အခန်း ၁၃၃
Vol. 13 Ch. 133
Chapter 133
~
အခန်း ၁၃၃ : နှစ်သစ်ကို အတူတူ ဖြတ်သန်းကြမလား..
~
ရှာကျူး၏ အိမ်...
ယီကျုံးဟိုင်က တံခါးကို တွန်းဖွင့်၍ ဝင်သွားသည် ။ ရှာကျူးက အခန်းထဲတွင် လှဲနေရင်း ဆေးလိပ်သောက်နေ၏ ။
ယီကျုံးဟိုင် ရောက်လာသည်ကို မြင်တော့ သူ ထရပ်လိုက်ပြီး အံ့အားသင့်စွာဖြင့်...
" ဦးလေးယီ.. ဘယ်လိုလုပ် ရောက်လာတာလဲ .."
" အသားကိစ္စလေး ရှိလို့ပါ.. မနက်စောစောကတည်းက သွားဝယ်တာ.. ရောက်တော့ အသားတွေ ကုန်သွားပြီတဲ့.. နှစ်သစ်ကူးမှာ အသားမစားရတာ လုံးဝ မကောင်းဘူးလေ.. ဒါကြောင့် မင်းဆီ လာမေးကြည့်တာ.. "
ယီကျုံးဟိုင်က ဆက်၍...
" ရှာကျူး.. မင်းက စားဖိုမှူးတစ်ယောက်ဆိုတော့ ဒီဒေသမှာ လူအများကြီးကို သိတယ်မလား.. အသားဝယ်ပေးဖို့ ကူညီပေးနိုင်မလား .."
" သြော်.. ကျွန်တော်က ပြဿနာ အကြီးကြီး ဖြစ်ပြီ ထင်နေတာ.. ဒါလေးကတော့ လွယ်ပါတယ်.. "
ရှာကျူးက..
" ဦးလေး.. ဘယ်လောက်လောက် ဝယ်ချင်တာလဲ.. "
ယီကျုံးဟိုင်က ငါးယွမ်နှင့် အသားကူပွန်တချို့ကို ထုတ်ယူလိုက်ပြီး...
" ငါးယွမ်ဖိုးလောက် ဝယ်ချင်တယ်.. "
" အဲ့လောက်တောင်လား.. "
ရှာကျူး အနည်းငယ် အံ့အားသင့်သွားသည် ။
ယခု အသားက တစ်ကျင်းကို တစ်ယွမ်သာ ရှိ၏ ။ နှစ်သစ်ကူးမှာ ငါးကျင်းတောင် စားကြမည်လော ။ အရမ်းလွန်ကဲလွန်းသည် ။
ယီကျုံးဟိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး...
" မဟုတ်ပါဘူးကွာ.. ငါ ဒုံရွှီအတွက်ပါ အတူတူ ဝယ်ပေးမလို့ပါ .."
" သြော်.. နားလည်ပြီ .."
ရှာကျူးက ခေါင်းညိတ်၍...
" အဲ့တာဆို ခဏနေရင် သွားယူလိုက်မယ်.. ပြဿနာ သိပ်မရှိနိုင်ပါဘူး .."
ထို့နောက် ရှာကျူးက အဝတ်အစားများ လဲကာ ထွက်ရန် ပြင်လိုက်သည် ။ မနက်ဖြန်က နှစ်သစ်ကူး အကြိုနေ့ဖြစ်၍ ဒီနေ့ ပစ္စည်းများကို သေချာ ပြင်ဆင်ရမည် ဖြစ်၏ ။
" ရှာကျူး.. ခဏလေး "
ယီကျုံးဟိုင်က...
" ရှာကျူး.. မင်းမိသားစုမှာ မင်းနဲ့ ယွီဆွေပဲ ရှိတာမလား.. ငါတွေးနေတာက ဒီနှစ်ကို ငါတို့နဲ့အတူ နှစ်သစ်ကူး အတူတူ ဖြတ်သန်းရင် မကောင်းဘူးလားလို့... "
" ဦးလေး မိသားစုနဲ့အတူတူလား.. "
" မဟုတ်ဘူး.. ကျားမိသားစုနဲ့ နားမကြားတဲ့ အဘွားလည်း ငါတို့နဲ့ အတူတူ ရှိမှာ .."
ရှာကျူးက...
" ကောင်းသားပဲ.. အဲ့လိုဆိုတော့ ပိုစည်ကားတာပေါ့.. ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး .."
' အရေးအကြီးဆုံးက ညီမချင်ကို အနီးကပ် မြင်ရတော့မှာပဲ.. ဟီးဟီး.. အရမ်းကောင်းတာပေါ့.. သက်သက်ကြီး ဆင်ခြေရှာပြီး တွေ့စရာ မလိုတော့ဘူး ..'
ညီမချင်က သူ့ထံသို့ ကောက်ပဲသီးနှံများ လာပို့ပေးတိုင်း သူမ၏ ကျေးဇူးတင်နေသော အမူအရာကို မြင်ရသည်မှာ သူ့အတွက် ကြီးမားသောအောင်မြင်မှုတစ်ခု ရလိုက်သလို ခံစားရစေသည် ။ သူ၏ ကြိုးစားအားထုတ်မှု အားလုံးက တန်ဖိုးရှိသည်ဟု ခံစားရ၏ ။
ချင်ဟွိုင်ရုက ကြာပန်းဖြူ တစ်ယောက် ဖြစ်မလာသေးသော်လည်း သူမ၏ စွမ်းရည်က တဖြည်းဖြည်း နိုးကြားလာလေပြီ ။
ဤသည်က သူမ၏ အပြစ်ဟုလည်း လုံးဝ ဆို၍မရ ။ ဘဝက အတင်းအကျပ် တွန်းပို့နေလေ၏ ။ ကျားဒုံရွှီ၏ လစာက စားဖို့ပင် မလောက်ငှရာ ကျားကျန်းရှီကလည်း ပိုက်ဆံ ထုတ်ပေးရန် ငြင်းဆိုခဲ့သည် ။ သားသမီးများ၏ အကျိုးအတွက် သူမ ရှာကျူးထံတွင်သာ အကူအညီ တောင်းရုံမှတစ်ပါး အခြား မရှိတော့ချေ ။
ကျားဒုံရွှီက စိတ်မသက်မသာ ဖြစ်နေသော်လည်း သူ့မှာ အခြား ရွေးချယ်စရာ မရှိပေ ။ ယခင် အလှူငွေများကိုလည်း ယန်ကျီဝမ်က ဖျက်ဆီးပစ်ခဲ့ပြီး နောက်ဆုံးတွင် သူ့အမေက ကျန်ငွေများကို ယူသွားခဲ့သည် ။ ထို့အပြင် သူ ယီကျုံးဟိုင်ထံသို့ အကူအညီ ဆက်တောင်းရန်လည်း ရှက်နေလေပြီ ။
ရှာကျူး သဘောတူလိုက်သည်ကို မြင်တော့ ယီကျုံးဟိုင်က ပျော်ရွှင်စွာဖြင့်...
" ကောင်းပြီ.. ဒါဆိုရင်တော့ စားဖိုမှူးကြီး မင်းကိုပဲ အားကိုးလိုက်တော့မယ်.. "
" ကျွန်တော့်ကိုသာ အားကိုးလိုက်ပါ.. "
ရှာကျူးက သူ့ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်သည် ။
သူတို့၏ ကိစ္စများ ပြီးသွားသည်နှင့် ယီကျုံးဟိုင် ပြန်သွားပြီး ရှာကျူးလည်း အပြင်သို့ ထွက်လာခဲ့သည် ။
...
တစ်ဖက်တွင်...
ယန်မိသားစု...
ယန်ကျီဝမ်နှင့် အခြားသူများလည်း အိမ်သို့ ပြန်ရောက်လာကြသည် ။
သူတို့ ဝင်လာသည်နှင့် ရန်ရွေ့ဟွားက သူတို့ထံ လျှောက်လာပြီး...
" ဘယ်လိုလဲ.. ငါး ရခဲ့ရဲ့လား .."
ယန်ဖူကွေ့က ဂုဏ်ယူစွာဖြင့်...
" ရတာပေါ့.. ငါကိုယ်တိုင် ကြီးကြပ်နေမှတော့ ဘယ်လိုလုပ် ငါးမရဘဲ နေမှာလဲ.. "
ယန်ကျီဝမ်က ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သော်လည်း ဖော်ကောင် မလုပ်တော့ပေ ။
သို့သော် ရန်ရွေ့ဟွားက လုံးဝ မယုံကြည် ။ သူမက ...
" အို.. တော်စမ်းပါ.. ဒုတိယသားရဲ့ ဖမ်းလာတာပဲ ဖြစ်မှာ.... "
" ဟ.. မိန်းမ... ဒီတစ်ခါတော့ ငါတကယ် ကူညီခဲ့တာပါဟ... မယုံရင် ဒုတိယသားကို မေးကြည့်လေ.. "
ယန်ဖူကွေ့က အခြေအနေကို ကြည့်ပြီး စိုးရိမ်တကြီး ရှင်းပြလိုက်သည် ။
ယန်ကျီဝမ်က ပြုံး၍...
" တကယ် မှန်ပါတယ်.. "
ထိုအခါမှသာ ရန်ရွေ့ဟွား ယုံကြည်သွားသည် ။ သူမက ပုံးထဲရှိ ငါးနှစ်ကောင်ကို ကြည့်ပြီး ပျော်ရွှင်စွာဖြင့်...
" အရမ်းကောင်းတာပဲ.. ဒီနှစ်တော့ ကျုပ်တို့တွေ နှစ်သစ်ကူးကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ပြီ.. "
ယန်ကျီဝမ်က ငါးတစ်ကောင်ကို ယူ၍ အခြား ပုံးတစ်ပုံးထဲသို့ ထည့်လိုက်ကာ...
" အမေ.. ယွီလီရဲ့ မိသားစုဆီ တစ်ကောင် သွားပို့လိုက်ဦးမယ်.. သူတို့အိမ်မှာ နေ့လယ်စာ စားပြီးမှ အသားနည်းနည်း ယူပြီး ပြန်လာခဲ့မယ်.. "
"အင်း.. အဲ့ဒါ မင်းလုပ်သင့်တဲ့ ကိစ္စပဲ.. "
ရန်ရွေ့ဟွားက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး...
" မင်းနဲ့ ယွီလီရဲ့ ကိစ္စကို ဘယ်တော့ အပြတ်ရှင်းမှာလဲ.. "
" အမေက စပြီ.. သား သွားတော့မယ် .."
ယန်ကျီဝမ်က ရုတ်တရက် ခေါင်းကိုက်လာသဖြင့် စက်ဘီးကို တွန်းကာ ထွက်လာခဲ့သည် ။
ထိုသည်ကို မြင်တော့ ရန်ရွေ့ဟွားက ညည်းညူလိုက်ပြီး...
" ဒီကောင်လေး.. ငါက သူ့အကျိုးအတွက် ပြောနေတာကို.. သူ ဒါကို နည်းနည်းလေးတောင် နားမလည်ဘူး.. "
ယန်ဖူကွေ့က တည်ငြိမ်စွာ ဆေးလိပ်သောက်ရင်း...
" ဘာတွေ စိုးရိမ်နေတာလဲ.. ဒုတိယသားက သူ့ဟာသူ တွက်ချက်တတ်ပါတယ်.. မကြာခင် အဆင်ပြေသွားမှာပေါ့ .."
လွန်ခဲ့သော ရက်အနည်းငယ်က ယန်ကျီဝမ် ယွီမိသားစုဆီသို့ မသွားခဲ့သော်လည်း ယွီလီ မနေ့က ရောက်လာခဲ့သည် ။ ယခုဆိုလျှင် သူတို့နှစ်ယောက်ကြား နောက်ဆုံး အဆင့်သာ ကျန်တော့၏ ။
...
ယွီမိသားစုထံသို့ ရောက်ခါနီးတွင် ယန်ကျီဝမ် လမ်းဘေး တစ်နေရာတွင် ရပ်လိုက်ပြီး ရမှတ်စတိုးမှတစ်ဆင့် ဝက်သားသုံးထပ်သား နှစ်ကျင်းနှင့် ဂျုံမှုန့် အဖြူ ငါးကျင်းကို လဲလှယ်လိုက်သည် ။
ယွီမိသားစု၏ အခြေအနေကို ယွီလီထံမှတစ်ဆင့် သူ သိထားပြီး ဖြစ်သည် ။
ယွီမိသားစုတွင် အဖေယွီ တစ်ယောက်တည်းသာ အလုပ်ရှိပြီး မိသားစုကလည်း သိပ်ချမ်းသာလှသည် မဟုတ်ပေ ။ လူတိုင်းတွင် ပုံသေ ရိက္ခာများ ရှိကြသော်လည်း သူတို့ငတ်မသေရုံသာ လုံလောက်၏ ။ သို့သော် အနည်းဆုံးတော့ ကျားမိသားစုထက် အများကြီး ပိုအဆင်ပြေသည် ။
ပစ္စည်းများ လဲလှယ်ပြီးနောက် သူ ယွီမိသားစုအိမ်သို့ ဆက်သွားသည် ။
" သြော်.. ယန်လေး.. လီလီ့ကို လာရှာတာလား .."
တံခါးဝတွင် ရှိနေသော ဒေါ်လေးယန်က ယန်ကျီဝမ်ကို မြင်လျှင် အပြုံးဖြင့် နှုတ်ဆက်လိုက်၏ ။
" ဟုတ်ကဲ့.. ဒေါ်လေးယန်.. "
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်ပြကာ သူ၏ စက်ဘီးကို ယွီမိသားစုအိမ်ဘက်သို့ တွန်းသွားသည် ။
ယန်ကျီဝမ် ထွက်သွားပြီးနောက် အန်တီယန်က သူမဘေးနားရှိ အဒေါ်ကြီးကို စိတ်လှုပ်ရှားစွာဖြင့်...
" အဘိုးကြီးယွီက ဒီလောက်ကောင်းတဲ့ သားမက်ရတာ တကယ် ကံကောင်းတာပဲ.. ယန်လေးရဲ့ စက်ဘီးပေါ်က အိတ်တွေကို ကြည့်လိုက်ဦး.. သူ ပစ္စည်းကောင်းတွေ အများကြီး ယူလာပုံရတယ် .."
" ငါ့သမီးကျတော့လည်း ဘာလို့ ဒီလောက် ကောင်းတဲ့ လူငယ်လေးနဲ့ မတွေ့ရတာလဲ.. "
ဘေးနားရှိ အဒေါ်ကြီးက မနာလိုစွာဖြင့် ပြောလိုက်သည် ။
ယွီမိသားစု အိမ်ရှေ့သို့ ရောက်သောအခါ ယန်ကျီဝမ်က အိမ်ထဲသို့ လှမ်းအော်လိုက်သည် ။
" လီလီ.. မြန်မြန် ထွက်လာပြီး ပစ္စည်းတွေ ကူသယ်ပေးပါဦး... "
" ခဲအို ရောက်နေပြီ.. "
ယွီဟိုက်တန်က သူမ၏ မောင်ဖြစ်သူ ယွီလျန်နှင့်အတူ ပထမဆုံး ထွက်လာပြီး ယွီလီထက်ပင် ပို၍ စိတ်အားထက်သန်နေပုံ ရသည် ။
" ယောက်ဖကြီး .."
သူတို့နှစ်ယောက်က ယန်ကျီဝမ်ကို နှုတ်ဆက်လိုက်ကြသည် ။
" ဟားဟား.. အရင်လိုပဲ အပြောလေးတွေက ချိုနေတုန်းပဲ.. ရော့.. ဒါလေးတွေ ယူသွား .."
ယန်ကျီဝမ်က ပြုံး၍ သူတို့ကို သကြားလုံး အနည်းငယ် ပေးလိုက်သည် ။
" ကျေးဇူးတင်ပါတယ် ယောက်ဖကြီး... "
ယွီဟိုက်တန်က သကြားလုံးများကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး စိတ်အားထက်သန်စွာဖြင့်...
" ခဲအို... ညီမလေး ပစ္စည်းတွေ ကူသယ်ပေးမယ်.. "
ထို့နောက် သူမနှင့် ယွီလျန်တို့က စက်ဘီးပေါ်မှ ပစ္စည်းများကို ကူချပေးကြသည် ။
" ဒီပုံးထဲမှာ ငါးပါတယ်.. နည်းနည်း လေးတယ်.. ကိုယ့်ဟာကိုယ်ပဲ သယ်သွားလိုက်မယ်.. "
သူ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ယွီလီနှင့် မျက်နှာချင်းဆိုင် ဆုံသည် ။
" ရောက်လာပြီလား .."
ယန်ကျီဝမ်ကို တွေ့လိုက်ရသဖြင့် ယွီလီ အရမ်း ပျော်သွား၏ ။ ထို့နောက် သူမက ယွီဟိုက်တန်၏ လက်ထဲရှိ အိတ်ကြီးအိတ်ငယ်များကို မြင်တော့...
" ရှင် လာတိုင်း ဘာလို့ ပစ္စည်းတွေ အများကြီး ယူလာရတာလဲ.. အိမ်မှာ အကုန် ရှိပါတယ်.. ဒီလောက်ထိ ဖြုန်းတီးနေစရာ မလိုပါဘူး .."
" ဘယ်က ဖြုန်းတီးတာလဲ.. မနက်ဖြန်က နှစ်သစ်ကူး အကြိုနေ့လေ.. ကောင်းကောင်းမွန်မွန် စားရမှာပေါ့.. "
ယန်ကျီဝမ်က ပြုံး၍ အိမ်ထဲသို့ ဝင်လာကာ အထဲရှိ အဖေယွီကို...
" ဦးလေး.. ကျွန်တော် ငါးတစ်ကောင် ယူလာတယ်.. "
အမေယွီက ရှေ့သို့ တိုးလာပြီး ကြည့်ကာ...
" ဟယ်.. ကြီးလိုက်တဲ့ ငါးကြီး.. အနည်းဆုံး ငါးကျင်းလောက်တော့ ရှိမယ်.. "
ယွီလီက အလျင်အမြန်ပင်...
" ယန်ကျီဝမ်.. ပြန်ယူသွားလိုက်.. ရှင့်မိသားစု စားဖို့ပဲ ချန်ထားလိုက်ပါ.. "
သို့သော် အဖေယွီက...
" ယူထားလိုက်ပါ.. သူတို့ မိသားစုမှာ စားစရာ ငါး မရှားပါဘူး.. "
အဖေယွီက ယန်ကျီဝမ်ကို ကြည့်ပြီး...
" ငါထင်တာ မမှားဘူးဆိုရင် ဒီငါးက မင်းကိုယ်တိုင် ဖမ်းလာတာမလား .."
" ဟုတ်တယ်.. ဒီမနက် အဖေနဲ့ သွားပြီး နှစ်သစ်ကူးအတွက် စားဖို့ ငါးနည်းနည်း သွားဖမ်းလာတာ.. "
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည် ။ ထိုအခါမှသာ ယွီလီလည်း ဘာမှ ဆက်မပြောတော့ချေ ။
" အို.. ယန်လေး.. ဘာလို့ အသားတွေ အများကြီး ထပ်ယူလာရတာလဲ.. အရင်တစ်ခေါက် ယူလာတာတောင် မကုန်သေးဘူး .."
အမေယွီက အိတ်ကို ဖွင့်လိုက်ရာ ဝက်သားသုံးထပ်သား နှစ်ကျင်းကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အော်ပြောလိုက်သည် ။
ယန်ကျီဝမ် ပြီးခဲ့သည့် တစ်ခေါက်က ယူလာသော အသားနှစ်ကျင်းတွင် သူမ တစ်ကျင်းသာ သုံးရသေး၏ ။ ထိုစဉ်က ယွီလီသည် ကျန်သည့် တစ်ကျင်းကို ပြန်ယူသွားရန် ပြောခဲ့သော်လည်း ယန်ကျီဝမ်က မယူခဲ့ပေ ။ ထို့ကြောင့် ချန်ထားခဲ့ရာ သူမတို့လည်း မစားရသေးချေ ။ မူလက နှစ်သစ်ကူးအတွက် ဖက်ထုပ်လုပ်စားရန် သိမ်းထားခြင်း ဖြစ်သည် ။
" ကျွန်တော်တို့ အားလုံးက မိသားစုဝင်တွေပဲလေ.. အဲ့လောက်ထိ အားနာနေစရာ မလိုပါဘူး.. အဒေါ်က အရမ်း အားနာနေရင် နောက်တစ်ခါ ကျွန်တော် မလာတော့ဘူးနော် .."
ယန်ကျီဝမ်က ရယ်၍ ပြောလိုက်သည် ။
" ဟုတ်သားပဲ.. မင်းပြောတာ မှန်တယ်.. ငါတို့ အားလုံးက မိသားစုဝင်တွေပဲ.. ဒါဆိုရင်တော့ အဒေါ် မင်းကို အားမနာတော့ဘူး .."
အမေယွီက ထိုသို့ ကြားလိုက်ရလျှင် ပျော်ရွှင်စွာ ခေါင်းညိတ် သဘောတူလိုက်သည် ။
" ဒါမှပေါ့ .."
ယန်ကျီဝမ်က ပြုံး၍...
" နေ့လယ်စာ စားဖို့ နေမယ်နော်.. အဒေါ် ကအရသာရှိတာ တစ်ခုခု ချက်ကျွေးရမယ်.. "
" စိတ်ချလိုက်ပါ .."