← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) လမ်းပိတ်ဆို့သူ၊ ချူဖန်၏ ဇာတ်ညွှန်း

"ဒီနေရာကနေ ထွက်ခွာရမယ့် အချိန်ရောက်ပြီ..."

ရှုချွမ်း၏ ခန္ဓာကိုယ်က တစ်ချက်မျှ ဝေဝါးလှုပ်ရှားသွားခဲ့ပြီးနောက် ဧကရာဇ်အရှင်မူလ ရှိနေခဲ့သည့် နေရာမှနေ၍ ကောင်းကင်ချောက်နက်ကြီး ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခုအချိန်သို့ ရောက်ရှိလာသောအခါတွင်မှ သူက ကောင်းကင်ချောက်နက်ကြီး မည်သို့ဖြစ်ပေါ်လာခဲ့သည်ကို နောက်ဆုံး၌ သဘောပေါက်နားလည်သွားခဲ့တော့သည်။

၎င်းက ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင် နှစ်ဦးက သူတို့၏ ခွန်အားအပြည့်ကို ထုတ်ဖော်တိုက်ခိုက်ခဲ့ကြရာမှတစ်ဆင့် ဤကောင်းကင်ချောက်နက်ကြီးကို ဖန်တီးမိသွားခဲ့ကြခြင်း ဖြစ်ပုံရသည်။

ယခုအခါတွင်မူ ဧကရာဇ်အရှင်နယ်ပယ်နှစ်ဦးစလုံး အပြည့်အဝ သေဆုံးသွားခဲ့ကြပြီ ဖြစ်ရာ ကောင်းကင်ချောက်နက်ကြီးအတွင်းရှိ မိုးကြိုး များ၊ ဟင်းလင်းပြင်မုန်တိုင်းများနှင့် ဟင်းလင်းပြင် ပြိုကျမှုများမှာလည်း တဖြည်းဖြည်း ပျယ်ကွယ်စပြုနေပြီ ဖြစ်သည်။ ဘေးအန္တရာယ် ရှိမှုမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့ချေပြီ။

ရှုချွမ်းအနေဖြင့် ရွှေရောင် ရှေးဟောင်းနန်းတော်၏ ကာကွယ်မှုကိုပင် အသုံးပြုရန် မလိုတော့ဘဲ ကောင်းကင်ချောက်နက်ကြီး၏ အောက်ခြေတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်နေပြီ ဖြစ်သည်။

အချိန်တိုအတွင်းမှာပင် ဤနေရာက ပုံမှန်အခြေအနေသို့ လုံးဝ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု သူ ယုံကြည်မိသည်။

ထိုအချိန်ကျရောက်လာပါက အရှေ့ဘက်ဒေသတွင် ကြောက်မက်ဖွယ်ကောင်းလှသော တားမြစ်နယ်မြေ တစ်ခု လျော့နည်းသွားပေလိမ့်မည်။

ရှုချွမ်းက တစ်ဟုန်ထိုး ပျံသန်းလာခဲ့ပြီး ကောင်းကင်ချောက်နက်ကြီးအတွင်းမှ လျှင်မြန်စွာပင် ထွက်ခွာလာခဲ့တော့သည်။

သူသည် ကောင်းကင်ချောက်နက်ကြီး၏ အထက်ဘက် ကုန်းမြေသို့ ချဉ်းကပ်လာသည့် အခိုက်အတန့်တွင် ရှုချွမ်း၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့ပြီး ဤအရပ်မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသော သိုင်းပညာရှင် အမြောက်အမြားကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

၎င်းတို့အားလုံးသည် ကောင်းကင်ချောက်နက်ကြီးအတွင်းရှိ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို သတိပြုမိသွားခဲ့ကြသဖြင့် အခြေအနေကို လာရောက်စုံစမ်းစစ်ဆေးလိုကြခြင်း ဖြစ်သည်မှာ အထင်အရှားပင်။

"မြန်မြန်လုပ်ကြစမ်း... ကောင်းကင်ချောက်နက်ထဲက မိုးကြိုး တွေနဲ့ ဟင်းလင်းပြင်မုန်တိုင်းတွေ ပျောက်ကွယ်သွားပြီကွ အဲဒီထဲကနေ အဖိုးတန် ရတနာတွေ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်တယ်"

ဤအခိုက်အတန့်တွင် သိုင်းပညာရှင်များ၏ အချင်းချင်း အော်ဟစ်ပြောဆိုနေကြသံများကို ရှုချွမ်း ကြားလိုက်ရသည်။

သူ ထင်မှတ်ထားခဲ့သည့်အတိုင်းပင် ဤသိုင်းပညာရှင်များသည် ကောင်းကင်ချောက်နက်ကြီးဆီသို့ ဦးတည်ရွေ့လျားနေကြခြင်း ဖြစ်သည်။

ကောင်းကင်ချောက်နက်ကြီးအတွင်းမှ လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာခဲ့သော ရှုချွမ်းသည် ထိုလူအုပ်ကြီးနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။

သိုင်းပညာရှင် အချို့၏ မျက်ဝန်းများအတွင်း၌ ရှုချွမ်းကို ကြည့်ပြီး လောဘစိတ်များနှင့် သတ်ဖြတ်လိုသော စိတ်ရည်ရွယ်ချက်များ ပေါ်ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချောက်နက်ကြီး ပြောင်းလဲသွားခဲ့ပြီးနောက်ပိုင်း ထိုနေရာမှ ပထမဆုံး ထွက်ပေါ်လာသည့်သူမှာ ရှုချွမ်း ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးသည်။

ဤအချက်က သူတို့၏ စိတ်နှလုံးထဲတွင် မကောင်းသော အကြံအစည်များကို ဖြစ်ပေါ်လာစေခဲ့သည်။

သူတို့အားလုံးသည် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြပြီး နေ့စဉ်ဘဝတွင် မိစ္ဆာသားရဲများကို အမဲလိုက်ခြင်း၊ လူသတ်လုယက်ခြင်း အလုပ်များကို မကြာခဏ လုပ်ဆောင်လေ့ရှိကြသူများ ဖြစ်သည်။

ရှုချွမ်းသည် နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာ ရှိပြီး တစ်ဦးတည်း ဖြစ်နေသဖြင့် လူများစွာ၏ မျက်စိထဲတွင် အဆီတဝင်းဝင်းနှင့် အသားတုံးကြီးတစ်ခုကဲ့သို့ မြင်တွေ့နေရခြင်း ဖြစ်သည်။

ရှုချွမ်း၏ ပခုံးပေါ်တွင် ရှိနေသည့် ရွှမ်လျဲ့ကိုမူ သူတို့က အရေးတယူပင် မပြုလုပ်ကြချေ။

ဤသည်ကပင် အားနည်းသူတို့၏ ဝမ်းနည်းဖွယ်ရာ အခြေအနေ ဖြစ်ပေလိမ့်မည်။

ဤလူအုပ်စုထဲတွင် အသန်မာဆုံးသူမှာ နိဗ္ဗာနနယ်ပယ် အဆင့် ၉ မျှသာ ရှိရာ... အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ်ဖြစ်သည့် ရွှမ်လျဲ့ကို ရင်ဆိုင်ရန်အတွက် သူတို့အနေဖြင့် ရွှမ်လျဲ့က မည်မျှအထိ အစွမ်းထက်သော တန်ခိုးရှင်ကြီး ဖြစ်သည်ကိုပင် အာရုံခံနိုင်စွမ်း မရှိကြချေ။

"ကောင်လေး... မင်း ကောင်းကင်ချောက်နက်ထဲကနေ ဘာရတနာတွေ ရခဲ့လဲ၊အဲဒါတွေကို အလိုက်သိသိ ထုတ်ပေးရင်... ငါတို့ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"

ထိုလူအုပ်စုက ရှုချွမ်းကို ဝိုင်းရံပိတ်ဆို့လိုက်ကြပြီး ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။

ဤမြင်ကွင်းကို ကြည့်ပြီး မကြာမီကမှ ရောက်ရှိလာကြသော သိုင်းပညာရှင် အမြောက်အမြားမှာမူ ၎င်းကို အသားကျနေသည့်အလား သဘောထားကြသည်။

တစ်ကိုယ်တော် ကျင့်ကြံသူများ၊ အထူးသဖြင့် တောရိုင်းမြေရိုင်းများတွင် တစ်နှစ်ပတ်လုံး ကျင်လည်ကျက်စားကြသူများသည် သူတို့၏ ကျင့်ကြံမှုကို ထောက်ပံ့ရန်အတွက် ဤကဲ့သို့သော နည်းလမ်းမျိုးကိုသာ အားကိုးကြရခြင်း ဖြစ်သည်။

အခြားသူများကို လုယက်တိုက်ခိုက်ခြင်းဟူသည်မှာ စက္ကန့်တိုင်း၌ ဖြစ်ပွားနေကျ ကိစ္စတစ်ခုသာ။ သူတို့က ရှုချွမ်းကို သနားကရုဏာ သက်သော မျက်ဝန်းများဖြင့်သာ ကြည့်လိုက်ကြသော်လည်း... တစ်ဦးတစ်ယောက်မျှပင် ရှေ့သို့ တက်လှမ်း၍ ကူညီပေးရန် စိတ်ကူးမရှိကြချေ။

ရှုချွမ်းက မိမိရှေ့တွင် ရှိနေသည့် လူအုပ်စုကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ပြင်ပတွင် လှည့်လည်သွားလာနေကြသည့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် အလွန်အမင်း ရိုင်းစိုင်းကြမ်းကြုတ်ကြသည်ဟု သူ ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း... ယနေ့ မိမိကိုယ်တိုင် ၎င်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

"ကောင်လေး... အကောင်းပြောတုန်း နားထောင်စမ်း၊ ရတနာဆိုတာ နောက်ထပ် ရှာလို့ရသေးတယ်၊ အသက်ကတော့ တစ်ချောင်းပဲ ရှိတာ"

ဤလူအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်သူ နိဗ္ဗာနနယ်ပယ် အဆင့် ၉ သိုင်းပညာရှင်က ရှုချွမ်းကို မျက်ဝန်းများ အရောင်တဖျတ်ဖျတ် လက်လျက် ကြည့်ရင်း အဆက်မပြတ် နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။

ကောင်းကင်ချောက်နက်ကြီးတွင် ဤကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာခဲ့သည်ဆိုလျှင် ကြီးမားသော ကိစ္စတစ်ခုခု သေချာပေါက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ရမည်၊ အထွတ်အထိပ် ရတနာတစ်ခုခု ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်သည်။

ရှုချွမ်းက ထိုနေရာမှ ပထမဆုံး ထွက်လာသူဖြစ်ရာ... သူသည် ကောင်းမွန်သော အခွင့်အရေးကို ရရှိထားခဲ့သည်မှာ ထင်ရှားလှသည်။

"ထွက်သွားစမ်း"

ရှုချွမ်းက ထိုလူအုပ်စုပေါ်သို့ အကြည့်တစ်ချက် ဝေ့ဝဲလိုက်ပြီးနောက်... တည်တင်းလှသော မျက်နှာထားဖြင့် အေးစက်စွာ အော်ဟစ်လိုက်တော့သည်။ အမြင့်ဆုံးမှ နိဗ္ဗာနနယ်ပယ် အဆင့် ၉ မျှသာ ရှိကြသည့် အသုံးမကျသော လူတစ်စုမှာ... သူ့အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လက်လှုပ်ရှားရန်အတွက်ပင် စိတ်ဝင်စားမှု မရှိချေ။

"ကောင်လေး... မင်းက အကောင်းပြောတာကို မယူချင်ဘူးပေါ့လေ"

ရှုချွမ်း၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ဖြစ်သူ သိုင်းပညာရှင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပြီး သူ၏ မျက်ဝန်းအတွင်းရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကိုလည်း ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

"သွားစမ်း... အဲဒီကောင်ကို ငါ့အတွက် သတ်ပစ်လိုက်ကြစမ်း"

ချက်ချင်းပင် ရှုချွမ်းကို ဝိုင်းရံထားကြသော သိုင်းပညာရှင်များက စတင်လှုပ်ရှားလိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းလှသော မူလချီလှိုင်းများ ရှုချွမ်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

"မိုက်မဲလိုက်တာ..."

ထိုလူအုပ်စု တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် သူသည်လည်း စတင်လှုပ်ရှားလိုက်သည်။ သူ၏ အမြန်နှုန်း မှာ ဤသိုင်းပညာရှင်များထက် များစွာ ပိုမိုမြန်ဆန်လှသည်။

သူတို့၏ တိုက်ခိုက်မှုများ မိမိထံသို့ မရောက်ရှိလာမီမှာပင်... ရှုချွမ်းက သူ၏ လက်ချောင်းကို ဓားတစ်စင်းကဲ့သို့ အသုံးပြုလိုက်ပြီး လက်ညှိုးကို တစ်ချက်မျှ တောက်လိုက်ရုံဖြင့်... မှုန်ဝါးလှသော ဓားအော်ရာ အလင်းတန်းများစွာ ထိုသိုင်းပညာရှင်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ခရက်

ထိုပြင်းထန်လှသော ဓားအော်ရာ အောက်တွင် သိုင်းပညာရှင် အများအပြား၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် ထိုးဖောက်ခြင်း ခံလိုက်ရပြီးနောက် တိုက်ရိုက်ပင် အစိပ်စိပ်အမွှာမွှာ စုတ်ပြဲပျက်စီးသွားခဲ့ရတော့သည်။

သူတို့က အော်ဟစ်ညည်းတွားသံ တစ်ချက်မျှပင် မထုတ်ဖော်နိုင်တော့ဘဲ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြရသည်။

နိဗ္ဗာနနယ်ပယ် အဆင့် ၉ ရှိသည့် ခေါင်းဆောင်ဖြစ်သူ သိုင်းပညာရှင် တစ်ဦးတည်းသာလျှင်... အကာအကွယ် ရတနာကို အားကိုး၍ ဤတိုက်ခိုက်မှုကို မနည်းတောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သူတို့တွေ ဒီအတိုင်းပဲ သေသွားတာလား သူက ဒီလောက်တောင် သန်မာတာလား"

"ဒီတစ်ကြိမ်တော့ သူတို့တွေ သံမဏိနံရံကို တိုးမိသွားကြပြီပဲ"

ဤသိုင်းပညာရှင်များ မျက်စိတစ်မှိတ်အတွင်းမှာတင် သေဆုံးသွားခဲ့ကြရသည်ကို ကြည့်ပြီး ဘေးမှ စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာ ဆွံ့အမှင်တက်သွားခဲ့ကြရသည်။

သူတို့အားလုံးက ရှုချွမ်းက အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးမည့် မြင်ကွင်းကို ကြည့်ရှုရန် ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်သော်လည်း... အခြေအနေများက ရုတ်ချည်းပင် ပြောင်းပြန်လှန်သွားခဲ့ရသည်။

ဤသိုင်းပညာရှင် အုပ်စုသာ အင်အားချင်း ပူးပေါင်းလိုက်မည်ဆိုပါက ကမ္မနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူတို့၏ တိုက်ခိုက်မှုကို ခေတ္တမျှ ရှောင်လွှဲရပေလိမ့်မည်။

သို့သော်လည်း သူတို့က နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာရှိသော လူငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် ဤမျှအထိ လွယ်ကူစွာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

"ဒီလူက... ဘယ်သူလဲ"

ရလဒ်ကို မြင်လိုက်ရသောအခါ ဤနေရာ၌ ရှိနေကြသည့် သိုင်းပညာရှင် အားလုံး၏ စိတ်ထဲတွင် ဤမေးခွန်းတစ်ခုတည်းသာ ပေါ်ထွက်နေခဲ့တော့သည်။

သို့သော်လည်း ရှုချွမ်းကမူ ဤလူများကို ဂရုမစိုက်အားချေ၊ သူက ထိုခေါင်းဆောင်ဖြစ်သူကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။ အမှားပြုလုပ်မိသူများအနေဖြင့် ၎င်းနှင့် ထိုက်တန်သော တန်ဖိုးကို ပေးဆောင်ရမည် မဟုတ်ပါလား။

ရှုချွမ်းက သူ၏ လက်ချောင်းထိပ်တွင် ဓားအော်ရာ တစ်ခုကို ထပ်မံ၍ စုစည်းလိုက်ပြီးနောက်... လက်ကို တစ်ချက်ဝေ့ယမ်းကာ ခေါင်းဆောင်ဖြစ်သူဆီသို့ လှမ်း၍ ခုတ်ပိုင်းလိုက်တော့သည်။

၎င်းကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ဖြစ်သူမှာ ချက်ချင်းပင် အသက်ထွက်လုမတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

သူ၏ အကာအကွယ် ရတနာမှာ တစ်ကြိမ်တည်းသာ အသုံးပြုနိုင်သောအရာ ဖြစ်သည်။ ယခုအခါတွင်မူ သူ့၌ ရှုချွမ်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်စွမ်း လုံးဝ မရှိတော့ချေ။

"သခင်လေး... အသက်ချမ်းသာပေးပါ..."

ဓားအော်ရာ ကြီး မိမိဆီသို့ ပိုမို၍ နီးကပ်လာခဲ့သည်နှင့်အမျှ... သူက မျက်စိကို စုံမှိတ်ထားလိုက်မိတော့သည်။

ဘန်း

ပြင်းထန်လှသော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဓားအော်ရာ မှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်ပျက်ပြယ်သွားခဲ့သည်။

ခေါင်းဆောင်ဖြစ်သူက မိမိ၏ ခန္ဓာကိုယ်၌ မည်သည့် ထိခိုက်ဒဏ်ရာမျှ ရရှိခြင်းမရှိသည်ကို သတိပြုမိသွားခဲ့ရသည်။

သူက ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့သည်။

"စီနီယာအကို ရှု... ခွင့်လွှတ်နိုင်တဲ့ အခြေအနေမျိုးမှာ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးတာက အကောင်းဆုံးပါပဲ။ ငါ့ရဲ့ မျက်နှာကို ထောက်ထားပြီး... သူ့ကို လွှတ်ပေးလိုက်ရင် ဘယ်လိုလဲ"

ဤအခိုက်အတန့်တွင်... ခပ်နောက်နောက် ပေါ့ပျက်ပျက် ပုံစံရှိသော လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

ထိုအခါမှသာ ခေါင်းဆောင်ဖြစ်သူက မိမိ၏ အသက်ကို ကာကွယ်ပေးလိုက်သူမှာ... လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးဖြစ်ကြောင်း သတိပြုမိသွားခဲ့တော့သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး... ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက်"

ခေါင်းဆောင်ဖြစ်သူက ထိုစာအုပ်ကိုင်ဆောင်ထားသည့် လူငယ်ကို အကြိမ်ကြိမ် ဦးခိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

မိမိ၏ တိုက်ခိုက်မှု ပိတ်ဆို့ခြင်း ခံလိုက်ရသည်ကို မြင်သောအခါ ရှုချွမ်းက မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် ဤစာအုပ်ကိုင်ထားသည့် လူငယ်ကို လုံးဝ မသိရှိသော်လည်း... ထိုလူငယ်က သူ့ကို 'စီနီယာအကိုရှု' ဟု လှမ်း၍ ခေါ်ဆိုခဲ့သည်။

ထို့အပြင် ထိုလူငယ် ဝတ်ဆင်ထားသည့် ဝတ်စုံမှာ 'ထိုက်ယိမြင့်မြတ်နယ်မြေ၏ တပည့်ဝတ်စုံ ဖြစ်နေခဲ့သည်။

ဤသည်က ထိုလူငယ်မှာ ထိုက်ယိမြင့်မြတ်နယ်မြေ၏ တပည့်တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။

ရှုချွမ်း၏ မျက်ဝန်းများက အရောင်တဖျတ်ဖျတ် လက်သွားခဲ့ပြီးနောက်... သူ၏ ရှေ့တွင် ရှိနေသည့် စာအုပ်ကိုင် လူငယ်၏ အချက်အလက် ဇာတ်ညွှန်းများက သူ၏ မျက်စိရှေ့၌ ပေါ်ထွက်လာခဲ့တော့သည်။

【အမည် : ချူဖန် 】

【နယ်ပယ် : နိဗ္ဗာနနယ်ပယ် အဆင့် ၉ 】

【ပါရမီ : ပြိုင်ဘက်ကင်း 】

【ကံကြမ္မာ : ကံကြမ္မာ၏ ဇာတ်လိုက် (ရွှေရောင်)၊ ကြိုတင်သိမြင်ခြင်း (ရွှေရောင်)၊ လွှမ်းမိုးချုပ်ကိုင်နိုင်သော ကံတရား (ရွှေရောင်)】

【နတ်ဘုရားစွမ်းရည် : စာအုပ်အတွင်းရှိ ရွှေနန်းတော်၊ စာအုပ်အတွင်းရှိ မိန်းမလှလေး】

【ဘဝဇာတ်ညွှန်း : 'အနန္တ နတ်ဘုရားကျင့်စဉ်' ၏ ဇာတ်လိုက်】

【ဘဝလမ်းကြောင်း : အစပိုင်းကမူ ထိုက်ယိမြင့်မြတ်နယ်မြေ၌ အခြေခံအလုပ်ကြမ်း လုပ်ရသည့် တပည့်တစ်ဦး မျှသာ ဖြစ်သော်လည်း... သူက အမျိုးမျိုးသော အခွင့်အရေးများကို မှတ်တမ်းတင်ထားသည့် လျှို့ဝှက်ဆန်းကြယ် စာအုပ်တစ်အုပ်ကို မတော်တဆ ရရှိခဲ့သည်။ ထိုစာအုပ်အတွင်းရှိ အခွင့်အရေး အချက်အလက်များကို အားကိုး၍... သူသည် အခြားသူများထက် တစ်လှမ်းဦးကာ အခွင့်အရေးများကို လုယူသိမ်းပိုက်နိုင်ခဲ့ပြီး သူ၏ ဘဝအထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။】

【ခင်မင်မှု : -၂၀ (ရန်လိုမှု)】

【အခွင့်အရေး ၁ : မဟာဝေ ဧကရာဇ်မင်းဆက်တော်ဝင်မျိုးနွယ်စုအတွင်း၌... ဝိညာဉ်စမ်းရေတွင်း တစ်ခု ရှိနေခဲ့သည်။ ထိုစမ်းရေတွင်း၏ အောက်ခြေတွင် 'စမ်းရေတွင်း၏ မူလ ' ရှိနေပြီး... ၎င်းကို သောက်သုံးပါက အရည်အချင်းကို သိသိသာသာ တိုးတက်စေနိုင်သည်။】

【အခွင့်အရေး ၂ : ဟင်းလင်းပြင်နယ်မြေ တွင် လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်။ ဤနေရာ၌ ဧကရာဇ်အရှင်နယ်ပယ်သို့ အဆင့်တက်လှမ်းမည်ဆိုပါက... ပြင်ပမျိုးနွယ်စုများ၏ အာရုံခံမိခြင်းကို ခံရလိမ့်မည်မဟုတ်သလို ပြင်ပမျိုးနွယ်စုများ၏ အသိုက်အမြုံဆီသို့လည်း အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ခံရလိမ့်မည် မဟုတ်ချေ။】

【အခွင့်အရေး ၃ : ဤလျှို့ဝှက်နယ်မြေအတွင်း၌... ကြယ်တာရာတံခါး တစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်။ ဧကရာဇ်အရှင်နယ်ပယ် ကျင့်ကြံမှုဖြင့် ၎င်းကို ဖွင့်လှစ်နိုင်မည်ဆိုပါက... ဖရိုဖရဲ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ရရှိပေလိမ့်မည်။】

.....

【ကံကြမ္မာ၏ ဇာတ်လိုက် : ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံရသည့် သားတော် ဖြစ်ပြီး... သေချာပေါက် ထက်မြက်လာမည့်သူ၊ ကောင်းကင်ဘုံ၏ ကာကွယ်မှုကို ရရှိထားသူ ဖြစ်သည်။】

【ကြိုတင်သိမြင်ခြင်း : စာအုပ်အတွင်း၌ မှတ်တမ်းတင်ထားသည့် အခွင့်အရေးများကို အခြေခံ၍... အခြားသူများ၏ အခွင့်အရေးများကို တစ်လှမ်းကြိုတင်၍ လုယူနိုင်စွမ်း ရှိပြီး အမြဲတမ်း တစ်လှမ်း ပိုမိုမြန်ဆန်နေလိမ့်မည်။】

【လွှမ်းမိုးချုပ်ကိုင်နိုင်သော ကံတရား : အခြေခံအလုပ်ကြမ်းလုပ်ရသည့် တပည့်ဘဝဖြင့် မွေးဖွားလာခဲ့သော်လည်း... ကောင်းကင်ဘုံ၏ ရွေးချယ်ခြင်းကို ခံရသူဖြစ်ရာ ကြီးမားလှသော ကံတရားများကို ပိုင်ဆိုင်ထားသည်။ ခြေသုံးလှမ်းလှမ်းတိုင်း အခွင့်အရေးတစ်ခု ရှိနေတတ်ပြီး ခြေငါးလှမ်းလှမ်းတိုင်း ရတနာတစ်ခု ရရှိတတ်သည်။】

All Chapters