← Chapters

အခန်း ၁၃၆

Vol. 13 Ch. 136

အခန်း ၁၃၆

Vol. 13 Ch. 136

Chapter 136

~

အခန်း ၁၃၆ : နှစ်သစ်ကူးမှာ အတူတူပျော်ကြရဲ့လား..

~

​ပထမအ​ဒေါ်ယီက နားမကြားသည့် အဘွားကို အိမ်ပြန်ပို့ပေးပြီးနောက် သူမအိမ်သို့ ပြန်လာခဲ့သည် ။ အိမ်ထဲသို့ ဝင်လာလျှင် ယီကျုံးဟိုင်တစ်ယောက် အခန်းထဲ၌ မှိုင်တထွေကာ ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရ၏ ။

​" မီးဖိုကို ဘာလို့ မီးမွှေးမထားတာလဲ.. တော်တော်အေးနေတာကို ..."

​သူမက စကားပြောရင်း မီးဖိုကို မီးမွှေးလိုက်ရာ အခန်းတွင်း၌ အနွေးဓာတ်က တဖြည်းဖြည်း ပြန့်နှံ့လာသည် ။ ယီကျုံးဟိုင်ကမူ ဘာမှမပြောဘဲ စီးကရက်ကိုသာ တောက်လျှောက် ဖွာနေ၏ ။

​" ခုနက ဖြစ်သွားတဲ့ကိစ္စကို စဉ်းစားနေတုန်းပဲလား.. "

​အဒေါ်ယီက သက်ပြင်းချရင်း ညည်းညူလိုက်သည် ။

​" တကယ်တော့လေ.. မိသားစုတွေအကုန် စုပြီး နှစ်သစ်ကူးပွဲ အတူတူလုပ်ဖို့ မလိုပါဘူး.. အရင်နှစ်တွေကလည်း နားမကြားတဲ့ အဘွားကြီးနဲ့ ကျုပ်တို့ အတူတူ ဖြတ်သန်းခဲ့ကြတာ အဆင်ပြေနေတာပဲကို... "

​" အဘွားကြီးကော အဆင်ပြေရဲ့လား.. "

​ယီကျုံးဟိုင်က ရုတ်တရက် မေးလိုက်သည် ။

​အဒေါ်ယီက နှာခေါင်းရှုံ့ကာ..

​" သူ စိတ်မဆိုးဘဲ နေမလား..ကျုပ် သူ့ကို အိမ်ပြန်ပို့ပေးတော့ မျက်နှာက လုံးဝကို မည်းမှောင်နေတာပဲ .."

​ယီကျုံးဟိုင်က သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး စိတ်ပျက်လက်ပျက်ဖြင့် ...

​" ငါ ကျားမိသားစု ခက်ခဲနေတာကို မြင်လို့ ကူညီပေးချင်ရုံပါ.. ဒါမှ သူတို့ ငါ့ရဲ့ ကျေးဇူးကို သိမှာလေ.. ဒါပေမဲ့ ကျားကျန်းရှီက ဒီလို အရှက်မရှိတဲ့ အပြုအမူမျိုး လုပ်လိမ့်မယ်လို့ ဘယ်လိုလုပ် တွေးမိမှာလဲ.. တကယ်ပဲ... "

​" ဒုံရွှီက စိတ်သဘောထား ကောင်းတယ်ဆိုတာ ကျုပ်သိပါတယ်.. ဒါပေမဲ့ ဒီလို အမေမျိုး ရှိနေမှတော့ သူတို့အိမ်က ငြိမ်းငြိမ်းချမ်းချမ်း ရှိနေရင် အံ့ဩစရာဖြစ်နေပြီ.. "

​အဒေါ်ယီက ခဏ စဉ်းစားပြီးနောက်..

​" အဘိုးကြီး... ဒုံရွှီကို ကျုပ်တို့ အသက်ကြီးရင် လုပ်ကျွေးပြုစုခိုင်းမယ့် ကိစ္စကို ပြန်စဉ်းစားသင့်တယ်လို့ ထင်တယ်.. ကျုပ်က ဒုံရွှီ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်.. ဒါပေမဲ့ ကျားကျန်းရှီ ရှိနေသရွေ့ ကျုပ်တို့ အသက်ကြီးလာတဲ့အခါ သူတကယ်ပဲ လုပ်ကျွေးခွင့် ပေးပါ့မလားဆိုတာ မသေချာဘူး... "

​ကျားဒုံရွှီက ပြဿနာမဟုတ်ချေ ။ သူက ယီကျုံးဟိုင် အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ပါမည်ဟု ကတိပေးထားပြီးသား ဖြစ်သည် ။ သို့သော် ပြဿနာက ကျားကျန်းရှီ ရှိနေခြင်းပင် ။ ကျားကျန်းရှီ၏ စရိုက်နှင့်ဆိုလျှင် သူမ တကယ်ပဲ သဘောတူမည်လော ။

​သူမ သဘောတူခဲ့လျှင်ပင် ကျားကျန်းရှီ၏ ပြဿနာရှာတတ်သော စရိုက်ကြောင့် နောင်အနာဂတ်တွင် သူတို့ဇနီးမောင်နှံ ခေါင်းခဲစရာ ကိစ္စရပ်များစွာနှင့် ကြုံတွေ့ရပေလိမ့်မည် ။ အတိတ်ကာလတုန်းကလည်း ယီကျုံးဟိုင်သည် ကျားကျန်းရှီ ဖန်တီးခဲ့သမျှ ပြဿနာအရှုပ်ထုပ်များကို လိုက်လံ ရှင်းလင်းပေးခဲ့ရဖူးသည် ။ သူမက အမြဲတမ်း ပြဿနာကို မီးခွက်ထွန်း ရှာနေ၏ ။

​' မဟုတ်ရင်... ကျားကျန်းရှီကို ကျေးလက်အရပ်ဆီ ပြန်မောင်းထုတ်ပစ်ရမလား ...'

ယီကျုံးဟိုင် ထိုသို့ တွေးမိသော်လည်း ကျားဒုံရွှီက ဤအချက်ကို လုံးဝ သဘောတူမည်မဟုတ်သဖြင့် ဤလမ်းက ပိတ်ဆို့သွားရပြန်သည် ။

​" ... နောက်မှပဲ ပြောကြတာပေါ့... "

​ယီကျုံးဟိုင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘာမှ ထပ်မပြောတော့ချေ ။ သူ ကျားဒုံရွှီအပေါ်၌ အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သဖြင့် ယခုအချိန်တွင် လက်လျှော့လိုက်ရန် တွန့်ဆုတ်နေမိသည် ။

​အဒေါ်ယီက ရုတ်တရက် ပြောလိုက်သည် ။

​" အဘိုးကြီး.. တကယ်တော့ ကျုပ် ရှာကျူးကို ပိုသဘောကျတယ်.. သူက နည်းနည်း စိတ်လိုက်မာန်ပါ လုပ်တတ်တာကလွဲရင် စိတ်ရင်းက အရမ်းကောင်းတာ.. "

​" အဘွားကြီးက မင်းကို တစ်ခုခု ပြောလိုက်လို့လား .."

​ယီကျုံးဟိုင်က မေးသည် ။

​အဒေါ်ယီက ခေါင်းခါပြကာ..

​" အိုတော်.. အဘွားကြီးက ဘာမှမပြောပါဘူး.. ဒါပေမဲ့ ကျုပ်အမြင်မှာ ရှာကျူးက ပိုအဆင်ပြေမယ်လို့ ထင်နေတာ... သူတို့က မောင်နှမ နှစ်ယောက်ထဲ ရှိတာလေ.. ပြီးတော့ ယွီဆွေကလည်း အတော်လေး အလိုက်သိတယ်.. "

​ယီကျုံးဟိုင်က ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေ၏ ။ ရှာကျူးက တကယ်မဆိုးလှသော်လည်း သူက ကျားဒုံရွှီကိုသာ ပို၍ အလေးသာနေဆဲပင် ။

​ရှာကျူးက သူ၏ စိတ်ကူးထဲတွင် ကျားဒုံရွှီ၏ နောက်ရှိအရန်လူ သက်သက်သာ ဖြစ်၏ ။ အကြောင်းမှာ ရှာကျူး၏ အဖေဖြစ်သူ ဟဲတာချင်းက သေဆုံးသွားခြင်း မဟုတ်ဘဲ ပေကျင်းမြို့မှ ထွက်ခွာသွားရုံသာ ဖြစ်သောကြောင့်ပင် ။ အကယ်၍ တစ်နေ့နေ့တွင် ထိုလူကြီး ပြန်လာခဲ့လျှင် မည်သို့လုပ်မည်နည်း ။

​ထို့ပြင် သူ လျှို့ဝှက် လုပ်ဆောင်ထားခဲ့သော ကိစ္စရပ်များက စိတ်ချရသည် မဟုတ်ချေ ။ အကယ်၍ ဟဲတာချင်း ပြန်လာပြီး အမှန်တရားကို ဖော်ထုတ်လိုက်ပါက ရှာကျူးသည် သူ့ကို သေချာပေါက် ရန်သူလို သဘောထားပေလိမ့်မည် ။ ထိုအချိန်ကျမှ အားလုံးက အချည်းနှီး ဖြစ်သွားမည် ဖြစ်သည် ။

​ခဏ ကြာပြီးနောက်...

​" ငါ အဘွားကြီးဆီ သွားပြီး စကားခဏ သွားပြောလိုက်ဦးမယ်.. ငါ့ကို စောင့်မနေနဲ့.. စောစော အိပ်ရာဝင်နှင့်တော့ .."

​ထိုသို့ ပြောကာ ယီကျုံးဟိုင် အပြင်သို့ ထွက်ခွာသွားတော့သည် ။

​...

​ယန်မိသားစုအိမ်တွင်း၌မူ...

​ကလေး အငယ်နှစ်ယောက်က အပြင်သို့ ဆော့ကစားရန် ထွက်သွားကြပြီး ရန်ရွေ့ဟွားနှင့် ယန်ကျီချန်းတို့ကလည်း အနားယူရန် သူတို့အခန်းတွင်းသို့ ဝင်သွားကြလေပြီ ။ ဧည့်ခန်းထဲတွင်မူ ယန်ဖူကွေ့နှင့် ယန်ကျီဝမ် သားအဖနှစ်ဦးသာ ကျန်ရစ်ပြီး ရေနွေးကြမ်းသောက်ကာ စကားစမြည် ပြောနေကြ၏ ။

​ထိုစဉ် ယီကျုံးဟိုင် အပြင်ဘက်မှ လျှောက် ဝင်လာသည် ။

​" လောင်ယီပါလား.. ဘာကိစ္စရှိလို့ လာတာလဲ .."

​ယန်ဖူကွေ့က အနည်းငယ် ရှုပ်ထွေးသွားသည် ။ နှစ်သစ်ကူး ညကြီးအချိန်မတော် မည်သူက အိမ်၌ မနေဘဲ လျှောက်သွားနေပါမည်နည်း ။

​" ကျုပ် ခင်ဗျားကို ပြောစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ .."

​ယီကျုံးဟိုင်က အနားသို့ လျှောက်လာကာ ထိုင်လိုက်ရင်း ဘေးရှိ ယန်ကျီဝမ်ကို တစ်ချက် လှမ်းကြည့်ကာ ယန်ဖူကွေ့ကို ပြောလိုက်သည် ။

​" လောင်ယန်.. ဒီနှစ်မှာ ခြံဝင်းတစ်ခုလုံး စုပေါင်းပြီး နှစ်သစ်ကူး ဂါရဝပြုပွဲ လုပ်ဖို့ စီစဉ်ထားတယ်.. လောင်လျှိုဆီလည်း သွားပြောပြီးပြီ.. သူလည်း သဘောတူတယ်.. ခင်ဗျားကော ဘယ်လိုထင်လဲ .."

​" စုပေါင်းပြီး နှစ်သစ်ကူး ဂါရဝပြုကြမလို့.. ဘယ်လိုမျိုးလဲ.. "

​ယန်ဖူကွေ့က စိတ်ရှုပ်ထွေးသွားသည် ။ အရင်နှစ်များက ဤသို့သော အလေ့အထမျိုး မရှိခဲ့ဖူးချေ ။ ထို့ပြင် လူတိုင်း စုပေါင်း၍ ဂါရဝပြုမည်ဆိုလျှင် မည်သို့ ပြုလုပ်ကြမည်နည်း ။ မည်သူ့ကို ဦးချ ကန်တော့ကြမည်နည်း ။ ဤအရာအားလုံးက မေးခွန်းထုတ်စရာများ ဖြစ်နေ၏ ။

​ယီကျုံးဟိုင်က ဤကိစ္စအတွက် အစီအစဉ် ရှိပြီးသား ဖြစ်သဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည် ။

​" နားမကြားတဲ့ အဘွားက ကျုပ်တို့ ခြံဝင်းရဲ့ အသက်အကြီးဆုံး အကြီးအကဲပဲလေ.. ဒါကြောင့် ခြံဝင်းထဲက လူတွေအကုန်လုံး စုပြီး သူ့ကို ဦးချ ကန်တော့ကြမယ်.. ဒါက ကျုပ်တို့ ခြံဝင်းရဲ့ စည်းလုံးညီညွတ်မှုကို ပြသရာလည်း ရောက်တယ်.. ပြီးတော့ လမ်းရုံးက ကျုပ်တို့ခြံဝင်းကို စံပြခြံဝင်းအဖြစ် သတ်မှတ်ပေးဖို့အတွက်လည်း အထောက်အကူ ဖြစ်စေတာပေါ့.. "

​လမ်းရုံးမှ ပေးသော ဆုလာဘ်များနှင့် ထောက်ပံ့ကြေးများက လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး အိမ်ထောင်စုတိုင်းလည်း အသီးသီး ခွဲတမ်းရရှိခဲ့ကြသည် ။ သို့သော် အများစုမှာ ကျားမိသားစုထံသို့သာ ရောက်ရှိသွားခဲ့၏ ။ အကြောင်းမှာ ယီကျုံးဟိုင်က ပစ္စည်းဝေဖန်မှုကို လွှမ်းမိုး ချုပ်ကိုင်ထားသောကြောင့်ပင် ။

​ယန်ဖူကွေ့ မျက်မှောင်ကြုတ်လိုက်မိသည် ။

​" နားမကြားတဲ့ အဘွားကြီးကို နှစ်သစ်ကူး ဆုတောင်းပေးတာကတော့ ပြဿနာမရှိပါဘူး.. ဒါပေမဲ့ ဦးချ ကန်တော့ဖို့ ဆိုတာကတော့... "

​သူက စိတ်ထဲမှ အနည်းငယ် မလိုလားချေ ။ နားမကြားသည့် အဘွားအိုက သူ၏ ဘိုးဘွား မဟုတ် ။ ဘာမှ မတော်စပ်ဘဲနှင့် သူမကို ဒူးထောက် ဦးချရမည်ဆိုသည်က မည်သည့် ယုတ္တိ ရှိပါမည်နည်း ။

​ယန်ကျီဝမ် ရုတ်တရက် ရယ်လိုက်ပြီး ဝင်ပြောလေသည် ။

​" ဦးလေးယီ.. ထုံးစံအရဆိုရင် နှစ်သစ်ကူးမှာ လူကြီးတွေကို ဦးချ ကန်တော့ရင် အနီရောင်စာအိတ် ပေးရတယ်လေ.. ခြံဝင်းထဲက လူတွေအကုန်လုံးက နားမကြားတဲ့ အဘွားကို ဦးချ ကန်တော့ကြမယ်ဆိုရင် အဲ့ဒီ အနီရောင်စာအိတ်တွေကို ဘယ်လို လုပ်မလဲ... "

​ယီကျုံးဟိုင်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားကာ ဒေါသတကြီးဖြင့် ...

​" ယန်ကျီဝမ်.. မင်းက ဘာလို့ ဒီလောက်တောင် အလိုက်မသိရတာလဲ.. နားမကြားတဲ့ အဘွားက အသက်လည်းကြီးပြီ.. ဘာဝင်ငွေမှလည်း မရှိတာကို.. မင်းက ဘယ်လိုမျက်နှာမျိုးနဲ့ သူ့ဆီက အနီရောင်စာအိတ် တောင်းဝံ့ရတာလဲ.. "

​ယန်ကျီဝမ်က မသိနားမလည်ဟန် ဆောင်ကာ..

​" နှစ်သစ်ကူး ကန်တော့ရင် မုန့်ဖိုး ပေးတာက ထုံးစံပဲ မလား.. အဲ့လိုမှ မဟုတ်ရင် ဘယ်သူက ဆွေမျိုးမတော်စပ်တဲ့ အပြင်လူတစ်ယောက်ကို ဒူးထောက် ဦးချ ကန်တော့နေပါ့မလဲ.. "

​အပြင်လူ ဟူသော စကားလုံးကို ပြောရာတွင် ယန်ကျီဝမ်က သူ၏ လေသံကို တမင်တကာ အလေးပေး၍ ပြောလိုက်သည် ။

​ယီကျုံးဟိုင်က လေသံကို လျှော့ကာ ခပ်တည်တည်ဖြင့် ...

​" ဘာလို့လဲဆိုတော့ နားမကြားတဲ့ အဘွားက အသက်ကြီးတဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေလို့ပဲလေ.. "

​" အာ.. ကျေးဇူးပြုပြီး အဲ့လို လာမပြောပါနဲ့ဗျာ.. ကျွန်တော့်ရဲ့ အကြီးအကဲဆိုလို့ အဖေနဲ့ အမေပဲ ရှိတာ.. ကျန်တဲ့ ဘိုးဘွားတွေကတော့ ကွယ်လွန်ကုန်ကြပါပြီ.. ဆွေမျိုးမတော်စပ်ဘဲ လာပြီး အုပ်ထိန်းသူ အကြီးအကဲလိုမျိုး လာမလုပ်ပါနဲ့.. "

​ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းကာ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည် ။

​ယီကျုံးဟိုင် ဒေါသကြောင့် အသက်ရှူကျပ်လာပြီး ယန်ဖူကွေ့ကိုသာ လှည့်ကြည့်ကာ မေးလိုက်သည် ။

​"လောင်ယန်.. ခင်ဗျားကော ဒီကိစ္စကို ဘယ်လို မြင်လဲ.. "

​" ကျုပ်ရဲ့ ဒုတိယသား ပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ်.. ဒီတော့ စုပေါင်း ကန်တော့မယ့် ကိစ္စကို မေ့လိုက်တာ ပိုကောင်းလိမ့်မယ်.. ကိုယ့်အိမ်နဲ့ကိုယ်ပဲ ကန်တော့ကြတာပေါ့.. "

​" အဲ့လိုဆိုလည်း ပြီးတာပါပဲ.. ကျုပ်မှာ လုပ်စရာတွေ ရှိသေးလို့ အရင် ပြန်လိုက်ဦးမယ်.. "

​ယီကျုံးဟိုင်က ခဏတာ ဆွံ့အသွားပြီးနောက် ထရပ်ကာ ပြန်ရန် အကြောင်းပြချက် ရှာတော့သည် ။ သို့သော် သူ အပြင်သို့ လှမ်းထွက်သွားချိန်တွင် မျက်နှာထားက အလွန်ပင် ပျက်ယွင်း နေလေ၏ ။

​ယန်မိသားစုမှ သားအဖနှစ်ဦးကမူ ဤသည်ကို အမှုမထားချေ ။

​ယန်ဖူကွေ့က လက်ဖက်ရည်( ရေနွေးကြမ်းနော် ..လက်ဖက်ရည်ပဲ ပါနေလို့ ) ကို တစ်ငုံ သောက်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည် ။

​" ဒုတိယသား.. ဒီမြေခွေးအိုကြီးက ဘာလို့ ဒီလို စတန့်ထွင်ဖို့ ကြိုးစားရတာလဲဆိုတာ မင်း သိလား.. "

​" .. အဖေ သားကို ထပ်ပြီး စမ်းသပ်နေပြန်ပြီလား .."

​" အပိုတွေ ပြောမနေနဲ့.. မြန်မြန် ပြောစမ်းပါဟ .."

​ယန်ကျီဝမ်က နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်...

​" တခြား ဘာရှိဦးမှာလဲ.. သူ့ရဲ့ သိက္ခာကို ဆယ်ဖို့ပေါ့.. မကြာခင်က ဖြစ်သွားတဲ့ အလှူငွေ ကိစ္စကြောင့် ခြံဝင်းထဲမှာ ယီကျုံးဟိုင်ရဲ့ သြဇာနဲ့ သိက္ခာက အတော်လေး ကျသွားတာလေ.. ဒါကြောင့် သူ့ ပုံရိပ်ပြန်ဆယ်ဖို့ နည်းလမ်းရှာနေတာပေါ့.. "

​" အော်... "

​ယန်ဖူကွေ့က စဉ်းစားပြီး မေးလိုက်ပြန်သည် ။

​" ဒါပေမဲ့ သူက နားမကြားတဲ့ အဘွားကြီးကို အသုံးချပြီး ဂါရဝပြုခိုင်းတာဆိုတော့ အဘွားကြီးကပဲ သိက္ခာတက်မှာ မဟုတ်ဘူးလား .."

​" ဟားဟားး.. အဖေကတော့ လည်မလိုလိုနဲ့ တစ်ပတ်ရိုက်ခံရပြန်ပြီ .."

​ယန်ကျီဝမ်က ရယ်ကာ ရှင်းပြသည် ။

​" ဒီခြံဝင်းထဲမှာ နားမကြားတဲ့ အဘွားကြီးနဲ့ ယီကျုံးဟိုင်တို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေဆိုတာ လူတိုင်း သိကြတာပဲလေ.. အရင်တုန်းက ယီကျုံးဟိုင်ပြဿနာ မဖြေရှင်းနိုင်တဲ့ အခါတိုင်း အဲ့ဒီ အဘွားကြီးက အရှိန်အဝါ သုံးပြီး ဝင်ပါပေးလေ့ရှိတာ မဟုတ်ဘူးလား.. နားမကြားတဲ့ အဘွားကြီးရဲ့ အဆင့်အတန်း မြင့်မားလေလေ ကွယ်ရာကနေ အကျိုးအမြတ် ရမှာက ယီကျုံးဟိုင်ပဲလေ .."

​" ခြံဝင်းထဲက လူတွေအကုန်လုံးက အဘွားကြီးကို ဝိုင်းပြီး ဂါရဝပြုကြမယ်ဆိုရင် သူ့ကို မြှောက်ပေးတဲ့ ယီကျုံးဟိုင်ရဲ့ သြဇာကလည်း အလိုလို တက်လာမှာပေါ့.. ဟဲဟဲ "

​" မဆိုးဘူး... မင်း ဒီလောက်အထိ အတွေးအခေါ် နက်နဲလိမ့်မယ်လို့ ငါ မထင်ထားမိဘူး.. "

​ယန်ဖူကွေ့က ကျေနပ်အားရစွာ ခေါင်းညိတ်ရင်း ရယ်လိုက်သည် ။

​" အဲ့ဒါကြောင့်လည်း ငါ ချက်ချင်း ငြင်းလိုက်တာပေါ့... "

​ယန်ကျီဝမ် စိတ်ထဲမှ တိတ်တဆိတ် ​မျက်လုံးလှန်ပြလိုက်မိ၏ ။

​' အဖေက ချက်ချင်း ငြင်းတာ ဟုတ်လား... '

​အကယ်၍သာ သူ ဤနေရာသို့ ရောက်မလာဘဲ ယန်မိသားစု၏ လူနေမှု အခြေအနေကို မြှင့်တင်မပေးခဲ့ပါက ယီကျုံးဟိုင်က အကျိုးအမြတ် အနည်းငယ် ပေးရုံမျှဖြင့် ယန်ဖူကွေ့ လောဘတကြီးနှင့် ချက်ချင်း သဘောတူမိမည်မှာ အသေအချာပင် ။

​အမှန်တကယ်တော့ မူရင်းဝတ္ထု၏ ဇာတ်လမ်းလမ်းကြောင်းအရ ခြံဝင်းတစ်ခုလုံး စုပေါင်းပြီး နားမကြားသည့် အဘွားအိုကို နှစ်သစ်ကူး ဦးချ ကန်တော့သည့် ကိစ္စ အောင်မြင်သွားခဲ့ဖူးသည် ။ သို့သော် ယခုမူ သူ ဤနေရာ၌ ရှိနေပြီ ဖြစ်သောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးကို လုံးဝ ခွင့်ပြုမည် မဟုတ်ချေ ။

​သူတို့နှင့် ဘာမှလည်း မတော်စပ်ဘဲ အဘယ်ကြောင့် သူမကို ဒူးထောက် ဦးချရမည်နည်း ။ အသက်ကြီးနေရုံဖြင့်လော ။ ဤသည်က တကယ့်ကို ဟာသတစ်ခုပင် ။ လမ်းပေါ်တွင် အသက်ကြီးသူတစ်ဦးနှင့် တွေ့တိုင်း လိုက်လံ ဦးချနေရမည်ဟူသော သဘောမျိုး ဖြစ်နေချေပြီ ။

​ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ယုတ္တိမတန်သည့် စည်းကမ်းမျိုး မရှိသင့်ချေ ။

All Chapters