အခန်း ၁၃၈
Vol. 13 Ch. 138
Chapter 138
~
အခန်း ၁၃၈ : အဘိုးဝမ် .... မင်း အရင်ပြောတုန်းက အဲ့လို မဟုတ်ပါဘူး..
~
" ကျွတ်.."
အဘိုးဝမ်က သူ၏ ကြောက်ရွံ့နေဟန်ကို မြင်သောအခါ အထင်သေးဟန်ဖြင့်...
" ကောင်လေး.. မင်းက ဒီလောက်ပဲ အသုံးကျတာလား.. မြောင်မြောင်ရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် သူ့နောက်လိုက်နေတဲ့ ကောင်တွေက အရှေ့တံခါးကနေ အနောက်တံခါးအထိ တန်းစီနေတာကွ .."
" မင်းက သဘောထားလေး ဘာလေး ကောင်းပြီး မင်းရဲ့ အဘွားလင်းကလည်း မင်းကို သဘောကျနေလို့သာ ငါ ဒီလို ပြောပြနေတာ .."
" ကျေးဇူးပြုပြီး ကျွန်တော့်ကို အားနာမနေပါနဲ့.. မြောင်မြောင်လို မိန်းကလေးမျိုးကို ကျွန်တော် မနိုင်ဘူး.. အခုအတိုင်းလေးပဲ အဆင်ပြေပါတယ် .."
ယန်ကျီဝမ်က သူ၏ ရပ်တည်ချက်ကို ချက်ချင်းပင် ရှင်းလင်းစွာ ပြောလိုက်သည် ။ သူ ဝမ်မြောင်မြောင်နှင့် ပတ်သက်၍ လုံးဝ စိတ်ဝင်စားမှု မရှိပေ ။
သူမ၏ ဒေါသကြီးလွန်းသော စရိုက်ကို ဖယ်ထားလိုက်လျှင်ပင်။ ချောမောလှပသော ရုပ်ရည်နှင့် ခန္ဓာကိုယ်မှလွဲ၍ သူမ၌ အခြား ဆွဲဆောင်မှု ဘာမှ မရှိ ။ တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်မှလွဲ၍ သူမ ဘာမှ မလုပ်တတ် ။ အဆိုးဆုံးမှာ ထိုအကြောင်းများကို အခြားသူများအား ပြောခွင့်မပြုခြင်းပင် ။ ပြောမိလျှင် သူမက ချက်ချင်း ဒေါသထွက်တော့သည် ။
" မင်းက တကယ်ကို အသုံးမကျတဲ့ကောင်ပဲ... ဟေ့ကောင်လေး အဲ့ဒါ မင်းရဲ့ ရည်းစားလား .."
အဘိုးဝမ်က ဆက်၍ ညည်းညူတော့မည့်ဟန် ပြင်ပြီးမှ ရုတ်တရက် ရပ်လိုက်ကာ ယန်ကျီဝမ်၏ အနောက်ဘက် မလှမ်းမကမ်းကို လက်ညှိုးထိုးပြပြီး မေးလိုက်သည် ။
ယန်ကျီဝမ် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယွီလီ သူ့ဆီသို့ လျှောက်လာနေသည်ကို တကယ်ပင် တွေ့လိုက်ရသည် ။
" ယန်ကျီဝမ်.. ရှင် တကယ်ပဲ ဒီရောက်နေတာကိုး.. "
ယွီလီက သူ့ကို ပြုံးပြလိုက်ပြီးနောက် အဘိုးဝမ်ကိုလှည့်ကာ ...
" မင်္ဂလာပါ အဘိုး.. "
" မင်း ဘယ်လိုလုပ် ရောက်လာတာလဲ... "
ယန်ကျီဝမ် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ယွီလီအား မိတ်ဆက်ပေးလိုက်သည် ။
" ဒါက အဘိုးကြီးဝမ် တဲ့.. ကိုယ့်အတွက်တော့ အဘိုးတစ်ယောက်လိုပါပဲ.. "
" မင်း လူတွေကို မိတ်ဆက်ပေးတာကလည်းကွာ.."
အဘိုးဝမ်က သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီး ယွီလီကို ပြုံးပြကာ...
" ကောင်မလေး.. ဒီကောင်စုတ်လေး ပြောတာတွေကို နားမထောင်နဲ့.. ငါ့ကို အဘိုးဝမ် လို့ပဲ ခေါ်ခေါ်.. အဘိုး လို့ပဲ ခေါ်ခေါ် ရပါတယ်ကွယ်.. "
" ဟုတ်ကဲ့ပါ အဘိုးဝမ်.. သမီး နာမည်က ယွီလီ ပါ.. ယန်ကျီဝမ်ရဲ့ ရည်းစားပါ .."
ယွီလီက ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည် ။
အဘိုးဝမ်က ပြုံးလိုက်ပြီး ...
" ကောင်းတယ် ကောင်းတယ်.. ဒီကောင်လေးရဲ့ အမြင်က တော်တော်ကောင်းတယ်.. မနှစ်က သူ့ကို လာရှာတဲ့ မိန်းကလေးကလည်း သမီးလိုပဲ ချောချောလေးရယ်
. "
" ရှင်.. "
ထိုစကားကို ကြားသည်နှင့် ယွီလီ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာသည် ။ သူမက ယန်ကျီဝမ်ကို ပြုံးပြုံးလေး ကြည့်ကာ..
" ယန်ကျီဝမ်.. အဘိုးဝမ် ပြောတဲ့ မိန်းကလေးက ဘယ်သူလဲ.. "
ယန်ကျီဝမ်က အကူအညီမဲ့စွာဖြင့် ပြာပြာသလဲ ရှင်းပြရတော့သည် ။
" အဘိုးကြီး လျှောက်ပြောနေတာတွေကို နားမယောင်ပါနဲ့ကွာ.. အဲ့ဒါက အရင်တုန်းက လူဆိုးတွေလက်ထဲကနေ ငါ ကယ်ပေးခဲ့ဖူးတဲ့ ကောင်မလေးပါ.. သူက ကျေးဇူးတင်လို့ လာနှုတ်ဆက်ရုံပါပဲ .."
" ဟုတ်တယ် အဘိုး အာမခံပါတယ်.. အဲ့ဒီတစ်ခါ လာပြီးကတည်းက အဲ့ကောင်မလေး ပြန်မလာတော့ပါဘူး.. ရှောင်ယွီ.. အတွေးမလွန်ပါနဲ့.. အဘိုး တစ်ကယ် အာမခံတယ်... "
အဘိုးဝမ်က ရယ်ရင်း ဝင်ရောက် ရှင်းပြပေးသည် ။
ယန်ကျီဝမ်၏ မျက်နှာကြီး မည်းမှောင်သွားတော့၏ ။ ဤအဘိုးကြီးက တမင်သက်သက် ဒုက္ခပေးနေခြင်းပင် ။
သူ ဝင်မရှင်းပြလျှင် ပို၍ပင် ကောင်းဦးမည် ။
အမှန်တကယ်ပင် အဘိုးဝမ် စကားကြောင့် ယွီလီ၏ အမူအရာက ပို၍ ကြောက်စရာ ကောင်းလာပြီး သရော်သည့် လေသံဖြင့်..
" ဪ.. သိပါပြီ.. ယန်ဒုတိယသား.. ရှင်က ဒီလောက်အချိန်တွေ ကြာနေတာတောင် ကျွန်မကို လက်ထပ်ဖို့ စကားလာမပြောသေးတာ.. အဲ့ဒီ ကောင်မလေးကို မျှော်နေလို့ပေါ့လေ.. "
" ဘယ်ကသာကွာ.. "
ယန်ကျီဝမ်က သက်ပြင်းချကာ ရှင်းပြလိုက်သည် ။
" ငါက သူနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး.. မင်းအိမ်ကို လာပြီး လက်ထပ်ခွင့် မတောင်းရသေးတာက အလုပ်အရင်ရှာပြီးမှ အိမ်လေးတစ်လုံး ဝယ်ဖို့ စီစဉ်နေလို့ပါ.. မဟုတ်ရင် မင်း ငါနဲ့ လက်ထပ်ပြီးတာနဲ့ အခန်းကျဉ်းလေးထဲမှာ လာနေရရင် မင်းအတွက် မတရားဘူး မလား "
" တကယ်လား.. "
ယွီလီက ယန်ကျီဝမ်ကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် စိုက်ကြည့်နေသည် ။
သူတို့ တွဲလာခဲ့သည်မှာ နှစ်လနီးပါး ရှိနေပြီ ဖြစ်သည် ။ တခြားလူတွေသာဆိုလျှင် ဤအချိန်လောက်ဆို အခြေအနေတွေ အများကြီး တိုးတက်ပြီး ကလေးပင် ရနေလောက်ပြီ ။ သို့သော် ဤလူက ယခုအချိန်အထိ သူမအိမ်သို့ လက်ထပ်ခွင့်တောင်းရန် မလာသေးပေ ။ သူ အိမ်လာလည်တိုင်း ပစ္စည်းများ အများကြီး ဝယ်လာတတ်သော်လည်း ထိုသည်က သူမ လိုချင်သောအရာ မဟုတ် ။
သို့သော် ယန်ကျီဝမ်က သူမကို အကြောင်းပြချက် ရေရေရာရာ မပြောပြခဲ့ဖူးသဖြင့် သူမ စိတ်ပူနေရုံသာ တတ်နိုင်ခဲ့သည် ။ သူမသည် ယန်မိသားစုထံ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိပြီး ယခုအခါ ခြံဝင်းထဲရှိ အိမ်နီးချင်းများအားလုံးက သူမသည် ယန်ကျီဝမ်၏ ရည်းစားဖြစ်ကြောင်း သိနေကြပြီ ။
သို့တိုင်အောင် သူတို့က တရားဝင် စေ့စပ်ထားခြင်း မရှိသေးသဖြင့် ဤအတိုင်းသာ ဆက်သွားနေပါက သူမ ခြံဝင်းထဲ ဝင်ထွက်ရသည်မှာ စိတ်မသက်မသာ ဖြစ်လာပေလိမ့်မည် ။
" တကယ်ပြောတာ ..."
ယန်ကျီဝမ်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည် ။
" အင်းပါ.. ယုံလိုက်ပါ့မယ်.. "
ယွီလီက သူ့ကို ယုံကြည်လိုက်သည် ။ ယန်ကျီဝမ်က သူမအပေါ် အမှန်တကယ် ကောင်းမွန်သည် မဟုတ်ပါလော ။ ထို့နောက် သူမက..
" ဒါဆို ဘယ်တော့ အလုပ်သွားရှာမှာလဲ.. "
" စိတ်မပူပါနဲ့.. မကြာခင်ပါပဲ.. ကိုယ်အကုန်လုံး ပြင်ဆင်ပြီးပါပြီ.. မင်းကို အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ပါဘူး.. "
ယန်ကျီဝမ်က ကတိပေးလိုက်သည် ။
အဘိုးဝမ်က ဘေးမှနေ၍ ရယ်ကာ လှောင်ပြောင်လိုက်သည် ။
" ဟားဟား.. မင်းကများ ငါ့ကို မိန်းမကြောက်တယ်ဆိုပြီး လှောင်ချင်သေးတယ်.. မင်းလည်း အတူတူပါပဲလား.. ရှောင်ယွီက မင်းကို လက်တောင် မထပ်ရသေးဘူး.. မင်းက သူ့လက်အောက် ရောက်နေပြီပဲ.. လက်ထပ်ပြီးသွားရင် ဘယ်လိုနေမလဲ မသိတော့ဘူးကွာ...ဟားဟားဟား... "
" အို.. အဘိုးကလည်း.. "
ယွီလီ၏ လှပသော မျက်နှာလေးက ပန်သီးလေးလို ရှက်သွေးဖြာသွားသည် ။ သူမက အဲ့လောက်ကြီး ဆိုးဝါးသူ မဟုတ် ။ အစောပိုင်းက အခြားမိန်းကလေးတစ်ယောက် ယန်ကျီဝမ်ကို လာရှာသည်ဟု ကြားလိုက်ရသဖြင့် စိုးရိမ်စိတ်ကြောင့် ဝုန်းဒိုင်းကြဲလိုက်မိခြင်းသာ ဖြစ်သည် ။ ပုံမှန်အားဖြင့် ယန်ကျီဝမ်နှင့် အတူရှိနေချိန်များတွင် သူမက ယန်ကျီဝမ် ပြောသမျှကိုသာ နားထောင်လေ့သည် ။
ယန်ကျီဝမ်က ရယ်လိုက်ပြီး..
" ဘာဖြစ်လဲဗျာ.. ဒါက ကိုယ့်မိန်းမကို ကြောက်တာ မဟုတ်ဘူး.. ချစ်တာ ..ချစ်တာ.. "
" ရှင်ကတော့ အသေပဲ.. "
ယွီလီက ရှက်ရှက်ဖြင့် သူ၏ ခါးကို လိမ်ဆွဲလိုက်သည် ။
အတူတွဲလာခဲ့သည့် အချိန်ကာလ တစ်ခုအရ သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ရင်းနှီးနေလေပြီ ။ လက်တွဲခြင်း၊ ရံဖန်ရံခါ ဖက်ခြင်းမျိုးက ပုံမှန်လို ဖြစ်နေပြီ ဖြစ်သည် ။ သို့သော် သူတို့က တရားဝင် လက်မထပ်ရသေးသဖြင့် ယန်ကျီဝမ်က ထိုထက်ပို၍ အခွင့်အရေးယူချင်လာလျှင် ယွီလီက အပြတ်ငြင်းဆန်လေ့ရှိသည် ။
အဘိုးဝမ်က သရော်လိုက်ပြီး ...
" အရင်တုန်းကကျ မင်း အဲ့ဒီလို မပြောခဲ့ပါဘူး ..."
" အဲ့ဒါက အရင်တုန်းကလေဗျာ.. "
အဘိုးဝမ်လည်း ဤမျက်နှာပြောင်တိုက်လွန်းသော ကောင်လေးနှင့် ဆက်၍ မငြင်းခုံချင်တော့ချေ ။ သူက လေးနက်သော လေသံဖြင့်..
" ယန်လေး.. မင်း အလုပ်ရှာချင်တယ် မဟုတ်လား.. ငါကူညီပေးရမလား .."
" မလိုပါဘူးဆို.. ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ကြိုးစားချင်လို့ပါ.. "
ယန်ကျီဝမ်က ခေါင်းခါ၍ ငြင်းလိုက်သည် ။
အဘိုးဝမ် ဤသို့ ကမ်းလှမ်းသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူ အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပြီး ဖြစ်သည် ။ သူကိုယ်တိုင် အလုပ်တစ်ခု ရအောင် ရှာနိုင်စွမ်း ရှိ၏ ။ ထိုသို့မှ မဟုတ်လျှင် အဘိုးဝမ်အပေါ် ဤမျှ အားနာနေမည် မဟုတ်ချေ ။ အဘိုးဝမ်၏ အဆင့်အတန်းနှင့်ဆိုလျှင် သူ့အတွက် အလုပ်တစ်ခုရရန်မှာ စကားတစ်ခွန်း ပြောလိုက်ရုံသာ ရှိမည်ဆိုသည်ကို သူသိသည် ။
" ကောင်းပြီလေ.. မင်းက တကယ့်ယောက်ျားပဲ.. "
အဘိုးဝမ်က လက်မထောင်ပြလိုက်သည် ။
...
မွန်းလွဲပိုင်း အချိန်သို့ ရောက်လာသည် ။
ယန်ကျီဝမ် ယူဆောင်လာသော ငါးထည့်သည့် ပုံးနှစ်ပုံးလုံး ပြည့်သွားပြီဖြစ်ရာ သူ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည် ။ မနက်ခင်း ငါးဖမ်းနေချိန် တစ်လျှောက်လုံး ယွီလီလည်း သူနှင့်အတူ အဖော်အဖြစ် ရှိနေပေးခဲ့သည် ။ ပြန်ခါနီးတွင် သူမက ကူသယ်ပေးမည်ဟု ပြောသော်လည်း ယန်ကျီဝမ်က ငြင်းလိုက်၏ ။
ယန်ကျီဝမ်က ပုံးတစ်ပုံးကို စက်ဘီးနောက်ခုံတွင် တင်ပြီး နောက်တစ်ပုံးကို စက်ဘီးလက်ကိုင်တွင် ချိတ်ဆွဲကာ သမဝါယမ အရောင်းဆိုင် သို့ တွန်းသွားလိုက်သည် ။ ငါးအားလုံးကို စုစုပေါင်း ယွမ်ဆယ်ကျော်ဖြင့် ရောင်းချလိုက်ရသည် ။
လက်ရှိတွင် သမဝါယမမှ ငါးဝယ်ယူသည့် ဈေးနှုန်းမှာ တစ်ကျင်း လျှင် သုံးမော့ ခန့် ရှိ၏ ။ သို့သော်လည်း ယန်ကျီဝမ်က ကြီးမားသော ငါးကြီးနှစ်ကောင်ကို သူ့အတွက် ချန်ထားခဲ့သည် ။
" ယန်ကျီဝမ်.. ရှင် တကယ်ကို အံ့သြစရာ ကောင်းတာပဲ .."
ယွီလီက လေးစားအားကျစွာဖြင့် ပြောလိုက်သည် ။
ယန်ကျီဝမ် ငါးသွားရောင်းသည်ကို သူမ လိုက်ပါသွားခြင်းမှာ ယခုအကြိမ်က ပထမဆုံးအကြိမ် ဖြစ်သည် ။ သူမ၏ ဖခင်က ယန်ကျီဝမ် ငါးဖမ်းတော်ကြောင်း ပြောဖူးသော်လည်း သူမ သိပ်မယုံကြည်ခဲ့ပေ ။ သို့သော် ယနေ့ ကိုယ်တိုင် မျက်မြင်တွေ့ရှိရပြီးနောက်တွင်တော့ သူမ အပြည့်အဝ ယုံကြည်သွားလေသည် ။
မနက်ခင်း တစ်ပိုင်းတည်းနှင့်ပင် ဆယ်ယွမ်ကျော် ရှာနိုင်ခဲ့၏ ။ ဤကဲ့သို့ အရည်အချင်းမျိုးနှင့်ဆိုလျှင် သူတို့၏ အနာဂတ်ဘဝလေးက သာယာဖြောင့်ဖြူးနေမည်မှာ သေချာလှရာ သူမ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း ။
" ပါးပါးလေးပါ.... "
ယန်ကျီဝမ်က လျှို့ဝှက်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်းပြကာ ဤသည်က ပုံမှန် လုပ်နေကျ ကိစ္စလေးတစ်ခုမျှသာ ဖြစ်ကြောင်း ကြွားလိုက်သည် ။
ယွီလီက စိတ်လှုပ်ရှားစွာဖြင့် ...
" ယန်ကျီဝမ်.. နေ့လည်ကြရင် ရှင် ထပ်သွားဦးမှာလား.. ကျွန်မလည်း လိုက်ခဲ့မယ်လေ.. "
" မသွားတော့ဘူး.. ဒီနေ့ နေ့လည် ကိုယ်လုပ်စရာလေး တစ်ခု ရှိနေလို့.. "
" ဘာကိစ္စလဲ.. "
" အလုပ်ကိစ္စလေ.. "
ယန်ကျီဝမ် ပြုံးလိုက်ပြီး ...
" မင်း ကိုယ်နဲ့ လက်ထပ်ဖို့ လောနေပြီ မဟုတ်လား.. ဒါကြောင့် ကိုယ်အမြန်ဆုံး အလုပ်ရအောင်ရှာပြီး အိမ်တစ်လုံး စောစောဝယ်ဖို့ လိုနေပြီ.. "
" ဟွန်း.. ဘယ်သူက လောနေလို့လဲ.. "
ယွီလီက နှုတ်ခမ်းစူကာ ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့ ဝမ်းသာပျော်ရွှင်မှုများက အထင်းသား ပေါ်လွင်နေသည် ။
" ယွီလီ.. ဒီငါးနှစ်ကောင်ထဲက တစ်ကောင်ကို မင်းအိမ် ပြန်ယူသွားလိုက်.. ကိုယ် တစ်ကောင်ပဲ ယူတော့မယ်.. "
ယန်ကျီဝမ်က ပြောလိုက်သည် ။
ယွီလီက လက်ကိုဝှေ့ယမ်းကာ...
" မယူပါဘူး.. ဒီငါးကြီးက အနည်းဆုံး လေးကျင်းလောက် ရှိတယ်.. ရောင်းရင် တစ်ယွမ်ကျော်လောက် ရမှာကို .."
" မင်းအတွက် ပေးတာမဟုတ်ပါဘူး.. အနာဂတ် ယောက္ခထီးနဲ့ ယောက္ခမကို ဂါရဝပြုဖို့ ပေးတာပါ.. မင်းနဲ့ ဘာမှ မဆိုင်ဘူး .."
ယန်ကျီဝမ်က ငြင်းခွင့်မပေးဘဲ အတင်း ပြောလိုက်သည် ။
ယွီလီက သူ့ကို မျက်စောင်းထိုးကြည့်ကာ...
" ရှင် အရမ်း မျက်နှာပြောင်တိုက်တာပဲ.. ကျွန်မတို့က လက်တောင် မထပ်ရသေးဘူး ရှင်က အဲ့ဒီလို ခေါ်နေပြီ .."
" အနှေးနဲ့ အမြန် ပဲ ကွာတယ်လေ.. ဖြစ်လာမှာ သေချာနေတာကို.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး ..
" မင်း ကိုယ်နဲ့အတူ အိမ်လိုက်ခဲ့ဦးမလား ဒါမှမဟုတ်... "
" ကျွန်မ အိမ်ပဲ ပြန်တော့မယ်.. နောက်နေ့မှ ရှင့်ဆီ လာခဲ့မယ်.. "
ထိုသို့ပြောပြီးနောက် ယွီလီသည် ငါးကိုဆွဲ၍ သူမ၏ အိမ်သို့ ပြန်သွားတော့သည် ။