အခန်း ၁၂၉
Vol. 13 Ch. 129
Chapter 129
~
အခန်း ၁၂၉ : ချိန်းတွေ့ခြင်း...
~
" ဘယ်ကို သွားလည်ချင်လဲ .. "
ယန်ကျီဝမ်က သူ၏ စစ်အနွေးထည်ကို သပ်ရပ်အောင် ပြင်ဆင်ရင်း ယွီလီအား မေးလိုက်သည် ။
" ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ် .. "
ယွီလီက သူ့အနီးတွင် ရှိနေရသည်ကို အနည်းငယ် ရှက်ရွံ့နေပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် ပြန်ဖြေသည် ။ ဤသည်က သူမ၏ ဘဝတွင် ပထမဆုံးကြိမ်အဖြစ် ဆန့်ကျင်ဘက် လိင်တစ်ဦးနှင့် ချိန်းတွေ့ခြင်း ဖြစ်ပေသည် ။
" ဝမ်ဖူကျင်းဘက် လမ်းလျှောက်သွားကြရင် ကောင်းမလား .. "
ယန်ကျီဝမ်က အကြံပြုလိုက်သည် ။ အမှန်အတိုင်း ပြောရလျှင် သူ ဤခေတ်သို့ ရောက်လာခဲ့သည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဟောက်ဟိုင်ရေကန်မှလွဲ၍ တခြား ဘယ်နေရာကိုမှ သေသေချာချာ မရောက်ဖူးသေးချေ ။ သူ စက်ဘီးဝယ်ရန် ဝမ်ဖူကျင်းသို့ တစ်ကြိမ်သာ ရောက်ဖူးခဲ့ဖူး၏ ။ သို့သော် ထိုစဥ်ကလည်း ရာသီဥတု အခြေအနေကြောင့် သူ စက်ဘီးပတ်စီးပြီး မလည်ပတ်ခဲ့ရပေ ။
" အင်း .. "
ယွီလီက ခေါင်းညိတ်လိုက်သည် ။
" ဒါဆို သွားကြတာပေါ့ .. ကျွတ် .. ကံကြမ္မာက ငါတို့ဘက်မှာ မရှိဘူး ထင်တယ် .. "
သူတို့ အိမ်ထဲမှ ထွက်ခွာတော့မည့် အချိန်မှာပင် ကောင်းကင်ယံမှ နှင်းပွင့်ငယ်လေးများ ကျဆင်းလာခဲ့သည် ။ နှင်းကျနေချိန်တွင် အပြင်ထွက် လမ်းလျှောက်ရန်က ကောင်းသော အကြံအစည် မဟုတ်ချေ ။
" အင်း .. "
ယွီလီ၏ မျက်နှာပေါ်တွင်လည်း စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာသည် ။
ထိုသည်ကို မြင်သောအခါ ယန်ကျီဝမ်က..
" ဟော့ပေါ့ သွားစားကြရင် ကောင်းမလား .. "
" ဟင် .. "
ယွီလီ အံ့သြသွားပြီး..
" ဒါပေမယ့် ကျွန်မတို့ ခုနက မနက်စာ စားပြီးတာလေ .. "
အမှန်တော့ ယန်မိသားစု၏ စားသောက်မှု အခြေအနေက အလွန်ကောင်းမွန်လှသည် ။ မနက်စောစောမှာပင် မန်ထိုများ စားနိုင်ကြ၏ ။ ကောက်ပဲသီးနှံ ရိက္ခာများ လျှော့ချခံရပြီး ကတည်းက သူမတို့ မိသားစုဆိုလျှင် အဖြူရောင် ဂျုံမှုန့်ကိုပင် မမြင်ဖူးတော့ဘဲ စားတိုင်း ပြောင်းဖူးမုန့်ကြမ်းကိုသာ စားနေရသည် မဟုတ်ပါလော။
( အဲ့ခေတ်က ပြောင်းဖူးမှုန့် ဆိုတာက ပြောင်းဖူးရိုးတွေပါ ထည့်ကြိတ်ထားတာ ..)
" ရပါတယ် .. နှင်း ရှောင်ဖို့ ဆိုင်ထဲ ထိုင်နေကြတာပေါ့ .. "
ထို့နောက် ယွီလီ ငြင်းဆန်မည်ကို မစောင့်တော့ဘဲ သူက လက်လှမ်းကာ ယွီလီ၏ လက်ကို ဆွဲ၍ ရှေ့သို့ လျှောက်သွားသည် ။
သူ၏ ရင်းနှီးသော အထိအတွေ့ကို ခံစားမိလိုက်သောအခါ ယွီလီ၏ မျက်နှာလေး ရဲရဲ နီသွားရှာ၏ ။ လမ်းလျှောက်သည့် လှုပ်ရှားမှုကြောင့်လော သို့မဟုတ် ရှက်ရွံ့မှုကြောင့်လော ဆိုသည်ကိုတော့ သူမကိုယ်တိုင်ပင် ဝေခွဲမရတော့ချေ ။
ယန်ကျီဝမ်က ဟော့ပေါ့ဆိုင် တစ်ဆိုင်ကို ရှာတွေ့သွားပြီး ယွီလီကို အထဲသို့ ခေါ်သွားသည် ။
ခဏကြာသောအခါ ။
ဟင်းသီးဟင်းရွက်များနှင့် သိုးသားလွှာများ ပြည့်နေသော စားပွဲကိုကြည့်ပြီး ယွီလီက နှမြောဟန်ဖြင့်...
" ယန်ကျီဝမ် .. တော်ပါတော့ .. ကျွန်မ ဒီလောက် အများကြီး မစားနိုင်တော့ဘူး .. နောက်ထပ် မမှာနဲ့တော့ .. "
" ကောင်းပါပြီ .. ရှိတာကို အရင်စားကြတာပေါ့ .. မလောက်ရင် ထပ်မှာလို့ ရတယ်နော်.. "
ထိုအခါမှသာ ယန်ကျီဝမ်က စားပွဲထိုးကို ထွက်သွားခွင့် ပြုလိုက်သည် ။
ယန်ကျီဝမ်က သူ၏ တူဖြင့် ဟော့ပေါ့အိုးထဲမှ သိုးသားတစ်ဖတ်ကို ကောက်ယူကာ ယွီလီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး..
" အများကြီး စားနော် .. အားနာမနေနဲ့ .. "
" ကျေးဇူးတင်ပါတယ် .. "
ယွီလီက သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သိုးသားကို အနည်းငယ် ကိုက်စားလိုက်သည် ။
နှစ်ယောက်သား ခဏတာ တိတ်ဆိတ်စွာ စားသောက်နေကြသည် ။
ထို့နောက် ယန်ကျီဝမ်က ရုတ်တရက် စကားစလိုက်၏ ။
" မင်း ဒီနေ့ ဘာလို့ လာတာလဲ .. ငါ မင်းကို ကယ်ခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပေးအပ်ဖို့ စီစဥ်နေတာတော့ မဟုတ်ပါဘူးနော် .. "
" ရှင် .. "
ယွီလီက မျက်နှာ နီရဲသွားပြီး သူ့ကို စိုက်ကြည့်လိုက်သည် ။
' ဒီလူက ဘယ်လိုလုပ်ပြီး ဟိုက်တန် ပြောသလောက် ရိုးသားတဲ့သူ ဖြစ်နိုင်မှာလဲ .. '
သူမ တွေးလိုက်သည် ။ ဤသည်က အမှန်တရား ဖြစ်သော်လည်း ဤသို့ ပွင့်ပွင့်လင်းလင်းကြီး မပြောသင့် ။
" မဟုတ်ဘူးလား .. "
ယန်ကျီဝမ်က စိတ်ပျက်လက်ပျက် လေသံဖြင့်..
" မင်းက ငါ့ရည်းစား ဖြစ်လာမယ်လို့ ငါထင်နေခဲ့တာ .. ငါ အတွေးလွန်သွားတယ် ထင်တယ်.. "
ယွီလီက အံကို ကြိတ်လိုက်ပြီး..
" ယန်ကျီဝမ် .. ရှင်က မိန်းကလေးတွေနဲ့ဆို ဒီလို စကားမျိုး အမြဲ ပြောလေ့ရှိတာလား .. "
ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။
" ငါ မသိဘူး .. ငါ တခြား မိန်းကလေးတွေနဲ့မှ စကားမပြောဖူးတာ .. "
ဤသည်က အမှန်ပင် ။ သူ၏ ပဥ္စမညီမနှင့် အဘွားကြီးတို့ကို မိန်းကလေးစာရင်းထဲ ထည့်တွက်၍ မရသလို ခြံဝင်းထဲက အခြား အမျိုးသမီးများကိုလည်း ရေတွက်၍ မရချေ ။ တိတိကျကျ ပြောရလျှင် သူ စကားအနည်းငယ် ပြောဖူးသည့် တစ်ဦးတည်းသော အမျိုးသမီးက လိုရှောင်အဲ ပင် ဖြစ်သည် ။ သို့သော် သူမနှင့် မတွေ့ဖြစ်သည်မှာ အတော်လေး ကြာခဲ့လေပြီ ။
ထို့ကြောင့် သူမ လက်လျှော့လိုက်ပြီဟု သူ ခန့်မှန်းမိသည် ။ ထိုသို့ဆိုလျှင်လည်း ကောင်းပေသည် ။ အလုပ်ရှုပ် သက်သာသွား၏ ။ သူတို့သာ ဆက်၍ ရင်းနှီးနေမည် ဆိုလျှင် ယန်ကျီဝမ်သည် တစ်နေ့တွင် သွေးဆောင်မှုကို ခံနိုင်ရည်မရှိဘဲ သူမကို အပိုင်သိမ်းမိသွားမည်ကို တကယ်ပင် စိုးရိမ်နေမိသည် ။ သူ အရင်က တွေးခဲ့သလိုပင် သူသာ ဇနီးတစ်ယောက် ရှာရမည်ဆိုလျှင် ယွီလီက အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု ခံစားနေရဆဲပင် ။
သူက သူမကို မတော်တဆ ကယ်တင်ခဲ့ဖူးပြီး ဆက်ဆံရေး တစ်ခု တည်ဆောက်ရန် မျှော်လင့်နေခဲ့သည်က တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သည် ။ သို့ပေသိ ယခုတော့ သူ အတွေးလွန်သွားပုံ ရ၏ ။
" ငါ မယုံဘူး .. "
ယွီလီက နှာခေါင်းရှုံ့လိုက်သည် ။ ယန်ကျီဝမ်၏ လှည့်စားတတ်သော အကြည့်များနှင့် စကားတက်ပုံကမိန်းကလေးများနှင့် စကားမပြောဖူးဘူး ဆိုသည်ကို သူမ မယုံ ရေးချ မယုံ ။
" ငါ အမှန်အတိုင်း ပြောနေတာပါ .. "
ယန်ကျီဝမ်က လေးနက်စွာ ရှင်းပြသည် ။
" အရင်တုန်းက တက္ကသိုလ်တက်ဖို့ကိုပဲ အာရုံစိုက်ခဲ့တာ .. ပညာရေးကိုပဲ ဦးစားပေးခဲ့ပေမယ့် ကျရှုံးခဲ့ရတယ် .. အခုတော့ ငါ့မိသားစု ကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်အောင် ကြိုးစားချင်တယ် .. မယုံရင် ငါ့မိဘတွေကို မေးကြည့်လို့ ရတယ် .. "
" ဒါဆို ကျွန်မက ပထမဆုံးပေါ့ .. "
ယွီလီ အနည်းငယ် ပျော်ရွှင်သွားသည် ။
" အနည်းနဲ့အများတော့ ဟုတ်တယ် .. "
ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည် ။
" အနည်းနဲ့အများဆိုတာ ဘာကို ပြောတာလဲ .. ဟုတ်တယ်ဆို ဟုတ်တယ်ပေါ့ .. "
ယွီလီက ဇွတ်မေးသည် ။
" မင်းကိစ္စ မဟုတ်တာကို ဝင်မစွက်ပါနဲ့ .. "
ယန်ကျီဝမ်က မကျေမနပ်ဖြင့်..
" မင်းက ငါ့ရည်းစားမှ မဖြစ်တော့တာ .. ငါက ဘာလို့ မင်းကို ရှင်းပြနေရမှာလဲ .. "
" လူယုတ်မာ .. "
ယွီလီက ဒေါသထွက်သွားပြီး အလိုအလျောက် ပြောချလိုက်မိသည် ။
" ရှင် ကျွန်မကို နမ်းပြီး ကိုင်..ကိုင်ခဲ့လို့.. ရှင် ကျွန်မကို လက်ထပ်ရမယ်လို့ အဖေက ပြောတယ် .. "
" အဲဒါ ဘယ်တုန်းက ဖြစ်ခဲ့လို့လဲ .. "
ယန်ကျီဝမ် ခဏရပ်သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားသည် ။
" သြော် .. အဲဒီနေ့က ငါ မင်းကို ကယ်ခဲ့တဲ့ အချိန်ကို ပြောတာလား .. အဲဒီတုန်းက ငါက မင်းကို ကယ်နေရတာလေ .. ငါ ဘာအရသာမှတောင် မခံစားလိုက်ရဘူး .. "
သူက နောက်ဆုံး စကားစုကို အလွန် တိုးတိုးလေး ရေရွတ်လိုက်သည် ။ သို့သော် ယွီလီက ကြားလိုက်ရဆဲ ဖြစ်ရာ မျက်နှာ နီရဲသွားပြီး တံတွေးမျိုချလိုက်မိသည် ။
" နှာဘူး .. "
ယန်ကျီဝမ်က ကြောင်တောင်တောင်ဖြင့် ရယ်လိုက်၏ ။
ခဏအကြာတွင် ယွီလီက ရုတ်တရက် စကားစသည် ။
" ဟေး .. ရှင် ကျွန်မကို မဖြေသေးဘူးနော် .. "
" ဘာကို ဖြေရမှာလဲ .. "
ယန်ကျီဝမ်က သူမကို ရှုပ်ထွေးစွာ ကြည့်လိုက်သည် ။
ယွီလီက ရှက်ရွံ့ ဒေါသထွက်နေသည့် လေသံဖြင့်..
" ကျွန်မရဲ့ ရည်းစား ဖြစ်ချင်လားလို့ မေးနေတာ .. "
" အမ်.. "
ယန်ကျီဝမ်က အံ့အားသင့်စွာဖြင့်..
" မင်းက ငါ့ရည်းစား ဖြစ်ချင်တယ်လား .. အင်းလေ .. ငါလည်း အဲဒါကို သဘောတူပါတယ် .. ဘာပဲဖြစ်ဖြစ် မင်းက လှလည်း လှတယ်.. ခန္ဓာကိုယ် အချိုးအစားကလည်း ငါ့ရဲ့ အလှအပ စံနှုန်းနဲ့ အကိုက်ပဲ .. "
" ရှင်က အဲဒါကိုပဲ ဂရုစိုက်တာလား .. "
ယွီလီ ဆွံ့အသွားသည် ။ ဤလူက လက်တွေ့ကျလွန်းလှ၏ ။
" မဟုတ်လို့လား .. "
ယန်ကျီဝမ်က ရှင်းပြသည် ။
" ဆက်ဆံရေး တစ်ခုရဲ့ အစက ရုပ်ရည်သွင်ပြင်ကနေ စရတာပဲလေ .. ပထမဆုံး မြင်တဲ့အချိန် ဆွဲဆောင်မှု မရှိရင် ဘယ်လိုလုပ် ဆက်ပြီး ရင်းနှီးနိုင်မှာလဲ .. ပြီးမှပဲ အတွင်းစိတ်အလှကို ဖြည်းဖြည်းချင်း ရှာတွေ့နိုင်မှာပေါ့ .. "
ယွီလီ နားထောင်ရင်း နှုတ်ခမ်းလေး စူထားမိသည် ။ သူပြောသည်က အမှန်ပင် ဖြစ်သော်လည်း သူ၏ စကားများကို ကြားရသည်က နားထဲ ကိုးလို့ကန့်လန့် ဖြစ်နေ၏ ။
" သွားကြစို့ .. "
ယန်ကျီဝမ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည် ။
" ဘယ်ကို သွားမှာလဲ .. "
ယွီလီက ဇဝေဇဝါဖြင့် မေးသည် ။
" ငါ မင်းကို အိမ်ပြန်ပို့ပေးမယ် .. ဒီနှင်းတွေက ဘယ်တော့ တိတ်မယ်မှန်း ဘယ်သူမှ မသိနိုင်ဘူး .. ဒါကြောင့် အခု ချက်ချင်း ပြန်ပို့ပေးတာ အကောင်းဆုံးပဲ .. "
" သြော် .. ဒါဆိုလည်း ရပါတယ် .. ဘယ်လိုပဲဖြစ်ဖြစ် သိပ်မဝေးပါဘူး .. ကျွန်မဘာသာ ပြန်လို့ ရပါတယ် .. "
" အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့ .. ငါ မင်းရဲ့ အိမ်တံခါးကို မှတ်ထားဖို့ လိုသေးတယ်လေ .. "
ယွီလီ၏ မျက်နှာလေးသည် ထိုစကားကို ကြားသောအခါ ရဲတွတ်သွားသည် ။ ထိုစကားကြောင့်ပင် သူတို့၏ ဆက်ဆံရေးသည် လက်တွေ့ကျကျ စတင် အသက်ဝင်လာခဲ့လေပြီ ။
" အွင်း..."
သူမ တိုးတိုးလေး ဖြေလိုက်ပြီးနောက် နှစ်ယောက်သား ဟော့ပေါ့ဆိုင်မှ ထွက်လာခဲ့ကြသည် ။
လမ်းမပေါ်တွင် သူတို့ ဘေးချင်းယှဥ်၍ လျှောက်လာခဲ့ကြသည် ။ မိနစ်နှစ်ဆယ်ခန့် အကြာတွင် သူတို့ကျယ်ဝန်းသော ခြံဝင်းတစ်ခုရှေ့၌ ရပ်တန့်လိုက်ကြသည် ။
" ကျွန်မ ရောက်ပြီ .. "
ယွီလီက ပြောလိုက်သည် ။
" ယန်ကျီဝမ် .. ကျွန်မကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် .. ရေနွေးလေးဘာလေး သောက်ဖို့ အထဲ ဝင်ဦးမလား .. "
" မဝင်တော့ဘူး .. တံခါးကို ငါ မှတ်မိသွားပြီ .. အအေးပတ်မှာ ဆိုးလို့ ငါ အရင် ပြန်တော့မယ် .. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းပြပြီး အိမ်ပြန်ရန် လှည့်ထွက်လိုက်သည် ။
ယွီလီက စိုးရိမ်တကြီးဖြင့်..
" ဟေး .. ရှင် .. "
ယွီလီက နောက်တစ်ခါ ပြန်တွေ့မည့် အချိန်ကို မေးချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမက မိန်းကလေး တစ်ယောက်ဖြစ်ရာ ဤမျှလောက် တက်ကြွ မနေသင့်ဟု သတိရသွားကာ ပါးစပ် ပိတ်ထားလိုက်သည် ။ တစ်ချိန်တည်းမှာပင် သူမ အနည်းငယ် ဒေါသထွက်သလို ခံစားလိုက်ရ၏ ။ ဤငတုံးက အချစ်ဇာတ်လမ်းတွေ အကြောင်းကို နည်းနည်းလေးမှ နားမလည် ။ သူတို့နှစ်ယောက် လက်ထပ်တော့မည့် အချိန်ရောက်လျှင်ပင် စကားတစ်ခွန်းမှ ချိုချိုသာသာ ပြောတတ်မည် မဟုတ်ချေ ။ တကယ်ကို စိတ်ပျက်စရာ ကောင်းလှ၏ ။
" မနက်ဖြန် ငါ ထပ်လာခဲ့မယ် .. ငါ ပြန်တော့မယ် .. "
ယန်ကျီဝမ်က ယွီလီ ဘာပြောချင်သည် ဆိုတာကို သိနေပုံရပြီး လက်ကို ဝှေ့ယမ်းကာ စကားတစ်ခွန်းချန်ရစ်ပြီး နောက်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည် ။
ယွီလီ၏ နှုတ်ခမ်းလေးများက အပေါ်သို့ အနည်းငယ် ကွေးညွတ်သွားပြီး..
' ဟွန်း .. အနည်းဆုံးတော့ ရှင့်မှာ ဆင်ခြင်တုံတရားလေးတော့ ရှိပါသေးတယ် .. '
ထိုသို့ တွေးလိုက်ပြီးနောက် သူမသည် ပျော်ရွှင်စွာဖြင့် ခြံဝင်းထဲသို့ ဝင်သွားတော့သည် ။
ထိုစဥ် အသက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက ရုတ်တရက် ခုန်ထွက်လာပြီး..
" လီလီ .. ခုနက အဲဒီ လူငယ်လေးက ဘယ်သူလဲ .. သူက နင့်ရဲ့ ရည်းစားလား .. သူက ချောတယ်နော် .. သူ ဘယ်မိသားစုကလဲ .. "
ယွီလီ လန့်သွားပြီး နောက်လှည့်မကြည့်တော့ဘဲ အိမ်ဆီသို့ အမြန် ပြေး၏ ။ သူမ ဤအသက်လတ်ပိုင်း အမျိုးသမီးများ၏ ကောလာဟလ ဖြန့်တတ်သည့် စွမ်းရည်ကို ကောင်းစွာ သိရှိထားသည် ။ သူတို့သာ သိသွားပါက ခြံဝင်းတစ်ခုလုံး သို့မဟုတ် လမ်းကြားတစ်ခုလုံးပင် မနက်ဖြန်တွင် သူမအကြောင်းကို သိသွားကြမည်မှာ အသေအချာပင် ။