အခန်း ၁၃၄
Vol. 13 Ch. 134
Chapter 134
~
အခန်း ၁၃၄ : နှစ်သစ်ကူး အကြိုည
~
ဆယ့်နှစ်လပိုင်း ...သုံးဆယ်ရက်နေ့ ...နှစ်သစ်ကူး အကြိုည ...
ယနေ့က နှစ်သစ်ကူး အကြိုနေ့ဖြစ်၍ ယန်မိသားစု မနက်အစောကြီး အလုပ်ရှုပ်နေကြ၏ ။
ရန်ရွေ့ဟွားက အငယ်ဆုံးလေးများကို ခေါ်၍ အိမ်ကို အတွင်းအပြင် သန့်ရှင်းရေး လုပ်နေသည် ။ သူတို့က အိပ်ရာထဲတွင် နှပ်နေသော ယန်ကျီဝမ်ကိုပင် အတင်း ဆွဲထုတ်လာကြသည် ။
ရွေးချယ်စရာ မရှိတော့သဖြင့် ယန်ကျီဝမ်သည်လည်း အဝတ်အစားဝတ်ကာ အပြင်သို့ ထွက်လာခဲ့ရသည် ။
အိမ်နီးချင်းများ အားလုံး အလုပ်ရှုပ်နေကြပြီး မျက်နှာများက ပျော်ရွှင်စွာ ပြုံးနေကြ၏ ။ တချို့ဆိုလျှင် တံခါးဘောင်များတွင် နွေဦးကဗျာ စာရွက်နီများကိုပင် ကပ်ထားကြသည် ။ တကယ့်ကို နှစ်သစ်ကူး ပွဲတော်နှင့် တူပေသည် ။
သို့သော် ယန်ကျီဝမ်က ဤကဲ့သို့သော အခြေအနေမျိုးက ယခုနှစ်တွင်သာ ရှိမည်ကို သိထား၏ ။ အစာရေစာ ရှားပါးသည့် နှစ်များနှင့် အတော်လေး ကွာခြားပြီး ယခုနှစ်တွင် ရိက္ခာများ စတင် လျော့ကျလာပေတော့မည် ။
နောက်ထပ် လအနည်းငယ် အတွင်းတွင် ရိက္ခာများ ထပ်မံ လျော့ကျသွားမည်ဟု ခန့်မှန်းရပြီး ထိုအချိန်မှသာ တကယ့် အခက်အခဲများ စတင်တော့ပေမည် ။
သူတို့၏ တံခါးဝတွင် ယန်ဖူကွေ့က သူ၏ စာရေးစားပွဲကို ရွှေ့ချထားလိုက်သည် ။ စားပွဲပေါ်တွင် စုတ်တံများ ၊ မင်ရည်များ ၊ အနီရောင် စက္ကူများနှင့် ဘေးတွင် ခွက် တစ်ခု ရှိနေ၏ ။
ခွက်ထဲတွင်တော့ မြေပဲနှင့် ဖရဲသီးစေ့များ ရှိနေသည် ။
ဤသည်က ယန်ဖူကွေ့၏ ရှေးဟောင်း စီးပွားရေး လုပ်ငန်းဟုပင် သတ်မှတ်၍ ရပေသည် ။
နှစ်စဉ် ဤအချိန်ရောက်လျှင် သူက ခြံထဲရှိ အိမ်နီးချင်းများကို နွေဦးကဗျာများ ရေးပေးခြင်းဖြင့် အပိုဝင်ငွေ ရှာလေ့ရှိသည် ။
ဤအပိုဝင်ငွေ ရှာရန် နည်းလမ်းများစွာ ရှိ၏ ။ မြေပဲ ၊ ဖရဲသီးစေ့နှင့် သကြားလုံးကဲ့သို့သော အသေးအဖွဲလေးများ ပေး၍လည်း ရသည် ။ စုတ်တံကြေး ဟု လူသိများသော ငွေသားကို တိုက်ရိုက် ပေး၍လည်း ရသည် ။
ယန်ကျီဝမ်က လျှောက်လာပြီး ခွက်ထဲမှ ဖရဲသီးစေ့ တစ်ဆုပ်ကို ယူလိုက်ကာ...
" ကျွန်တော်တို့ မိသားစုအတွက်လည်း နွေဦးကဗျာ တစ်စုံလောက် ရေးပေးပါဦး ..."
" အေးအေး.. ဟ..ချီး.. မင်းပဲ.. "
စီးပွားရေး လုပ်ငန်းရပြီဟု ထင်ကာ ယန်ဖူကွေ့က သဘောတူလိုက်တော့မလို လုပ်ပြီးမှ ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ဒုတိယသား ဖြစ်နေသည်ကို မြင်တော့ ချက်ချင်းပင် ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည် ။
ဤမိသားစုတွင် ဒုတိယသား တစ်ယောက်တည်းကသာ သူ့ကို ဒီလို စနောက်ရဲလေသည် ။
သူက မကျေမနပ်ဖြင့်...
" မိသားစု တစ်ခုလုံး အလုပ်ရှုပ်နေကြတာ.. မင်းက ဘယ်လိုလုပ် ဒီလောက် ပေါ့ပေါ့ပါးပါး နေနိုင်ရတာလဲ.. "
" နှစ်သစ်ကူး အကြိုနေ့လေ.. ကျွန်တော် တတ်နိုင်သလောက်တော့ အနားယူရမှာပေါ့.. "
ယန်ကျီဝမ်က ပြုံး၍ ပြန်ဖြေလိုက်ပြီး...
" ပြီးတော့ ဒီနေ့ ကျွန်တော်ကိုယ်တိုင် ဟင်းချက်ဖို့ စီစဉ်ထားတယ်.. နေ့လယ်ပိုင်းလောက်ဆို အလုပ်ရှုပ်နေတော့မှာ .."
" ဟဲဟဲ.. မင်း ချက်မှာကို တကယ် မျှော်နေတာ.. ဒါပေမဲ့ မင်းအမေက မင်းကို မီးဖိုချောင်ထဲ ဝင်ခွင့်ပေးမလား ဆိုတာတော့ စောင့်ကြည့်ရဦးမယ် ..."
ယန်ဖူကွေ့က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည် ။
ဒုတိယသားက ချက်ပြုတ်ရာတွင် တော်သဖြင့် ယန်ဖူကွေ့က သူ ချက်ပြုတ်မည့် အချိန်ကို အတော်လေး မျှော်လင့်နေခဲ့၏ ။ သို့သော် သူ၏ ဇနီးက ပစ္စည်းများ အလဟဿ ဖြစ်သွားမည်ကို ကြောက်သဖြင့် သူမကိုယ်တိုင် မကူညီရလျှင် မီးဖိုချောင်ထဲသို့ လုံးဝ ဝင်ခွင့်ပေးမည် မဟုတ်ချေ ။
" ရပါတယ်.. ပြီးရင် အမေ့ကို သေချာ ပြောလိုက်မယ်.. နှစ်သစ်ကူးနေ့ဆိုတော့ ကောင်းကောင်းစားရမှ ဖြစ်မှာပေါ့ .."
ယန်ကျီဝမ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။
" ကောင်းပြီ.. ဒါဆိုလည်း စောင့်နေမယ်.. "
" အို.. တတိယဦးလေး နဲ့ ညီလေး ယန်ကျီဝမ် တို့ စကားပြောနေကြတာလား ..."
ထိုအချိန်တွင် ရွှီတာမော့က စက်ဘီးကို တွန်း၍ အလယ်ခြံဝင်းမှ ထွက်လာခဲ့သည် ။ သူ့စက်ဘီးတွင် အိတ်အတော်များများနှင့် ကြက်တစ်ကောင် တွဲလောင်း ချိတ်ထား၏ ။
ယန်ဖူကွေ့၏ မျက်လုံးများက အရောင်လက်သွားပြီး...
" အို.. တာမော့.. ဒီအိတ်တွေ အကုန်လုံးနဲ့ ဘယ်ကို သွားမလို့လဲ ..."
ရွှီတာမော့က ယန်ဖူကွေ့နှင့် ယန်ကျီဝမ်ကို စီးကရက်များ ကမ်းပေးကာ ပြုံး၍...
" အိမ်မှာ ကျွန်တော် တစ်ယောက်တည်း ရှိတာလေ.. နှစ်သစ်ကို အတူတူ ဖြတ်သန်းဖို့ အဖေနဲ့ အမေ ဆီကို သွားမလို့ စဉ်းစားနေတာ.. "
အဘိုးကြီးရွှီက ပရိုဂျက်တာအလုပ်ကို ရွှီတာမော့အား လွှဲပေးပြီးနောက် သူနှင့် သူ၏ ဇနီးက သမီးဖြစ်သူနှင့်အတူ ပြောင်းရွှေ့သွားခဲ့ကြသည် ။ အဘိုးကြီးရွှီက ရုပ်ရှင်ရုံတွင် ရုပ်ရှင်ပြသမား တစ်ယောက် ဖြစ်နေပြီဟု ပြောကြပြီး သူ၏ နေထိုင်စရာ နေရာကိုလည်း ရုပ်ရှင်ရုံက စီစဉ်ပေးထားသည် ။
သူ့မိဘများက သူ့ကို စိတ်ပူစရာ မလိုတော့သဖြင့် ရွှီတာမော့၏ ဘဝက အလွန် သက်သောင့်သက်သာ ရှိလှသည်ဟု ပြော၍ ရပေသည် ။
ဤသည်က တစ်ယောက် ဗိုက်ဝလျှင် တစ်မိသားစုလုံး ဗိုက်မဆာဘူးဆိုသည့် အခြေအနေမျိုးပင် ။ ဟဲယွီကျူးထက် အများကြီး ပို၍ စစ်မှန်သည် ။
ထိုစကားကို ကြားတော့ ယန်ဖူကွေ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး...
" မင်း အဖေနဲ့ အမေ အိမ်ကို သွားတာက မဝေးဘူးလား.. ဘာလို့ အဲ့ဒီလောက် ဒုက္ခခံနေဦးမှာလဲ.. ငါ့အိမ်ကို လာပြီး နှစ်သစ်ကို အတူတူ ဖြတ်သန်းလိုက်ပါ.. ငါ့ရဲ့ ဒုတိယသားက ဒီည ဟင်းချက်မှာလေ.. "
ယန်ဖူကွေ့က ရွှီတာမော့ကို ဘာကြောင့် ဖိတ်ခေါ်သည်ဟု ထင်ပါသနည်း ။ သူ့စက်ဘီးပေါ်ရှိ ကြက်သားနှင့် နှစ်သစ်ကူး ပစ္စည်းများကို မျက်စိကျနေ၍ ဖြစ်သည် ။
" အာ..."
ရွှီတာမော့၏ မျက်လုံးများ တောက်ပသွားသည် ။ ယန်ကျီဝမ်၏ ချက်ပြုတ်စွမ်းရည်ကို သူ သိထား၏ ။ တစ်ခါက သူ ယန်မိသားစုအိမ်သို့ အရက်လာသောက်စဉ် ချက်ပြုတ်ပေးသူမှာ ယန်ကျီဝမ် ဖြစ်ပြီး အရသာက အပြင် စားသောက်ဆိုင်များထက်ပင် အများကြီး ပိုကောင်းသည် ။
သူ အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါလိုက်ကာ...
" မေ့လိုက်ပါတော့.. နှစ်သစ်ကူးမှာ မိသားစုနဲ့အတူ ရှိနေတာ ပိုကောင်းပါတယ်.. "
" ဒါလည်း မှန်တာပဲ.. "
ယန်ဖူကွေ့ အတင်းအကျပ် ဆွဲမထားတော့ချေ ။
" တတိယဦးလေး. ဒါတွေက အပျင်းပြေ စားဖို့ပါ.. နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေလို့ ကြိုပြီး ဆုတောင်းပေးပါတယ်.. ကျွန်တော သွားတော့မယ်.. "
ရွှီတာမော့က ဖရဲသီးစေ့ အကြီးများနှင့် သကြားလုံး အချို့ကို အိတ်ထဲမှ နှိုက်ယူကာ ခွက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် လက်ပြနှုတ်ဆက်ကာ သူ့စက်ဘီးကို တွန်းထွက်သွားသည် ။
ရွှီတာမော့ ထွက်သွားပြီးနောက်..
ယန်ကျီဝမ်က စကားတစ်ခွန်းမှ မပြောဘဲ နေနေရာမှ...
" အဖေ.. အဖေ့ရဲ့ ဒီတွက်ချက်တဲ့ အကျင့်ဟောင်းကြီးကို မပြင်နိုင်တော့ဘူးလား.. အိမ်မှာ အကုန်လုံး ပြင်ဆင်ထားပြီးသားကို ဒီအစားအသောက် တစ်နပ်အတွက်တောင် တွက်နေရသေးတာလား.. ပုံမှန် အချိန်ဆို တစ်မျိုးပေါ့.. အခုက နှစ်သစ်ကူး အချိန်ကြီးကို ဒီလို ထပ်လုပ်နေပြန်ပြီ.. တကယ်ကိုပဲ.. "
" မင်း ဘာသိလို့လဲ.. ဆိုရိုးစကားတောင် ရှိသေးတယ်.. စားလို့ မွဲတာ မရှိဘူး ...ဝတ်လို့ မွဲတာ မရှိဘူး တဲ့.. "
" ဒါပေမဲ့ တွက်ချက်ပြီး မသုံးတတ်ရင်တော့ မွဲသွားလိမ့်မယ်.. ဟုတ်တယ်မလား.. "
ယန်ကျီဝမ်က ဝင်ပြောလိုက်သည် ။
" ဟုတ်တယ်.. ဟုတ်တယ်.. မင်း ပြောတာ အရမ်း မှန်တယ်.. နောက်တစ်ခါ အဲ့ဒီလို မပြောနဲ့တော့.. "
" ဒီကလေးကတော့.. အခု သူ့အဖေကို ပြန်ဆုံးမနေပြီ ..ဟမ့်.."
ယန်ဖူကွေ့ နှာခေါင်းရှုံ့လိုက်ပြီး...
" ဒါက ဘာအရေးကြီးလို့လဲ.. အလယ်ခြံဝင်းကို ကြည့်လိုက်ဦး.. မိသားစု အတော်များများက နှစ်သစ်ကူးကို အတူတူ ဖြတ်သန်းဖို့ စုဝေးနေကြပြီ.. အခုဆို အတော်လေး စည်ကားနေလောက်ပြီ.. "
" ဘယ်သူတွေလဲ.. "
ယန်ကျီဝမ်က အံ့ဩသွားပြီး မြန်မြန်ပင် ခန့်မှန်းလိုက်ကာ...
" ယီကျုံးဟိုင် တို့ မိသားစုတွေလား .."
ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီး...
" အလယ်ခြံဝင်းထဲမှာလေ.. ယီမိသားစု .. ကျားမိသားစု .. ရှာကျူး မိသားစုနဲ့ နားမကြားတဲ့ အဘွားကြီး တို့ အတူတူပဲတဲ့.. "
ယန်ကျီဝမ်က လှောင်ပြောင် သရော်ဟန်ဖြင့်...
" တက်ကြွလိုက်ကြတာ.. ဒီညတော့ အတော်လေး ဆူညံနေလိမ့်မယ် ထင်တယ်.. "
ယန်ဖူကွေ့က မျက်မှောင်ကြုတ်လိုက်ပြီး...
" မင်းက ကျားကျန်းရှီ ကို ဆိုလိုတာလား.. ဒီနေ့က နှစ်သစ်ကူး အကြိုညပဲ ပြဿနာ မရှာလောက်ပါဘူး.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ဘာမှ ဆက်မရှင်းပြတော့ပေ ။
ယန်ဖူကွေ့ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး...
" ကောင်စုတ်လေး.. မင်းက အခု လျှို့ဝှက်ချက်တွေတောင် လုပ်နေပြီပေါ့.. အရိုက်ခံချင်နေတာလား.. "
...
ညနေ သုံးနာရီခန့်တွင်...
ယန်ကျီဝမ် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေလေပြီ ။
မိသားစုက ကြက်သတ်ခြင်း ၊ ငါးသတ်ခြင်းနှင့် ဂျုံနယ်ခြင်းများတွင် ကူညီပေးကြ၏ ။ နှစ်သစ်ကူး ညစာ စားပွဲက ညနေ ငါးနာရီခန့်တွင် အဆင်သင့် ဖြစ်သွားသည် ။
စားပွဲပေါ်ရှိ ခမ်းနားသော ညစာ ဟင်းလျာများကို ကြည့်ရင်း ယန်ကျီဖန့်နှင့် အခြားသူများ အားလုံး တံတွေးမြိုချမိကြသည် ။ သူတို့၏ မျက်လုံးများက စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကိုသာ စိုက်ကြည့်နေကြ၏ ။
ယန်ဖူကွေ့က ပျော်ရွှင်စွာဖြင့်...
" ဒီနှစ်က ငါတို့ ကျင်းပခဲ့တဲ့ နှစ်သစ်ကူးတွေထဲမှာ အကောင်းဆုံးနှစ်ပဲ.. တကယ်ကို ကောင်းတယ်.. "
" ဘယ်လိုလုပ် မကောင်းဘဲ နေပါ့မလဲ.. "
ရန်ရွေ့ဟွားက တိုးတိုးလေး ညည်းတွားလိုက်သည် ။
" ဘယ်မိသားစုက ကြက်သားကို ဟင်းချိုရည် လုပ်ဖို့ သီးသန့် သုံးလို့လဲ.. အရမ်း ဖြုန်းတီးတာပဲ.. ဒုတိယသားက အကုန်လုံးကို သုံးပစ်လိုက်တာ.. ဘယ်မိသားစုကများ ဒီလောက် ဖြုန်းတီးတာကို ခံနိုင်မှာလဲ.. "
ကြက်သား ၊ ငါး ၊ ဂေါ်ဖီထုပ်ဟင်း ၊ ဖက်ထုပ် ၊ ဝက်သားသုံးထပ်သားပြုတ် စသည်ဖြင့် ယန်ကျီဝမ်က စုစုပေါင်း ဟင်းလျာ ရှစ်မျိုးတိတိ ချက်ပြုတ်ခဲ့သည် ။ ပါဝင်ပစ္စည်းများကို ထည့်မပြောနှင့် အသား တစ်ခုတည်းနှင့်ပင် ရန်ရွေ့ဟွား၏ နှလုံးသားကို နာကျင်စေရန် လုံလောက်နေပေပြီ ။ သူမသာဆိုလျှင် တစ်လလုံး ချက်စား၍ ရ၏ ။ ဆီနှင့် ဆားကိုလည်း ဤမျှလောက် အများကြီး မသုံးရက်ပေ ။
" အဆင်ပြေပါတယ်ကွာ.. နေ့တိုင်း ဒီလို စားနေတာမှ မဟုတ်တာ.. ပစ္စည်းတွေ ကုန်သွားရင် ဒုတိယသားကို ပြန်ရှာခိုင်းလိုက်ပေါ့ .."
ယန်ဖူကွေ့က သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည် ။
ယန်ကျီဝမ်က ပြုံးနေလိုက်ပြီး ဘာမှ ဝင်မပြောချေ ။
သူမ၏ ခင်ပွန်းကပင် ထိုသို့ ပြောနေသည်ကို မြင်တော့ နှစ်သစ်ကူး အချိန်လည်း ဖြစ်နေသဖြင့် ရန်ရွေ့ဟွားက ဘာမှ ဆက်မပြောတော့ပေ ။
တံတွေးများ အဆက်မပြတ် မျိုချနေကြသော သူ၏ ကလေးများကို ကြည့်ပြီး ယန်ဖူကွေ့က ပြုံးကာ...
" စားဖို့ အလျင်စလို မလုပ်ကြနဲ့ဦး.. အရင်နှစ်တွေက ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း နှစ်ကုန် အကျဉ်းချုပ်လေး အရင် စလိုက်ကြရအောင် .."
သူ စကားပြောပြီးသွားသောအခါ အခြားသူများက သိပ်စဉ်းစားမနေကြချေ ။
ယန်ကျီဝမ် တစ်ယောက်တည်းသာ သူ၏ နှာဖူးတွင် အနက်ရောင် အစင်းကြောင်းများ ပေါ်လာ၏ ။ နှစ်သစ်ကူး ညစာလေး စားရုံကို မည်သို့ကြောင့် လုပ်စရာ ဤမျှ များနေရသနည်း ။
ယန်ဖူကွေ့က သူ့ကိုယ်သူ လက်ညှိုးထိုးကာ...
" ငါ့အကြောင်း အရင် ပြောရအောင်.. တစ်နှစ်လုံး ကြိုးစားအားထုတ်ပြီးတဲ့ နောက်မှာ မင်းတို့ရဲ့ အဖေက လစာ တစ်ဆင့် တိုးလာခဲ့တယ်.. ဘယ်လောက် တိုးလဲဆိုတာတော့ ငါ မပြောတော့ဘူး.. "
" ပြီးတော့ မင်းတို့ရဲ့ အမေ.. သူလည်း ဒီနှစ်မှာ မိသားစုအတွက် အတွင်းအပြင် အလုပ်တွေ ရှုပ်နေခဲ့ပြီး အတော်လေး ပင်ပန်းခဲ့တယ် .."
" ဖေဖေ .. မေမေ.. အလုပ်တွေ ကြိုးစားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် .."
ကလေးများက တစ်ယောက်ပြီး တစ်ယောက် ဝင်ပြောကြသည် ။
" အင်း.. အရမ်း ကောင်းတယ်.. "
ယန်ဖူကွေ့က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ယန်ကျီချန်းကို ကြည့်ကာ...
" အကြီးဆုံးသား.. ဒီနှစ် မင်းရဲ့ စွမ်းဆောင်ရည်က အရမ်း ညံ့တယ်.. အတော်လေး ဆိုးရွားတယ်လို့တောင် ပြောလို့ရတယ်.. အလုပ်လည်း မရသေးဘူး .. အိမ်ခွဲပြီးလည်း နေတယ် .. ဒီလအတွက် စားစရိတ်နဲ့ မိဘ ထောက်ပံ့ကြေးလည်း မပေးနိုင်ဘူး.. အနာဂတ်မှာ မင်း ပိုပြီး ကြိုးစားရမယ်.. "
" .. ဟုတ်ကဲ့ .. "
ယန်ကျီချန်းက ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်လေသည် ။