← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁ - နတ်ဘုရားလက်နက်တိုက်

တည်းခိုခန်းကနေ ချီရွှမ်းစု ထွက်လာသည့်အချိန် သူ့လက်ထဲတွင် အသစ်စက်စက် ငွေစက္ကူနှစ်ရွက် ပါလာသည်။ ထိုက်ဖျင်ဘဏ်တိုက်ကနေ ထုတ်ပေးထားသည့် ဤငွေစက္ကူတစ်ရွက်ချင်းစီက ထိုက်ဖျင်ဒင်္ဂါး ၁၀၀၀ တန်ပြီး မင်နံ့သင်းနေဆဲဖြစ်၏။

ဒါ့အပြင် ချင်ဝူပင်းသည် ချီရွှမ်းစုကို လျှို့ဝှက်အသင်းအဖွဲ့ဝင် မဟုတ်ကြောင်း သက်သေပြရန် ဝတ်ရုံနက် တံဆိပ်ပြားတစ်ခု ထုတ်ပေးလိုက်၏။ ထိုသို့ဖြင့် သူသည် ပိတ်ဆို့ထားသော အနောက်ဘက် ဂိုဘီကန္တာရမှာပင် လွတ်လပ်စွာ ဝင်နိုင်ထွက်နိုင်မည်ဖြစ်သည်။

တန်ဖိုးမသိရသော ရှားရှားပါးပါး သွေးဆေးလုံးနှင့် ထိုက်ဖျင်ဒင်္ဂါး ၂၀၀၀ကို ရလာခဲ့ရာ ဤတစ်ခေါက် အနောက်ဘက် ဂိုဘီကန္တာရသို့ လာရောက်ခဲ့သော ခရီးစဉ်က အတော်လေး တွက်ခြေကိုက်သည်ဟု သူခံစားမိနေ၏။

လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ဝင်ငွေကို ဘယ်လိုမျိုး မြှင့်တင်ပေးနိုင်ကြောင်း ချီရွှမ်းစု နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။ အရင်တုန်းက သူသည် ခွန်လွင်အဆင့်မှာသာ ရှိခဲ့ပြီး အသေးအဖွဲ့တာဝန်များကိုသာ လက်ခံရရှိကာ မစို့မပို့ ဝန်ဆောင်ခကိုသာ ရလေသည်။ သို့သော် ယွီရှုအဆင့်ကို ရောက်ရှိပြီးနောက် ငွေရှာရသည်က ပိုမိုလွယ်ကူလာသည်ကို သိရှိလိုက်၏။

သူသာ ခွန်လွင်အဆင့်မှာ ရှိနေဦးမည်ဆိုလျှင် တည်းခိုခန်းဆိုင်ရှင်က ပေါင်းသင်ရှင်းလင်းရေးအတွက် သူ့ကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။ သူက ရွေးချယ်ခံရမည်ဆိုလျှင်ပင် ဧရာမ သက်ရှိအလောင်းကောင်နှင့် ကျောက်စိမ်းဖြူခန်းမက ဂမ္ဘီရဝိဇ္ဇာကို အနိုင်ရခဲ့မည် မဟုတ်ပေ။ ထိုသို့ဖြင့် သွေးဆေးလုံးကိုလည်း မရနိုင်ပေ။ သူက တစ်နည်းတစ်ဖုံ ကံကောင်းပြီး သွေးဆေးလုံးကို ရလာခဲ့မည်ဆိုလျှင်ပင် ဝတ်ရုံနက်များ ချောင်းမြောင်းတိုက်ခိုက်မှုမှာ သူက အသေပစ်သတ်ခံရပေလိမ့်မည်။

ယွီရှုအဆင့်ကို ရောက်ရှိသည်နှင့် အရာရာတိုင်းက ကွဲပြားခြားနားသွား၏။ နောက်ဆုံးမှာတော့ လူတစ်ယောက်၏ ကျင့်ကြံမှုကို မြှင့်တင်ဖို့က အရေးကြီးဆုံး ဖြစ်နေဆဲပင်။

ချီရွှမ်းစုသည် ဂိုဘီကန္တာရကနေ ထွက်လာပြီးမှ သွေးဆေးလုံးကို သုံးစွဲဖို့ ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် သူက ကွေ့ကျန်းအဆင့်ကို တတ်နိုင်သမျှမြန်မြန် ရောက်ရှိသွားပေမည်။

ဆောဝမ်ပူရေကန်ဘေးက ထုတ်လုပ်ရေးရုံနှင့် ကျောက်စိမ်းဖြူခန်းမကိုတော့ သူ ဝင်ရောက်စွက်ဖက်နိုင်ဦးမည်ဟု မထင်တော့ပေ။ အထူးသဖြင့် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်က ပါဝင်ပတ်သက်နေပြီဖြစ်၏။ သူ့အား အစ်မချီ စေခိုင်းထားသည့် အလုပ်ကိုလည်း မေ့ပစ်ဖို့သာ ရှိတော့လေသည်။

ဤအချိန်မှာ ချီရွှမ်းစုက တည်းခိုခန်းဆိုင်ရှင်နှင့် ဆုံမိသွား၏။

“ဟေး... ညီကို”

ချီရွှမ်းစုက လှမ်းနှုတ်ဆက်လိုက်၏။

ဆိုင်ရှင်က တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ချီရွှမ်းစုကို ကြည့်လိုက်၏။

“ညီအကို... မင်း တော်တော်ကံကောင်းတာပဲ”

“ထုတ်လုပ်ရေးရုံမှာ ဘာဖြစ်ခဲ့လဲ ခင်ဗျား သိတယ်မလား”

ချီရွှမ်းစုက မေးလိုက်၏။

ဆိုင်ရှင်က ခေါင်းညိတ်ပြလိုက်သည်။

ချီရွှမ်းစုက သက်ပြင်းချ၍ သူ တွေ့ကြုံခဲ့သည့်အရာကို ပြန်ပြောပြလိုက်၏။

“ဧရာမ နတ်ဆိုးမိစ္ဆာတစ်ကောင်က ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်... အဲ့ဒါက ဒဏ္ဍာရီလာ မဟာအသူရာ ဖြစ်မယ်လို့ ကျုပ်ထင်မိတယ်... တည်းခိုခန်းက လူတွေကိုလည်း အဲ့ဒီနတ်ဆိုးမိစ္ဆာကပဲ တစ်ယောက်ပြီးတစ်ယောက် စားပစ်လိုက်တယ်... ကျုပ်တောင် အဲ့ဒီနေရာနဲ့ အတော်လေး ဝေးဝေးမှာ ရောက်နေလို့ ကံကောင်းပြီး လွတ်လာခဲ့တာ”

ဆိုင်ရှင်၏ နှုတ်ခမ်းက အနည်းငယ် တွန့်သွားပြီး နောက်ဆုံးမှာ နောင်တရ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်၏။

တည်းခိုခန်းသည် သူတို့၏ လက်ရွေးစင်များကို စုစည်းပို့လွှတ်ခဲ့သော်လည်း နောက်ဆုံးမှာ ကြီးမားစွာ ဆုံးရှုံးနစ်နာရဆဲဖြစ်၏။ သူတို့သည် စေလွှတ်လိုက်သော လူများကိုသာမက ပြန်ဖော်ကုန်းမြေနှင့် တည်းခိုခန်းအခွဲတစ်ခုကိုပါ ဆုံးရှုံးရလေသည်။ ဤဆိုင်ခွဲ၏ ခေါင်းဆောင်အဖြစ် သူ၏နေ့ရက်များက အတိတ်မှာ ကျန်ခဲ့ပြီကို ဆိုင်ရှင်က သိလိုက်၏။ သို့သော်လည်း သူ့အသက်ကို မဆုံးရှုံးရသည့်အတွက် ဝမ်းသာရလေသည်။

တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကာ ထွက်လာပြီးနောက် ချီရွှမ်းစုက မြို့ထဲမှာ လှည့်လည်သွားလာနေ၏။ သူ့ခါးမှာ ဝတ်ရုံနက်တံဆိပ်ပြားကို ချိတ်ဆွဲထားသောကြောင့် မည်သည့်တပ်သားကမှ သူ့ကို ပြဿနာမရှာရဲကြပေ။

ချင်ဝူပင်း၏ လက်အောက်ငယ်သား တိုင်းမှူးဗိုလ်သည် ဤတံဆိပ်ပြားက ဝင်နိုင်ထွက်နိုင်ရုံမျှသာ မဟုတ်သည်ကို အထူးတလည် ရှင်းပြခဲ့သည်။ ချီရွှမ်းစုသည် ထိုတံဆိပ်ပြားဖြင့် ဝတ်ရုံနက်များ၏ အထူးခံစားခွင့်တချို့ကိုလည်း ရရှိနိုင်မည်ဖြစ်၏။ ဤသည်မှာ ချီရွှမ်းစုအပေါ် ချင်ဝူပင်း၏ ကျေးဇူးတင်ရှိကြောင်း ပြသမှုဖြစ်၏။

ချီရွှမ်းစုက ထိုလက်ဆောင်ကို လက်ခံယူခဲ့ပြီး အင်ပါယာမျိုးနွယ်နှင့် အထက်တန်းလွှာ မိသားစုများအကြား စည်းလုံးမှုမှာ အံ့အားသင့်သွားရ၏။ ချီရွှမ်းစုက ချင်ရှန့်ကို ကယ်တင်ပေးခဲ့ရုံနှင့် လက်ထောက်ကာကွယ်ရေးမှူး ချင်ဝူပင်းက သူ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြခဲ့သည်။ ဒါတောင် ချင်ရှန့်ပြောပုံအရ သူမသည် အရင်က ချင်ဝူပင်းနှင့် တစ်ခါမှ မတွေ့ဆုံဖူးခဲ့ပေ။ သို့သော်လည်း နှစ်ဦးစလုံး ပြည်နယ်မင်းသားများဖြစ်သည့် သူတို့၏ ဖခင်များမှာတော့ ဆက်ဆံရေးတချို့ ရှိထား၏။ အင်ပါယာမျိုးနွယ်နှင့် အထက်တန်းလွှာ မိသားစုများသည် အနည်းဆုံး အပြင်လူများရှေ့တွင် စည်းလုံးမှုရှိကြသည်မှာ သိသာထင်ရှား၏။

တစ်ဖက်မှာတော့ ချီရွှမ်းစုသည် အင်ပါယာမျိုးနွယ်ဝင် သို့မဟုတ် အထက်တန်းလွှာ မိသားစုဝင်တစ်ဦးကို သတ်ဖြတ်မိမည်ဆိုလျှင် သူတို့၏ တစ်ပေါင်းတစ်စည်း ရန်လိုမှုဖြင့် ရင်ဆိုင်ရပေလိမ့်မည်။

တော်ဝင်မိသားစုများနှင့် အထက်တန်းလွှာ မိသားစုများသည် မျိုးနွယ်စုကြီးတစ်ခုနှင့် တူလေသည်။ သွေးဝေးဆွေမျိုးများစွာက တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုမရှိသော်လည်း ဒုက္ခရောက်သည့်အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးလိုကြဆဲဖြစ်၏။

ချီရွှမ်းစုက ရလာသော ဤအခွင့်အရေးကို ဖြုန်းတီးမပစ်ချင်ပေ။ နတ်နဂါးပစ္စတိုသည် နတ်ဘုရားလက်နက်တိုက်၏ တီထွင်ထုတ်လုပ်မှုဖြစ်ပြီး ထျန်ကျိခန်းမက ထုတ်လုပ်ခွင့်လိုင်စင် ရထားသည်ကို သူ အမှတ်ရသွား၏။ ထိုသို့ဖြင့် ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ ရာထူးအဆင့်အတန်းကို အသုံးချကာ သူ၏ ပစ္စတိုကို ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်၏။ မှောင်ခိုဈေးကွက်မှာထက် ထျန်ကျိခန်းမမှာ ရောင်းချပေးသော လက်နက်များက အရည်အသွေးနှင့် ဈေးနှုန်း ပို၍ ကောင်းမွန် မျှတ လေသည်။

လောလောလတ်လတ် ပွပေါက်တိုးထားသည့် ချီရွှမ်းစုက အူမြူးရွှင်ပျနေကာ သုံးချင်ဖြုန်းချင်စိတ်ဖြင့် လက်ယားနေလေသည်။ ကပ်စေးနှဲ အစ်မချီ၏ ချုပ်ချယ်မှုများကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ယခုနောက်ပိုင်းတွင် ငွေကြေးသုံးစွဲရသည့် အရသာကို သူ အတော်လေး သဘောကျမိလာ၏။

လှည့်ပတ်သွားလာ၍ လမ်းမေးပြီးနောက် ချီရွှမ်းစုသည် ကြီးမားသော ခြံဝင်းတစ်ခုထဲမှာ လက်နက်တိုက်အရာရှိတစ်ဦးကို ရှာတွေ့သွား၏။ ဤလက်နက်တိုက်အရာရှိသည် ရှီကျိုးနယ်ခြားစောင့်တပ်ကို လက်နက်များ ထောက်ပံ့ပေးရန် တာဝန်ယူထားသည့် နတ်ဘုရားလက်နက်တိုက်၏ တွဲဖက်အရာရှိတစ်ဦးဖြစ်သည်။

သူ့အလုပ်၏ သဘောသဘာဝသည် စစ်တပ်အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးရသော နယ်ခံအုပ်ချုပ်ရေးအရာရှိများနှင့် ဆင်တူလေသည်။

ခဲယမ်းလက်နက်များ၏ အဆင့်အတန်းမှာ နတ်ဘုရားလက်နက်တိုက်သည် ထျန်ကျိခန်းမထက် မနိမ့်ကျပေ။ ဤအဖွဲ့အစည်းနှစ်ခုက မကြာခဏပင် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။

ချီရွှမ်းစုက သူ့တံဆိပ်ပြားကိုပြပြီး မေးလိုက်၏။

“နတ်ဘုရားလက်နက်တိုက်ကလည်း ထျန်ကျိခန်းမလိုမျိုး လက်နက်တွေကို ရောင်းချပေးတယ်လို့ ကျုပ် ကြားထားတယ်”

လက်နက်တိုက်အရာရှိက စီးပွားရေးသမားတစ်ဦးနှင့် ပိုတူပုံရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။ သူက ပြုံး၍ ပြောလိုက်၏။

“ပုံမှန်ဆိုရင် ကျုပ်တို့က အသေးအမွှား အရောင်းအဝယ်တွေ လုပ်လေ့မရှိဘူး... အလုံးအရင်းနဲ့ပဲ ရောင်းချပေးတာ... ဒါပေမဲ့ ခင်ဗျားက ဒီတံဆိပ်ပြားကို ကိုင်ထားတယ်ဆိုတော့ ကျုပ် ခြွင်းချက်ပေးလို့ရတယ်”

ချီရွှမ်းစုက သိချင်သွား၏။

“ခင်ဗျားတို့က အလုံးအရင်းနဲ့ ဘယ်သူတွေကို ရောင်းပေးတာလဲ”

လက်နက်တိုက်အရာရှိက ဖြေပေးလိုက်၏။

“အနောက်ဘက်ဒေသက တိုင်းပြည်တွေ၊ သမုဒ္ဒရာတိုင်းပြည်နဲ့ ဖုန်းလင်ပြည်နယ်တို့ပေါ့... ဒါပေမဲ့ ကျုပ်တို့က ရွှေပြည်သစ်ကိုတော့ ရောင်းချပေးမှာ မဟုတ်ဘူး... သူတို့က ခဲယမ်းလက်နက်တွေကို ရုတိုင်းပြည်နဲ့ အနောက်ဘက်ကုန်းမြေတိုက်ကနေ ဝယ်ယူရလိမ့်မယ်”

ချီရွှမ်းစုက ထပ်မေးလိုက်၏။

“ဝတ်ရုံနက်တွေက ကိုယ့်လက်နက်နဲ့ကိုယ် အပစ်ခံရမှာ မကြောက်ဘူးလား”

လက်နက်တိုက်အရာရှိက အထင်အမြင်သေးစွာဖြင့် ရယ်လိုက်၏။

“သူတို့တွေက ကျည်ဆန်တောင် မထုတ်လုပ်နိုင်တဲ့ နိုင်ငံငယ်လေးတွေပဲ... ကျုပ်တို့ဆီကနေ သေနတ်တွေ ဝယ်သွားတယ်ဆိုရင်တောင် ကျုပ်တို့က သူတို့အတွက် ကျည်ဆန်ကို ဖြတ်တောက်လိုက်တာနဲ့ သူတို့က ကျုပ်တို့ကို ဘာနဲ့ပစ်မှာလဲ... နောက်ပြီး သူတို့ကို ရောင်းချပေးတာက ခေတ်အောက်သွားတဲ့ လက်နက်တချို့ပဲ... နောက်ဆုံးပေါ် လက်နက်တွေကိုတော့ ရောင်းချပေးမှာ မဟုတ်ဘူး”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“ကျုပ် သဘောပေါက်ပြီ”

လက်နက်တိုက်အရာရှိက ပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျားကို ကျုပ်တို့ထဲက လူလို့ဆိုနိုင်တယ်... အဲ့ဒါကြောင့် ခင်ဗျားက ခြွင်းချက်ရတယ်”

ချီရွှမ်းစုက မေးလိုက်၏။

“ခင်ဗျား ထောက်ခံအကြံပြုပေးချင်တဲ့ လက်နက်ကောင်း တစ်ခုခုများ ရှိလား”

လက်နက်တိုက်အရာရှိက ခဏမျှစဉ်းစားပြီးနောက် သေတ္တာတစ်လုံးကို ထုတ်ယူကာ ချီရွှမ်းစုရှေ့တွင် ချလိုက်၏။

“နတ်နဂါးပစ္စတို၊ ဆင်စွယ်လက်ကိုင်၊ ကြေးကိုယ်ထည်၊ ကျည်နောက်ထိုး ပင်ရိုက်စနစ်၊ ပြောင်းရစ်ဖော်ထားတဲ့အတွက် ခြေလှမ်းတစ်ရာအတွင်းမှာ ထိထိရောက်ရောက် ပစ်ခတ်နိုင်တယ်... အဲ့ဒါက ထိုက်ဖျင်ဒင်္ဂါး ခုနစ်ရာပဲ ကျမယ်”

ချီရွှမ်းစုက သူ၏ သေနတ်အိမ်ထဲမှ နတ်နဂါးပစ္စတိုကို ထုတ်ပြလိုက်၏။

“ဒါကို ထျန်ကျိခန်းမက ခြောက်ရာနဲ့ ရောင်းပေးထားတာ”

လက်နက်တိုက်အရာရှိက အနည်းငယ်ရှက်သွားသည့်ပုံပေါ်ပြီး ချောင်းဟန့်ကာ ပြောလိုက်၏။

“အင်း... အဲ့ဒါ အဆင့်မြင့်တာအိုဆရာတွေအတွက် လျှော့ဈေးပေးထားတာဖြစ်မယ်”

သို့သော်လည်း သူက ထိုအကြောင်း များစွာမစဉ်းစားပေ။ ချီရွှမ်းစုမှာ မြင့်မားသော ကျင့်ကြံမှုအဆင့်နှင့် လက်ထောက်ကာကွယ်ရေးမှူးကိုယ်တိုင် ထုတ်ပေးထားသည့် တံဆိပ်ပြား ရှိနေသည်။ ထို့ကြောင့် ချီရွှမ်းစုအနေဖြင့် တာအိုဂိုဏ်းတော်မှာ အဆက်အသွယ်တချို့ ရှိထားနိုင်သည်ဟု သူ တွေးလိုက်၏။

လက်နက်တိုက်အရာရှိက ခဏမျှစဉ်းစားပြီး မေးလိုက်၏။

“ညီအစ်ကို... မင်း ရိုးရာလက်နက်တွေရော မလိုဘူးလား”

ချီရွှမ်းစုက စိတ်ဝင်စားသွား၏။

“ဓားပျံလား”

“မဟုတ်ဘူး... အဲ့ဒါက သင်္ဘောသားဓားတစ်စုံပဲ”

လက်နက်တိုက်အရာရှိက ဆက်ပြောလိုက်၏။

“အယူဝါဒမိစ္ဆာဂိုဏ်းတစ်ဂိုဏ်းကို ချေမှုန်းသုတ်သင်တုန်းက အဲ့ဒါကို သိမ်းဆည်းရမိခဲ့တာ... အဲ့ဒါတွေက စစ်သုံ့ပန်းပစ္စည်းတွေမို့လို့ ထိန်းသိမ်းထားဖို့အတွက် နတ်ဘုရားလက်နက်တိုက်ကို ပို့ပေးထားတယ်... ကျုပ် စစ်ဆေးကြည့်တော့ အဲ့ဒါက စိတ်ဝိညာဉ်လက်နက်တွေ ဖြစ်နေတယ်... ခင်ဗျား အထဲကို ချီနည်းနည်းလောက် ပို့လွှတ်လိုက်တာနဲ့ ဓားသွားက မီးထတောက်လာလိမ့်မယ်... အဲ့ဒါကြောင့် အဲ့ဒီလက်နက်ကို မီးတောက်ဓားသွားတွေလို့ ကျုပ် နာမည်ပေးထားတယ်”

(သင်္ဘောသားဓား - ဆေဘာနှင့် ဆင်တူသော်လည်း အလျားပိုတို၊ ဗျက်ပိုကျယ်၊ အဖျားကို အနည်းငယ်ကော့ပြီး ချွန်ထားပါတယ်။ ပင်လယ်ဓားပြတွေနဲ့ သင်္ဘောသားအများစု အသုံးပြုတတ်ကြတယ်။ အင်တာနက်မှာ Cutlass ဆိုပြီး ရှာကြည့်နိုင်ပါတယ်။)

ချီရွှမ်းစုက ထိုနာမည်ကို သဘောမကျသော်လည်း စိတ်ဝင်စားသွား၏။

“ကျုပ်ကို တစ်ချက်လောက် ပြပေးပါဦး”

လက်နက်တိုက်အရာရှိက ချီရွှမ်းစုကို ယာယီဖွဲ့စည်းထားသည့် သိုလှောင်ရုံတစ်ခုထဲ ခေါ်သွားပြီး သင်္ဘောသားဓားတစ်စုံထည့်ထားသည့် သေတ္တာတစ်လုံးကို ယူလာဖို့ သူ၏လက်အောက်ငယ်သားများကို စေခိုင်းလိုက်၏။ သေတ္တာကို ဖွင့်လိုက်သည့်အခါ ချီရွှမ်းစုသည် ၂၇ လက်မခန့် ရှည်လျားသည့် အနီရောင် သင်္ဘောသားဓားနှစ်လက်ကို တွေ့လိုက်ရ၏။

ချီရွှမ်းစုက သင်္ဘောသားဓားတစ်စုံကို မြင်မြင်ချင်း သဘောကျသွား၏။ သူ မကြာသေးခင်ကမှ ကျန်းယွဲ့လုထံကနေ တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို သင်ယူထားခဲ့သည်။ လောလောဆယ်မှာ အဲ့ဒါကို သူ့ဓားတိုချင်းယွမ်နှင့် အသုံးပြုနေသော်လည်း တာယန်စိတ်ဝိညာဉ်ဓားသိုင်းသည် တစ်ဖက်သွားဓားများနှင့် ဆေဘာများအတွက် အဓိက ရည်ရွယ်သောကြောင့် ၎င်း၏ စွမ်းရည်အပြည့်အဝကို မထုတ်ဖော်နိုင်ပေ။

သူက သင်္ဘောသားဓားနှစ်လက်ကိုယူ၍ ဝှေ့ယမ်းကြည့်ပြီးနောက် ချီအနည်းငယ် ပို့လွှတ်လိုက်သည့်အခါ ဓားသွားများက ချက်ချင်းပင် မီးထတောက်လာ၏။ သူက မေးလိုက်၏။

“ဒါ ဘယ်လောက်လဲ”

လက်နက်တိုက်အရာရှိက ဖြေလိုက်၏။

“ထိုက်ဖျင်ဒင်္ဂါး ၃၀၀၀”

ချီရွှမ်းစုက ဈေးဆစ်ကြည့်ဖို့ ကြိုးစားလိုက်၏။

“အရမ်း ဈေးကြီးလွန်းတယ်”

“ဒါတွေက စိတ်ဝိညာဉ်လက်နက်တွေပဲ... သူတို့က အစုံလိုက်လာတာ”

လက်နက်တိုက်အရာရှိက ရှင်းပြလိုက်၏။

“ကျုပ်တို့ အဲ့ဒါကို ခွဲပြီးရောင်းမယ်ဆိုရင်တောင် တစ်လက်ကို ထိုက်ဖျင်ဒင်္ဂါး ၁၅၀၀ ရလိမ့်မယ်... စိတ်ဝိညာဉ်ပစ္စည်းအတွက် ဒါက ဈေးမှန်ပဲ”

ချီရွှမ်းစုက သင်္ဘောသားဓားနှစ်လက်ကို ငေးကြည့်နေ၏။ သူက သဘောကျသော်လည်း အသပြာ ချွေတာဖို့အတွက် အားနည်းချက်ကို ရှာဖွေရပေမည်။

“လူအများစုက မဟာဓားအင်မော်တယ် ဖြစ်လာချင်တဲ့အတွက် ဒီနေ့ခေတ်မှာ နှစ်ဖက်သွားဓားတွေက အဖိုးတန်ဆုံးပဲ... ဒါပေမဲ့ မဟာတစ်ဖက်သွားဓားအင်မော်တယ် ဆိုတာမျိုး မရှိဘူး... ဒါက ဓားပျံတစ်စုံဆိုရင်တော့ ထိုက်ဖျင်ဒင်္ဂါး ၃၀၀၀ က ဈေးမှန်ဖြစ်လိမ့်မယ်... အဲ့ဒါက သင်္ဘောသားဓားတစ်စုံ ဖြစ်နေတာ နှမြောစရာပဲ... ထိုက်ဖျင်ဒင်္ဂါး ၂၀၀၀ ပဲ တန်မယ်လို့ ကျုပ် ထင်တယ်”

“အဲ့ဒါတော့ နည်းလွန်းသွားပြီ... ကဲပါ ကြားချလိုက်ရအောင်… ထိုက်ဖျင်ဒင်္ဂါး ၂၅၀၀ တော့ ပေးဗျာ”

ချီရွှမ်းစုက သဘောတူလိုက်၏။

“ဟုတ်ပြီလေ... အရောင်းအဝယ် ဖြစ်ပြီဗျာ”

All Chapters