အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း ၂၂၂ - အခြေအနေအပေါ် အမြတ်ထုတ်ခြင်း
ချီရွှမ်းစုနှင့် လက်နက်တိုက်အရာရှိသည် ရုံးခန်းထဲသို့ ပြန်လည်ရောက်ရှိလာပြီး အရောင်းအဝယ်ကို ပြီးမြောက်စေလိုက်၏။ လက်နက်တိုက်အရာရှိက ချီရွှမ်းစု၏ ငွေစက္ကူများကို လက်ခံ၍ ပြေစာနှစ်စောင် ထုတ်လိုက်၏။ တစ်စောင်က ချီရွှမ်းစုကို ပေးဖို့ဖြစ်ပြီး အခြားတစ်စောင်က မှတ်တမ်းအဖြစ် သိမ်းထားရန်ဖြစ်၏။
နတ်ဘုရားလက်နက်တိုက်သည် အခွန်အတုတ်ပေးဆောင်စရာ မလိုသော်လည်း စာရင်းသွင်းပေးရသည်။ အင်ပါယာနန်းတော်သည် အသစ်စက်စက် ဖွဲ့စည်းလိုက်သော စာရင်းစစ်ဌာနမှ အရာရှိများကို နှစ်စဉ်နှစ်တိုင်း စာရင်းစစ်ဖို့ စေလွှတ်ပေးတတ်သည်။ နတ်ဘုရားလက်နက်တိုက်က စာရင်းစစ်ခံရမည့် ရုံးများထဲမှာ ပါဝင်ပြီး သူတို့က သတိထားရ၏။
ဤဝယ်ယူမှုအပြီး၌ ချီရွှမ်းစုတွင် ထိုက်ဖျင်ဒင်္ဂါး ၃၀၀ သာ ကျန်တော့သည်ဆိုသော်လည်း သူ့မှာ အသစ်စက်စက် စိတ်ဝိညာဉ်လက်နက်တစ်စုံ ထပ်တိုးလာ၏။
ထျန်ကန်းခန်းမကနေ ထုတ်ပေးထားသည့် အပြင်ခါးပတ်က အတော်လေး အသုံးဝင်လှသည်ကို ချီရွှမ်းစု တွေ့ရ၏။ ၎င်းဖြင့် လက်နက်ခြောက်လက်အထိ ချိတ်ဆွဲနိုင်သည်။ ချီရွှမ်းစုသည် သင်္ဘောသားဓားနှစ်လက်ကို သူ၏ ကျောနောက်မှာ ကြက်ခြေခတ်ချိတ်ဆွဲပြီး သူ့ခါး၏ တစ်ဖက်တစ်ချက်စီမှာ ဓားတိုနှင့် နတ်နဂါးပစ္စတိုကို ချိတ်ဆွဲထားဆဲဖြစ်သည်။
သူ့ခါး၏ တစ်ဖက်တစ်ချက်စီမှာ ချိတ်ဆွဲစရာ နေရာလွတ်နှစ်ခု ကျန်နေသေး၏။ ထိုသို့ဆိုလျှင်တောင် သူ လမ်းလျှောက်သည့်အခါ လက်နက်များက တစ်ခုနှင့်တစ်ခုတိုက်ပြီး တချွင်ချွင် မြည်နေ၏။
လက်နက်တိုက်အရာရှိက စနောက်လိုက်၏။
“ညီကို… ကျောမှာလွယ်ဖို့ သေနတ်အရှည်ဖြစ်ဖြစ် ဒူးလေးဖြစ်ဖြစ် မဝယ်တော့ဘူးလား”
ချီရွှမ်းစုက လက်ကာပြလိုက်၏။
“ကျုပ် အခုပဲ လူမွဲစာရင်းဝင်သွားပြီ... အလကားမဟုတ်ရင် ပြောမနေပါနဲ့တော့”
လက်နက်တိုက်အရာရှိက ပြုံး၍ ရှင်းပြလိုက်၏။
“ကျုပ်တို့မှာ အခမဲ့လက်ဆောင်ပေးတာမျိုး ရှိတယ်... ဒါပေမဲ့ အဲဒါက အလုံးအရင်းနဲ့ ဝယ်မှပဲ”
ချီရွှမ်းစုက နှုတ်ဆက်၍ ဤနေရာကနေ ထွက်ခွာလာခဲ့၏။ သူ အစက မြင်းတစ်ကောင်ဝယ်ဖို့ ကြံရွယ်ထားသော်လည်း သူ့မှာ ငွေကြေးလျော့နည်းသွားပြီဖြစ်ရာ ထိုအတွေးကို စွန့်လွှတ်လိုက်၏။ သူ့မှာ ကျန်းယွဲ့လုပေးထားသည့် ကျားမာအဆောင်များ ရှိနေဆဲဖြစ်ပြီး သူ၏ ခရီးက သိပ်ပြီး ခက်ခဲကြမ်းတမ်းလိမ့်မည် မဟုတ်ပေ။
ဤအချိန်မှာ တင်းမာသော မျက်နှာထားများနှင့် ဝတ်ရုံနက်အုပ်စုများကို ချီရွှမ်းစု သတိထားမိလိုက်၏။ ဤနေရာမှာ အခြေအနေများက တင်းမာနေသည်ဟု ခံစားမိသော်လည်း ဖြစ်ပျက်နေသည့်အရာကို ချီရွှမ်းစု မသိရှိပေ။ သူ့ကိုပါ အမှုလာပတ်မည်စိုးပြီး မြို့ထဲကနေ ခပ်မြန်မြန်ထွက်လိုက်၏။
ချင်ဝူပင်းသည် တပ်တွင်းသူလျှိုကို ဖော်ထုတ်ဖို့ စစ်အမိန့်ထုတ်ပြန်ထားသောကြောင့် ဝတ်ရုံနက်များက အုပ်စုအမျိုးမျိုးခွဲကာ စုရုံးနေကြ၏။ ချီရွှမ်းစုက အပြင်လူတစ်ယောက်မျှသာဖြစ်ပြီး မည်သူကမှ သူ့ကို သံသယမဝင်ကြပေ။ ချင်ဝူပင်း ထုတ်ပေးထားသည့် တံဆိပ်ပြားနှင့်အတူ ချီရွှမ်းစုက အဟန့်အတားမရှိဘဲ ထွက်ခွာနိုင်၏။
လမ်းမှာ ချီရွှမ်းစုသည် သူ့လိုပင် မြို့ထဲကနေ ထွက်တော့မည်လုပ်နေသော ဆိုင်ရှင်နှင့် ဆုံမိသွား၏။ ချီရွှမ်းစုကို တွေ့သောအခါ ဆိုင်ရှင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အကြည့်တစ်ခု ပေါ်ထွက်လာ၏။
ဆိုင်ရှင်က သတိထားနေခြင်းမျှသာဖြစ်သည်ကို ချီရွှမ်းစု နားလည်သဘောပေါက်၏။ မည်သို့ပင်ဆိုစေ လုံခြုံမှုမရှိသော ဤပတ်ဝန်းကျင်မှာ တစ်ယောက်ကိုတစ်ယောက် သတိထားနေရန် လိုအပ်သည်။ ထို့ကြောင့် ချီရွှမ်းစုက ခေါင်းညိတ်ပြ၍သာ နှုတ်ဆက်ပြီး အခြားမြို့ဂိတ်တံခါး ရှိရာဘက်သို့ ထွက်သွား၏။
ဆိုင်ရှင်က စိတ်သက်သာစွာ သက်ပြင်းချ၍ မြို့ထဲကနေ အလောတကြီးထွက်လိုက်၏။
သုံးမိုင်ခန့်လျှောက်၍ ဝတ်ရုံနက်များ မရှိတော့သည့်အခါ ဆိုင်ရှင်ကို လူဆိုးလူမိုက်တစ်အုပ်စုက ဝိုင်းပတ်လိုက်ကြ၏။
“ဆိုင်ရှင်... မင်း ဘယ်သွားမလို့လဲ”
လူမိုက်ခေါင်းဆောင်က သွားများပေါ်အောင် ပြုံးဖြီးပြလိုက်၏။
ဆိုင်ရှင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
သူက ဤလူအုပ်စုကို မှတ်မိသည်။ သူတို့သည် ခါတိုင်းလိုဆို သူ့ကိုမော်ကြည့်နေရသည့် တည်းခိုခန်း၏ ဖောက်သည်များဖြစ်၏။ ဝတ်ရုံနက်များ မြို့ထဲကို ဝင်ရောက်လာပြီးနောက် သူတို့က သာမန်လူဆိုးလူမိုက်များသာဖြစ်၍ လျှို့ဝှက်အသင်းအဖွဲ့ဝင်များအဖြစ် မစွပ်စွဲခံရပေ။ ဤလူမိုက်အုပ်စုက ဤနေရာမှာ သူ့ကိုစောင့်ကြိုနေလိမ့်မည်ဟု တည်းခိုခန်းဆိုင်ရှင်က ထင်မှတ်မထားပေ။
ဆိုင်ရှင်က တည်တံ့စွာဖြင့် ပြောလိုက်၏။
“မင်းတို့တွေ ဘာလုပ်မလို့လဲ”
စာပေသမားပုံစံနှင့်လူက ဖြေလိုက်၏။
“ငါတို့ တရားမျှတမှုကို မင်းဆီကနေ တောင်းခံချင်လို့ပဲ”
ဆိုင်ရှင်က ထေ့ငေါ့လိုက်၏။
“တရားမျှတမှုလား… တည်းခိုခန်းက မင်းတို့တွေ အားလုံးကို ဘယ်တုန်းကမှ ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဘူး”
ထိပ်ပြောင်ပြောင်နှင့် ဗလတောင့်တောင့်လူက လှောင်ရယ်လိုက်၏။
“ငါတို့ရဲ့ ညီအစ်ကိုတွေက မင်းစကားကို ယုံပြီး ပြန်ဖော်မြေကို လိုက်သွားခဲ့ကြတယ်... ဒါပေမဲ့ သူတို့ ဘယ်သူမှ ပြန်မလာနိုင်ကြဘူး... သူတို့က တရားမျှတမှုနဲ့ မထိုက်တန်ဘူးလား”
ဆိုင်ရှင်က မျက်လုံးကို မှေးကျဉ်းလိုက်၏။
“ငါတို့ ဌာနချုပ်က လူတွေလည်း သေခဲ့ရတာပဲ”
“အဲဒါက မင်းကိစ္စလေ... ငါတို့က သေဆုံးသွားတဲ့ ငါတို့ညီအစ်ကိုတွေအတွက် တရားမျှတမှု ယူပေးချင်ရုံပဲ”
မုတ်ဆိတ်နှင့် ဤလူအုပ်စု၏ ခေါင်းဆောင်က စကားထောက်လိုက်၏။ သူက တာအိုဆရာဝတ်ရုံ၊ နေကာမျက်မှန်တစ်လက်နှင့် ရိုးရာရှေးဖြစ်ဟောသူတစ်ယောက်လို ဝတ်ဆင်ထား၏။
ဆိုင်ရှင်က နောက်ဆုံးမှာ အခြေအနေကို နားလည်သဘောပေါက်သွား၏။ ဤလူမိုက်အုပ်စုက တည်းခိုခန်း ကြီးမားစွာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရသည်ကို သိရှိထားပြီးသားဖြစ်၍ အခြေအနေကို အမြတ်ထုတ်ရန် ရောက်လာကြခြင်းဖြစ်သည်။
ဤတစ်ခေါက်မှာ ဌာနချုပ်က ပို့လွှတ်လိုက်သော လက်ရွေးစင်ကိုးဦးအပြင် ပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးအတွက် သူခေါ်ယူစုဆောင်းထားသောသူများနှင့် ဤဌာနခွဲ၏ အမှုထမ်းတချို့ကိုပါ စေလွှတ်ပေးခဲ့၏။
ထိုစစ်ဆင်ရေးမှာ ဝင်ပါဖို့ ဤလူများတွင် လုံလောက်အောင် မြင့်မားသည့် ကျင့်ကြံမှုအဆင့် မရှိ၍ ကျန်နေခဲ့ကြခြင်းဖြစ်သည်။
ဤအချိန်မှာ သူတစ်ယောက်တည်းနှင့် သူတို့အားလုံးကို တိုက်ခိုက်နိုင်ချင်မှ တိုက်ခိုက်နိုင်မည်ကို ဆိုင်ရှင်က သိရှိထား၏။
“မင်းတို့တွေအားလုံးက မိတ်ဆွေအပေါင်းအသင်းတွေဆိုပေမဲ့ တကယ့်အစစ်အမှန် ညီအစ်ကိုတွေ မဟုတ်ဘူး... အဲဒါကြောင့် သူတို့အတွက် တရားမျှတမှု ရှာပေးဖို့ မင်းတို့မှာ တာဝန်မရှိဘူး”
ဗလတောင့်တောင့်အမျိုးသားက စကားပြောတော့မည့်ဆဲဆဲတွင် ခေါင်းဆောင်ဖြစ်သူက လက်မြှောက်ကာ တားလိုက်၏။ သူက ပြောလိုက်သည်။
“ဒီဘဝမှာ ကတိတစ်ခုက ငွေကြေးအသပြာထက် ပိုပြီးအဖိုးတန်တယ်... ငါတို့ညီအစ်ကိုတွေအားလုံးက သေအတူရှင်မကွာ အတူတူရှိဖို့နဲ့ လိုအပ်တဲ့အခါ တစ်ယောက်အတွက်တစ်ယောက် ရပ်တည်ပေးဖို့ သစ္စာဆိုထားကြတယ်... ငါတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုက တကယ်သွေးရင်းသားရင်း ညီအစ်ကိုတွေထက် ပိုပြီးတော့ ခိုင်မာတယ်... အဲဒါကြောင့် ငါတို့ မင်းဆီကနေ တရားမျှတမှု လိုချင်တယ်”
စာပေသမားက ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ... ငါ့ညီအစ်ကိုတွေ အေးအေးချမ်းချမ်း အနားယူနိုင်အောင် သူတို့ရဲ့ ဇနီးမယား သားသမီးတွေကို ထောက်ပံ့ပေးဖို့ လိုတယ်”
ဆိုင်ရှင်က လှောင်ရယ်လိုက်၏။ ဤလူဆိုးများသည် သေဆုံးသွားသော သူတို့မိတ်ဆွေများ၏ မိသားစုများထံ သွားရောက်ကြလိမ့်မည်ဖြစ်သော်လည်း ကူညီထောက်ပံ့ရန် မဟုတ်ပေ။ သူတို့က ထိုမိသားစုများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန်သာဖြစ်ပြီး ထိုမိသားစုများသည် သေဆုံးသွားသော သူတို့၏ ခင်ပွန်းများ သို့မဟုတ် ဖခင်များနှင့် သိပ်မကြာခင် ပြန်လည်ဆုံစည်းရနိုင်သည်။
ဆိုင်ရှင်က နှုတ်ဆိတ်နေသော်လည်း အခြေအနေကနေ ရုန်းထွက်ဖို့ နည်းလမ်းများကို ကြံဆရင်း သူ့စိတ်က ယောက်ယက်ခတ်နေ၏။
ဗလတောင့်တောင့်လူက နောက်ဆုံးမှာ ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ အော်ပြောလိုက်၏။
“ညီအစ်ကိုတို့... မင်းတို့ ဘာလို့ သူနဲ့ ပေါက်ကရတွေ ပြောနေကြသေးတာလဲ... သူ့ရဲ့ မှော်သိုလှောင်ပစ္စည်းကို ထုတ်ပေးခိုင်းလိုက်တော့လေ”
ဆိုင်ရှင်က မှော်သိုလှောင်ပစ္စည်းကို ဆောင်ထားသော်လည်း အဲဒါက သူ့ကိုယ်ပိုင်ပစ္စည်းဥစ္စာ မဟုတ်ပေ။ ယင်းသည် အမျိုးမျိုးသော စာရွက်စာတမ်းများ၊ မှတ်တမ်းများနှင့် များပြားသော ငွေကြေးအသပြာကို သိမ်းဆည်းရန် တည်းခိုခန်း၏ ဤဌာနခွဲအတွက်ဖြစ်၏။ သူ့တာဝန်က ဤမှော်သိုလှောင်ပစ္စည်းကို ဌာနချုပ်သို့ ပြန်ယူသွားရန်ဖြစ်သည်။
သူက မှော်သိုလှောင်ပစ္စည်းကို ဆုံးရှုံးသွားမည်ဆိုလျှင် အထဲမှာ လျှို့ဝှက်ချက်များနှင့် ငွေကြေးအသပြာများစွာ ပါဝင်နေသည့်အတွက် ဌာနချုပ်က သူ့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ မှော်သိုလှောင်ပစ္စည်းသက်သက်ကပင် အလွန်တရာ ဈေးကြီးသည်ကို ထည့်ပြောနေစရာမလိုပေ။ ဆိုင်ရှင်က အဲဒါကို ထုတ်ပေးဖို့ထက် အသေခံလို၏။
ဆိုင်ရှင်က တင်းမာသောလေသံဖြင့် ပြောလိုက်၏။
“နောက်ဆုံးတော့ မင်းတို့ရဲ့ ရည်ရွယ်ချက်အမှန် ထွက်လာပြီပဲ... မင်းတို့က အခြေအနေအပေါ် အမြတ်ထုတ်ဖို့ ရောက်လာကြတာပဲ... ငါ အကြံတစ်ခုပေးလိုက်မယ်... လောကမှာ အသပြာက အရေးပါပေမယ့် အဲဒါကို သုံးစွဲဖို့အတွက် မင်းတို့ အသက်ရှင်နေမှရမယ်... တည်းခိုခန်းက မင်းတို့တွေအားလုံး ဘယ်သူ့ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူး”
ခေါင်းဆောင်ဖြစ်သူက သူ၏ မုတ်ဆိတ်ကို အေးအေးဆေးဆေး သပ်လိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင်တော့ အဲဒါက အမှန်ပဲ... ဒါပေမဲ့ အခုချိန်မှာ ဝတ်ရုံနက်တွေက အနောက်ဘက်ဂိုဘီကို ပိတ်ဆို့ထားတယ်... ဒီမှာရှိတဲ့သတင်းကို အပြင်ဘက်က ဘယ်သူကမှ ရမှာမဟုတ်ဘူး... ငါတို့ မင်းကို သတ်လိုက်မယ်ဆိုရင် မင်း ဘယ်လိုသေသွားလဲ ဘယ်သူကမှ သိမှာမဟုတ်ဘူး... ဒါက ငါတို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ”
“မှန်လိုက်လေ”
ဗလတောင့်တောင့်လူက ဟားတိုက်ကာ ရယ်လိုက်၏။
“မင်းရဲ့ မှော်သိုလှောင်ပစ္စည်းနဲ့ဆို ငါတို့တစ်ဘဝလုံး အေးအေးဆေးဆေး နေလို့ရပြီ... ငါတို့ ဒီအမှောင်လောကထဲကနေ နောက်ဆုံး အနားယူနိုင်ပြီ”
စာပေသမား၏ စကားလုံးများက ပို၍ပင် ကြမ်းတမ်းသည်။
“ငါတို့သုံးယောက်က အခု ဒီနေရာမှာတင် ရပ်တန့်ပြီး မင်းကိုလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တောင် မင်းက တကယ်ပဲ ငါတို့ကို ခွင့်လွှတ်ပေးမှာမို့လို့လား... ငါ ထင်တာတော့ မင်းက ဌာနချုပ်ကို ပြန်သွားပြီး ငါတို့ကို အမဲလိုက်ဖို့ မင်းတို့လူတွေကို စေလွှတ်လိမ့်မယ်... ဟုတ်တယ်မလား... အခုချိန်မှာ ငါတို့အတွက် နောက်ပြန်လှည့်စရာလမ်း မရှိတော့ဘူး... ဘာမှ အပိုတွေ ပြောမနေကြနဲ့တော့... လုပ်စရာရှိတာ လုပ်ကြကွာ”
သူ့စကား မဆုံးသေးခင် စာပေသမားက ဒူးလေးတစ်လက်ကို ဆွဲထုတ်လိုက်ပြီဖြစ်၏။ ယင်းသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကျီးညိုဒူးလေးဖြစ်၏။ မြားခေါင်းက အဆိပ်သုတ်ထားပြီး ပြာလဲ့နေ၏။
ချီရွှမ်းစုသည် အရင်တုန်းက ဒူးလေးမြားကို ရှောင်တိမ်းနိုင်ခဲ့သည်မှာ သူက မြားထက် ပို၍ မြန်ဆန်သောကြောင့် မဟုတ်ဘဲ ဒူးလေးကိုင်စွဲထားသော ဖီးနစ်စိမ်းတပ်သားထက် သူက တုံ့ပြန်မှု ပိုမိုမြန်ဆန်သောကြောင့်ဖြစ်၏။
စာပေသမား၏ နည်းစနစ်က သာမန်ဖီးနစ်စိမ်းတပ်သားများထက် များစွာပိုသာသည်မှာ သံသယရှိစရာမလိုပေ။ သူက ပြောရင်းနှင့် မြားကို ရုတ်တရက် ပစ်လွှတ်လိုက်၏။ ၎င်းက မြန်ဆန်လွန်းပြီး မည်သူကမှ မထောက်လှမ်းနိုင်ပေ။
အဆိပ်သုတ်ထားသော ဒူးလေးမြားက ဆိုင်ရှင်၏ မျက်နှာကို ထိုးဖောက်မိမတတ်ဖြစ်၏။ ဆိုင်ရှင်က သတိအနေအထား ရှိမနေလျှင် ပစ်သတ်ခံရပေလိမ့်မည်။ ဆိုင်ရှင်၏ ကျင့်ကြံမှုအဆင့်က ယွီရှုအဆင့်မှာ ရှိနေလျှင်တောင် သူက ချွေးပြန်လာဆဲဖြစ်၏။
စာပေသမား၏ မြားသည် ဆိုင်ရှင်ကို တိုက်ခိုက်ရန် အခြားသူများကို အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။
ဤသည်ကို ကြည့်ပြီး ဆိုင်ရှင်က သူ၏ ကိုးဆစ်ကျာပွတ်ကို ဆွဲထုတ်လိုက်၏။ ၎င်းသည် ရွှေရောင်အလင်းနှင့် တလက်လက်တောက်ပနေသောကြောင့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်သည့်ပုံပေါ်၏။ ကျာပွတ်ထိပ်မှာ နဂါးခေါင်းပါပြီး ကျာပွတ်ကြိုးထဲမှာ အမျိုးမျိုးသော ကျောက်မျက်ရတနာများကို ထည့်သွင်းစီခြယ်ထားရာ တလက်လက် တဖျပ်ဖျပ် တောက်ပနေ၏။ ၎င်းက အဆက်မပြတ် တဖြောက်ဖြောက် မြည်သံနှင့်အတူ စွမ်းအားကြီးမား၍ ခမ်းနားထည်ဝါနေ၏။ ရွှေရောင်နဂါးတစ်ကောင်နှင့် ဆင်တူသော ရွှေရောင်စွမ်းအင်တစ်ခုကလည်း ထွက်ပေါ်လာတတ်သည်။
သို့သော် ဤလူမိုက်သုံးဦးက အတွေ့အကြုံရှိ လုပ်ကြံသတ်ဖြတ်သူများဖြစ်ကြ၏။ သူတို့က ဆိုင်ရှင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ အလောတကြီး ရှိမနေကြပေ။
ဗလတောင့်တောင့် ကတုံးပြောင်အမျိုးသားက ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ပြီး သတ္တုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ဆိုင်ရှင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။
စာပေသမားက လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်၏။ သူက ဓားပျံတစ်လက် မပိုင်ဆိုင်သော်လည်း စွမ်းအားကြီးမားသော ဒူးလေးမြားနှစ်စင်းကို ကောင်းကောင်းထိန်းချုပ်နိုင်သည်။ မြား၏ လမ်းကြောင်းကို စိတ်စွမ်းအားဖြင့် ချိုးကွေ့စေနိုင်ပြီး အငိုက်ဖမ်းနိုင်၏။ ဆိုင်ရှင်၏ ကိုးဆစ်ကျာပွတ်က သူ၏ ဘေးပတ်လည်တွင် ရေပက်မဝင်သော အကာအရံတစ်ခု ဖန်တီးထားခြင်း မဟုတ်ပါက သူက သေနှင့်နေလေပြီ။
လက်ရှိ သူတို့၏ တိုက်ခိုက်မှုသည် ဆိုင်ရှင်ကို စိတ်အာရုံပျံ့လွင့်စေပြီး သက်လုံကုန်ဆုံးသွားစေဖို့သာဖြစ်၏။
သူတို့အုပ်စု၏ ခေါင်းဆောင် ရှေးဖြစ်ဟောသူက အိပ်မက်စေနယ်ပယ် ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်သည်။ သူ့ဝိညာဉ်က မိုးကြိုးနယ်ပယ် ဂမ္ဘီရဝိဇ္ဇာတစ်ဦးကဲ့သို့ နေ့ဘက်အတွင်း သူ့ခန္ဓာကိုယ်ထဲကနေ မထွက်ခွာနိုင်သော်လည်း ပုံရိပ်ယောင်အမျိုးမျိုးကို ဖန်တီးနိုင်ဆဲဖြစ်၏။ ဆိုင်ရှင်၏ မျက်လုံးများက တွေဝေငေးမော၍ သူ့စိတ်က မိန်းမောလာ၏။
ဆိုင်ရှင်က ကိုယ်ခံပညာသိုင်းသမားတစ်ဦး မဟုတ်လေရာ ဤပုံရိပ်ယောင်များကို သိပ်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။ သူ့အနေဖြင့် လက်ရှိတိုက်ပွဲကို အာရုံစိုက်ရခြင်းက စွမ်းအင်များစွာကို ကုန်ဆုံးစေ၏။