အခန်း ၁၃၀
Vol. 13 Ch. 130
Chapter 130
~
အခန်း ၁၃၀ : မင်းတို့ ခြံဝင်းထဲက အိမ်နီးချင်းတွေက အရမ်းကို စိတ်အားထက်သန်တာပဲနော်...
~
ယွီလီ အိမ်ပြန်ရောက်သည်နှင့် တံခါးကို ချက်ချင်း ပိတ်လိုက်သည် ။
အမေယွီက စပ်စုဟန်ဖြင့်...
" လီလီ .. ခွေးလိုက်ဆွဲလို့ ပြေးလာတာလား .. "
ယွီလီက ခေါင်းခါပြသည် ။
အမေယွီက ရှုပ်ထွေးဟန်ဖြင့် ထပ်မေး၏ ။
" လီလီ .. ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ .. နောက်မှ ပြန်လာဖို့ ငါ မှာထားတယ် မလား .. အိမ်အလုပ်တွေကို တက်တက်ကြွကြွနဲ့ ပိုလုပ်ပေးရမယ်လေ .. ဒါမှ နင် အလုပ်လုပ်တတ်တယ် ဆိုတာကို သူတို့ သိသွားမှာပေါ့ .. "
ယွီဟိုက်တန်က ကိုယ်ကို ကိုင်းကာ ကောလာဟလ သတင်းမေးသလို လေသံဖြင့် ...
" မမ .. ဘယ်လိုလဲ .. ခဲအိုကို ရခဲ့ပြီလား .. "
ဆေးလိပ် သောက်နေသော အဖေယွီကလည်း လှမ်းကြည့်လာသည် ။
အမေယွီက ဝင်ငေါက်လိုက်သည် ။
" ကလေးစုတ်လေး.. ဘယ်လိုလုပ် ဒီလောက် မြန်မြန် ဖြစ်နိုင်ပါ့မလဲ .. ဖြည်းဖြည်းချင်း အချိန်ယူရမှာပေါ့ .. ဒါပေမယ့် ငါ့သမီး လီလီက ချောတော့ ယန်မိသားစုက ကောင်လေးကို ငါ့သမီး နောက်ဆုံးမှာ အပိုင်သိမ်းနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် .. "
" တော်ပါတော့ မိန်းမရာ .. မသိတဲ့သူတွေ ကြားသွားရင် ငါတို့ လီလီကပဲ အတင်း လိုက်ကပ်နေတယ်လို့ ထင်သွားကြလိမ့်မယ် .. "
အဖေယွီက မကျေမနပ်ဖြင့် ဝင်ပြောလိုက်သည် ။
" ရှင်ကတော့ အကုန်လုံးကို လိုက်ပြောနေတော့တာပဲ ..ဟမ့်.. "
အမေယွီက နှာခေါင်းရှုံ့လိုက်ပြီး...
" ရှင်ပဲ လီလီနဲ့ ယန်မိသားစုက ဒုတိယသားတို့ ကိစ္စကို သဘောတူတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား .. လီလီက ကောင်းမွန်တဲ့ အိမ်ထောင်ရေး လက်လွတ်သွားမှာကို ကျွန်မက စိုးရိမ်နေတာပါရှင့်.. "
အဖေယွီ စကားပြန်မပြောနိုင်တော့ ။
' မင်းက သူ့ရဲ့ ငွေရှာနိုင်စွမ်းကိုပဲ သဘောကျနေတာလို့ ငါ ထင်တယ် .. '
စိတ်ထဲမှသာ တွေးလိုက်မိသည် ။
ယွီဟိုက်တန်က ယွီလီ၏ လက်မောင်းကို ဆွဲခါလိုက်ပြီး ပြောသည် ။
" မမ .. မြန်မြန် ပြောပြပါဦး .. "
ယွီလီက ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း ခေါင်းညိတ်ပြလိုက်သည် ။
" ဝါးးးး .. မမက တကယ်ကို အံ့သြစရာ ကောင်းတာပဲ .. ခဲအိုကို ဒီလောက် မြန်မြန် ရသွားတာပေါ့ .. "
ယွီဟိုက်တန် အလွန် အံ့အားသင့်သွားသည် ။
ယွီလျန်ကလည်း ပျော်ရွှင်စွာ လက်ခုပ်တီးပြီး ဝင်ပြောသည် ။
" ယေးး .. ကောင်းလိုက်တာ .. အခုကစပြီး ငါးတွေ အများကြီး စားရတော့မယ် .. "
အဖေယွီက အံ့သြသွားပြီး..
" လီလီ .. သမီးပြောတာ တကယ်ပဲလား .. "
အမေယွီက မကျေမနပ်ဖြင့် ...
" အဘိုးကြီး .. ရှင် ဘာကို ဆိုလိုချင်တာလဲ .. ကျုပ်တို့ လီလီရဲ့ ရုပ်ရည်လေးနဲ့ဆိုရင် ဒါက ဖြစ်သင့်တဲ့ အရာတစ်ခု မဟုတ်ဘူးလား .. "
ယွီလီက ခေါင်းငုံ့ကာ ရှက်ရွံ့စွာဖြင့် ပြန်ဖြေသည် ။
" သူက သမီးနဲ့ ရည်းစားဖြစ်ဖို့ သဘောတူလိုက်ပြီ .. မနက်ဖြန်ကျရင် အိမ်ကို လာလည်မယ်လို့လည်း ပြောတယ် .. "
" သြော် .. သားမက်က လာလည်တော့မှာပေါ့ .. ဒါဆိုရင် မနက်ဖြန် သူ့ကို ဧည့်ခံဖို့ တစ်ခုခု ကောင်းကောင်း ပြင်ဆင်ထားရမယ် .. "
အမေယွီက ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည် ။
အဖေယွီက...
" သူ လက်ထပ်ခွင့် တောင်းဖို့ လာတာ မဟုတ်ဘဲ ဧည့်သည် တစ်ယောက် အနေနဲ့ပဲ လာမှာပါ .. မိန်းမရာ .. မင်းက အရမ်းတွေ လောမနေပါနဲ့ .. သူ့ကို လန့်သွားအောင် မလုပ်ပါနဲ့ဦး .. "
" ဟင်းသီးဟင်းရွက်တွေ ဝယ်တာကို မေ့လိုက်တော့ .. အိမ်မှာ အသားနည်းနည်း ဆားနယ်ထားတာ ရှိသေးတယ် .. ယန်လေးကို ဧည့်ခံဖို့ အဲဒါကို သုံးလိုက်ရုံပဲ .. "
" ကောင်းပါပြီ .. မင်း သဘောပါပဲ .. "
အမေယွီက ပြုံးကာ ခေါင်းညိတ်ပြသည် ။
ယွီဟိုက်တန်က နှုတ်ခမ်းစူလိုက်ပြီး..
" အမေ .. အဲဒါက နှစ်သစ်ကူးမှာ စားဖို့ ဆားနယ်ထားတာ မဟုတ်ဘူးလား .. "
မနက်ဖြန်သာ စားလိုက်လျှင် နှစ်သစ်ကူးအတွက် ဘာမှ ကျန်တော့မည် မဟုတ်ချေ ။
အမေယွီက ဆူငေါက်လိုက်သည် ။
" ဘာလို့ ဒီလောက် ကပ်စေးနှဲနေရတာလဲ ကောင်မလေးရဲ့ .. နင့် ခဲ့အိုရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် နောင်တစ်ချိန်မှာ စားစရာ သောက်စရာ ပြတ်သွားစရာ အကြောင်း ရှိလို့လား .. "
ယွီဟိုက်တန် ရုတ်တရက် သဘောပေါက်သွားကာ လက်ခုပ်တီးလိုက်သည် ။
" ဟုတ်တယ် .. သမီး ခဲအိုက အရမ်း တော်တာပဲ .. နောင်တစ်ချိန်ကျရင် အရသာရှိတဲ့ အစားအစာတွေ အများကြီး ယူလာပေးမှာ .. "
ယွီလီက အကူအညီမဲ့စွာဖြင့် ဝင်ပြောသည် ။
" အမေ .. သမီးတို့က အခုမှ ရည်းစား စဖြစ်ကြတာပါ .. အမေက နည်းနည်း အတွေးလွန်နေပြီ .. "
တစ်ယောက်က သားမက်ဟု ခေါ်ပြီး နောက်တစ်ယောက်က ခဲအိုဟု ခေါ်နေကြ၏ ။ မသိသော သူများသာ ကြားသွားပါက သူတို့ လက်ထပ်ပြီးသွားပြီဟုပင် ထင်သွားနိုင်ပြီး ရှုပ်ထွေးသွားနိုင်သည် ။
နောက်တစ်နေ့ မနက်ခင်း ...
ယန်ကျီဝမ် မနက်စာ စားပြီးသည်နှင့် စစ်အနွေးထည်ကို ဝတ်ဆင်ကာ အပြင်ထွက်ရန် ပြင်လိုက်သည် ။
ယန်ဖူကွေ့က အလျင်အမြန် မေးလိုက်သည် ။
" ဒုတိယသား .. ဘယ်သွားမလို့လဲ .. ငါးသွားမျှားမလို့ ဆိုရင် ငါလည်း လိုက်ခဲ့မယ်လေ .. "
ယန်ကျီဝမ်က ပြန်မေးလိုက်သည် ။
" အဖေက ရေခဲပြင်ကို အပေါက်ဖောက်ဖို့ လိုက်လာမှာလား .. "
မနေ့ညက နှင်းအများကြီး ကျထားပြန်သည် ။ မနက်ရောက်လျှင် အိမ်ရှေ့မှ နှင်းများကို ရှင်းလင်းလိုက်ရသည် ။ ဟောက်ဟိုင်ရေကန်မှ ရေခဲများက အခုဆိုလျှင် ပို၍ ထူထပ်နေမည်မှာ အသေအချာပင် ။ ငါးဖမ်းချင်လျှင် ရေခဲပြင်ကို အပေါက်ဖောက်ရမည် ဖြစ်ပြီး မဟုတ်ပါက ငါးဖမ်းနိုင်မည် မဟုတ်ချေ ။ သို့သော် အဓိက ပြဿနာမှာ အပေါက်ဖောက်လိုက်လျှင်ပင် ငါးများက အစာ လာဟပ်မည် မဟုတ်ပေ ။
" လူငယ်တွေ ဆိုတာ လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်လေ .. မင်းပဲ လုပ်ရမှာပေါ့ .. "
ယန်ဖူကွေ့က ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုပင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ပြောသည် ။
" ဒါဆိုလည်း ထားလိုက်ပါတော့ .. ကျွန်တော် ယွီလီ့ အိမ်ကို သွားမလို့ .. "
" ဟမ် .. "
ယန်ဖူကွေ့က အစပိုင်းတွင် လန့်သွားသော်လည်း နောက်တော့ အံ့အားသင့်စွာဖြင့် မေးလိုက်၏ ။
" တော်လိုက်တဲ့ ကောင်လေး .. အချိန် ဘယ်လောက်မှတောင် မကြာသေးဘူး .. မင်းတို့ နှစ်ယောက် အဆင်ပြေသွားကြပြီလား .. "
" အဖေပဲ ပြောခဲ့တာ မဟုတ်ဘူးလား .. အဖေ့အတွက် ချွေးမ တစ်ယောက် ပြန်ခေါ်လာဖို့ ပြောထားတာလေ .. ယွီလီက အတော်လေး သင့်တော်တယ်လို့ ကျွန်တော် ထင်တယ် .. အဖေလည်း သူ့ကို သဘောကျတယ် မဟုတ်လား .. "
ယန်ကျီဝမ်က ပခုံးတွန့်ကာ ပြောလိုက်သည် ။
ရန်ရွေ့ဟွား အခန်းထဲမှ ထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ...
" ဒါဆို ဒုတိယသား .. မင်းနဲ့ လီလီ ဘယ်တော့ မှတ်ပုံတင်ဖို့ စီစဉ်ထားလဲ .. ဝတုတ်တုတ် ယောက်ျားလေး တစ်ယောက်လောက် စောစော မွေးပေးပါ .. ဒါမှ ငါ မင်းတို့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေးနိုင်မှာ .. "
" ဟုတ်တယ် .. ဒါက ကိစ္စကြီးတစ်ခုပဲ .. ငါလည်း သဘောတူတယ် .. "
ယန်ဖူကွေ့က အပြုံးဖြင့် ခေါင်းညိတ် ထောက်ခံလိုက်သည် ။
" အဖေနဲ့ အမေတို့ နှစ်ယောက်က နည်းနည်း စိတ်ကူးယာဥ် လွန်နေကြပြီထင်တယ် .. ကျွန်တော်က အသက် ဆယ့်ကိုးနှစ်ပဲ ပြည့်သေးတာလေ .. မှတ်ပုံတင်ဖို့အတွက် နောက်တစ်နှစ် ထပ်စောင့်ရဦးမှာပေါ့ .. "
ယန်ကျီဝမ်က ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြသည် ။
ယန်ဖူကွေ့က ဂရုမစိုက်သည့် ဟန်ဖြင့် ...
" ဘာအရေးကြီးလို့လဲ .. အသက်ကို ပြင်ဖို့အတွက် ပိုက်ဆံနည်းနည်း ပေးလိုက်ရုံပဲကို .. လူအများစုက ဒီလိုပဲ လုပ်နေကြတာလေ .. "
ဤသည်က မှန်ကန်ပေသည် ။ ထိုသို့ လုပ်ဆောင်သူများလည်း အတော်လေး များပြားလှသည် ။ လမ်းရုံးကပင် ဤကိစ္စကို တိတ်တဆိတ် သဘောတူထားကြသည် ။ လမ်းရုံးက အသက်ကို ပြောင်းလဲပေးပြီး လက်မှတ် ထုတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လက်ထပ်ထိမ်းမြားခြင်း အတွက် မှတ်ပုံတင်နိုင်ပြီ ။
" နောက်မှပဲ ဆက်ပြောကြတာပေါ့ .. "
ယန်ကျီဝမ်က အခုချက်ချင်း မှတ်ပုံတင်ရန်မှာ စောလွန်းသေးသည်ဟု ခံစားရပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ရည်းစားဘဝဖြင့်သာ နေသွားရန်က ပိုကောင်းမည်ဟု တွေးလိုက်သည် ။
ယန်ကျီဝမ် ထွက်သွားတော့မည်ကို မြင်လျှင် ယန်ဖူကွေ့က အမြန် တားလိုက်ပြီး...
" နေဦး .. မလောနဲ့ဦး .. အဘိုးကြီးယွီ ဆီကို လက်ဖက်ခြောက် နည်းနည်းလောက် ယူသွားပေးပါဦး .. "
ထို့နောက် သူ အိတ်တစ်လုံးကို ယူကာ ယန်ကျီဝမ် ထံသို့ ကမ်းပေးလိုက်သည် ။
ယန်ကျီဝမ်က ရယ်စရာကောင်းသည့် ဟန်ဖြင့် ပြန်ပြောလိုက်သည် ။
" အဖေ .. ဦးလေးယွီ ကို ပေးလိုက်ရင် အဖေ့အတွက် သောက်စရာ မရှိတော့မှာကို မကြောက်ဘူးလား .. "
" ငါ့အတွက် နောက်ထပ် တစ်ထုတ်လောက် ပြန်ယူလာပေးရင် အဆင်ပြေသွားပြီ မဟုတ်ဘူးလား .. "
ယန်ဖူကွေ့က ဖြစ်သင့်ဖြစ်ထိုက်သည့် အရာတစ်ခုလိုပင် ပေါ့ပေါ့ပါးပါး ပြန်ဖြေသည် ။
ယန်ကျီဝမ် ဆွံ့အသွားသည် ။ အဘိုးကြီးကို မျက်လုံးသာ လှတ်ပြလိုက်တော့၏ ။ ထို့နောက် သူ၏ စက်ဘီးကို စီးကာ ထွက်လာခဲ့သည် ။
လမ်းတွင် နှင်းများ ကျနေသည့်အတွက် စက်ဘီးစီးရသည်မှာ မလွယ်ကူချေ ။ မြန်နှုန်းကလည်း အများကြီး နှေးကွေးသွားပြီး ယွီမိသားစု နေထိုင်သည့် ခြံဝင်းဆီသို့ ရောက်ရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူလိုက်ရသည် ။
ဝင်ပေါက်သို့ ရောက်သည်နှင့် အဘိုးကြီး တစ်ဦးက သူ့ကို လှမ်းတားလိုက်သည် ။
" လူငယ်လေး .. ဘယ်သူ့ကို လာရှာတာလဲ .. "
ယန်ကျီဝမ် စကားမပြောရသေးခင်မှာပင် အဒေါ်ကြီး တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောသည် ။
" ဒီလူငယ်လေးကို ငါ သိတယ် .. "
သူမက ယန်ကျီဝမ်ကို လှမ်းမေးလိုက်သည် ။
" ကောင်လေး .. မင်းက လီလီရဲ့ ရည်းစား မဟုတ်လား .. မနေ့က မင်း လီလီကို အိမ်ပြန်လိုက်ပို့တာ ငါ မြင်လိုက်တယ် .. "
သူမသည် မနေ့က ယွီလီ အိမ်ပြန်ရောက်စဉ်က တွေ့ခဲ့သည့် အဒေါ်ကြီးပင် ဖြစ်ပေသည် ။
" ဟုတ်ကဲ့ပါ .. ကျွန်တော်က ယွီလီရဲ့ ရည်းစားပါ .. ကျွန်တော့် နာမည်က ယန်ကျီဝမ် လို့ ခေါ်ပါတယ် .. "
ယန်ကျီဝမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သကြားလုံး အနည်းငယ်ကို ထုတ်ယူကာ အဘိုးအိုနှင့် အဘွားအိုတို့ထံ ကမ်းပေးလိုက်သည် ။
" ကလေးတွေ ခံတွင်းမြိန်အောင် အိမ်ကို ပြန်ယူသွားပေးလိုက်ပါဦး .. "
" အိုး .. လူငယ်လေးက အရမ်းကို ရက်ရောတာပဲ .. ဒါက နာမည်ကြီး ယုန်နို့သကြားလုံးတွေပဲ .. "
အဒေါ်ကြီးက လက်ခံရန် အနည်းငယ် ရှက်နေသော်လည်း ယန်ကျီဝမ်က သူတို့ လက်ထဲသို့ အတင်း ထည့်ပေးလိုက်သည် ။ ထို့နောက် အဒေါ်ကြီးက ယန်ကျီဝမ်ကို ဆွဲထားပြီး မေးခွန်းပေါင်းစုံ မေးတော့၏ ။ သူမ၏ စိတ်အားထက်သန်မှုကြောင့် ယန်ကျီဝမ် ကိုင်တွယ် ဖြေရှင်းရန်ပင် အတော်လေး ခက်ခဲသွားသည် ။ အချိန်ခဏလေး အတွင်းမှာပင် သူ၏ အိမ်ထောင်စု မှတ်ပုံတင်စာအုပ် တစ်အုပ်လုံးကို သေချာစွာ စစ်ဆေးခံလိုက်ရသလိုပင် ဖြစ်သွားချေသည် ။
ကံကောင်းထောက်မစွာဖြင့် ယွီလီ အချိန်မီ ထွက်လာပြီး ယန်ကျီဝမ်ကို ဆွဲခေါ်သွား၏။ ယန်ကျီဝမ်လည်း ထိုအခါမှသာ သက်ပြင်းချနိုင်သွားတော့သည် ။
ခြံဝင်းထဲသို့ ဝင်ပြီးနောက် ယန်ကျီဝမ်က ညည်းညူလိုက်သည် ။
" မင်းတို့ ခြံဝင်းထဲက အိမ်နီးချင်းတွေက အရမ်းကို စိတ်အားထက်သန်လွန်းကြတယ် .. "
ယွီလီက ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်လိုက်သည် ။
" အဒေါ်ကြီးယန် က အဲ့လိုပဲ .. မနေ့က ကျွန်မ ပြန်လာတုန်းကလည်း ဆွဲထားပြီး မေးခွန်းတွေ အများကြီး မေးသေးတယ် .. မြန်မြန် ထွက်ပြေးလာနိုင်ခဲ့လို့ တော်သေးတာပေါ့ .. "
ယန်ကျီဝမ်က သူ့လက်ထဲမှ အိတ်များကို ကမ်းပေးလိုက်ပြီး ...
" ဒီမှာ လက်ဆောင်တွေ ယူလာခဲ့တယ် .. "
" ဒီလောက် အများကြီးလား .. ဟယ် .. "
ယွီလီက ယူပြီး ဖွင့်ကြည့်လိုက်သောအခါ ချက်ချင်းပင် အံ့သြတကြီးဖြင့် အော်လိုက်မိ၏ ။ ထို့နောက် တခြားသူများ သတိထားမိသွားမည်ကို စိုးရိမ်သဖြင့် အသံကို နှိမ့်ကာ တိုးတိုးလေး မေးလိုက်သည် ။
" ဘာလို့ အသားတွေပါ ယူလာရတာလဲ .. "
အားလပ်ရက် မဟုတ်သလို ယခုလို ခက်ခဲကျပ်တည်းနေသည့် အချိန်မျိုးတွင် အသားစားခြင်းက အလွန်ကို သိသာလွန်းလှသည် ။ အသားအပြင် နို့သကြားလုံးများ ဆေးလိပ်နှင့် အရက်များလည်း ပါဝင်သေးသည် ။ ဤကဲ့သို့ ပြင်ဆင်လာမှုကြောင့် ယွီလီ အလွန်ပင် အံ့သြမှင်သက် သွားရချေသည် ။ ဤမျှလောက် များပြားသည့် ပမာဏက လက်ထပ်ခွင့် တောင်းရန်အတွက်ပင် လုံလောက်နေသည် ။
ယန်ကျီဝမ်က ပခုံးတွန့်ပြလိုက်ပြီး ...
" မင်းတို့ အိမ်ကို ပထမဆုံးအကြိမ် လာလည်တာလေ .. လက်ဗလာနဲ့တော့ ဘယ်လာလို့ ကောင်းပါ့မလဲ .. "
သူတို့ စကားပြောရင်း လမ်းလျှောက် လာကြသည်က ယွီမိသားစု၏ အိမ်တံခါးဝသို့ ရောက်ရှိလာသည် ။ ယွီဟိုက်တန်နှင့် ယွီလျန် တို့က တံခါးဝတွင် စောင့်နေကြ၏ ။
ယန်ကျီဝမ် ရောက်လာသည်ကို မြင်သောအခါ ယွီဟိုက်တန်က ပြုံး၍ ဆီးကြိုနှုတ်ဆက်လိုက်သည် ။
" ခဲအို .. နောက်ဆုံးတော့ ရောက်လာပြီပေါ့ .. အကို မသိဘူးနော်.. သမီး မမက အကို့ကို စောင့်ဖို့အတွက် မနက်အစောကြီး ထပြီး တံခါးဆီကို ခဏခဏ ပြေးပြေးကြည့်နေတာ.. "