့ရာ ရွှမ်လျဲ့သည်လည်း စိတ်အာရုံများ မိန်းမောကာ ဝေဝါးသွားခဲ့ရပြန်သည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် မိုးကြိုး ပင်လယ်ကြီးဆီသို့ တရွေ့ရွေ့နှင့် ဆက်လက် ချဉ်းကပ်လာခဲ့ကြသည်။
"ဟုတ်ပြီ... အဲဒီအတိုင်းပဲ၊ မြန်မြန် လာခဲ့စမ်းပါ"
မိုးကြိုး ပင်လယ်အတွင်းရှိ ကျင်းရှို့၏ မျက်နှာပေါ်တွင် ကျေနပ် အားရလှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ၏ သားကောင်က ထောင်ချောက်အတွင်းသို့ သက်ဆင်းတော့မည် ဖြစ်ရာ သူသည်လည်း မကြာမီ လွတ်မြောက်ခွင့် ရရှိတော့မည် ဖြစ်သည်။
ဤမိုးကြိုး ပင်လယ်ကြီး၏ အဆက်မပြတ် ထုထောင်းရိုက်ခတ်မှုကို နောက်ထပ် သည်းခံနေစရာ မလိုတော့ချေ။
ထို့အပြင် ဤလူ၏ ခန္ဓာကိုယ်ကို လုယူပြီး ဒုတိယအကြိမ်မြောက် ဘဝသစ်ကို ပြန်လည်ရှင်သန်ခွင့် ရရှိမည်ဆိုပါက သူသည် ပိုမိုမြင့်မားသော အထွတ်အထိပ်များဆီသို့ပင် တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း... ရှုချွမ်း၏ ခြေလှမ်းက မိုးကြိုး ပင်လယ်အတွင်းသို့ တက်နင်းတော့မည့် အခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ 'ရွှေရောင် ရှေးဟောင်းနန်းတော်' သည် ရုတ်ချည်းပင် ထူးခြားဆန်းပြားလှသော အော်ရာ လှိုင်းတစ်ခုကို ထုတ်ဖော်လိုက်ပြီး ရှုချွမ်းအား ထိုမိန်းမောနေသည့် အခြေအနေမှ ချက်ချင်း ဆွဲထုတ်ပေးလိုက်တော့သည်။
သတိပြန်လည်လာသည့် အခါတွင်မူ ရှုချွမ်းက ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။
"ဒါက... ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ယောက်ရဲ့ နည်းလမ်းလား..."
သူက အစကတည်းက သတိကြီးစွာ ထားရှိခဲ့သော်လည်း ဤမျှအထိ အလွယ်တကူ ထောင်ချောက်အတွင်း သက်ဆင်းသွားခဲ့ရသည်။
ရှုချွမ်းက တွန့်ဆုတ်မနေတော့ဘဲ မိမိကိုယ်ကို ကာကွယ်ရန်အတွက် ရွှေရောင် ရှေးဟောင်းနန်းတော်ကို ချက်ချင်း ဆင့်ခေါ်လိုက်တော့သည်။
ယခုအခါတွင်မူ သူသည် စွမ်းအားသုံးစွဲမှု ပြင်းထန်မည့် ကိစ္စကို ထည့်တွက်မနေနိုင်တော့ချေ။
အကယ်၍ ဤဝိညာဉ်အိုကြီး၏ ထောင်ချောက်အတွင်းသို့ ထပ်မံ၍ သက်ဆင်းသွားရမည်ဆိုပါက သူ၏ အသက်မှာ သေချာပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။
"ကောင်လေး... အကောင်းပြောတုန်း နားထောင်စမ်း၊ငါ မင်းကို အခွင့်အရေး ပေးနေတုန်း ကိုယ့်ဘာသာကိုယ် အလိုက်သိသိ ဝင်လာခဲ့စမ်း"
ရှုချွမ်းက သူ၏ ထိန်းချုပ်မှုမှ ရုန်းထွက်သွားနိုင်သည်ကို မြင်လိုက်ရသောအခါ ကျင်းရှို့၏ မျက်ဝန်းအတွင်း၌ အံ့သြမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက် မျက်နှာတစ်ခုလုံး ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ဤမိုးကြိုး ပင်လယ်ကြီးအတွင်း ပိတ်လှောင်ခံထားရသဖြင့် သူ အသုံးပြုနိုင်သည့် နည်းလမ်းများမှာ လွန်စွာ အကန့်အသတ် ရှိလှသည်။
သို့သော် ရှုချွမ်းက သူ၏ နည်းလမ်းများကို ပိတ်ဆို့ဖြတ်တောက်နိုင်ခဲ့သည်။
ဤသည်က သူ၏ ခန္ဓာကိုယ်လုယူခြင်း အစီအစဉ်ကို မအောင်မြင်နိုင်တော့ဟူသော သဘောကို ဆောင်နေပေရာ သူက ဤအချက်ကို မည်သို့လျှင် လက်ခံနိုင်ပါ့မည်နည်း။
"မင်းကပဲ ရူးနေတာလား... ငါကပဲ ရူးနေတာလား မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ အထင်အရှားကြီးကို... ငါက ကိုယ့်ဘာသာကိုယ် ထောင်ချောက်ထဲ တိုးဝင်ရမှာလား"
ရှုချွမ်းက အထင်သေးကဲ့ရဲ့သော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် ရွှမ်လျဲ့သည်လည်း သူ၏ အိပ်မောကျနေမှုမှ ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်သည်။
"ရှုချွမ်း... သူ့စကားကို မယုံနဲ့၊ ဒီအဘိုးကြီးက မင်းကို တိုက်ရိုက် ထိန်းချုပ်ပြီး အထဲကို ဝင်သေခိုင်းဖို့ ကြိုးစားနေတာ"
သူ နိုးလာသည်နှင့် တစ်ပြိုင်နက် ပထမဆုံး လုပ်ဆောင်ချက်အဖြစ် ရှုချွမ်းကို လှမ်း၍ သတိပေးအော်ဟစ်လိုက်တော့သည်။
အစောပိုင်းက အခြေအနေမှာ အလွန်အမင်း အန္တရာယ်ကြီးမားလှသည်ဟု ဆိုရမည်။
မကောင်းသော စိတ်ရည်ရွယ်ချက် ရှိနေသည့် ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် တစ်ဦးက ဘာလုပ်ချင်နေသည်ကို ရွှမ်လျဲ့ လုံးဝ မသိရှိချေ။
အကယ်၍ ထိုလူသာ ရှုချွမ်းအပေါ် တိုက်ရိုက် အရေးယူဆောင်ရွက်လိုက်မည်ဆိုပါက သူတို့နှစ်ဦးစလုံး ခုခံနိုင်စွမ်း လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။
"ကောင်းတယ်... အရမ်းကောင်းတယ် မင်းက ပေးတဲ့ အခွင့်အရေးကို မယူချင်မှတော့... သေပေတော့"
ရှုချွမ်းက ထောင်ချောက်အတွင်း မသက်ဆင်းတော့သည်ကို မြင်လိုက်ရသောအခါ ကျင်းရှို့သည်လည်း ဟန်ဆောင်မနေတော့ဘဲ အေးစက်လှသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူက မိုးကြိုး ပင်လယ်၏ တန်ပြန်တိုက်ခိုက်မှု ဒဏ်ရာများကိုပင် ဂရုမစိုက်တော့ဘဲ မိမိ၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသည့် လျှပ်စီးသံကြိုးများကို အတင်းအဓမ္မ ရုန်းကန်ဖြတ်တောက်ရန် ကြိုးစားလိုက်တော့သည်။
ဘုန်း
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျင်းရှို့က ကျန်ရှိနေသော သူ၏ ရုပ်ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် အစိပ်စိပ်အမွှာမွှာ ဖောက်ခွဲဖျက်ဆီး လိုက်တော့သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလှသော မိုးကြိုး ပင်လယ်ကြီးမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်ပျက်ပြယ်သွားခဲ့ရသည်။ ခဏမျှအတွင်း မိုးကြိုး များ တဖျတ်ဖျတ် လက်လျက်ရှိနေသည်မှာ မိစ္ဆာကောင်များ ရူးသွပ်စွာ ကခုန်နေကြသည့်အလားပင်။
ထိုပြင်းထန်လှသော ပေါက်ကွဲမှုကြီး၏ ဗဟိုချက်အတွင်းမှနေ၍ အလင်းတန်းတစ်ခုသည် မိမိဆီသို့ တိုက်ရိုက် ဦးတည်ပြေးဝင်လာသည်ကို ရှုချွမ်း မြင်လိုက်ရသည်။
၎င်းကား အခြားမဟုတ်... ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ပင် ဖြစ်တော့သည်။
"မင်းရဲ့ ခန္ဓာကိုယ်က... အခုကစပြီး ငါ့အပိုင်ပဲ"
သူက နောက်ထပ် စောင့်ဆိုင်းမနေနိုင်တော့ချေ၊ သူ ကမ္ဘာသို့ ပြန်လည်ရောက်ရှိလိုလှပြီ ဖြစ်သည်။
အကယ်၍ ဤနေရာတွင်သာ ဆက်လက်၍ သည်းခံနေမည်ဆိုပါက နောက်ထပ် သေဆုံးရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်လိမ့်မည်။
ကျင်းရှို်၏ နတ်ဘုရားဝိညာဉ်အတွင်းမှနေ၍ အေးစက်၊ ယုတ်မာပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသော အော်ရာ များ ထွက်ပေါ်နေခဲ့သည်။
"မကောင်းတော့ဘူး... ရှုချွမ်း၊ မြန်မြန်ပြေး။ဒီမိစ္ဆာအိုကြီးက မင်းရဲ့ ခန္ဓာကိုယ်ကို လုယူတော့မှာ"
ရွှမ်လျဲ့၏ လိပ်မျက်နှာကြီးမှာ ဤမြင်ကွင်းကို ကြည့်ပြီး ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။
သူက ကျင်းရှို့က ရှုချွမ်း၏ ခန္ဓာကိုယ်ကို လုယူကာ ၎င်းမှတစ်ဆင့် ပြန်လည်မွေးဖွားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ကောင်းကောင်းကြီး သိရှိလိုက်သည်။
ဤနည်းလမ်းမှာ လွန်စွာ ယုတ်မာကောက်ကျစ်လှသော်လည်း အလွန်ပင် စွမ်းအားကြီးမားလှသည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသာ ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုတတ်ကြသည်။
သူတို့ သေလုမြောပါး ဖြစ်နေသည့် အချိန်အခါမျိုးတွင် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ လုယူရန် ဤနည်းစနစ်ကို သုံးစွဲကြခြင်း ဖြစ်၏။
အကယ်၍ ခန္ဓာကိုယ်လုယူခြင်းသာ အောင်မြင်သွားခဲ့မည်ဆိုပါက... မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဝိညာဉ်မှာ လုံးဝ ပျက်စီးပျောက်ကွယ်သွားရပေလိမ့်မည်။
သိုင်းပညာရှင်တစ်ဦးအတွက်မူ ဤသည်က သေဆုံးခြင်းနှင့် အတူတူပင်။ ခန္ဓာကိုယ်တစ်ခုတည်းသာ အခြားသူတစ်ဦး၏ အပိုင်ဖြစ်သွားပြီး လောက၌ ဆက်လက်ရှင်သန်နေခြင်း ဖြစ်သည်။
ဤနည်းလမ်းမှာ လွန်စွာ ရက်စက်ကြမ်းကြုတ်လှပြီး ကောင်းကင်နိယာမများကို ဆန့်ကျင်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကတည်းက ၎င်းနည်းလမ်းကို ကြီးမားသော အင်အားစုများအားလုံးက ပိတ်ပင်တားမြစ်ထားခဲ့ကြခြင်း ဖြစ်ရာ ယနေ့ ဤနေရာ၌ ၎င်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
"အော်..." ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်က ဤစကားကို ကြားသောအခါ အနည်းငယ် မျှော်လင့်မထားသလို ဖြစ်သွားခဲ့သည်။
"မင်းလို လိပ်တစ်ကောင်က ဒီလောက်အထိ အများကြီး သိထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ခန္ဓာကိုယ်လုယူခြင်း လျှို့ဝှက်ကျင့်စဉ်ကိုတောင် မင်း ခွဲခြားနိုင်တာပဲ"
သူကိုယ်တိုင်ပင်လျှင် ဤလျှို့ဝှက်ကျင့်စဉ်ကို သူ၏ ငယ်စဉ်ကာလက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ဦး၏ အမွေအနှစ်မှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းမတိုင်မီက သူသည်လည်း ဤကဲ့သို့သောအရာ ရှိနေသည်ကို မသိရှိခဲ့ချေ။
ဤသည်ကပင် ရွှမ်ထျန်းတိုက်ကြီးပေါ်၌ ဤနည်းလမ်းအပေါ် ပိတ်ပင်တားမြစ်ချက်က မည်မျှအထိ ပြင်းထန်ခဲ့သည်ကို ဖော်ပြနေခြင်း ဖြစ်သည်။
"မင်း မြန်မြန်သွား... သူ့ကို ငါ တားထားလိုက်မယ်"
ရွှမ်လျဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
သူက သူ၏ သန်မာလှသော လိပ်အခွံကြီးကို အသုံးပြု၍ ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ကို ပိတ်ဆို့ထားရန် ကြိုးစားခြင်း ဖြစ်သည်။
အကယ်၍ ရှုချွမ်းသာ ဤနေရာ၌ သေဆုံးသွားခဲ့မည်ဆိုပါက သူ၏ ဧကရာဇ်အရှင်နယ်ပယ်သို့ တက်လှမ်းမည့် လမ်းကြောင်းမှာလည်း လုံးဝ ပြတ်တောက်သွားရပေလိမ့်မည်။
ဤသည်က သူ လုံးဝ သည်းမခံနိုင်သောအရာ ဖြစ်သည်။
ထို့ကြောင့်ပင် သူက လက်ဦးမှုယူကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ယခင်က ကျင်းရှို့တွင် ခန္ဓာကိုယ် ရှိနေသေးသည့်အချိန်၌ သူသည် လုံးဝ တိုက်ခိုက်ဝံ့ခြင်း မရှိခဲ့ချေ။
ယခုအခါတွင်မူ ကျင်းရှို့၌ နတ်ဘုရားဝိညာဉ် သက်သက်သာ ကျန်ရှိတော့သဖြင့် မိမိအနေဖြင့် ၎င်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ ထင်မြင်လိုက်ခြင်း ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ တစ်ဦး၏ တိုက်ခိုက်မှုဖြစ်ရာ ကောင်းကင်တစ်ခုလုံး ချက်ချင်းပင် ရာသီဥတု ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာခဲ့သည်။
ဘယ်အရာကမှ မတားဆီးနိုင်လောက်သော အော်ရာ များ ရွှမ်လျဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့သည်။
သို့သော်လည်း... သူ၏ ထင်မြင်ချက်က လွဲမှားကြောင်း မကြာမီမှာပင် သက်သေပြခြင်း ခံလိုက်ရတော့သည်။
"ဟီးဟီးဟီး... ကောင်းကင်ဘုရင်နယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်ကတောင် ငါ့ကို တိုက်ခိုက်ဝံ့သေးတယ်ပေါ့"
ကျင်းရှို့က ဆန်းပြားလှသော ရယ်မောသံတစ်ခုကို ထုတ်ဖော်လိုက်ပြီးနောက် သူ၏ နတ်ဘုရားဝိညာဉ်ကို ထက်မြက်လှသော ဓားတစ်စင်းအဖြစ်သို့ ပြောင်းလဲလိုက်ကာ ရွှမ်လျဲ့ ပြောင်းလဲထားသည့် အလင်းတန်းနှင့် ချက်ချင်းပင် ထိပ်တိုက် တိုးတိုက်လိုက်တော့သည်။
ဖူး
ထိတွေ့မိသွားသည့် အခိုက်အတန့်မှာပင်... ရွှမ်လျဲ့ အမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့ရသော လိပ်အခွံကြီးမှာ တိုက်ရိုက်ပင် ထိုးဖောက်ခြင်း ခံလိုက်ရတော့သည်။
သူ၏ ပါးစပ်မှနေ၍ သွေးတစ်လုတ် ပြင်းထန်စွာ ပန်းထွက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရပြီး ထပ်မံ၍ တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခဲ့ရတော့သည်။
ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးဟူသည်မှာ နတ်ဘုရားဝိညာဉ် သက်သက်သာ ကျန်ရှိတော့သည့်တိုင်အောင် ကောင်းကင်ဘုရင်တစ်ယောက်အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရာမျိုး လုံးဝ မဟုတ်ချေ။
၎င်းတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သွားခဲ့ရပြီ ဖြစ်သည်။
"သွားပါပြီ... အကုန်သွားပါပြီ ငါတောင်မှ သူ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို မပိတ်ဆို့နိုင်ခဲ့ဘူး... ရှုချွမ်းကတော့ ဒါကို ဘယ်လိုမှ ပိတ်ဆို့နိုင်မှာ မဟုတ်တော့ဘူး"
ဤအခိုက်အတန့်တွင် ရွှမ်လျဲ့၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားခဲ့ရပြီး စိတ်နှလုံးထဲတွင်လည်း အောက်ခြေမဲ့ မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သူ၏ စိတ်ထဲတွင်မူ ရှုချွမ်းအား သေဒဏ် စီရင်ချက် ချမှတ်လိုက်မိပြီ ဖြစ်သည်။ သူသည် မိမိကိုယ်တိုင်လည်း ယနေ့ ဤနေရာ၌ သေဆုံးရတော့မည်ဟုပင် တွေးတောလိုက်မိတော့သည်။
"ဟီးဟီးဟီး... လာခဲ့စမ်းပါ၊ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ဆီ အလိုက်သင့်လေး လွှဲအပ်ပေးစမ်း အခုအချိန်မှာ ဘယ်သူကမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး"
ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။
သို့သော်လည်း... အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်လာနေသည့် ကျင်းရှို့၏ နတ်ဘုရားဝိညာဉ်ကို ရင်ဆိုင်နေရသော်ငြားလည်း ရှုချွမ်း၏ မျက်နှာပေါ်တွင်မူ တုန်လှုပ်ချောက်ချားသည့် အမူအရာ စိုးစဉ်းမျှ ရှိမနေခဲ့ချေ။
သူ၏ ပုံစံမှာ အောင်ပွဲကို လက်ဝါးကြီးအုပ် စိုးမိုးထားနိုင်သည့်အလား အေးဆေးတည်ငြိမ်လျက်သာ ရှိနေခဲ့လေသည်။