အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း ၂၂၅ - ယင်လုံစစ်သင်္ဘော ကျဆုံးခြင်း
မိုးကြိုးထစ်ချုန်းဆူညံသံက ကောင်းကင်ထက်မှာ ညံ၍ မြေပြင်က တသိမ့်သိမ့် လှုပ်ခါသွား၏။ ကောင်းကင်နှင့်မြေကြီးမှာ အမြုတေများက ဝဲဂယက်များဖြာ၍ လျှပ်စီးများ၊ မိုးကြိုးများ၊ အနက်ရောင်တိမ်စိုင်များကို ဖြစ်ပေါ်လာစေ၏။
ဆောဝမ်ပူသည် အော်မြည်တိုက်ခတ်နေသော လေများနှင့် ပြင်းထန်ကြမ်းတမ်းသော မိုးကို တွေ့ကြုံခံစားနေရ၏။ ကြိုကြားကြိုကြား မိုးသီးများနှင့် လျှပ်စီးတချို့လည်း ရှိနေ၏။ ၎င်းသည် အစောပိုင်းနွေဦးနှင့် လုံးဝမတူဘဲ မုတ်သုံနွေနှင့် ပိုတူနေသည်။
ယင်လုံစစ်သင်္ဘောက ခံစစ်စနစ်ကို အသက်သွင်းထားပြီး သင်္ဘော၏ ဝင်္ကပါဖြင့် အနီရောင်ဝတ်အမျိုးသမီးကို တွန်းလှန်ထား၏။
စစ်သင်္ဘောက မုန်တိုင်းကို နောက်တစ်ဖန် စုစည်းလိုက်သော်လည်း ၎င်း၏ အလျင်အဟုန်က ယခင်ကလောက် သန်မာအားကောင်းခြင်း မရှိတော့ပေ။ အနီရောင်ဝတ်အမျိုးသမီးက သဘာဝစွမ်းအင်များကို စစ်သင်္ဘော မစုပ်ယူနိုင်အောင် အတတ်နိုင်ဆုံး တားဆီးဖို့ ကြိုးစားရင်း ၎င်းကို ထိန်းချုပ်ရန် တိုက်ခိုက်နေ၏။
အချိန်တစ်ခုကြာအောင် ရေကန်၏ မျက်နှာပြင်က အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲပြီး ရေပြင်နှင့်ကောင်းကင်ကြား နယ်နိမိတ်မျဉ်းကို ဝေဝါးသွားစေ၏။ ပြင်းထန်ကြမ်းတမ်းသော လှိုင်းလေကြောင့် ကမ်းခြေကို တွေ့မြင်ရန် ခက်သွား၏။
အနက်ရောင်တိမ်စိုင်များက အဘက်ဘက်ကို ဆက်လက်၍ ဖြန့်ကြက်ပြီး ကောင်းကင်တစ်ဝက်ကို ဖုံးအုပ်သွားလေသည်။ ရေဆင်နှာမောင်းများ ဖြစ်ပေါ်လာပြီး ရေကန်နှင့် ကောင်းကင်ကို ချိတ်ဆက်ကာ ရေများကို လေထဲသို့ ဆွဲယူနေ၏။
ရိုက်ခတ်မှုက ရေကန်တစ်ဝှမ်း ဆက်လက်၍ ဖြန့်ကြက်သွားပြီး ဆောဝမ်ပူ၏ နှစ်ခြမ်းစလုံးက စတင်၍ မိုးများ ရွာသွန်းလာ၏။
ဤအချိန်မှာ တောက်ပသော အနီရောင်ပုံရိပ်တစ်ခုက မြူခိုးအဟန့်အတားကို ရုတ်တရက် ဖြတ်ကျော်ပြီး ယင်လုံစစ်သင်္ဘောအနားကို ချဉ်းကပ်လာ၏။
သင်္ဘော၏ ကိုယ်ထည်က ပြင်းထန်စွာ လှုပ်ခါ၍ ဒုတိယမြောက် နဂါးထွက်သက်ကို ထုတ်ဖော်လိုက်၏။
အနီရောင်ဝတ်အမျိုးသမီးက သူမ၏ သွေးနီရောင် နတ်ဘုရားစွမ်းအားဖြင့် တုံ့ပြန်တိုက်ခိုက်လိုက်၏။
စွမ်းအင်နှစ်ခုက ထိတွေ့ရိုက်ခတ်မိသောအခါ ရေကန်၏ မျက်နှာပြင်ပေါ်တွင် အနောက်ကနေအရှေ့ နှစ်မိုင်ခွဲနီးပါး ဖြန့်ကြက်သွားသော ကြီးမားသည့် ချောက်နက်ကြီးတစ်ခု ပေါ်ထွက်လာ၏။ ရေကန်ထဲရှိ ရေများက နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွား၏။
နဂါးထွက်သက်က စစချင်း ခုခံထားနိုင်သော်လည်း ၎င်း၏ စွမ်းအား လျော့ကျလာသည်နှင့်အမျှ တဖြည်းဖြည်း ဆက်လက်၍ ထိန်းမထားနိုင်တော့ပေ။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် နဂါးထွက်သက်က လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။
သွေးနီရောင် နတ်ဘုရားစွမ်းအားက ယင်လုံစစ်သင်္ဘောပေါ်သို့ ကျဆင်းလာ၏။ ၎င်းက သင်္ဘောကိုယ်ထည်ကို ပျက်စီးထိခိုက်စေခြင်း မရှိသော်လည်း ယာဉ်ပေါ်ရှိ တာအိုတပည့်ဂိုဏ်းသားများကို သေကြေပျက်စီးထိခိုက်မှု ကြီးမားစွာ ဖြစ်စေ၏။
နောက်ဆုံး အရေးပေါ်တိုက်ခိုက်မှုမှာ ယင်လုံစစ်သင်္ဘောသည် နဂါးပုလဲများ လုံးဝဆုံးရှုံးနိုင်ရသည်ကို ထည့်မတွက်တော့ဘဲ နဂါးဦးခေါင်းမှ ခရမ်းရောင် နေတစ်စင်းအဖြစ် ၎င်း၏ စွမ်းအင်များအားလုံးကို စုစည်းလိုက်၏။
အနီရောင်ဝတ်အမျိုးသမီးက သူမ၏ လက်ကိုဆန့်ပြီး အထက်ဂမ္ဘီရတိုင်းပြည်ရှိ သွေးပင်လယ်မှ ရှည်လျားနီရဲနေသော မြစ်တစ်စင်းကို ဆွဲထုတ်လိုက်၏။ သွေးမြစ်က ဖြည်းဖြည်းချင်း ဆင်းသက်လာသော်လည်း ၎င်းဖြတ်သွားရာ နေရာတိုင်းမှာ ကောင်းကင်က တိုက်စားခံလိုက်ရ၏။
. . . . . .
ချီရွှမ်းစုသည် ဆောဝမ်ပူရေကန်မှာ ဖြစ်ပျက်နေသည့် တိုက်ပွဲကို မသိရှိပေ။ တိမ်စိုင်များနှင့် မိုးများ၏ အဟန့်အတားကြောင့် ရေကန်၏ မျက်နှာပြင်မှာ ဖြစ်ပျက်နေသည့် ထူးဆန်းသော နယ်မြေဖြစ်စဉ်အမျိုးမျိုးကိုသာ သူ ခပ်ရေးရေး တွေ့မြင်ရ၏။ သို့သော် ဖြစ်ပျက်နေသည့်အရာကို သူ ပုံဖော်နိုင်ခြင်း မရှိပေ။ ထိုသို့ဆိုလျှင်တောင် ချီရွှမ်းစုသည် အတွင်းဘက်ကနေ လာနေသည့် ကြောက်စရာကောင်းသော စွမ်းအားကို ခံစားမိနိုင်ဆဲဖြစ်၏။
ထို့နောက် သူက တွေဝေတုံ့ဆိုင်းခြင်းမရှိ နောက်ပြန်လှည့်ပြီး ဤကပ်ဘေးကနေ တတ်နိုင်သမျှဝေးဝေး ထွက်ခွာဖို့ ကြိုးစားလိုက်၏။
တာအိုဂိုဏ်းတော်သည် နောက်ထပ် နတ်ဆိုးမိစ္ဆာတစ်ကောင်ကို သုတ်သင်ရှင်းလင်းနေခြင်း ဖြစ်မည်ဟု သူတွေးလိုက်၏။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ ပါဝင်ပတ်သက်မိလျှင် သူက ချက်ချင်းသတ်ဖြတ်ခံရပေလိမ့်မည်။ ဝေဟင်ပျံသင်္ဘောကို ဝူလောက နှစ်ပိုင်းချိုးဖြတ်လိုက်သည့် မြင်ကွင်းက သူ့မှတ်ဉာဏ်ထဲမှာ သစ်လွင်နေဆဲဖြစ်၏။
မည်သို့ပင်ဆိုစေ သူ ဤနေရာကနေ ထွက်ခွာဖို့ အတတ်နိုင်ဆုံး ကြိုးစားရပေမည်။
ခွန်လွင်ကျောက်စိမ်းနေပြည်တော်မှာ…
လက်ထောက်မဟာအကြီးအကဲနှစ်ဦးကြား လွှဲပြောင်းမှုအပြီးမှာ အင်ပါယာဆရာသခင်သည် မဟာသူတော်စင် လွင်ကျစ်နေရာကိုယူပြီး မြေကမ္ဘာဆရာသခင်က ထိုနေရာကနေ ဆင်းကာ တီဖေးတောင်ပေါ်ရှိ ချုံးယန်ထာဝရနန်းတော်သို့ ပြန်သွား၏။ ကောင်းကင်ဆရာသခင်က ယွင်ကျင်းတောင်က တာကျန်းစံအိမ်မှာ ရှိနေပြီး လက်ရှိကျောက်စိမ်းနေပြည်တော်ကို အင်ပါယာဆရာသခင်က စိုးမိုးထားလေသည်။
ဤနေ့မှာ အင်ပါယာဆရာသခင်သည် မဟာသူတော်စင် လွင်ကျစ်အဖြစ် ခန်းမသခင်များအားလုံး တက်ရောက်ရမည့် သူ၏ ပထမဆုံး ရွှေနန်းမြင့်မျှော်စင် အစည်းအဝေးကို ကျင်းပလိုက်၏။ သို့သော် အင်ပါယာဆရာသခင် ရွှေနန်းမြင့်မျှော်စင်သို့ ရောက်သည့်အချိန်မှာ ခန်းမသခင်တစ်ဦး ပျောက်နေသည်ကို တွေ့လိုက်ရ၏။ ထိုသူက ကျန်းယွဲ့လု၏ ဆရာ တူကျစ်ခန်းမသခင် သူတော်စင်စီဟန် ဖြစ်သည်။
အင်ပါယာဆရာသခင်သည် မဟာအကြီးအကဲအဖြစ် ထမ်းဆောင်ရမည့် သူ့အလှည့်ကို ရယူထားခါစဖြစ်ပြီး သူက လူတိုင်းကို သီးခြားလိုက်တွေ့ဖို့ အချိန်မရပေ။
ထို့ကြောင့် ဤအစည်းအဝေးသည် ခန်းမကိုးဆောင်၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သူ၏ ပထမဆုံး တရားဝင်အစည်းအဝေးဖြစ်ပြီး တာအိုဂိုဏ်းတော်မှာ အမြင့်မားဆုံး ဩဇာအာဏာကို ကိုင်ဆွဲထား၏။
ယခုလိုအချိန်မှာ ပျက်ကွက်ခြင်းသည် အင်ပါယာဆရာသခင်ကို မလေးမစား ပြုမူခြင်းဖြစ်သည်။
ဤအစည်းအဝေးသို့ အခြားသော လက်ထောက်မဟာအကြီးအကဲနှစ်ဦးကို တက်ရောက်ခိုင်းမည်ဆိုလျှင်ပင် သူတို့က မဟာသူတော်စင် လွင်ကျစ်၏ အမိန့်ကို ပြောင်ပြောင်တင်းတင်း မလေးမစား ပြုမူလိမ့်မည် မဟုတ်ပေ။
အင်ပါယာဆရာသခင်က တည်ငြိမ်စွာဖြင့် မေးလိုက်၏။
“သူတော်စင်စီဟန် ဘယ်ရောက်နေတာလဲ”
ဖုန့်ရှန်ခန်းမသခင်က မတ်တတ်ထရပ်ပြီး ဖြေပေးလိုက်၏။
“မဟာသူတော်စင် လွင်ကျစ်ခင်ဗျာ... သူတော်စင်စီဟန်က တာအိုဂိုဏ်းတော်နဲ့ မွန်မြတ်သန့်စင်နန်းတော်ကြားက အငြင်းပွားစရာ ကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် နန်ဟိုင်ကို ပြန်သွားခဲ့ပါတယ်... သူ အခုချိန်ထိ ပြန်မရောက်သေးပါဘူး”
အင်ပါယာဆရာသခင်က မှင်သေသေဖြင့် ပြောလိုက်၏။
“အဲ့ဒီကိစ္စကို ရှစ်ပိုခန်းမက ကိုင်တွယ်ရမှာ မဟုတ်ဘူးလား... တူကျိခန်းမခေါင်းဆောင်က ဘာလို့ ဝင်ပါနေရတာလဲ”
ရှစ်ပိုခန်းမသခင်က မတ်တတ်ထရပ်ပြီး ဖြေပေးလိုက်၏။
“မဟာသူတော်စင် လွင်ကျစ်ခင်ဗျာ... ဒီကိစ္စကို မြေကမ္ဘာဆရာသခင် စီစဉ်ထားခဲ့တာပါ”
အင်ပါယာဆရာသခင်က မဟာသူတော်စင် လွင်ကျစ်နေရာကို မယူခင် သူ့အလျင်လူက မြေကမ္ဘာဆရာသခင် ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူ့အမိန့်ကို မနာခံဘဲ မနေရဲပေ။
“ဪ... အဲ့ဒါကို မြေကမ္ဘာဆရာသခင် စီစဉ်ထားတာကိုး”
အင်ပါယာဆရာသခင်က အံ့အားသင့်သယောင် ဟန်ဆောင်လိုက်၏။
“ဒါဆိုရင်တော့ သူတော်စင်စီဟန် ပျက်ကွက်တာကို နားလည်ပေးလို့ ရပါတယ်”
ဖုန့်ရှန်ခန်းမသခင်နှင့် ရှစ်ပိုခန်းမသခင်တို့က သူတို့၏ ထိုင်ခုံများမှာ တစ်ဖန်ပြန်ထိုင်လိုက်ကြ၏။
ဤအချိန်အတောအတွင်း ထျန်ကန်းခန်းမသခင်က စကားလုံးဝ မပြောပေ။ ဘာကြောင့်မှန်းမသိ သူက အနည်းငယ် မအီမသာ ခံစားနေရ၏။
“ကဲ... ဟုတ်ပြီလေ... ငါတို့ ဘယ်သူ့ကိုမှ စောင့်စရာ မလိုတော့ဘူးဆိုတော့ ဆွေးနွေးပွဲကို အခုပဲ စလိုက်ကြရအောင်”
အင်ပါယာဆရာသခင်က ခဏမျှ စဉ်းစားပြီးနောက် အခြားသူများကို သူတို့၏ ထိုင်ခုံများမှာ ထိုင်ဖို့ အမူအရာပြလိုက်၏။
ထိုင်နေကြပြီဖြစ်သော ခန်းမသခင်ကိုးဦးအပြင် ကျန်ရှိနေသော ပရိသတ်များက သူတို့၏ ထိုင်ခုံများမှာ ထိုင်လိုက်ကြ၏။
အင်ပါယာဆရာသခင်က မဟာအကြီးအကဲထိုင်ခုံဘေးမှာ မတ်တတ်ရပ်ပြီး ကုလားထိုင်နောက်မှီပေါ် လက်တစ်ဖက်တင်ထား၏။
. . . . . . .
ထျန်ကန်းခန်းမ၏ ကြီးကြပ်ရေးမှူးတစ်ဦးက ထျန်ကန်းခန်းမသခင်ရုံးခန်းသို့ အလောတကြီး ဝင်ရောက်လာစဉ် စိတ်ဝိညာဉ်တပ်သားနှစ်ဦးက သူ့ကိုတားဆီးလိုက်၏။
ဤနေရာသည် ထျန်ကန်းခန်းမ၏ ဗဟိုချက်မနေရာဖြစ်ပြီး လူတိုင်းမဝင်နိုင်အောင် တင်းတင်းကျပ်ကျပ် ကန့်သတ်ထား၏။ ဤနေရာကို အထူးသီးသန့် စိတ်ဝိညာဉ်တပ်သားများကလည်း စောင့်ကြပ်နေကြသည်။
သို့သော် ဤကြီးကြပ်ရေးမှူးက ရင်းနှီးနေကျ မျက်နှာဖြစ်ပြီး စိတ်ဝိညာဉ်တပ်သားများက သူ့ကို တားဆီးရုံသာ တားဆီးကာ စနောက်လိုက်၏။
“ညီကို... မင်း ဒီနေ့ စည်းမျဉ်းစည်းကမ်းတွေကို မေ့နေတဲ့ပုံပဲ... ခွင့်ပြုချက်မရှိဘဲ ဘာဖြစ်လို့ အတင်းပြေးဝင်လာတာလဲ”
ကြီးကြပ်ရေးမှူးက အတော်လေး ထိတ်ထိတ်ပျာပျာဖြစ်နေ၏။
“အဲ့ဒါက တကယ့်ကို အရေးပေါ်ကိစ္စပဲ... ကျုပ် ခန်းမသခင်နဲ့ အခုချက်ချင်း တွေ့မှရမယ်”
ဤအချိန်မှာ မလှမ်းမကမ်းရှိ တာဝန်ကျအခန်းတံခါးက ပွင့်သွားပြီး ကျန်းယွဲ့လု ထွက်လာကာ ပြောလိုက်၏။
“ခန်းမသခင်က ရွှေနန်းမြင့်မျှော်စင်ကို သွားတယ်... ဘာကိစ္စရှိလို့လဲ”
ကြီးကြပ်ရေးမှူးက ပြောဖို့ကို အနည်းငယ် တွေဝေတုံ့ဆိုင်းနေ၏။
ဤသည်ကို ကြည့်ပြီး ကျန်းယွဲ့လုက တာဝန်ကျအခန်းထဲသို့ ပြန်လှည့်ကာ ပြောလိုက်၏။
“အထဲကို လာပြောလေ”
ကြီးကြပ်ရေးမှူးက အထဲကို ရောက်သည်နှင့် စိုးရိမ်တကြီး ပြောလိုက်၏။
“ကျုပ်တို့ လက်ထောက်ခန်းမသခင် ရှန့်ကွမ်နဲ့ အဆက်အသွယ်အားလုံး ပြတ်တောက်သွားပြီ”
ကျန်းယွဲ့လုက တုန်လှုပ်သွား၏။
“ဘယ်လို…”
. . . . . . .
ကြီးမားသည့် ယင်လုံစစ်သင်္ဘောက စတင်၍ ပြိုကွဲပြီး သင်္ဘောပေါ်ရှိ အဆောင်များက မှေးမှိန်သွား၏။ ယာဉ်ပေါ်ရှိ တာအိုတပည့်ဂိုဏ်းသားများစွာက မံမီရုပ်များကဲ့သို့ သူတို့အသက်ရှင်စဉ် နောက်ဆုံးအခိုက်အတန့်များက ကိုယ်နေဟန်ထားများအတိုင်း အေးခဲတောင့်တင်းကာ သေဆုံးနေကြ၏။ အဲ့ဒါက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ဤအချိန်မှာ ယင်လုံစစ်သင်္ဘောက ၎င်း၏ စွမ်းအားများ အားလုံးကို ဆုံးရှုံးသွားပြီး မလွဲမသွေ ဖျက်ဆီးခံရပေတော့မည်။ စစ်သင်္ဘောက အောက်ဘက်ရှိ ဆောဝမ်ပူရေကန်ထဲသို့ စတင်၍ ကျဆင်းလာသည်ကို အသက်ရှင်နေဆဲ တာအိုတပည့်ဂိုဏ်းသားများက ဘာမှမတတ်နိုင်ဘဲ ကြည့်နေရ၏။
ဤအချိန်အတောအတွင်း တချို့က သင်္ဘောကို စွန့်ခွာ၍ အသက်လုပြေးဖို့ ကြိုးစားလိုက်ကြ၏။ သို့သော်လည်း သူတို့က စစ်သင်္ဘောထဲကနေ ထွက်ခွာသည်နှင့် သင်္ဘော၏ ဘေးပတ်လည်မှာ ရှိသော သွေးနီရောင် နတ်ဘုရားစွမ်းအားက သူတို့၏ အသက်များကို ချက်ချင်းပင် နုတ်ယူသွားလေ၏။ မည်သူကမှ ချမ်းသာရာမရပေ။
သူတို့ကို ဘယ်အရာက စောင့်ကြိုနေသည်ကို သိရှိသွားပြီး ကျန်ရှိနေသော တပည့်ဂိုဏ်းသားများက စိတ်ပျက်အားငယ်သွားကြ၏။
ဤအချိန်မှာ ခန့်ညားထည်ဝါသော အဖြူရောင် သက်တံအလင်းတစ်ခုက ဆောဝမ်ပူ၏ တောင်ဘက်ကောင်းကင်မှာ ပေါ်ထွက်လာ၏။ ၎င်းက ရေကန်၏ ဘေးပတ်လည်မှာ ရှိသော အဟန့်အတားများကို ချိုးဖျက်ပြီး ကျဆင်းနေသော ယင်လုံစစ်သင်္ဘောကို ဖမ်းယူလိုက်၏။
အဖြူရောင်သက်တံက ပျက်ပြယ်ပြီး အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာ၏။ သူမ၏ ခန္ဓာကိုယ်ကို မြူခိုးတစ်လွှာက ဖုံးလွှမ်းထားပြီး ကောင်းကင်ထက်မှာ ပျံသန်းနေစဉ် သူမ၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို တွေ့မြင်ရဖို့ ခက်လေသည်။
သူမ ခြေလှမ်းတစ်လှမ်းယူတိုင်း သူမ၏ ခြေဖဝါးအောက်မှာ ကြာပန်းများနှင့် ဆင်တူသော ဝဲဂယက်များ ပေါ်ထွက်လာ၏။
အဖြူရောင်ဝတ်အမျိုးသမီးက အလွန်တရာ ကြီးမားသော ကွမ်ယင်ရုပ်တုတစ်ခုကို ဆင့်ခေါ်ပြီး သူမ၏ခန္ဓာကိုယ်ကို ပြန့်ကားသွားစေ၏။ သူမက ကျဆင်းနေသော စစ်သင်္ဘောကို လက်နှစ်ဖက်ဖြင့် ထောက်မလိုက်၏။
သို့သော် စစ်သင်္ဘောက သိပ်သည်းလေးလံလွန်းသည်။ အမျိုးသမီးက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်လျှင်တောင် သူမက သင်္ဘောနှင့်အတူ အောက်သို့ ဆက်လက်၍ နိမ့်ကျသွားဆဲဖြစ်၏။ သူမ၏ ခြေဖဝါးအောက်ရှိ အဖြူရောင်ကြာပန်းများကလည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွား၏။
အနီရောင်ဝတ်အမျိုးသမီးက အဖြူရောင်ဝတ်အမျိုးသမီးကို ငုံ့ကြည့်ပြီး သူမကို တားဆီးလို၏။ သို့သော် အနီရောင်ဝတ်အမျိုးသမီးသည် နတ်ဘုရားစွမ်းအားများစွာကို သုံးစွဲထားရပြီဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က ဝေဝါးလာလေပြီ။ နောက်ဆုံးမှာတော့ သူမသည် မရေမတွက်နိုင်သော အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲပြီး ဂမ္ဘီရတိုင်းပြည်သို့ ပြန်လည်ရောက်ရှိသွား၏။
နောက်ခဏ၌ ဂမ္ဘီရတိုင်းပြည်က တဖြည်းဖြည်း ဖျော့တော့၍ ဆောဝမ်ပူအထက်မှာ ရှိသော ထူးဆန်းသည့် နယ်မြေဖြစ်စဉ်က ပျက်ပြယ်သွားလေသည်။
နောက်ဆုံးမှာတော့ အဖြူရောင်ဝတ်အမျိုးသမီးက ယင်လုံစစ်သင်္ဘောအပျက်အစီးကို ထိန်းနိုင်သွားသည်။ သူမက စစ်သင်္ဘောကို ရေကန်မျက်နှာပြင်ပေါ်သို့ ညင်သာစွာ ချပေးပြီး ပေါလောပေါ်နေစေ၏။
ဤသို့ ဆက်တိုက်ပြုလုပ်ပြီးနောက် အဖြူရောင်ဝတ်အမျိုးသမီးသည် အားနည်းသွားသည်ဟု ခံစားရကာ သူမကို လွှမ်းခြုံထားသည့် အလင်းမြူခိုးများကလည်း သိသိသာသာ ပါးလွှာသွား၏။
သူမသည် သင်္ဘော၏ ယာဉ်ဦးစွန်းသို့ ရောက်ရှိလာပြီး နတ်ဘုရားစွမ်းအားသက်သက်ဖြင့် ပြုလုပ်ထားသော အရိုးတောင်ဝှေးတစ်ချောင်းက ရှန့်ကွမ်ကျင်း၏ ခန္ဓာကိုယ်ကို သင်္ဘောကိုယ်ထည်နှင့် တွဲလျက် ထိုးစိုက်ထားသည်ကို တွေ့လိုက်ရ၏။ သတ္တမ ထျန်ကန်းလက်ထောက်ခန်းမသခင်က ဆိုးဆိုးဝါးဝါး ပုံစံဖြင့် သေနှင့်နေလေပြီ။