← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄ - ဂမ္ဘီရတိုင်းပြည် ပေါ်ထွက်လာခြင်း

မင်ကဲ့သို့ နက်မှောင်နေသော တိမ်စိုင်များက ကောင်းကင်တစ်ခွင် ဖုံးအုပ်ထား၏။

ရှန့်ကွမ်ကျင့်က အံ့အားသင့်သွားခြင်းမရှိဘဲ တည်ငြိမ်စွာ အမိန့်ပေးနေသည်။

သူတို့ အထက်လူကြီး၏ လွှမ်းမိုးမှုဖြင့် ယင်လုံစစ်သင်္ဘောပေါ်မှ တာအိုတပည့်ဂိုဏ်းသားများသည် စိုးရိမ်ပူပန်နေလျှင်တောင် ထိတ်လန့်တကြား ဖြစ်မနေကြပေ။ ရှန့်ကွမ်ကျင့်၏ အမိန့်အတိုင်း သူတို့၏ သက်ဆိုင်ရာနေရာများကို အလျင်အမြန် ပြန်ယူလိုက်ကြ၏။

သိပ်မကြာခင် သင်္ဘောပေါ်က အမျိုးမျိုးသော အဆောင်များက တစ်ခုပြီးတစ်ခု လင်းလက်လာ၏။ အဝေးကနေကြည့်လျှင် ရွှေရောင်မီးအိမ်ထောင်ချီကို ထွန်းထားသည်နှင့် တူလေသည်။

ထို့နောက် ယင်လုံစစ်သင်္ဘောက စတင်၍ ထွက်ခွာလိုက်၏။ သင်္ဘောကိုယ်ထည်အောက်ဘက်မှာ ရေခိုးရေငွေ့များက သိပ်သည်းစုဖွဲ့၍ သည်းထန်သောမိုးအဖြစ် ရွာသွန်းကျဆင်းလာ၏။

ရှန့်ကွမ်ကျင့်က ယာဉ်ဦးစွန်းမှာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး တစ်ခုခုကို ရှာဖွေချင်သည့်အလား ယခု သူ၏ ဦးခေါင်းအထက် ရောက်ရှိနေသည့် အနက်ရောင်တိမ်စိုင်များကို စိုက်ကြည့်နေ၏။

ကြီးကြပ်ရေးမှူးတစ်ဦးက အလောတကြီး ရောက်ချလာပြီး သူ၏ တုန်လှုပ်ချောက်ချားမှုကို ဖုံးဖိမထားနိုင်ပေ။

“လက်ထောင်ခန်းမသခင်... ကျုပ်တို့ ပိုင်းခြားခံလိုက်ရပြီ... အဆက်အသွယ်တွေ အားလုံး ပြတ်တောက်သွားပြီ... ကျုပ်တို့ မိခင်ကလေးအဆောင်နဲ့ရော အမြန်ချောပို့အဆောင်နဲ့ပါ ကျောက်စိမ်းနေပြည်တော်နဲ့ ဆက်သွယ်လို့ မရတော့ဘူး... ဧရာမ ပန်းကန်လုံးကြီးတစ်ခု ဆောဝမ်ပူရဲ့ အထက်မှာ မှောက်ချထားပြီး ကျုပ်တို့ အထဲမှာ ပိတ်မိနေတဲ့ ပုံစံမျိုးပဲ... အဲ့ဒါက အင်မော်တယ်တစ်ပိုင်းတွေပဲ ပိုင်ဆိုင်နိုင်တဲ့ မှော်စွမ်းအားဖြစ်တဲ့ပုံပဲ”

ရှန့်ကွမ်ကျင့်က ရေရွတ်လိုက်၏။

“ငါတို့ ကိုယ့်ဘာသာကိုယ်ပဲ တိုက်ခိုက်ကြရတော့မှာပေါ့”

ကြီးကြပ်ရေးမှူးက ပြောလိုက်၏။

“ဝတ်ရုံနက်တွေက အနောက်ဘက်ဂိုဘီမှာ ရှိတယ်လေ... သူတို့မှာ အမြောက်လက်နက်ကြီးတွေ ရှိတယ်... ဒီလောက် ဆိုးဆိုးဝါးဝါး ညိုမည်းနေတဲ့ တိမ်စိုင်တွေကို သူတို့ မမြင်တွေ့စရာ အကြောင်းတော့မရှိဘူး”

“သူတို့ စစ်ကူပေးမှာ မဟုတ်ဘူး... ငါတို့ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်”

ရှန့်ကွမ်ကျင့်က မျက်မှောင်ကြုတ်ထား၏။

“ဘယ်… ဘယ်လို”

ကြီးကြပ်ရေးမှူးက လွှတ်ခနဲ အသံထွက်သွား၏။

ရှန့်ကွမ်ကျင့်က တည်တံ့သောလေသံဖြင့် ပြောလိုက်၏။

“ဝတ်ရုံနက်တွေက ငါတို့ကို လာကူမှာ မဟုတ်ဘူး... ကျောက်စိမ်းနေပြည်တော်ကလည်း စစ်ကူပို့မှာ မဟုတ်ဘူး... ငါတို့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်နိုင်မလားဆိုတာက ငါတို့အပေါ်ပဲ လုံးလုံးမူတည်နေပြီ”

ကြီးကြပ်ရေးမှူးက ထိတ်ထိတ်ပျာပျာဖြင့် မေးလိုက်၏။

“ဒါပေမဲ့ ဘာလို့လဲ... ကျုပ်တို့ ဘာလို့ စစ်ကူမရတာလဲ”

ရှန့်ကွမ်ကျင့်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“ငါတို့ ကျောက်စိမ်းနေပြည်တော်ကို အသက်ရှင်လျက် ပြန်သွားနိုင်ရင် အဖြေကို မင်းသိရမှာပေါ့... ငါတို့ ဒီကနေ မရှင်သန်နိုင်ဘူးဆိုရင် ဘာလို့ စစ်ကူမရသလဲဆိုတဲ့ အကြောင်းရင်းကို သိတော့ရော ဘာထူးမှာလဲ”

ကြီးကြပ်ရေးမှူးက ဆက်ပြောချင်သော်လည်း ရှန့်ကွမ်ကျင့်က လက်ကာပြလိုက်၏။

“ဒီကနေ အသက်ရှင်လျက်ထွက်နိုင်ဖို့ပဲ အာရုံစိုက်ကြတာပေါ့... ပြီးမှ ငါတို့စကားပြောကြမယ်”

ကြီးကြပ်ရေးမှူးက နာခံ၍ အသံမထွက်တော့ပေ။ သူက ရှန့်ကွမ်ကျင့်ကို ဦးညွှတ်ပြီး သူ့နေရာကို ပြန်သွားလိုက်၏။

ဤအချိန်မှာ ညို့မှောင်နေသော တိမ်စိုင်များအကြားမှ အလင်းရောင်ခြည်တန်းတစ်ခု ပေါ်ထွက်လာ၏။ အနက်ရောင်တိမ်စိုင်များသည် နောက်ခံပိတ်ကား ပေါ်ထွက်လာဖို့ ဇာတ်စင်ပေါ်က လိုက်ကာများကို ဆွဲလိုက်သလို ဘေးတစ်ဖက်တစ်ချက်ဆီသို့ ရှဲသွားကြ၏။ အစက ပါးလွှာသော အလင်းရောင်ခြည်သည် လျှိုမြောင်တစ်ခုအဖြစ် ပြောင်းပြီး ဆက်လက်၍ ပြန့်ကားသွား၏။ မမြင်ရသော ဧရာမလက်နှစ်ဖက်က လိုက်ကာစများကို ဆွဲဖြဲနေသည့်အလားပင်။

ဤမြင်ကွင်းကို ကြည့်ပြီး တာအိုတပည့်ဂိုဏ်းသားများစွာက ပြောစရာစကားမရှိအောင် တုန်လှုပ်သွားကြ၏။

အနက်ရောင်တိမ်စိုင်လိုက်ကာ၏ နောက်ဘက်မှာ ကြည်လင်ရှင်းလင်းသော ကောင်းကင် သို့မဟုတ် တောက်ပသောနေ မရှိဘဲ သွေးများနှင့်ဆင်တူသည့် အနီရောင်ပင်လယ်တစ်စင်းသာ ရှိနေ၏။

သူတို့အထက်က သွေးပင်လယ်သည် အကန့်အသတ်မဲ့၍ ငြိမ်သက်နေဆဲဖြစ်ပုံရ၏။ သွေးပင်လယ်၏ မျက်နှာပြင်မှာ သွေးနီရောင် ကြာဖူးငုံများစွာက လွင့်မျောနေကြသည်။

ဤသွေးပင်လယ်၏ အစပ်မှာ အလွန်ကြီးမားသော မဟူရာတောင်တစ်လုံးက ခန့်ညားထည်ဝါစွာ ရပ်တည်နေပြီး မင်ဆေးပန်းချီကားတစ်ချပ်နှင့် တူနေ၏။

တောင်စောင်းပေါ်မှာ ပုံမပျက် ရှိနေသေးသည့် ကြီးမားသော နန်းတော်တစ်ခုကို သူတို့ ခပ်ရေးရေး တွေ့မြင်ရသည်။ ၎င်း၏ ဗိသုကာပုံစံက တာအိုတပည့်ဂိုဏ်းသားများ တွေ့မြင်ထားဖူးသည့် မည်သည့်ပုံစံနှင့်မှ မတူပေ။ မဟူရာတောင်ကား အဆုံးမဲ့ပုံရသည်။ မရေမတွက်နိုင်သော သွေးနီရောင် မီးတောက်များက အဆုံးမဲ့ မျဉ်းကြောင်းတစ်ခုလို ချိတ်ဆက်နေကြ၏။

“ဒါက…”

ရှန့်ကွမ်ကျင့်က သူ့ရှေ့မှ မြင်ကွင်းကို တပ်အပ်သေချာ မပြောနိုင်သေးပုံဖြင့် ခဏမျှ ရပ်တန့်လိုက်၏။

“လင်းရှန်လား....”

ရှေးဟောင်းဝူဝါဒ၏ လင်းရှန်သုခဘုံသည် စစ်ပွဲများစွာ ကြုံတွေ့ပြီးနောက် ပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။ လောကီဘုံသို့ ၎င်းနှင့်ချိတ်ဆက်ရာ လမ်းကြောင်းက ဖြတ်တောက်ခံထားရသည်။ ရှေးဟောင်းအင်မော်တယ်ဝူလော ပြန်လည်ရှင်သန်လာပြီးနောက် သူမသည် သူမ၏ ဂမ္ဘီရတိုင်းပြည်မှာ လင်းရှန်၏ သူမကိုယ်ပိုင်ပုံစံကို ပြန်လည်တည်ဆောက်ခဲ့သည်။ ဤသည်က လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ မူလဇာစ်မြစ်ဖြစ်သည်။

ရှန့်ကွမ်ကျင့်က အကြည့်မလွှဲပေ။ မဟူရာတောင်အထက် ကောင်းကင်မှာ မီးပင်လယ်တစ်ခုလို ချိတ်ဆက်နေသည့် ပုံထပ်နေသော မီးတိမ်စိုင်မြောက်မြားစွာကို သူတွေ့မြင်နေရ၏။

ဆက်လက်၍ ဆင်းသက်လာနေသော အနီရောင်တိမ်စိုင်များက မြို့တစ်မြို့ကို ဖျက်ဆီးပစ်နိုင်သည်။

ဤအရာကို မဟာယာနဗုဒ္ဓဘာသာမှာ ကြမ္မာမီးဟု ခေါ်ဆိုသည်။ ရှေးဟောင်းစုန်းနတ်ဘုရားမများသည် တောရိုင်းကမ္ဘာမှာ မွေးဖွားကြပြီး သွေးယဇ်ပူဇော်ခြင်းကို နှစ်သက်သဘောကျသည်။ ထို့ကြောင့် ဝူလော၏ ဂမ္ဘီရတိုင်းပြည်သည် မဟာယာနသုခဘုံကဲ့သို့ ရွှေရောင်ဖြင့် တောက်ပနေခြင်း မရှိသလို တာအိုနန်းတော်များကဲ့သို့ မြူခိုးများ လွှမ်းခြုံနေခြင်းလည်း မရှိပေ။ ထို့အစား ၎င်းသည် မီးနှင့်သွေး၏ အစုအပုံတစ်ခုသာဖြစ်ပြီး ဂမ္ဘီရတိုင်းပြည်ဆိုတာထက် ငရဲခန်းတစ်ခုနှင့် ပိုတူနေ၏။

တာအိုမဟာသူတော်စင်များ၏ မျက်လုံးထဲမှာ ဝူလော လုပ်နေသည့်အရာက ရေငတ်ပြေဖို့ အဆိပ်ကို သောက်သုံးနေခြင်းနှင့် အလားသဏ္ဌာန်တူလေသည်။ သို့သော်လည်း ထိုတိုက်စားစွမ်းအားကပင် နည်းနည်းကလေးမျှ အထင်မသေးသင့်သော စွမ်းအားဖြစ်နေဆဲပင်။

ရှန့်ကွမ်ကျင့်က ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။

“ဝူလောက ကိုယ်တိုင်ရောက်လာတာလား”

နောက်ခဏ၌ သွေးပင်လယ်ထဲကနေ သွေးနီရောင် ကြာပန်းတစ်ခု လွင့်မျောပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

စစချင်းမှာ ၎င်းက အလွန်သေးငယ်ပြီး သာမန်ကြာပန်းတစ်ခုနှင့် ဆင်တူလေသည်။ သို့သော် သွေးကြာပန်းက ဆင်းသက်လာသည်နှင့်အမျှ ၎င်း၏ အရွယ်အစားက ကြီးမားကျယ်ပြန့်လာပြီး နောက်ဆုံးမှာ အခမ်းအနားသုံး ထီးတော်ကြီးတစ်ခု၏ အရွယ်အစားအထိ ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာ ယင်လုံစစ်သင်္ဘောကလည်း ကျရောက်လာမည့် အန္တရာယ်ကို အသေခံ စောင့်နေမည်မဟုတ်ပေ။ ၎င်းသည် ရှိသမျှ အစွမ်းကုန်ထုတ် တိုက်ခိုက်မှုတစ်ရပ် ပြင်ဆင်ရန် စွမ်းအားကို အဆက်မပြတ် စုဆောင်းနေ၏။

ယင်လုံစစ်သင်္ဘော၏ ကိုယ်ထည်အောက်ဘက်မှာ မှော်ဝင်္ကပါတစ်ခု ပေါ်ထွက်လာပြီး သင်္ဘောပေါ်ရှိ အဆောင်များက တောက်ပသည်ထက် တောက်ပလာကာ နောက်ဆုံး တည့်တည့်မကြည့်နိုင်လောက်အောင် ကျိန်းစပ်လာလေသည်။

စစ်သင်္ဘောက ဘေးပတ်ဝန်းကျင်မှာရှိသော အမြုတေကို အဆက်မပြတ် စုပ်ယူနေပြီး သင်္ဘောကို ဗဟိုပြု၍ မျက်စိဖြင့် မြင်နိုင်သော ကြီးမားသည့် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာ၏။ တစ်ယောက်ယောက်က ထိုဝဲကတော့ထဲ ကျဆင်းသွားမည်ဆိုလျှင် တစ်ခဏချင်းမှာ အပိုင်းပိုင်းဆုတ်ဖြဲပစ်ခံရပေလိမ့်မည်။

ကြာဖူးက ဖြည်းဖြည်းချင်း ပွင့်ထွက်လာ၏။ အထဲကနေ နှင်းလိုဖြူစွတ်သော လက်တစ်ဖက်က ပြူထွက်လာ၏။ ထို့နောက် အေးအေးလူလူ ရှိနေသော မိန်းမလှလေးတစ်ဦးက တစ်ရေးအိပ်ရာကနေ နိုးလာသည့်အလား ညင်သာစွာ သက်ပြင်းချလိုက်၏။

ထိုလက်က သလင်းလို ကြည်လင်နေသော သွေးနီရောင် လက်သည်းခွံများပါသည့် လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ လက်ချောင်းများက စစ်သင်္ဘော၏ ဦးစွန်းမှာ ရပ်နေသော ရှန့်ကွမ်ကျင့် ရှိရာဘက်သို့ ညင်သာစွာ တောက်ထုတ်လိုက်လေသည်။

ပေါ့ပါးသော ဤတောက်ချက်က ရှန့်ကွမ်ကျင့်ကို ဆုတ်ဖြဲပစ်လိုက်၏။ နောက်ခဏ၌ ဤစုတ်ဖြဲကြောင်းများကနေ သွေးများ စီးထွက်လာပြီး ရှန့်ကွမ်ကျင့်၏ မျက်နှာကို နီစွေးသွားစေ၏။ သူ၏မျက်လုံးများက ပျောက်ကွယ်သွားပြီး ဗလာကျင်းနေသော မျက်တွင်းအိမ်နှစ်ခုသာ ကျန်ခဲ့သည်။

ရှန့်ကွမ်ကျင့်က မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ကျန်လက်တစ်ဖက်ကို မြှောက်ထား၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသော်လည်း နောက်ဆုတ်ခြင်း မရှိပေ။ ထိုအစား သူ၏ နာမ်စိတ်ဝိညာဉ်ကို သုံး၍ သင်္ဘောပေါ်က တပည့်ဂိုဏ်းသားများကို အမိန့်ဆက်ပေးနေ၏။

ယင်လုံစစ်သင်္ဘောက ဖြည်းဖြည်းချင်း လည်၍ သင်္ဘောကိုယ်ထည်က တိမ်းစောင်းပြီး ဦးစွန်းက ကောင်းကင်ထက်က သွေးနီရောင်ကြာပန်းကို ထောင့်ဖြတ်ချိန်ရွယ်လိုက်လေသည်။ သင်္ဘော၏ ပဲ့ပိုင်းက အောက်ဘက်မှာ ရှိသော ဆောဝမ်ပူရေကန်ဘက်ကို စိုက်ကျနေ၏။

ယင်လုံစစ်သင်္ဘော၏ ဘေးပတ်လည်မှာ စုစည်းနေသော ရေခိုးရေငွေ့များက တစ်ခုအပေါ်တစ်ခု ဆင့်ထပ်ကာ မြူခိုးအကာအရံအလွှာတစ်ခု ဖြစ်ပေါ်လာစေ၏။

စစ်သင်္ဘော၏ အောက်ဘက်မှာ ထူးဆန်းသော နယ်မြေဖြစ်စဉ်တစ်ခု ပေါ်ထွက်လာ၏။ လေက အော်မြည်တိုက်ခတ်၍ လျှပ်စီးများက တဖျပ်ဖျပ်လက်ကာ တိမ်စိုင်များက ပြောင်းလဲနေ၏။ သူတို့က ကြီးမားသော ဝဲကတော့တစ်ခုကဲ့သို့ လည်ပတ်ပြီး ရေကန်ရှိရာဘက်သို့ ဆန့်ထွက်ကာ နောက်ဆုံး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

သွေးကြာပန်းက ဖြည်းဖြည်းချင်း ဖူးပွင့်ပြီး ပိတုန်းရောင် ဆံကေသာနှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။

ယင်လုံစစ်သင်္ဘော၏ ဦးစွန်းက နဂါးဦးခေါင်းသဏ္ဌာန် ရှိလေသည်။ ဤအချိန်မှာ ၎င်းသည် ပါးစပ်ကို ဖွင့်ဟထားသည့် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး အထဲမှာ ခရမ်းရောင် စွမ်းအင်တိမ်စိုင်များက စုစည်းနေ၏။ စစချင်းမှာ အဲဒါက ဝေဝေဝါးဝါး မီးခိုးများသာဖြစ်သော်လည်း နောက်ပိုင်းမှာ ရေကဲ့သို့ သိပ်သည်းစုဖွဲ့လာ၏။

ရှန့်ကွမ်ကျင့်က ရုတ်တရက် မြှောက်ထားသော လက်ကို ချလိုက်၏။

ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေမည့် စွမ်းပကား ကြီးမားသော နဂါးထွက်သက်က အထက်မှာရှိသော သွေးကြာပန်း ရှိရာသို့ တန်းတန်းမတ်မတ် ပစ်ဝင်သွား၏။

ပစ်ခတ်မှု၏ တုန်ခါလှိုင်းဖြင့် ယင်လုံစစ်သင်္ဘောက ယိမ်းထိုး၍ သင်္ဘောကိုယ်ထည်က အဆက်မပြတ် လှုပ်ခါသွားလေ၏။ ကောင်းကင်ထက်မှာ မျက်စိဖြင့် မြင်နိုင်သော ဝဲဂယက်စက်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ပြန့်ကားသွားသော စက်ဝိုင်းတစ်ခုကဲ့သို့ အဘက်ဘက်ကို ဖြန့်ကြက်သွားသည်။

အမျိုးသမီး၏ ခြေရင်းမှာရှိသော သွေးကြာပန်းက နဂါးထွက်သက်ကြောင့် ကြေမွပျက်စီးသွား၏။

သို့သော် နဂါးထွက်သက်က ထိုအမျိုးသမီးကို လုံးဝ ထိခိုက်စေနိုင်ခြင်း မရှိချေ။ အမျိုးသမီး၏ ခန္ဓာကိုယ်ကို သွေးနီရောင် နတ်ဘုရားစွမ်းအားတစ်လွှာက ဖုံးလွှမ်းထား၏။ သူမသည် နဂါးထွက်သက်စီးကြောင်းထဲမှာ ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက်ရပ်နေ၏။

အမျိုးသမီးက နဂါးထွက်သက်နှင့် ကွဲထွက်နေပြီး စစ်သင်္ဘော၏ ယာဉ်ဦးစွန်းပေါ်သို့ ဆင်းသက်လာလေသည်။ ထို့နောက် သူမက ရှန့်ကွမ်ကျင့်၏ ခန္ဓာကို လက်နှစ်ဖက်ဖြင့် ထိုးစိုက်လိုက်၏။

ရှန့်ကွမ်ကျင့်က လှုပ်ရှားခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်က တုန်ခါနေသော်လည်း သူ့မျက်နှာပေါ်မှာ တည်ငြိမ်နေသော အကြည့်တစ်ခုရှိပြီး နောက်ဆုံးအမိန့်ကို ပေးလိုက်၏။

. . . . . .

ချီရွှမ်းစုသည် မြေပုံအတိုင်း ဆောဝမ်ပူ ရှိရာဘက်သို့ ပြေးလာနေ၏။ သူက အနောက်ဘက်ဂိုဘီမှာ ရောက်ရှိနေပြီး ရေကန်၏ အရှေ့ဘက်ကို ဦးတည်လာနေ၏။

ရုတ်တရက် မမြင်ရသော နံရံတစ်ခုကို ပစ်တိုက်မိသည့်အလား ခံစားလိုက်ရ၏။ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ကိုယ်ကာယနှင့်ပင် သူက ကြယ်တွေ လတွေ မြင်ပြီး နောက်ကို ဒယိမ်းဒယိုင် ဆုတ်ကာ လဲကျသွား၏။

ခဏနေပြီးနောက် ချီရွှမ်းစုက ပြန်ထကာ ထူးဆန်းစွာ ခံစားနေရသည်။

ဤအချိန်မှာ ကမ္ဘာတုန်လောက်ဖွယ်ရာ ဆူညံပေါက်ကွဲသံကို သူကြားလိုက်ရ၏။

သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါပြီး သွေးများကို အန်ထွက်လုမတတ်ပင်။

All Chapters