အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း ၂၂၃ - သင်္ဘောသား ဓားနှစ်လက်
လူမိုက်သုံးဦးက တည်းခိုခန်းဆိုင်ရှင်ကို တဖြည်းဖြည်း ညှဉ်းသတ်တော့မည့်ဆဲဆဲမှာ သေနတ်သံတစ်ချက်ကို ရုတ်တရက် ကြားလိုက်ရ၏။
ပုံရိပ်ယောင်များထုတ်ဖော်ခြင်းမှာ အာရုံစိုက်နေသည့် ဂမ္ဘီရဝိဇ္ဇာက နေရာမှာတင် သေဆုံးသွား၏။ သူ၏ ဦးနှောက်ဖတ်များက ဖိတ်စင်ပြန့်ကျဲသွားလေသည်။
သူတို့က ဆိုင်ရှင်ကို တိုက်ခိုက်ဖို့ အာရုံစိုက်ထားစဉ် တစ်ယောက်ယောက်က အမှန်တကယ်ပင် သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့၏။ ဂမ္ဘီရဝိဇ္ဇာမှာ အားနည်းသော ကိုယ်ကာယရှိပြီး အနီးကပ်အကွာအဝေးတွင် သူက အသေပစ်သတ်ခံလိုက်ရ၏။
စာပေသမားက ဘယ်လိုတုံ့ပြန်ရမည် မသိတော့ဘဲ ထိတ်လန့်တကြားဖြစ်ကာ အော်ခေါ်လိုက်၏။
“အစ်ကိုကြီး…”
သူ့စကားမဆုံးသေးခင် တစ်စုံတစ်ရာက သူ့ထံသို့ ပျံသန်းလာ၏။ ၎င်းက ဆယ်ပေါင်လေးသော နတ်နဂါးပစ္စတိုဖြစ်သည်။
သိပ်သည်းလေးလံသော ဤသေနတ်ဖြင့် ထိခတ်ခံရလျှင် သူ့ခေါင်းက ပေါက်ကွဲထွက်လိမ့်မည် မဟုတ်သော်လည်း သတိလစ်မေ့မြောသွားနိုင်သည်။ စာပေသမားက ထိတ်လန့်တကြားဖြင့် ရှောင်တိမ်းလိုက်၏။ သို့သော် တိုက်ခိုက်သူက အလျှော့မပေးဘဲ ဆက်လက်ဝင်ရောက်လာ၏။
တိုက်ခိုက်သူက သင်္ဘောသား ဓားနှစ်လက်ကို ကိုင်ထားပြီး ဓားသွားများက မီးစွဲကာ စိတ်ဝင်စားစရာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။
စာပေသမားက လှိမ့်ထွက်ပြီး ပြန်ရပ်လိုက်၏။ သူလက်ထဲက ဒူးလေးကို ပစ်ချပြီး အင်္ကျီလက်နှစ်ဖက်ကို လွှဲယမ်းကာ မြားတချို့ကို ပစ်ထုတ်လိုက်၏။
သို့သော် တိုက်ခိုက်သူက သင်္ဘောသား ဓားနှစ်လက်ကို လွှဲယမ်း၍ မြားများကို အလွယ်တကူ ရှောင်တိမ်းလိုက်၏။ ထို့နောက် သင်္ဘောသား ဓားနှစ်လက်ကို စာပေသမား၏ ရင်ဘတ်ဆီ ပစ်ထိုးလိုက်၏။ ဤဓားသွားဖြင့် နှလုံးကို ထိုးစိုက်ခံရသည့်အခါ အေးစက်မှုကို ခံစားရလိမ့်မည် မဟုတ်ဘဲ သူတို့၏ ကိုယ်တွင်းအင်္ဂါများ လောင်ကျွမ်းပြာကျသွားသည်ဟုသာ ခံစားရပေလိမ့်မည်။
စာပေသမားက အတွေ့အကြုံရှိ ကြေးစားတစ်ဦးဖြစ်ရာ သေရေးရှင်ရေး အခိုက်အတန့်တွင် နောက်ကိုလှန်ချပြီး မီးတောက်ဓားသွားများကို ရှောင်တိမ်းလိုက်နိုင်၏။ စာပေသမားက သူ့ခြေလက်များဆီ ခွန်အားကို ပို့လွှတ်၍ မြေပြင်မှာ ကျောချကာ အချိန်မီလေး လှိမ့်ထွက်သွား၏။
တိုက်ခိုက်သူက ချီရွှမ်းစုပင် ဖြစ်သည်။ သို့သော် သူပေါ်ထွက်လာခြင်းက တိုက်ဆိုင်မှု မဟုတ်ပေ။ သူ တည်းခိုခန်းဆိုင်ရှင်နှင့် လမ်းခွဲပြီးနောက် ဤလူမိုက်သုံးဦးက ဆိုင်ရှင်နောက်သို့ ခြေရာခံလိုက်နေသည်ကို သတိထားမိရာ သူက သူတို့နောက်ကနေ လိုက်လာခြင်းဖြစ်၏။
အခြေအနေသည် ဓားခုတ်ကောင်က နောက်မှာရှိသော ရွှေဝါငှက်ကို သတိမထားမိဘဲ ပုစဉ်းကို ချောင်းမြောင်းနေခြင်းနှင့် တူသည်။
ချီရွှမ်းစုက သူ၏ အစစ်အမှန် သရုပ်သကန်ကို မပေါက်ကြားစေချင်သောကြောင့် တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို အသုံးမပြုဘဲ အသစ်စက်စက် ရရှိထားသည့် သင်္ဘောသား ဓားနှစ်လက်ကိုသာ မှီခိုနေ၏။
စာပေသမားက လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း ချီရွှမ်းစုက ပို၍မြန်ဆန်၏။ ဓားသွားများက အတော်လေး မြန်ဆန်ပြီး လေထဲမှာ ကခုန်နေသော မီးတောက်စက်ဝန်းများကို ဖြစ်ပေါ်စေကာ ဖမ်းစားနိုင်သော မြင်ကွင်းတစ်ခု ဖြစ်နေ၏။
သို့သော် ထိုလက်နက်များက လှပရုံသာမက သေစေနိုင်စွမ်းအား မြင့်မားသည်ကိုလည်း စာပေသမားက သိရှိထားရာ သတိကို လျှော့မချရဲပေ။ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်၏။
စာပေသမားသည် ချီရွှမ်းစုကို အရင်က တွေ့မြင်ထားဖူးပြီး ထိုသူသည် တည်းခိုခန်း၏ ပေါင်းသင်ရှင်းလင်းစစ်ဆေးရေးတွင် ခေါ်ယူစုဆောင်းခံရသူများထဲမှ တစ်ဦးဖြစ်သည်ကို မှတ်မိလေသည်။ ချီရွှမ်းစုက ထိုက်ဖျင်ဒင်္ဂါး ၂၀၀၀တန်သော အလုပ်ကို လက်ခံနိုင်သည်ဆိုမှတော့ သူ၏ ကျင့်ကြံမှုအဆင့်က သူတို့ထက် သာလွန်သည်မှာ သိသာထင်ရှားနေ၏။
ဒါ့အပြင် ချီရွှမ်းစုသည် ပြန်ဖော်ကုန်းမြေကနေ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့သည်။ ဤအချက်ကနေ ချီရွှမ်းစုသည် ရင်ဆိုင်ရ မလွယ်ကူသည့် အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း စာပေသမားက ပြောနိုင်သည်။ စာပေသမား၏ ကျင့်ကြံမှုက ချီရွှမ်းစုနှင့် တူညီမည်ဆိုလျှင်ပင် တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ရာမှာ သူ့တွင် အနိုင်ရဖို့ အခွင့်အရေး နည်းပါးလေသည်။
တစ်ဖက်မှာတော့ ဂမ္ဘီရဝိဇ္ဇာနှင့် စာပေသမား၏ ဝိုင်းဝန်းတိုက်ခိုက်မှု မရှိသည့်အခါ ထိပ်ပြောင်လူက တည်းခိုခန်းဆိုင်ရှင်ကို တစ်ယောက်တည်း မယှဉ်နိုင်တော့ပေ။
ထိပ်ပြောင်လူနှင့် ဆိုင်ရှင်ကြား တိုက်ပွဲက အသည်းအသန် အခြေအနေတစ်ခုကို ရောက်ရှိလာ၏။ ရုတ်တရက် ဆိုင်ရှင်က ညာဘက်လက်ဖြင့် ကိုးဆစ်ကျာပွတ်ကို ပြန်ရုပ်ပြီး ဘယ်ဘက်လက်ကို ဆန့်ကာ ထိပ်ပြောင်လူ၏ မျက်နှာကို ဖမ်းဆွဲလိုက်၏။
ထိပ်ပြောင်လူသည် သူ့မျက်နှာကို ဓားဖြင့် မွှန်းလိုက်သည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ သူက ပေအနည်းငယ် လှိမ့်ထွက်ပြီးမှ ပြန်ထလိုက်၏။ သေရဖို့ အလွန်နီးကပ်ခဲ့သည်ကို သိရှိကာ သူနှလုံးက ပြင်းထန်စွာ ခုန်လာ၏။ ဆိုင်ရှင်က သူ့ကို ဖမ်းမိလျှင် သူမျက်နှာမှာ သွေးသံရဲရဲ အပေါက်ငါးပေါက် ကျန်ခဲ့ပေလိမ့်မည်။
ဤအခိုက်အတန့်မှာ သူ့မျက်နှာကို လာရောက်ရိုက်ခတ်သည့် သန်မာသော လေအဟုန်ကို ထိပ်ပြောင်လူက ခံစားမိပြီး သူ့လည်ပင်းကို အလိုလိုကာလိုက်၏။ ထင်ထားသည့်အတိုင်း ဆိုင်ရှင်က သူ့လည်ပင်းကို ဖမ်းဆွဲလိုက်ခြင်းဖြစ်၏။ မျက်တစ်ခတ်မျှ နောက်ကျသွားသည်နှင့် ထိပ်ပြောင်လူက သူ့အသက်ကို ဆုံးရှုံးသွားရနိုင်သည်။
သူ၏ လှုပ်ရှားကွက်များက သိပ်ပြီး ထိရောက်မှုမရှိသည်ကို ကြည့်ပြီး ဆိုင်ရှင်က သူ၏ကျာပွတ်ကို သုံးကြိမ်ဆက်တိုက် လွှဲယမ်းလိုက်၏။ ပျော့ပျောင်းသော ကျာပွတ်က အလွန်တရာ မြန်ဆန်ပြီး ထိပ်ပြောင်လူကို ရွှေရောင်အလင်းတစ်ခုက လွှမ်းခြုံသွား၏။ ထိပ်ပြောင်လူက ဘယ်သို့ ညာသို့ ယိမ်းထိုးကာနှင့် ကျဆင်းလာသော ကျာပွတ်ကို အသည်းအသန် ရှောင်တိမ်းနေရ၏။
ထိပ်ပြောင်လူက အသည်းအသန် အခြေအနေတစ်ခုမှာ ကျရောက်သွားပြီး တန်ပြန်တိုက်ခိုက်ဖို့ အင်အားမရှိတော့ဘဲ ခုခံဖို့ကိုသာ အာရုံစိုက်ထားနိုင်၏။
စာပေသမား၏ ကျင့်ကြံမှုအဆင့်က ချီရွှမ်းစုလောက် မမြင့်မားဘဲ သူ့မှာ မှီခိုစရာ လက်နက်လည်း မရှိတော့ပေ။ ချီရွှမ်းစုက တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို မသုံးလျှင်တောင် စာပေသမားက သူ့ကို မထိန်းထားနိုင်တော့ပေ။ သူ၏ နှစ်များစွာ လမ်းပေါ်က ရန်ပွဲအတွေ့အကြုံများနှင့် ဖြတ်ထိုးဉာဏ်ကိုသာ သုံးပြီး အနိုင်နိုင်တောင့်ခံထားရ၏။
သို့သော်လည်း စာပေသမားက သိပ်ကြာကြာ တောင့်ခံထားနိုင်တော့မည် မဟုတ်ပေ။ ပေါ့ဆမိသည့် နောက်ခဏ၌ စာပေသမားက ချီရွှမ်းစု၏ သင်္ဘောသား ဓားနှစ်လက်ဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။
ချီရွှမ်းစု အသုံးပြုသော လှုပ်ရှားကွက်များစွာက ဓားနှစ်လက်ကို ကတ်ကြေးကဲ့သို့ အသုံးပြုခြင်းဖြစ်ပြီး သူက အဲဒါကို တမင်သက်သက် လုပ်နေခြင်း မဟုတ်ပေ။
ချီရွှမ်းစုက ဓားထဲသို့ ပို့လွှတ်နေသော ချီကို ရပ်တန့်လိုက်ရာ ဓားသွားပေါ်က မီးတောက်များက တဖြည်းဖြည်း ငြိမ်းသေပြီး သူတို့၏ နဂိုပုံစံကို ပြန်လည်ရောက်ရှိသွား၏။ ချီရွှမ်းစုက သင်္ဘောသား ဓားနှစ်လက်ကို နောက်ကျောမှာ ပြန်ချိတ်ပြီး ကိုယ်ကိုကိုင်း၍ စာပေသမား၏ ခန္ဓာကို ရှာဖွေကြည့်လိုက်၏။
ထိုက်ဖျင်ဒင်္ဂါး အနည်းငယ်၊ အဆိပ်ပုလင်းတချို့နှင့် ဆေးဘူးတစ်ဘူးကိုသာ သူရှာတွေ့၏။ သိုင်းလောကတွင် သွားလာလှုပ်ရှားရသည်က အန္တရာယ်များလွန်းသောကြောင့် ခရီးသွားများသည် အသပြာများစွာနှင့် အဖိုးတန်သော အရာများကို ဆောင်ထားလေ့ မရှိကြပေ။
အရင်တုန်းက ချီရွှမ်းစုလည်း ထိုကဲ့သို့ပင် ဖြစ်၏။ သူ၏ ထိုက်ဖျင်ဒင်္ဂါးများကို ဝူယိုဒင်္ဂါးများဖြင့် လဲလှယ်ပြီး အစ်မချီထံတွင် အပ်နှံထားခဲ့သည်။ အစ်မချီထံတွင် ငွေအပ်နှံရသည်က လွယ်ကူသော်လည်း ပြန်ထုတ်ဖို့ခက်သည်ကို နောက်ပိုင်းမှာ သူသိရှိခဲ့ပြီး ထိုသို့ ဆက်လက်၍ မပြုလုပ်တော့ပေ။
စာပေသမားမှာ ဒူးလေးနှစ်လက်နှင့် မြားတချို့ ရှိလေသည်။ ချီရွှမ်းစုက စာပေသမား၏ ဝတ်ရုံကို လှန်လှော၍ သူ့ခါးမှာ ချိတ်ဆွဲထားသည့် ပေါက်ဓားများကို ထွက်ပေါ်လာစေ၏။ သူ့ခါးက ခါးပတ်မှာ ပေါက်ဓားများကို သေသပ်စွာ စီချိတ်ထား၏။
ချီရွှမ်းစုက စာပေသမား၏ ပေါက်ဓားများနှင့် ထိုက်ဖျင်ဒင်္ဂါး အနည်းငယ်ကို အရှက်မရှိ ယူပြီး စာပေသမား၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်၏။ မီးတောက်ဓားသွားများကြောင့် ဒဏ်ရာများက လောင်ကျွမ်းတူးချစ်နေ၏။
လက်နက်တိုက်အရာရှိသည် ထိုလက်နက်များကို မီးတောက်ဓားသွားများဟု အမည်ပေးထားသည်မှာ အံ့ဩစရာ မရှိတော့ပေ။ အဲ့ဒါက လှပသော နာမည်တစ်ခု မဟုတ်သော်လည်း လက်နက်၏ သွင်ပြင်လက္ခဏာနှင့် ကိုက်ညီမှု ရှိလေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဓားသွားပေါ်က မီးတောက်များသည် အလွန်တရာ သိသာထင်ရှားပြီး ညဘက်မှာ ချောင်းမြောင်းတိုက်ခိုက်ရန် ခက်ခဲလေသည်။
ချီရွှမ်းစုက သူ၏ နတ်နဂါးပစ္စတိုကို ပြန်ကောက်ယူပြီး ဂမ္ဘီရဝိဇ္ဇာ၏ အလောင်းရှိရာသို့ လျှောက်လှမ်းသွား၏။
ချီရွှမ်းစု ထင်မှတ်ထားသည့်အတိုင်း ဂမ္ဘီရဝိဇ္ဇာ၏ ကိုယ်ပေါ်မှာလည်း အဖိုးတန်တာ ဘာမှမရှိပေ။ သူ့မှာ သံလိုက်အိမ်မြှောင်တစ်ခု၊ အဆောင်တချို့နှင့် အနာလိမ်းဆေးတချို့သာ ရှိသည်။ ဂမ္ဘီရဝိဇ္ဇာက သူ၏ အဖိုးတန်ပစ္စည်းများကို တစ်နေရာရာမှာ ဝှက်ထားရပေမည်။
ဤအချိန်မှာ တည်းခိုခန်းဆိုင်ရှင်က ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော်၍ သူ့လက်ထဲက ရွှေရောင် ကိုးဆစ်ကျာပွတ်ကို လွှဲယမ်းကာ ထိပ်ပြောင်လူကို နောက်သို့ ဆုတ်ခွာသွားစေ၏။
သို့သော် ကိုယ်ခံပညာသိုင်းသမားတို့၏ တိုက်ခိုက်ရည်ခွန်အားက အကောင်းဆုံးထဲမှာ ပါဝင်သည်။ ဓားပျံမရှိသည့် ချီသန့်စင်သူက ကိုယ်ခံပညာသိုင်းသမား၏ အောက်တွင်သာ ရပ်တည်ရပေလိမ့်မည်။ ထိပ်ပြောင်လူက နောက်သို့ဆုတ်နေရသော်လည်း သူက တောင့်ခံဖို့ ခွန်အားကျန်ရှိနေဆဲ ဖြစ်၏။
ချီရွှမ်းစုက သက်ပြင်းချ၍ ထိပ်ပြောင်လူ၏ နောက်ဘက်သို့ ခုန်ဝင်ကာ ထိုလူ၏ ကျောရိုးကို လက်သီးချက်တစ်ချက်ဖြင့် ကျိုးကြေသွားစေ၏။ သေဆုံးခြင်း သေချာစေဖို့အတွက် သူက ထိုလူ၏ နှလုံးရှိရာကို နောက်ဘက်ကနေ တစ်ဖန်ပစ်ထိုးလိုက်၏။
ဤတိုက်ပွဲက နာရီဝက်အတွင်း ဖြစ်ပွားခဲ့ပြီး သူတို့ သုံးယောက်စလုံးက ချီရွှမ်းစု၏ လက်ထဲမှာ သေခဲ့ရသည်။
ချီရွှမ်းစုကို ပြင်းထန်ကြမ်းတမ်းသော သတ်ဖြတ်ခြင်းအော်ရာတစ်ခု လွှမ်းခြုံထားသည်ဟု ကျန်းယွဲ့လု ပြောခဲ့သည်မှာ မထူးဆန်းပေ။ သူတို့ သတ်ဖြတ်ခဲ့သည့် အရေအတွက်ကို ယှဉ်မည်ဆိုလျှင် ကျန်းယွဲ့လုက ချီရွှမ်းစုထက် ထက်ဝက်မက လျော့ကျပေလိမ့်မည်။ သို့သော် အသတ်ခံရသူများ၏ အရည်အချင်းကို ယှဉ်ကြည့်မည်ဆိုလျှင် ကျန်းယွဲ့လုက အနိုင်ရပေလိမ့်မည်။
ချီရွှမ်းစုက ထိပ်ပြောင်လူကို တစ်ချက်ကြည့်ပြီး သူ့ခန္ဓာကိုယ်ပေါ်က ချပ်ဝတ်တန်ဆာသည် တန်ကြေးအနည်းငယ်ရှိမည်ကို သိလေသည်။ သို့သော် သူ့အိတ်ထဲမှာ ပစ္စည်းတွေက များလွန်းနေပြီး အဲ့ဒါကို မယူနိုင်တော့ပေ။
ဆိုင်ရှင်က နောက်ဆုံးမှာ အသက်ကောင်းကောင်းရှူနိုင်သွား၏။ သူက အနည်းငယ် သတိထားနေဆဲ ဖြစ်သော်လည်း ယဉ်ကျေးဖော်ရွေသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ လက်နှစ်ဖက်ဖြင့် ကိုးဆစ်ကျာပွတ်ကို ကိုင်ပြီး ချီရွှမ်းစုကို ဦးညွှတ်လိုက်၏။
“ညီကိုဝေ... ငါ့ကို ခုလိုလာပြီး ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်... ငါ မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး... နောက်ကျရင် အဲ့ဒါကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်”
ချီရွှမ်းစုက လက်ကာပြလိုက်၏။
“ခင်ဗျား နောက်ကို ဘာလို့ လိုက်စောင့်နေတာလဲ... အခုချက်ချင်း ပြန်ပေးဆပ်လို့ရတာပဲ”
ဆိုင်ရှင်က ချီရွှမ်းစုကို ကြောက်ရွံ့၍ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
ချီရွှမ်းစုက လိုရင်းကို ဖြတ်ပြောလိုက်၏။
“ဆိုင်ရှင်… ကျုပ် ခင်ဗျားရဲ့ ဌာနခွဲကို ဘာလို့ရောက်လာတယ်ဆိုတာ မှတ်မိသေးလား”
ဆိုင်ရှင်က ခဏမျှ မှင်တက်သွားပြီးနောက် ပြန်စဉ်းစားကြည့်လိုက်၏။
“ကျောက်စိမ်းဖြူခန်းမလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ဒါပေါ့”
ဆိုင်ရှင်က စိတ်သက်သာစွာ သက်ပြင်းချ၍ သူသိထားသည့် အရာရာတိုင်းကို ပြောပြလိုက်၏။
“ညီကိုဝေ… မင်းမေးလာပြီဆိုမှတော့ ငါ အဲ့ဒါကို ဖုံးကွယ်မထားတော့ဘူး... ကျောက်စိမ်းဖြူခန်းမက နေရာတစ်ခု မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုဆိုတာကို မင်း သိထားပြီးရောပေါ့... သူတို့မှာ စုဝေးဖို့အတွက် အတည်တကျနေရာနဲ့ အချိန်အတိအကျ မရှိဘူး... သူတို့ရဲ့ ခိုအောင်းရာနေရာက အဆက်မပြတ် ပြောင်းလဲနေလိမ့်မယ်... သူတို့ ခိုအောင်းရာနေရာထဲက တစ်ခုကို ငါ သိထားတာရှိတယ်... ဒါပေမဲ့ သူတို့ အဲ့ဒီမှာ ရှိနေဦးမလားဆိုတာတော့ အာမမခံနိုင်ဘူး”
ချီရွှမ်းစုက နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
“အဲ့ဒီနေရာကိုသာ ပြောပါ... ဒါဆိုရင် ကျုပ်တို့ ကျေပြီလို့ မှတ်လိုက်မယ်”
ဆိုင်ရှင်က သူ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ သိုးရေမြေပုံတစ်ချပ်ကို ထုတ်ယူပြီး ချီရွှမ်းစုကို ကမ်းပေးလိုက်၏။
ချီရွှမ်းစုက မြေပုံကို ယူပြီး တစ်ချက်ကြည့်လိုက်၏။ မြေပုံက သိပ်ပြီး မကြီးမားဘဲ ဆောဝမ်ပူ၏ ဘေးနားပတ်လည် ဧရိယာများကို ရေးဆွဲထား၏။ ဆောဝမ်ပူ၏ အရှေ့ဘက် တစ်နေရာမှာ အနီရောင်စက်ဝိုင်းဖြင့် ဝိုင်းထားသော နေရာတစ်ခု ရှိလေသည်။
ဆိုင်ရှင်က ထိုအဝိုင်းကို လက်ညှိုးဖြင့် ထောက်ပြီး ရှင်းပြလိုက်၏။
“ညီကိုဝေ... အဲ့ဒီနေရာပဲ... မင်း သူတို့ကို လိုက်မီချင်တယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်... မင်း နည်းနည်းကြန့်ကြာသွားမယ်ဆိုရင် သူတို့ အဲ့ဒီနေရာမှာ ရှိမှာမဟုတ်လောက်တော့ဘူး”
ချီရွှမ်းစုက ခေါင်းညိတ်၍ မြေပုံကို သိမ်းဆည်းလိုက်၏။ သူက ကျားမာအဆောင်ကို ခြေနှစ်ဖက်မှာ ပြန်ချည်ပြီး မြေပုံထဲရှိ အနီဝိုင်းထားသော နေရာဘက်သို့ ထွက်ခွာသွား၏။
ဆိုင်ရှင်က ချီရွှမ်းစုကို ငေးကြည့်နေ၏။ ထို့နောက် မြေပြင်ပေါ်က အလောင်းသုံးလောင်းကို တစ်ချက်ကြည့်ပြီးနောက် သူ့လမ်းကို ဆက်သွားလိုက်၏။ သူက ရှီဖျင်စီရင်စုက တည်းခိုခန်း၏ ဌာနခွဲတစ်ခုကို သွားမည်ဖြစ်၏။ ထိုနေရာမှာ တည်းခိုခန်းမှ အကြီးအကဲများ ရောက်ရှိနေပြီး ထိုနေရာကို ရောက်သည်နှင့် သူက ဘေးကင်းလုံခြုံသွားပေလိမ့်မည်။
ဆောဝမ်ပူသည် အစိမ်းရောင်ပင်လယ်ဟု အဓိပ္ပာယ်ရသော တိဘက်စကားဖြစ်၏။ ပင်လယ်ဟု ခေါ်ဆိုသော ရေကန်တစ်ကန်က ဘယ်လောက်ကြီးမားမည်ကို စဉ်းစားကြည့်နိုင်၏။
ယခုအချိန် ထိုရေကန်ပေါ်တွင် ကြီးမားသော ဝေဟင်ပျံစစ်သင်္ဘောတစ်စင်း လွင့်မျောနေ၏။ သင်္ဘောကိုယ်ထည်က ၁၃၀၀ ပေခန့် ရှည်လျားသော်လည်း မြူခိုးများနှင့် ကြီးမားကျယ်ပြန့်သော ဆောဝမ်ပူရေကန်နှင့် ယှဉ်လျှင် ယင်းက လှေကလေးတစ်စင်းနှင့် တူနေ၏။
၎င်းသည် ယင်လုံစစ်သင်္ဘောဟု ခေါ်ဆိုသော တာအိုဂိုဏ်းတော်၏ ဝေဟင်ပျံစစ်သင်္ဘော ဖြစ်သည်။ သင်္ဘော၏ ဧရာ(အောက်ခြေပင်မကျောရိုး သို့မဟုတ် ရေခွဲဆူးတောင်)ကို နဂါးသုံးကောင်၏ အရိုးများဖြင့် ပြုလုပ်ထားပြီး နဂါးပုလဲသုံးလုံးဖြင့် မောင်းနှင်လေသည်။
တာအိုဂိုဏ်းတော်၏ စစ်သင်္ဘောအရွယ်အစားသည် အင်ပါယာသံချပ်ကာ စစ်သင်္ဘော နဂါးစိမ်းထက် ပို၍ကြီးမားလေသည်။ သို့သော် တာအိုဂိုဏ်းတော်သည် ယင်လုံစစ်သင်္ဘောများ၏ အရေအတွက်ကို ကန့်သတ်ထားပြီး အရေအတွက်အရဆိုလျှင် အင်ပါယာနန်းတော်၏ စစ်သင်္ဘောများက ပို၍များပြားလေသည်။
ဤကဲ့သို့ ဧရာမစစ်သင်္ဘောတစ်စင်းက စွမ်းအင်သုံးစွဲမှု ဘယ်လောက်ကြီးမားသလဲ စဉ်းစားကြည့်နိုင်၏။ ထို့ကြောင့် ရှန့်ကွမ်ကျင့်သည် မဟာအသူရာကို သတ်ဖြတ်ပြီးနောက် သင်္ဘော၏ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းရန် ဆောဝမ်ပူကို ရောက်လာခြင်း ဖြစ်၏။
ရှန့်ကွမ်ကျင့်က ယာဉ်ဦးစွန်းမှာ မတ်တတ်ရပ်ပြီး ကျယ်ပြောသော ရေကန်ကို ကြည့်နေ၏။
ယုံကျိုးက ခွန်လွင်နှင့် သိပ်မကွာဝေးရာ တစ်ခုခုဖြစ်လာမည်ဆိုလျှင် စစ်ကူများက သိပ်မကြာခင် ရောက်လာပေလိမ့်မည်။ သို့သော် တာအိုဂိုဏ်းတော်အတွင်းမှာ ပြဿနာတစ်ခုခု ရှိနေမည်ဆိုလျှင် ဤစစ်ကူများက အချိန်မီရောက်လာချင်မှ ရောက်လာပေမည်။
သတ္တမလက်ထောက်ခန်းမသခင်က စဉ်းစားနေ၏။
‘အဲ့ဒါက အဲ့ဒီအခြေအနေထိ ရောက်နေပြီလား… ငါ ဒါကို ထျန်ကန်းခန်းမဆီ တင်ပြသင့်လား…’
သို့သော် သူ့မှာ သက်သေအထောက်အထား မရှိပေ။ အဲ့ဒါက သူ၏ ထင်မြင်ယူဆချက်သာ ဖြစ်၏။ တချို့အရာများကို နှစ်ကိုယ်ကြား ပြောဆို၍ ရသော်လည်း စာရွက်ထဲမှာ ချရေးလို့ မရပေ။ ဒါ့အပြင် ဤကိစ္စသည် ထိုက်ဖျင်ဂိုဏ်းနှင့် ပတ်သက်နေ၏။ သူက လုပ်ကြံဖန်တီးပြောဆို၍ အသရေဖျက်သည်ဟု တစ်ယောက်ယောက်က စွပ်စွဲလာမည်ဆိုလျှင် သူ၏အနာဂတ်က လမ်းဆုံးသွားပေလိမ့်မည်။
ဒါ့အပြင် ဤသည်မှာ ရွှေနန်းမြင့်မျှော်စင်၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ထျန်ကန်းခန်းမက အမိန့်မရဘဲ ကျောက်စိမ်းနေပြည်တော်ကို ပြန်ဆုတ်ခွင့် မရှိပေ။
ဤအချိန်မှာ ရှည်မျောမျော အနက်ရောင် တိမ်စိုင်တစ်ခုက မိုးကုတ်စက်ဝိုင်းမှာ ပေါ်ထွက်လာပြီး ဆောဝမ်ပူရှိရာဘက်သို့ အလျင်အမြန် ချဉ်းကပ်လာနေလေသည်။