အခန်း ၁၃၇
Vol. 13 Ch. 137
Chapter 137
~
အခန်း ၁၃၇ : အဘိုးဝမ်၏ သတိပေးချက်
~
တရုတ်နှစ်သစ်ကူး၏ ပထမဆုံးနေ့ မနက်ခင်း ...
ယန်ကျီဝမ်သည် သူ၏ ညီအစ်ကိုမောင်နှမများ နိုးလာချိန်အထိ အိပ်ရာထဲ၌ ကွေးနေလေ၏ ။ သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ယန်ကျီဖန့် ၊ ယန်ကျီခွမ်းနှင့် ယန်ကျီတီတို့ သုံးယောက်သား သူ၏ အိပ်ရာဘေးတွင် ရပ်ကာ သူ့ကို ပြူးကြောင်ကြောင် ကြည့်နေကြသည်ကို မြင်လိုက်ရသည် ။
သူ နိုးလာသည်ကို မြင်သည်နှင့် ယန်ကျီခွမ်းနှင့် ယန်ကျီတိတို့က ပျော်ရွှင်စွာဖြင့်...
" နှစ်သစ်မှာ ပျော်ရွှင်ပါစေ ...အစ်ကိုနှစ် ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပါတယ်.. "
ထို့နောက် သူတို့၏ လက်သေးသေးလေးများကို သူ့ထံသို့ ဆန့်ထုတ်လာကြသည် ။ ယန်ကျီဝမ်က စောင်ခြုံထားရင်းမှ ထိုင်လိုက်ကာ..
" ဘယ်သူက မင်းတို့ကို ဒီလို လာလုပ်ဖို့ သင်ပေးလိုက်တာလဲ... "
ကလေးများက အလွန်ရိုးသားကြသဖြင့် ထိုစကားကို ကြားသောအခါ အကြီးဆုံးဖြစ်သူ ယန်ကျီဖန့်ကို လှမ်းကြည့်လိုက်ကြသည် ။ ယန်ကျီဖန့်က ခေါင်းကို ကုတ်ရင်း အမြန်နှုတ်ဆက်လိုက်၏ ။
" နှစ်သစ်မှာ ပျော်ရွှင်ပါစေ အစ်ကိုနှစ်... "
" ဒီနေ့က နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့ဆိုတော့ မင်းတို့ကို ငါ အပြစ်မတင်တော့ဘူး.. ဒါပေမဲ့ နောက်တစ်ခါ ငါ အိပ်မက်လှလှလေးတွေ မက်နေချိန် လာနှောင့်ယှက်ရဲရင်တော့ ဖင်စုတ်အောင် အရိုက်ခံရမယ် မှတ်.. "
" ဟုတ်ကဲ့ပါ.."
ထို့နောက် ယန်ကျီဝမ်က သူတို့ သုံးယောက်ကို မုန့်ဖိုး ငါးဆယ်ဖန့်စီ ထုတ်ပေးလိုက်သည် ။
လူဆိုးလေး သုံးယောက်မှာ ချက်ချင်းပင် ဝမ်းသာ သွားကြ၏ ။ ငါးဆယ်ဖန့်ဆိုသည်မှာ သူတို့အတွက် နည်းပါးသော ငွေပမာဏ မဟုတ်ချေ ။ ဗျောက်အိုးနှင့် မီးရှူးမီးပန်းများ အများကြီး ဝယ်၍ ရပေသည် ။ ထို့နောက် ကလေးသုံးယောက်က ပျော်ရွှင်စွာဖြင့် အပြင်သို့ ပြေးထွက်သွားကြတော့သည် ။
သူတို့ လာနှိုးပြီးနောက် ယန်ကျီဝမ် ဆက်အိပ်၍ မပျော်တော့သဖြင့် ထကာ အဝတ်အစားလဲပြီး မနက်စာစားရန် အပြင်သို့ ထွက်လာခဲ့သည် ။ ဧည့်ခန်းထဲတွင် ယန်ဖူကွေ့က ပြောင်းဖူးပေါင်းနှင့် မနေ့ညက ကျန်နေသော ဟင်းများကို မနက်စာအဖြစ် စားသောက်နေလေပြီ ။
ယန်ကျီဝမ် ထွက်လာသည်ကို မြင်တော့ သူက လှမ်းခေါ်လိုက်သည် ။
" နိုးပြီလား.. လာ တစ်ခုခု စားလှည့် .."
" ဟုတ်ကဲ့.. "
ယန်ကျီဝမ် ဝင်ထိုင်လိုက်သည်နှင့် ယန်ဖူကွေ့က သူ့ကို အနီရောင်စာအိတ် တစ်အိတ် ကမ်းပေးလိုက်သည် ။ ယန်ကျီဝမ်က ပြုံးရွှင်စွာဖြင့်...
" ကျေးဇူးတင်ပါတယ် အဖေ.. အဖေလည်း ကျန်းမာရေးကောင်းပြီး ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်.. "
ထို့နောက် အနီရောင်စာအိတ်ကို ဖွင့်ကြည့်လိုက်ရာ သူ၏ မျက်နှာက ချက်ချင်း တွန့်လိမ်သွားပြီး နှာခေါင်းရှုံ့လိုက်မိသည် ။ အထဲတွင် ဆယ်ဖန့်သာ ပါ၏ ။
" ဟေ့ကောင်.. မင်း မကျေမနပ် ဖြစ်နေတာလား.. မလိုချင်ရင်လည်း ပြန်ပေး .."
ယန်ဖူကွေ့က မျက်စောင်းထိုးကာ ပြောလိုက်သည် ။
" အာ.. မဟုတ်ပါဘူး.. ဒါက အဖေ့ရဲ့ နှစ်သစ်ကူး မုန့်ဖိုးပဲဟာ.. ဘယ်လိုလုပ် ပြန်ပေးရက်မှာလဲ... "
ယန်ကျီဝမ်က အနီရောင်စာအိတ်ကို အမြန်သိမ်းလိုက်ပြီး ပြောင်းဖူးပေါင်းကို တစ်ကိုက် ကိုက်လိုက်ကာ ပေါ့ပေါ့တန်တန် မေးလိုက်သည် ။
" ဒီနေ့ အလယ်ခြံဝင်းထဲမှာ ဘာမှမထူးခြားဘူးလား.. "
ယန်ဖူကွေ့က သူ ဘာကို ဆိုလိုမှန်း သိသဖြင့် ခေါင်းခါလိုက်ပြီး...
" ဘာမှမထူးပါဘူး.. ပုံမှန်ပါပဲ.. ငါ သဘောမတူလိုက်တော့ သူလည်း အစီအစဉ် ဖျက်လိုက်ပုံရပါတယ်.. "
အမှန်တကယ်လည်း ဦးလေးသုံးယောက်မှ ဦးဆောင်မှု မပေးလျှင် အခြားသော အိမ်နီးချင်းများကလည်း စုပေါင်းကန်တော့မည့် ကိစ္စကို သဘောတူကြမည် မဟုတ်ချေ ။ ယီကျုံးဟိုင်သည် ထပ်မံ အရှက်ကွဲရမည့် အခြေအနေကို ကာကွယ်ရန်အတွက် ခြံဝင်းတစ်ခုလုံး စုပေါင်း၍ နှစ်သစ်ကူး ဂါရဝပြုမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရ၏ ။
" ဪ .."
ယန်ကျီဝမ်က လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။
ယန်ဖူကွေ့က သူ့ကို သတိပေးသည့်အနေဖြင့်...
" ဒုတိယသား.. မနေ့က မင်းပြောလိုက်တဲ့ စကားတွေကြောင့် အဲ့ဒီမြေခွေးကြီးက မင်းကို ပိုပြီး စောင့်ကြည့်နေမှာ သေချာတယ်.. အခုကစပြီး မင်း သတိထားနေတာ ပိုကောင်းမယ်.."
" အဆင်ပြေပါတယ်.. အဖေ ရှိနေတာပဲဟာ.. "
ယန်ကျီဝမ်က ပေါ့ပါးစွာပင် တုံ့ပြန်လိုက်သည် ။
" ဒါကတော့ မှန်တာပေါ့.. "
ယန်ဖူကွေ့က ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်လိုက်သည် ။ အဖေဖြစ်သူ သူ ရှိနေသရွေ့ သူ၏သားကို မည်သူကမှ အနိုင်ကျင့်ခွင့် ပေးမည် မဟုတ် ။
ယန်ဖူကွေ့က စကားလမ်းကြောင်း လွှဲလိုက်ကာ...
" ဒုတိယသား.. အခုဆို နှစ်သစ်ကို ကူးလာပြီ.. မင်းနဲ့ ယွီလီကလည်း အတူသွားလာနေတာ အချိန်တန်ပြီဆိုတော့ ဘယ်တော့လောက် လက်ထပ်ဖို့ စီစဉ်ထားလဲ.. "
ယန်ကျီဝမ်က စားနေသည့် လက်ကို ခဏရပ်လိုက်ပြီး..
" နောက်မှပဲ ဆက်ပြောကြတာပေါ့.. အခုက နေစရာ အိမ်မှ မရှိသေးတာ.. ယွီလီကို ကျွန်တော်တို့အိမ်က အခန်းကျဉ်းလေးထဲမှာ လာနေခိုင်းလို့မှ မဖြစ်ဘူးလေ.. "
" ဒါက အသေးအဖွဲ ကိစ္စပါ.. "
ယန်ဖူကွေ့က ကြိုတင် စဉ်းစားထားပြီးဖြစ်ဟန်ဖြင့်..
" ငါတို့အိမ်ရှေ့က အရှေ့ဘက်လှည့် အိမ်ခန်းကို မင်း သိတယ်မလား .."
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။ ထိုအိမ်ခန်းက လူမနေဘဲ ပစ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ဝင်နေမည်ဆိုပါက အနည်းငယ် ပြုပြင်မွမ်းမံရန်တော့ လိုအပ်ပေမည် ။
" ငါ အဲ့ဒီအိမ်ခန်းကို ငှားဖို့ စီစဉ်ထားတယ်.. မင်းနဲ့ ယွီလီ လက်ထပ်ပြီးရင် အဲ့ကို ပြောင်းနေလို့ ရတာပေါ့ .."
" မလုပ်ပါနဲ့... ကျွန်တော့်ဘာသာ ကျွန်တော်ပဲ စီစဉ်ပါ့မယ်.. မဟုတ်ရင် အစ်ကိုကြီးက အဖေ မျက်နှာလိုက်တယ်ဆိုပြီး ထပ်ပြဿနာ ရှာနေပါဦးမယ်.. "
ယန်ကျီဝမ်က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်သည် ။
" သူ ဘာများ ပြောရဲမှာမို့လဲ .."
ယန်ဖူကွေ့က မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည် ။
" သူ့မှာ အရည်အချင်းရှိရင် သူကိုယ်တိုင် မိန်းမတစ်ယောက် အရင်ရအောင် ရှာလေ.. ဒါဆိုရင် သူ့အတွက်လည်း အရာအားလုံးကို ငါ စီစဉ်ပေးမှာပေါ့.. "
ယန်ကျီဝမ်က ခဏမျှ စဉ်းစားပြီးနောက်...
" အိမ်ငှားမယ့် ကိစ္စကို မေ့လိုက်ပါ.. ကျွန်တော် အလုပ်တစ်ခု အရင်ရှာဖို့ စီစဉ်ထားတယ်.. အလုပ်ရပြီဆိုရင် အိမ်ခန်းတစ်ခန်း ချပေးနိုင်တယ်လေ .."
" ဒါဆို ဘယ်လိုအလုပ်မျိုး လုပ်ဖို့ စီစဉ်ထားလို့လဲ.. မင်းက ငါတို့နဲ့ သိပ်အဝေးကြီးတော့ သွားမလုပ်နဲ့နော်.. မင်း ငါတို့ကို အသက်ကြီးလာရင် ပြုစုလုပ်ကျွေးမယ်လို့ ကတိပေးထားတာ မမေ့နဲ့ .."
ယန်ဖူကွေ့က အလျင်အမြန် သတိပေးလိုက်သည် ။
" သိပါတယ် အဖေရဲ့.. ကျွန်တော် မှတ်မိပါတယ်.."
ယန်ကျီဝမ်က မျက်လုံးကို လှန်လိုက်ပြီး..
" ဒါပေမဲ့ အလုပ်ကိစ္စအတွက် လောစရာ မလိုပါဘူး.. ကျွန်တော့်မှာ အစီအစဉ် ရှိပြီးသားပါ .."
" အေး.. အဲ့ဒါဆိုလည်း ပြီးတာပဲ.. "
ယန်ဖူကွေ့ ထပ်မမေးတော့ချေ ။
ယန်ကျီဝမ်၏ တွေးခေါ်မှုက အလွန်ရှင်းလင်းသည် ။ အချိန်ကြာလာသည်နှင့်အမျှ တိုင်းပြည်၏ စီးပွားရေးအခြေအနေကြောင့် ပြည်သူများ၏ ဘဝက ပိုမို ခက်ခဲလာပေလိမ့်မည် ။ ထိုအချိန်ရောက်လျှင် ကုန်စည်နှင့် ထောက်ပံ့ရေး ပစ္စည်းများ ရရှိရန် အလွန်ခက်ခဲလာမည် ဖြစ်ရာ သူ၏ အခွင့်အရေးက ရောက်ရှိလာတော့မည် ။
သူ့ထံတွင် ရမှတ်စတိုး ရှိနေသဖြင့် ကုန်ပစ္စည်း မရှိမည်ကို ပူစရာမလိုချေ ။ ထို့ကြောင့် သူသည် ဟုန်ရှင်း သံမဏိစက်ရုံတွင် ဝယ်ယူရေးကိုယ်စားလှယ် (အဝယ်တော်) တစ်ဦး ဖြစ်လာရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည် ။
ဤသည်က သူ အစောကြီးကတည်းက ကြိုတင်စီစဉ်ထားသော အရာဖြစ်သည် ။ သို့သော် အလောတကြီး မလုပ်ဆောင်လိုသဖြင့် အချိန်ကောင်းကို စောင့်နေ၏ ။ အချိန်တန်လျှင် သူ့ကို စက်ရုံနှင့် ချိတ်ဆက်ပေးမည့်သူ တစ်ဦး လိုအပ်မည် ဖြစ်ရာ ရွှီတာမော့မှတစ်ဆင့် ချိတ်ဆက်ရန် ဆုံးဖြတ်ထားသည် ။ သူက ရွှီတမော့ကို အကူအညီတောင်းခံရန်မှာ သိပ်ခက်ခဲမည့် ပြဿနာမဟုတ်ပေ ။
...
ဆောင်းရာသီ ကုန်ဆုံး၍ နွေဦးရာသီသို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည် ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော် အချိန်ကုန်လွန်သွားခဲ့ပြီး ရာသီဥတုကလည်း တဖြည်းဖြည်း ပူနွေးလာခဲ့၏ ။ ဟောက်ဟိုင်ရေကန်ရှိ ရေခဲများ အားလုံး အရည်ပျော်သွားပြီ ဖြစ်ရာ ယန်ကျီဝမ်သည် သူ၏ ငါးဖမ်းလုပ်ငန်းကို ပြန်လည် စတင်နေလေပြီ ။
ယခုအချိန်တွင်လည်း ယန်ကျီဝမ်သည် သူ၏ ငါးဖမ်းအဖော်ဖြစ်သူ အဘိုးဝမ်နှင့်အတူ ငါးဖမ်းရန် အာရုံစိုက်နေကြသည် ။
" ယန်လေး.. မင်း ငါ့အိမ်ကို မလာတာ အတော်ကြာနေပြီနော်.. မင်းရဲ့ အဘွားလင်းက မင်းကို ခဏခဏ မေးနေတာ... "
အဘိုးဝမ်က သူ၏ ငါးမျှားတံကို ကိုင်ထားရင်း ညည်းညူလိုက်သည် ။
ယန်ကျီဝမ်က ငါးမျှားတံမှ မျက်လုံးမလွှဲဘဲ...
" ကျွန်တော် တရုတ်နှစ်သစ်ကူး တတိယမြောက်နေ့တုန်းက အဘိုးကြီးတို့အိမ်ကို လာပြီး နှစ်သစ်ကူး ကန်တော့သေးတယ် မဟုတ်လား .."
" မင်းက တော်တော် ဆိုးတဲ့ကောင်ပဲ.. မင်း ငါ့အိမ်ကို လာတုန်းကတော့ ငါ့ကို အဘိုးဝမ် လို့ ခေါ်ပြီး.. အခု အပြင်ရောက်တော့ ဘာလဲ.. ဟမ့် .."
အဘိုးဝမ်က မကျေမနပ် ညည်းညူလိုက်ပြီးနောက်...
" မင်းကိုယ်တိုင်ပဲ ပြန်စဉ်းစားကြည့်.. နှစ်သစ်ကူး တတိယနေ့ကတည်းကဆို အခု တစ်လကျော်တောင် ရှိနေပြီလေ.. "
" အဘိုးကြီးက ကျွန်တော့်ကို လာပြီး ဟင်းချက်ပေးစေချင်တာ မလား.. ဒါ အမှန်တရားပဲလေ... "
ယန်ကျီဝမ်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည် ။
" အဲ့ဒါက အကြောင်းပြချက် တစ်ခုတည်းပါကွာ.. မင်းရဲ့ အဘွားလင်းက မင်းကို တကယ် လွမ်းနေလို့ပါ... "
အဘိုးဝမ်က ရှက်ရွံ့စွာဖြင့် ဝန်ခံလိုက်သည် ။ အမှန်တကယ်လည်း သူ၏ ဇနီးဖြစ်သူက ယန်ကျီဝမ်ကို သူတို့အိမ်သို့ မကြာခဏ ဖိတ်ခေါ်ရန် အမြဲတစေ ပူဆာနေတတ်သည် ။
" ကောင်းပါပြီဗျာ..အချိန်ရရင် အဘွားလင်းကို လာတွေ့ပါ့မယ်.. "
ယန်ကျီဝမ်က သဘောတူလိုက်သည် ။ အဘွားလင်းက သူ့အပေါ်တွင် တကယ်ကို ကောင်းမွန်ပြီး သူမ၏ မြေးအရင်းတစ်ယောက်လို ဆက်ဆံတတ်သည် ။ သူ အလည်သွားတိုင်း အိမ်သို့ ပြန်သယ်သွားရန် ပစ္စည်းများ အမြဲတမ်း အထုပ်လိုက်အပိုးလိုက် ထည့်ပေးလေ့ရှိ၏ ။ နှစ်သစ်ကူး တတိယနေ့က သူ သွားရောက် ကန်တော့ခဲ့စဉ်ကလည်း သူ့ကို အနီရောင်စာအိတ် အကြီးကြီး တစ်အိတ် ပေးခဲ့သေးသည် ။
" ကဲ.. လေးနက်တဲ့ ကိစ္စတစ်ခု အကြောင်း ပြောကြရအောင်.. "
အဘိုးဝမ်၏ မျက်နှာအမူအရာက ရုတ်တရက် လေးနက်သွားပြီး...
" ဒီကာလအတွင်းမှာ အိမ်မှာ စားနပ်ရိက္ခာတွေ ပိုပြီး စုဆောင်းထားဖို့ ကြိုးစားပါ.. ငါ့ကို ဘာကြောင့်လဲလို့ မေးခွန်းတွေ အများကြီး လာမမေးနဲ့.. မေးရင်တောင် ငါ ဖြေခွင့်မရှိဘူး.. မင်းမှာ ဝယ်ဖို့ ကူပွန်တွေ မလုံလောက်ရင် ငါ့ဆီမှာ ပိုနေတာလေးတွေ ရှိတယ်.. ဒါတွေ ယူသွားလိုက် .."
ထိုသို့ပြောရင်း အဘိုးဝမ်က အိတ်ကပ်ထဲမှ ကောက်ပဲသီးနှံ ကူပွန် တစ်ထပ်ကို ထုတ်ယူကာ ယန်ကျီဝမ်ကို ကမ်းပေးလိုက်သည် ။
ယန်ကျီဝမ်ကလည်း အားနာမနေတော့ဘဲ ကူပွန်များကို လှမ်းယူလိုက်ကာ...
" ကျေးဇူးတင်ပါတယ် အဘိုးကြီးဝမ်.. ကျွန်တော် မှတ်ထားပါ့မယ်.. "
အဘိုးဝမ် ဘာကို ဆိုလိုသလဲဆိုသည်ကို သူ နားလည်သည် ။ ထို့ကြောင့်လည်း သူ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏ ။ ပြီးခဲ့သည့်အပတ်ကပင် လမ်းရုံးမှ ဒါရိုက်တာဝမ် ရောက်ရှိလာပြီး ရိက္ခာခွဲတမ်းများကို နောက်ထပ် ၂၀ ရာခိုင်နှုန်း ထပ်မံ လျှော့ချခဲ့သေးသည် ။
ယခုအခါ ကျားမိသားစုသာမက ခြံဝင်းအတွင်းရှိ အခြားသော မိသားစုများပါ စားဝတ်နေရေး အခက်အခဲများနှင့် စတင် ရင်ဆိုင်လာနေရပြီ ။ ဤကာလအတွင်း ခြံဝင်းအတွင်းရှိ လူအများစုမှာ အလုပ်သွားခြင်းမှလွဲ၍ ခန္ဓာကိုယ်မှ စွမ်းအင်များ အလဟဿ မကုန်ဆုံးစေရန် အိမ်တွင်သာ ငြိမ်ငြိမ်လေး နေထိုင်လာကြသည် ။
" အေး.. အဲ့ဒါဆို ကောင်းတာပေါ့.. "
အဘိုးဝမ်က ပြုံးလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည် ။
" မင်း မကြာသေးခင်က ကောင်မလေး တစ်ယောက်နဲ့ ချိန်းတွေ့နေတယ်လို့ ကြားတယ်.. ငါ့ရဲ့ မြေးမလေး မြောင်မြောင်နဲ့ မင်းကို မိတ်ဆက်ပေးမလို့ လုပ်နေတာ .."
" အဘိုးရဲ့ မြောင်မြောင် ဟုတ်လားး..တော်ပြီတော်ပြီ. အဲ့ဒါကိုတော့ မေ့လိုက်ပါဗျာ.."
ယန်ကျီဝမ်က အလန့်တကြားဖြင့် လက်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ငြင်းပယ်လိုက်သည် ။
အဘိုးဝမ် ပြောသည့် ဝမ်မြောင်မြောင်ဆိုသည်မှာ ယန်ကျီဝမ်ထက် သုံးနှစ်ကြီးသော သူ၏ မြေးမလေး ဖြစ်သည် ။ သူမ၏ ရုပ်ရည်သွင်ပြင်က ထိပ်တန်းအဆင့်တွင် ရှိသော်လည်း တစ်ခုတည်းသော အားနည်းချက်မှာ ထိုမိန်းကလေးက တပ်မတော်မှ စစ်သမီးတစ်ဦး ဖြစ်နေပြီး စိတ်နေသဘောထားက အလွန် ကြမ်းတမ်း ပြင်းထန်လွန်းနေ၏ ။
သူ အဘိုးဝမ်၏ အိမ်သို့ သွားလည်စဉ်က ဝမ်မြောင်မြောင်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ဖူးသည် ။ ထိုမိန်းမကြမ်းက သူ့ကို မြင်မြင်ချင်းပင် ပြိုင်ဘက်တစ်ဦးလို သဘောထားကာ စတင် ရန်စ တိုက်ခိုက်တော့သည် ။
သူ၏ ခွန်အားက ပုံမှန်လူများထက် မြင့်မားနေ၍သာ တော်တော့သည်။ သို့မဟုတ်ပါက ထိုနေ့က သူ ဝက်ခေါင်းကြီးလို ဖူးရောင်နေအောင် အရိုက်ခံခဲ့ရပေမည် ။
သူမက ရိုးရိုးတန်းတန်း ရက်စက်သည် မဟုတ်။ ကျားမ စစ်စစ် ဖြစ်သည် ။ ထိုအကြောင်းကို ယခု ပြန်တွေးကြည့်လျှင်ပင် သူ အနည်းငယ် ကြက်သီးထမိနေဆဲပင် ။