အခန်း ၁၃၂
Vol. 13 Ch. 132
Chapter 132
~
အခန်း ၁၃၂ : ရေခဲငါးဖမ်းခြင်း
~
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည် ။
ယနေ့က နှစ်ဆယ့်ကိုးရက်နေ့ ဖြစ်ပြီး မနက်ဖြန်ဆိုလျှင် နှစ်သစ်ကူးအကြိုည သို့ ရောက်လေပြီ ။
ရန်ရွေ့ဟွား မိုးမလင်းခင်ကတည်းက အိမ်မှ ထွက်သွား၏ ။
မနက်စောစောတွင် အိမ်တိုင်းက သူတို့၏ တံခါးဝရှိ နှင်းများကို လှည်းကျင်းနေကြသည် ။ မနေ့ညက နှင်းအနည်းငယ် ပြန်ကျခဲ့သော်လည်း ယခု မနက်တွင်တော့ သာယာနေသည် ။ ယန်မိသားစုကလည်း သူတို့အိမ်ရှေ့က နှင်းများကို ရှင်းလင်းနေကြ၏ ။
ယန်ဖူကွေ့က ကောင်းကင်ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည် ။
" ဒီနေ့ နှင်းထပ်ကျတော့မယ့်ပုံ မပေါ်ဘူး.. မနက်ဖြန်လည်း နှင်းမကျရင် အကောင်းဆုံးပဲ.. ဒါမှ နှစ်သစ်ကူးကို ကောင်းကောင်း ဖြတ်သန်းနိုင်မှာ.. "
" နှင်းကျကျ..မကျကျ သိပ်အရေးမကြီးပါဘူး.. ကျွန်တော်တို့ အပြင်မှ မထွက်တာ.. "
ယန်ကျီဝမ်က စပ်စုစွာ မေးလိုက်သည် ။
" အဖေ.. အမေရော ဘယ်သွားလဲ.. "
" မင်းအမေ ဈေးသွားဝယ်တယ်လေ.. မနက်ဖြန်က နှစ်သစ်ကူးအကြိုညဆိုတော့ ငါတို့ စောစောစီးစီး ပြင်ဆင်ထားရမှာပေါ့.. "
ယန်ဖူကွေ့က ပြန်ဖြေသည် ။ ယန်ကျီဝမ်လည်း ခေါင်းညိတ်လိုက်၏ ။
နှင်းများ ရှင်းလင်းပြီးသွားသောအခါ ရန်ရွေ့ဟွား ပြန်ရောက်လာသည် ။ သို့သော်လည်း သူမက တစ်စုံတစ်ယောက်ကို ကျိန်ဆဲလာသည့်အလား မျက်နှာကြီး မည်းမှောင်နေပြီး ညည်းညူလာသည် ။
ယန်ကျီဝမ်က စနောက်လိုက်သည် ။
" အမေ.. ဘယ်သူက အမေ့ကို စိတ်တိုအောင် လုပ်လိုက်တာလဲ.. ကျွန်တော် သွားပြီး ရှင်းပေးရမလား.. "
" အားလုံးက အသားဝယ်တဲ့ကိစ္စကြောင့်ပဲ.. အဲဒီ ဝက်သားသည်ဆီမှာ အဆီများတဲ့ အသားတွေ ကျန်နေသေးတာကို.. တစ်ယောက်ယောက်က ကြိုမှာထားလို့ဆိုပြီး အမေ့ကို မရောင်းပေးဘူးလို့ အတင်းငြင်းနေတာ.. "
ရန်ရွေ့ဟွားက သူမ၏ ပစ္စည်းများကို ချထားလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည် ။
ယန်ကျီဝမ်က အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် အဆီနည်းသော အသားအနည်းငယ်သာ ပါလာပြီး တစ်ကျင်းပင် ပြည့်မည်မထင် ။
ယန်ကျီဝမ် ဆွံ့အသွားပြီး..
" အမေ.. အသားက ဒီလောက်လေးပဲ ဝယ်လာတာလား.. ဖက်ထုပ် တစ်ပွဲစာတောင် လုပ်ဖို့မလောက်ဘူးလေ.. "
နှစ်သစ်ကူးအတွက် တခြားဘာမှ မရှိလျှင်ပင် ဖက်ထုပ်ကတော့ မဖြစ်မနေ စားရမည့် အရာဖြစ်သည်။ ဤသည်က ထုံးစံတစ်ခုပင် ဖြစ်သည် ။
" အမေက ထပ်မဝယ်ချင်ဘူးလို့ နင်ထင်နေတာလား.. အမေ သန်းခေါင်ယံကတည်းက အဲဒီကို သွားတန်းစီနေခဲ့တာ.. အသားဝယ်တဲ့သူတွေ တန်းစီနေတာ အရမ်းရှည်တယ်.. အမေ့အလှည့်လည်း ရောက်ရော ဒါပဲ ကျန်တော့တာ.. "
ရန်ရွေ့ဟွားက မကျေမနပ်ဖြင့် ပြောလိုက်သည် ။
ယန်ဖူကွေ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး..
" ကောင်းပါပြီ.. နည်းတော့ နည်းတာပေါ့.. ဒါပေမယ့် လူတိုင်း နည်းနည်းစီ စားရရင် အဆင်ပြေပါတယ်.. "
ယန်ကျီဖန့်နှင့် အငယ်နှစ်ယောက်သည် ထိုစကားကို ကြားလျှင် ယန်ကျီဝမ်ကို မျှော်လင့်ချက်အပြည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏ ။ တခြားအချိန်တွေမှာဆိုလျှင်တော့ ကိစ္စမရှိ ။ သို့သော် နှစ်သစ်ကူးအချိန်တွင် တော့ ဖက်ထုပ်ကို ဝဝလင်လင် စားချင်ကြ၏ ။
ဒီကာလအတွင်း ထိုသုံးယောက်က ယန်ကျီဝမ်၏ အလိုလိုက်ခြင်းကို ခံထားရပေသည် ။ ယခင်ကဆိုလျှင် နှစ်သစ်ကူးအတွက် ဝက်ဆီနှင့် ဂေါ်ဖီထုပ်တို့ဖြင့် ပြည့်နေသော ဖက်ထုပ်များကို စားနိုင်လျှင်ပင် အရမ်းကောင်းနေပြီ ဖြစ်ရာ သူတို့ မည်သို့ ညည်းညူနိုင်မည်နည်း ။
ယန်ကျီဝမ်က..
" ထားလိုက်ပါတော့.. ကျွန်တော် သိတဲ့လူတွေ ရှိတယ်.. အသားဝယ်တဲ့ကိစ္စကို ကျွန်တော့်ဆီသာ ထားလိုက်.. "
ဤသည်က ကလေးများကြောင့် မဟုတ် ။ ရွှေလက်ချောင်း ပိုင်ရှင်က နှစ်သစ်ကူးအား ချို့ချို့တဲ့တဲ့ ဖြတ်သန်းနေရလျှင် သိက္ခာကျချေမည် ။
" ဒါဆိုရင် သွားဝယ်တဲ့အခါ အဆီများတဲ့အသားတွေ ပိုဝယ်ဖို့ မမေ့နဲ့နော်.. "
သူ ထိုသို့ပြောသည်ကို ကြားသောအခါ ရန်ရွေ့ဟွားက ချက်ချင်း မှာကြားလိုက်သည် ။
" နားလည်ပါပြီ.. "
ယန်ကျီဝမ်က သဘောတူလိုက်ပြီး..
" ငါးမပါရင် ကျွန်တော်တို့ နှစ်သစ်ကူးတာ မပီသဘူး ဖြစ်သွားမယ်.. "
သူက ယန်ဖူကွေ့ကို ကြည့်ကာ..
" အဖေ.. ခဏနေ ငါးသွားမျှားမလား.. "
ယန်ဖူကွေ့၏ မျက်လုံးများ တောက်ပသွားပြီး..
" ကောင်းပြီ.. အခုသွားကြမယ်.. "
ရာသီဥတုက သိသိသာသာ ပြောင်းလဲသွားသောကြောင့် သူ ငါးမမျှားရတာ ကြာပြီဖြစ်ပြီး လက်တွေပင် ယားယံနေလေပြီ ။ သူ၏ ဝါသနာကြောင့် ဖြစ်သည် ငွေကြောင့်မဟုတ် ။ လုံးဝ မဟုတ် ။ လုံးဝလုံးဝ မဟုတ် ။
" ဟုတ်ကဲ့ပါ.. အဲ့တာဆို ကျွန်တော် ပစ္စည်းတွေ သွားပြင်လိုက်ဦးမယ်.. "
ယန်ကျီဝမ်က စကားပြောပြီးသည်နှင့် အိမ်ထဲသို့ ပြန်ဝင်ကာ အရာအားလုံးကို ပြင်ဆင်လိုက်သည် ။
ခဏကြာတော့ ပစ္စည်းတွေ အားလုံး အဆင်သင့် ဖြစ်သွားသည် ။ ဒီအချိန်၌ ယန်ကျီခွမ်းက ယန်ကျီဝမ်ကို မေးလိုက်သည် ။
" အစ်ကိုနှစ်.. သားတို့လည်း လိုက်ချင်တယ်.. "
ယန်ဖူကွေ့က သူ့ကို တားလိုက်ပြီး..
" ဘာသွားကစားမလို့လဲ.. အဲဒီမှာ အရမ်းအန္တရာယ်များတယ်.. မင်းတို့ကို သွားခွင့်မပြုဘူး.. "
အငယ်နှစ်ယောက်က ထိုစကားကို ကြားလျှင် ယန်ကျီဝမ် အား ငိုမဲ့မဲ့ ကြည့်လိုက်ကြသည် ။
" သူတို့ သွားချင်ရင်လည်း သွားခွင့်ပေးလိုက်ပါ.. "
ယန်ကျီဝမ်က ယန်ကျီဖန့်ကို လှမ်းပြောလိုက်သည် ။
" တတိယ.. မင်းလည်း လိုက်ခဲ့.. မင်း ကလေးထိန်းရမယ်.. "
" ဟုတ်.. ကျွန်တော့် တာဝန်ကျေပွန်အောင် လုပ်ပါ့မယ်လို့ အာမခံပါတယ်.. "
ယန်ကျီဖန့်က လျင်မြန်စွာ သဘောတူလိုက်သည် ။ သူပါ လိုက်ချင်နေသော်လည်း ဖွင့်မပြောရဲခဲ့ ။ အစ်ကိုနှစ်ကို သူက နည်းနည်းတော့ ကြောက်ချေသည် ။
ယန်ကျီဝမ်က ဝင်ပြောပေးသည်ကို မြင်လျှင် ယန်ဖူကွေ့က ဆက်မကန့်ကွက်တော့ဘဲ..
" တတိယသား.. အငယ်နှစ်ယောက်ကို သေချာ ဂရုစိုက်နော် .. ပြီးတော့ ဟိုပြေးဒီပြေး မလုပ်ကြနဲ့.. "
" နားလည်ပါပြီဗျ.. "
...
လူအရမ်းများလွန်းသောကြောင့် သူတို့အားလုံး လမ်းလျှောက်သွားခဲ့ကြသည် ။ ဟောက်ဟိုင်သို့ရောက်ရန် မိနစ်လေးဆယ်ခန့် လမ်းလျှောက်ခဲ့ရ၏ ။
" ဒုတိယသား.. ဘယ်လိုလဲ.. "
မြစ်ကို ဖုံးအုပ်ထားသော ရေခဲပြင်ထူထူကြီးကို ကြည့်ရင်း ယန်ဖူကွေ့က ယန်ကျီဝမ်ကို မေးလိုက်သည် ။
" အရင်ဆုံး လိုက်ကြည့်ရအောင်.. "
ယန်ကျီဝမ်က သူ၏ ကိရိယာများကို ယူကာ နေရာတစ်ခုရှာရန် စတင် ထွက်ခွာသွားသည် ။
" မင်းတို့တွေ အနားမှာပဲ နေကြနော်.. မပြေးကြနဲ့.. ရေထဲကျသွားရင် ဒုက္ခရောက်လိမ့်မယ်.. "
ယန်ဖူကွေ့က ကလေးများကို ထပ်မံသတိပေးပြီးနောက် ယန်ကျီဝမ်၏ နောက်သို့ လိုက်သွားသည် ။
ခဏအကြာတွင်..
" အဖေ.. ဒီနေရာဆို အဆင်ပြေတယ်.. "
ယန်ကျီဝမ်က နေရာတစ်ခုကို ရွေးချယ်ပြီးနောက် ယန်ဖူကွေ့အား လက်ပြခေါ်လိုက်သည် ။
ယန်ဖူကွေ့ ခေါင်းညိတ်လိုက်ပြီး တူနှင့် ဆောက်ကို အသုံးပြုကာ ရေခဲကို စတင် ခွဲတော့သည် ။ ယန်မိသားစုတွင် အထူးရေခဲဖောက်ကိရိယာများ မရှိသောကြောင့်ရှိတာလေးနှင့် ဖြစ်အောင် သုံးနေရ၏ ။
မိနစ်အနည်းငယ်အကြာတွင် ယန်ဖူကွေ့ မောပန်းနွမ်းနယ်လာပြီး အသက်ရှူပင် မဝတော့ချေ ။
ယန်ကျီဝမ်က စနောက်လိုက်သည် ။
" အဖေ.. အဖေ့ခန္ဓာကိုယ်က သိပ်မကြံ့ခိုင်သေးဘူးပဲ.. ပင်ပန်းတာ မြန်လိုက်တာ.. နောက်ကျရင် လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်.. "
ယန်ဖူကွေ့က သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့်..
" မင်း တတ်နိုင်ရင် လာလုပ်ကြည့်လေ.. "
'ဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကိစ္စတဲ့လား..'
'ရေခဲက အရမ်းမာပြီး ရာသီဥတုကလည်း အေးလွန်းနေလို့ ဖောက်ရတာ အရမ်းခက်နေတာလေ. ..'
" လာပြီ.. "
ယန်ကျီဝမ်က ကိရိယာများကို ယူကာ စတင် အလုပ်လုပ်တော့သည် ။
" ခွမ်း ..."
ယန်ကျီဝမ်က တူကို အားကုန်လွှဲချလိုက်ရာ ရေခဲမျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည် ။
ယန်ဖူကွေ့၏ မျက်ခွံများပင် တဆက်ဆက်တုန်ရီသွားပြီး သူ့ကို မြန်မြန်သတိပေးလိုက်သည် ။
" ဒုတိယသား.. ဖြည်းဖြည်းလုပ်ပါဟ.. နောက်ထပ် အားနဲ့မထုနဲ့တော့.. "
' ဒီကလေးရဲ့ ခွန်အားက ဘယ်လိုလုပ် ဒီလောက်တောင် ကြီးနေရတာလဲ.. သူ ဒီလို ဆက်ထုနေရင် လူတိုင်း ရေထဲကျသွားလိမ့်မယ် .. ဒုတိယသားက ဘယ်သူ့ကို အရင်ဆုံး ကယ်မှာတဲ့လဲ..'
" အဆင်ပြေပါတယ်.. "
ယန်ကျီဝမ်က လုံးဝဂရုမစိုက်ဘဲ အားကုန်ဆက်ထုနေလိုက်သည် ။ မိနစ်အနည်းငယ်အကြာတွင် ရေခဲပြင်ပေါ်၌ မီတာဝက်ခန့်ကျယ်သော အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည် ။
" ကောင်းပြီ.. ကျွန်တော်တို့ စလို့ရပြီ.. "
သူ စကားပြောပြီးနောက် ယန်ကျီဝမ် နောက်သို့လှည့်ကြည့်လိုက်ရာ ယန်ဖူကွေ့နှင့် အငယ်သုံးယောက်က အဝေး မှ ကြည့်နေသည်ကို မြင်လိုက်ရ၏ ။
ယန်ကျီဝမ်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည် ။ သူ ဆွံ့အစွာဖြင့်..
" ကွဲမကျ ပါဘူးဆို ဘာကိုကြောက်နေကြတာလဲ.. "
နှင်းများ ရက်ပေါင်းများစွာ ကျဆင်းနေခဲ့သောကြောင့် ရေကန်ပေါ်ရှိ ရေခဲများက အလွန် ထူထဲနေပြီ ဖြစ်သည် ။ အရင်တုန်းက ယွီလီ ဖြစ်ခဲ့သည့် အဖြစ်အပျက်က ရေကန်ပေါ်ရှိ ရေခဲများ လုံလောက်အောင် မခိုင်မာသေး၍သာ ဖြစ်သည် ။
" ဟီးဟီး.. ငါတို့က စိတ်ပူလို့ပါ.. "
ယန်ဖူကွေ့က ရှက်ရွံ့စွာ ပြုံးရင်း ပြန်လျှောက်လာသည် ။
ထို့နောက် သားအဖနှစ်ယောက် ငါးစတင် မျှားကြတော့သည် ။
နာရီဝက်ခန့်က လျင်မြန်စွာ ကုန်ဆုံးသွားသည် ။
ယန်ဖူကွေ့က မနေနိုင်တော့ဘဲ..
" ဒုတိယသား.. နာရီဝက်တောင် ရှိနေပြီ.. တစ်ကောင်မှ မမိသေးဘူး.. "
ယန်ကျီဖန့်နှင့် အငယ်နှစ်ယောက်သည်တော့ ငြီးငွေ့လာသဖြင့် ကမ်းနားသို့သွားကာ ဆော့ကစားနေကြ၏ ။ ယန်ကျီဖန့်က သူတို့ကို ကြည့်ပေးနေသောကြောင့် သိပ်တော့ စိတ်ပူစရာ မလိုပေ ။
" ဒါက ပုံမှန်ပါပဲ.. ဘာပဲဖြစ်ဖြစ် ရာသီဥတုက အေးနေတော့ ငါးတွေကလည်း သိပ်မလှုပ်ရှားချင်ကြဘူးလေ.. နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့.. "
ထိုသို့ပြောပြီး ယန်ကျီဝမ်က နောက်ထပ် ငါးစာတစ်တုံးကို ရေထဲသို့ ပစ်ထည့်လိုက်သည် ။
နောက်ထပ် နာရီဝက်ခန့် ကြာသွားသည် ။
" လှုပ်ရှားမှု ရှိလာပြီ.. "
ရုတ်တရက် ငါးမျှားတံက လှုပ်ရှားသွားပြီး ယန်ကျီဝမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည် ။ ယန်ဖူကွေ့ကလည်း ရေပြင်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည် ။
ငါးမျှားတံ နစ်မြုပ်သွားသောအခါ ယန်ကျီဝမ်သည် လျင်မြန်စွာ ဆွဲတင်လိုက်ရာ ငါးမျှားတံချက်ချင်း ကွေးညွတ်သွားသည် ။
ယန်ဖူကွေ့က စိတ်လှုပ်ရှားစွာဖြင့်..
" သောက်ခွေး.. ဆွဲအားက အရမ်းကြီးတာပဲ.. မနက်ဖြန်ညအတွက်တော့ ငါးရပြီထင်တယ်.. "
ငါးကို ကုန်းပေါ်သို့ ဆွဲတင်နိုင်ရန် ဆယ်မိနစ်ခန့် အချိန်ယူလိုက်ရသည် ။ ဤသည်က ၇ ကျင်း ၈ ကျင်း ခန့်ရှိ မြက်ငါးကြင်းကြီး တစ်ကောင် ဖြစ်သည် ။
ယန်ဖူကွေ့ အလွန် ပျော်ရွှင်သွား၏ ။
နောက်ပိုင်းတွင် ငါးစာက ငါးများကို ဆွဲဆောင်နိုင်သွားသောကြောင့် ယန်သားအဖ နှစ်ဦးစလုံး ငါးများ အဆက်မပြတ် ဖမ်းမိကြတော့သည် ။
မွန်းလွဲပိုင်းရောက်သောအခါမှ သူတို့နှစ်ယောက် ရပ်နားလိုက်ကြသည် ။ သူတို့ ငါး ကျင်းတစ်ရာခန့် ဖမ်းမိခဲ့လေသည် ။
ငါးများကို ကမ်းပေါ်သို့ တင်ပြီးနောက် ယန်ဖူကွေ့က..
" ဒုတိယသား.. ဒီငါးတွေကို အကုန်ရောင်းသင့်လား.. "
ယန်ကျီဝမ်က..
" နည်းနည်းတော့ ချန်ထားရအောင်.. မနက်ဖြန်ညမှာ တစ်ကောင်စားမယ်.. နှစ်သစ်ကူးနေ့မှာ တစ်ကောင်စားမယ်.. ပြီးရင် တစ်ကောင်ကို ယွီလီတို့အိမ် သွားပို့ပေးမယ်.. "
" ကောင်းပြီလေ.. "