← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆ - သူတော်စင်စီဟန် (၁)

မိုးက ရုတ်တရက် ရပ်တန့်သွားသည်ကို အသက်လုပြေးနေသော ချီရွှမ်းစု သတိထားမိလိုက်၏။ ပြင်းထန်သော လေ၊ မိုးကြိုးနှင့် မြူခိုးတို့ကလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြ၏။ နောက်ဆုံးမှာတော့ ကောင်းကင်ကို ဖုံးအုပ်ထားသည့် အနက်ရောင် တိမ်စိုင်များက စတင်၍ ရှင်းလင်းပြီး ကြည်လင်သော အပြာရောင် ကောင်းကင်က ပေါ်ထွက်လာသည်။

ဤသည်ကို ကြည့်ပြီး ချီရွှမ်းစုက ရပ်တန့်၍ မော့ကြည့်လိုက်၏။

ထူးဆန်းသော ထိုနယ်မြေဖြစ်စဉ်က လုံးဝ မဖြစ်ပွားခဲ့သည့် အလားပင်။ ဖိနှိမ်ချုပ်ခြယ်ထားသော အော်ရာနှင့် သူခံစားခဲ့ရသည့် အပူတပြင်းနိုင်သော အန္တရာယ်အငွေ့အသက်ကလည်း ပျောက်ကွယ်သွားပြီး သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်မိ၏။

အခြေအနေကို သွားပြန်ပြီး စစ်ဆေးကြည့်သင့်သလား စဉ်းစားရင်း ချီရွှမ်းစုက အနည်းငယ် တွေဝေနေမိ၏။ စောစောက ဖြစ်ပျက်ခဲ့သောအရာသည် နတ်ဘုရားများအကြား အန္တရာယ်များသော တိုက်ပွဲတစ်ခုနှင့် တူသော်လည်း နောက်ဆုံးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ သူက အန္တရာယ်ကို စွန့်စား၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပြန်သွားကြည့်မည်ဆိုလျှင် ကံကောင်းမှုတစ်ခုခုနှင့် ကြုံတွေ့ရနိုင်သည်။ မည်သို့ပင်ဆိုစေ တစ်ယောက်တည်း ခရီးသွားလာခြင်းသည် အသက်အန္တရာယ်နှင့် အကျိုးအမြတ်ကို အမြဲတမ်း ချိန်ဆနေရခြင်းဖြစ်၏။

ယခင်ကသာဆိုလျှင် ချီရွှမ်းစုသည် ဘာမှ စဉ်းစားမနေဘဲ ပြန်လှည့်သွားကြည့်ပေလိမ့်မည်။

သို့သော် ယခု ချီရွှမ်းစုက ကွဲပြားခြားနားသွား၏။ ရှန်းထျန်သက်ရှိများ၏ ကွေ့ကျန်းအဆင့်ဖြစ်သော လေလွင့်ကျင့်ကြံသူ၏ မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ကို တက်လှမ်းခွင့်ပေးမည့် ရှားရှားပါးပါး သွေးဆေးလုံးတစ်လုံးကို သူရထားပြီဖြစ်သည်။ သူ့အနေဖြင့် အန္တရာယ်ကို ဆက်လက်၍ စွန့်စားစရာ မလိုအပ်တော့ပေ။

ထို့အပြင် ချီရွှမ်းစုမှာ ဂရုစိုက်စရာ အမျိုးသမီးတစ်ဦး ရှိလာပြီးကတည်းက သူက တိုက်ခိုက်မှုများမှာ ပို၍ သတိထားလာရသည်။ အဲဒါက သူ့အသက်ကို နုတ်ယူနိုင်သည့် စွန့်စားမှုတစ်ခုဖြစ်သည်။

အစ်မချီကတော့... သူမအတွက် သူက သိပ်ပြီး အရေးပါမည်ဟု ချီရွှမ်းစု မထင်ပေ။ မည်သို့ပင်ဆိုစေ အစ်မချီမှာ ချီရွှမ်းစု စိုးရိမ်ပူပန်ပေးစရာ မလိုသည့် အစွမ်းအစနှင့် အရင်းအမြစ်များ ရှိနေပုံရ၏။

ထို့ကြောင့် ချီရွှမ်းစုက အန္တရာယ်ကို ချိန်ဆသည့်အခါ သူ ပထမဆုံးထည့်တွက်သည်မှာ သူ့အသက်ဖြစ်ပြီး ဒုတိယထည့်တွက်မိသည်မှာ ကျန်းယွဲ့လုဖြစ်၏။ သူက မိန်းမရပြီးနောက် သူမကို မေ့လျော့သွားသည်ဟု အစ်မချီက စွပ်စွဲပြောဆိုခဲ့သည်မှာ မထူးဆန်းတော့ပေ။

ချီရွှမ်းစုက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် နောက်ဆုံးမှာ ဆောဝမ်ပူရှိရာဘက်သို့ ပြန်လှည့်သွားလိုက်၏။

မမြင်ရသော နံရံနှင့် သူပစ်တိုက်ခဲ့မိသော နေရာကို ရောက်သည့်အချိန်မှာ မည်သည့်အဟန့်အတားမှ မရှိတော့သည်ကို သူ နောက်ဆုံး သိရှိသွား၏။

ချီရွှမ်းစုက ဆောဝမ်ပူရေကန်၏ ကမ်းစပ်ကို ရောက်ရှိလာ၏။

စောစောက မြင်ကွင်းကို ပိတ်ဆို့နေသည့် သည်းထန်သော မိုးများ၊ ညိုမှောင်နေသော တိမ်စိုင်များနှင့် မြူခိုးများ ရှိနေခဲ့ရာ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ခဲ့ပေ။ ယခုအချိန်မှာတော့ ရေကန်၏ မျက်နှာပြင်က မြူမှုန်နည်းနည်းမျှ မရှိဘဲ တည်ငြိမ်နေ၏။

ချီရွှမ်းစုသည် ခပ်လှမ်းလှမ်းမှာ ပေါလောပေါ်နေသည့် ယင်လုံစစ်သင်္ဘောကို တွေ့မြင်လိုက်၏။ ဤအချိန်မှာ စစ်သင်္ဘောသည် တိုက်ပွဲ၏ ဒဏ်ချက်များနှင့် ဇကာပေါက် ဖြစ်နေ၏။ ၎င်းသည် သူ လိုက်ပါစီးနင်းခဲ့သည့် ဝေဟင်ပျံသင်္ဘောလို နှစ်ပိုင်းကျိုးနေခြင်း မရှိသော်လည်း သင်္ဘော၏ ကိုယ်ထည်က ယိုယွင်းပျက်စီးနေသော အိမ်တစ်လုံးလို ခနော်နီခနော်နဲ့ ဖြစ်နေပုံရ၏။ မူလက သိပ်သည်းကျစ်လစ်သော တည်ဆောက်ပုံသည် ပြိုကွဲသွားပြီး အပျက်အစီး၏ အစိတ်အပိုင်းများစွာက ၎င်း၏ ဘေးပတ်လည်မှာ မျောနေလေသည်။

ဒါ့အပြင် ဤအပျက်အစီးအပိုင်းအစများက အတော်လေး အကောင်းပကတိ ရှိနေသေး၏။ သူတို့သည် ပြင်ပအား တစ်စုံတစ်ရာဖြင့် ချိုးခြေခံလိုက်ရသည်ထက် ကြွေကျလာသော သစ်ရွက်များနှင့် ပိုတူနေ၏။

ဤသည်မှာ ဝူလော၏ နတ်ဘုရားစွမ်းအားသည် သက်ရှိများကိုသာ ဒုက္ခပေးနိုင်ပြီး သက်မဲ့များကို မထိခိုက်စေနိုင်သောကြောင့်ဖြစ်၏။ ဒါ့အပြင် ဝူလော၏ နတ်ဘုရားစွမ်းအားက ယင်လုံစစ်သင်္ဘောကို ထိခတ်သည့်အခါ ယာဉ်ပေါ်ရှိ တာအိုတပည့်ဂိုဏ်းသားများစွာက သေကြေပျက်စီးထိခိုက်မှု ကြီးမားစွာနှင့် ကြုံတွေ့ခဲ့ရစဉ် သင်္ဘောကိုယ်တိုင်ကတော့ ပျက်စီးမှု မရှိခဲ့ပေ။

ယခုအချိန်မှာ ယင်လုံစစ်သင်္ဘော ခနော်နီခနော်နဲ့ ဖြစ်နေသည့် အကြောင်းရင်းမှာ ၎င်း၏ အကန့်အသတ်ထက် ကျော်လွန်သော သုံးကြိမ်ဆက်တိုက် တိုက်ခိုက်မှုကြောင့်ဖြစ်၏။ ဝင်္ကပါများနှင့် အစီအရင်အဆောင်များက တစ်ခုပြီးတစ်ခု ကျဆုံးသွားပြီး သင်္ဘော၏ ကိုယ်ထည်က သဘာဝစွမ်းအားဒဏ်ကို ခံနိုင်ရည် မရှိတော့ပေ။ သို့သော် ယင်လုံစစ်သင်္ဘောက ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ခဲ့လျှင်တောင် ဝူလောက မထိမခိုက် လွတ်မြောက်သွားဆဲဖြစ်သည်။

အဖြူရောင်ဝတ်အမျိုးသမီးက အချိန်မီရောက်ရှိမလာလျှင် စစ်သင်္ဘောက လုံးဝပျက်စီးကာ ဆောဝမ်ပူရေကန်၏ အောက်ခြေကို နစ်မြုပ်သွားပေလိမ့်မည်။ ယခုအချိန်မှာ အနည်းဆုံးတော့ ၎င်းက ရေပေါ်တွင် ပေါ်နေဆဲဖြစ်၏။

အဖြူရောင်ဝတ်အမျိုးသမီးက ယာဉ်ဦးစွန်းတွင် မတ်တတ်ရပ်နေ၏။ သူမသည် ရှန့်ကွမ်ကျင့်ကို ထိုးစိုက်ထားသည့် အရိုးတောင်ဝှေးကို ဆွဲထုတ်လိုက်၏။ သို့သော် အရိုးတောင်ဝှေးကို ရှန့်ကွမ်ကျင့်၏ ကိုယ်ထဲကနေ ဖယ်ထုတ်လိုက်သည့် အချိန်မှာပင် ၎င်းသည် ရှေးဟောင်းအင်မော်တယ်ဝူလော၏ ပင်ကိုယ်သွင်ပြင်လက္ခဏာ ဖြစ်သော အနီရောင်အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွား၏။

ဤအကြွင်းအကျန်နတ်ဘုရားစွမ်းအားသည် အရိုးတောင်ဝှေးကို ဆွဲထုတ်မည့်သူအတွက် ဆင်ထားခဲ့သော ထောင်ချောက်တစ်ခုဟု ဆိုနိုင်သည်။ သို့သော် အဲဒါကို အဖြူရောင်ဝတ်အမျိုးသမီးက အလွယ်တကူ ချေဖျက်နိုင်၏။

အဖြူရောင်ဝတ်အမျိုးသမီးသည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင် ဝူလောကို အနိုင်ရချင်မှ ရလိမ့်မည် ဖြစ်သော်လည်း သူမသည် ဝူလောနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ဆဲဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော အသေးအဖွဲ လှည့်ကွက်များက သူမအတွက် ဘာမှမဟုတ်ချေ။

အတန်ကြာပြီးနောက် အသက်ရှင်ကျန်ရစ်နေသေးသော တာအိုတပည့်ဂိုဏ်းသားများစွာက ကုန်းပတ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ သူတို့က အဖြူရောင်ဝတ်အမျိုးသမီးကို တွေ့မြင်သောအခါ ရိုသေလေးစားစွာ ဦးညွှတ်၍ သူတော်စင်စီဟန်ဟု ခေါ်ဆိုနှုတ်ဆက်လိုက်ကြ၏။

အဖြူရောင်ဝတ်အမျိုးသမီးသည် ကျန်းယွဲ့လု၏ ဆရာ၊ ကျန်းယီဂိုဏ်းတွင် ကောင်းကင်ဆရာသခင်ပြီးလျှင် ဩဇာအာဏာအရ ဒုတိယနေရာမှာရှိသူ သူတော်စင်စီဟန် ဖြစ်လေသည်။ သူမသည် ကျန်းယွဲ့လုအား စီဟန်ဓားသိုင်းစဉ် သင်ကြားပေးထားသူလည်း ဖြစ်သည်။

သတ္တမမျိုးဆက် မဟာအကြီးအကဲဖြစ်လာဖို့ ယှဉ်ပြိုင်မှုမှာ လက်ထောက်မဟာအကြီးအကဲသုံးဦးနှင့် အခြားသော မဟာသူတော်စင်များသည် အသက်အရွယ်နှင့် အခြားသော အချက်အလက်များကြောင့် ပါဝင်နိုင်တော့မည် မဟုတ်ပေ။ သတ္တမမျိုးဆက် မဟာအကြီးအကဲအတွက် အလားအလာအကောင်းဆုံးသူများက သူတော်စင်ချင်းဝေ၊ သူတော်စင်တန်ဟွားနှင့် သူတော်စင်စီဟန်တို့ ဖြစ်ကြသည်။

လက်ထောက်မဟာအကြီးအကဲသုံးဦးကို ဩဇာအာဏာအား အလှည့်ကျရယူနေသည့် ရင်ခွင်ပိုက်အုပ်စိုးသူများဟု သတ်မှတ်မည်ဆိုလျှင် သူတော်စင်စီဟန်သည် သရဖူဆောင်းမင်းသားဖြစ်လာဖို့ အလောင်းအလျာများထဲမှ တစ်ဦးဖြစ်သည်။

သတ္တမမျိုးဆက် မဟာအကြီးအကဲအတွက် အလောင်းအလျာသုံးဦးစလုံးမှာ မတူညီသော လမ်းကြောင်းများ ရှိနေကြ၏။ သူတော်စင်ချင်းဝေနှင့် သူတော်စင်တန်ဟွားသည် လုံးဝမတူညီသော အစွန်းနှစ်ဖက်မှာ ရှိနေကြ၏။ သူတော်စင်ချင်းဝေသည် လျောင်တုန်၊ လုကျိုးနှင့် ချီကျိုးတာအိုစံအိမ်များ အပါအဝင် ဒေသဆိုင်ရာ တာအိုစံအိမ်များစွာမှာ နှစ်ပေါင်းများစွာကြာအောင် ဦးဆောင်လာခဲ့သည်။

ထိုစဉ် သူတော်စင်တန်ဟွားကတော့ ကျောက်စိမ်းနေပြည်တော်မှာနေပြီး ပေချန်ခန်းမသခင်၊ ထျန်ကျိခန်းမသခင်နှင့် စီကျိခန်းမသခင်များအဖြစ် ထမ်းဆောင်ခဲ့သည်။ ယခုအချိန်မှာ သူက ခန်းမကိုးဆောင်ထဲ ထိပ်ဆုံးဖြစ်သော ကျိဝေခန်းမ၏ ခန်းမသခင်ဖြစ်သည်။ သူတော်စင်တန်ဟွားသည် တန်ခိုးရှင်သူတော်စင် ၃၆ ဦးထဲ ပထမနေရာမှာလည်း ရပ်တည်နေ၏။

သူတော်စင်စီဟန်သည် ဒေသဆိုင်ရာ တာအိုစံအိမ်များမှာရော ခန်းမကိုးဆောင်မှာပါ တာဝန်ထမ်းဆောင်ဖူးသည်။ သူမ ငယ်ရွယ်စဉ်က ကျန်းနန်တာအိုစံအိမ်မှာ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းမှာ ကျောက်စိမ်းနေပြည်တော်သို့ ရွှေ့ပြောင်းခံရပြီး ဟွာရှန်ခန်းမသခင်နှင့် တူကျစ်ခန်းမသခင်များအဖြစ် ထမ်းဆောင်ခဲ့သည်။

တာအိုဂိုဏ်းတော်တွင် အတိအလင်း ထုတ်ဖော်မထားသော စည်းမျဉ်းစည်းကမ်းများအရ ခန်းမကိုးဆောင်မှာ ရှိသော ရာထူးများသည် ဒေသဆိုင်ရာ တာအိုစံအိမ်များမှာ ရှိသော ရာထူးများထက် အဆင့်အတန်းအရ ပို၍မြင့်မားသည်။ ထို့ကြောင့် အလောင်းအလျာသုံးဦးကို အဆင့်သတ်မှတ်မည်ဆိုလျှင် သူတော်စင်တန်ဟွားက ပထမ၊ သူတော်စင်စီဟန်က ဒုတိယနှင့် သူတော်စင်ချင်းဝေက တတိယနေရာမှာ ရှိပေလိမ့်မည်။ သို့သော်လည်း ဤသည်က အစစ်အမှန် လက်တွေ့နှင့် ကွာခြားမှု ရှိသည်။

ထိုက်ဖျင်ဂိုဏ်းသည် တာအိုဂိုဏ်းတော်မှာ အင်အားအကြီးမားဆုံး ဂိုဏ်းဖြစ်ပြီး သူတော်စင်ချင်းဝေသည် အလောင်းအလျာသုံးဦးထဲ အောက်ဆုံးမှာ ရပ်တည်နေသည်ဆိုလျှင်ပင် သူ၏လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းက ကြီးမားနေဆဲဖြစ်၏။ လီမိသားစုမှ တတိယမြောက် မဟာအကြီးအကဲ ပေါ်ထွက်လာတော့မည် ဟူသော ကောလာဟလများလည်း ထွက်နေ၏။

အခြားသော တန်ခိုးရှင်သူတော်စင်နှစ်ဦးကလည်း လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း မြင့်မားသည့် အလောင်းအလျာများ ဖြစ်ကြသည်။ သူတော်စင်တန်ဟွားက နောက်ထပ် မဟာအကြီးအကဲ ဖြစ်လာမည်ဆိုလျှင် ချွမ်ကျန်းဂိုဏ်းက မဟာအကြီးအကဲ မျိုးဆက်နှစ်ဆက်ကို ဆက်တိုက်မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး တာအိုဂိုဏ်းတော်မှာ မကြုံစဖူး အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

သူတော်စင်စီဟန်က မဟာအကြီးအကဲ ဖြစ်လာမည်ဆိုလျှင် သူမသည် တာအိုဂိုဏ်းတော်မှ ပထမဆုံး အမျိုးသမီးမဟာအကြီးအကဲ ဖြစ်လာပေလိမ့်မည်။ အမျိုးသမီးတပည့်ဂိုဏ်းသားများစွာသည် ကျန်းယီဂိုဏ်းက မဟုတ်လျှင်တောင် သူတော်စင်စီဟန်ကို မဟာအကြီးအကဲဖြစ်လာဖို့ မျှော်လင့်ထားကြ၏။ ဤသည်မှာ တာအိုဂိုဏ်းတော်တွင် အမြင့်ဆုံးဩဇာအာဏာကို အမျိုးသားများသာ ကိုင်စွဲခဲ့သည့် ထုံးတမ်းစဉ်လာကို ချိုးဖျက်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ရှေးရိုးစွဲအများစုကတော့ ဤအယူအဆကို ငြင်းဆန်ထားကြသည်။

မဟာအကြီးအကဲ၏ လက်တွဲဖော်ကို မွန်မြတ်မဟာသူတော်စင်ဘွဲ့ အပ်နှင်းပေးပြီး အမျိုးမျိုးသော အရေးကိစ္စများကို မဟာအကြီးအကဲ ကိုင်တွယ်ရာမှာ ကူညီထောက်ပံ့ပေးရသည်။ ထို့ကြောင့် မဟာအကြီးအကဲ၏ လက်တွဲဖော်မှာလည်း မြင့်မားသော လွှမ်းမိုးမှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိနေ၏။ ဤသည်မှာ ရွှမ်အရှင်မြတ် ချန်ထားခဲ့သော အစဉ်အလာတစ်ခုလည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤအလောင်းအလျာသုံးဦးမှာ သူတို့ကိုယ်စီ အားသာချက်များ ရှိနေကြ၏။ နောက်ဆုံး အဆုံးအဖြတ်ကတော့ ရွှေနန်းမြင့်မျှော်စင်၏ ရွေးချယ်ထောက်ခံမှုအပေါ် မူတည်နေပေလိမ့်မည်။

ချွမ်ကျန်းဂိုဏ်းနှင့် ကျန်းယီဂိုဏ်းသည် ထိုက်ဖျင်ဂိုဏ်းကို ဆန့်ကျင်ယှဉ်ပြိုင်ဖို့အတွက် ပူးပေါင်းထားကြသော်လည်း သူတို့မှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြသောကြောင့် ဂိုဏ်းနှစ်ဂိုဏ်းအနေဖြင့် ဘယ်သူ့ကို မဟာအကြီးအကဲအဖြစ် ရွေးချယ်တင်မြှောက်မလဲ သဘောတူညီချက်ရဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။

ဥပမာအားဖြင့် ကျန်းယီဂိုဏ်းသည် လီမိသားစုမှ နောက်ထပ် မဟာအကြီးအကဲတစ်ဦး ပေါ်ထွက်လာမည်ကို မတွေ့မြင်ချင်သလို ချွမ်ကျန်းဂိုဏ်းက မျိုးဆက်နှစ်ဆက် ဆက်တိုက် မဟာအကြီးအကဲများ မွေးထုတ်ပေးမည်ကိုလည်း မလိုလားကြပေ။

ထိုသို့ဆိုလျှင်တောင် အချက်တစ်ချက်ကတော့ သေချာလေသည်။ ဤအလောင်းအလျာသုံးဦးသည် သူတို့နေရာနှင့်သူတို့ ရိုသေလေးစားခံရသော ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့က မဟာအကြီးအကဲများ ဖြစ်မလာခဲ့လျှင်တောင် မွန်မြတ်မဟာသူတော်စင် သို့မဟုတ် လက်ထောက်မဟာအကြီးအကဲ ဖြစ်လာနိုင်သေးသည်။ သူတို့သည် တာအိုဂိုဏ်းတော်မှာ သေချာပေါက် လွှမ်းမိုးခြယ်လှယ်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတော်စင်စီဟန်က တခမ်းတနားလုပ်မနေဖို့ လူတိုင်းကို လက်ကာပြပြီး ပြောလိုက်၏။

“သူတော်စင်ရှန့်ကွမ်က တိုက်ပွဲထဲမှာ ကျဆုံးခဲ့တယ်... သူ့ရဲ့ခန္ဓာကိုယ် ထိန်းသိမ်းထားပြီး ကျောက်စိမ်းနေပြည်တော်က အမှုထမ်းတွေ ရောက်လာတဲ့အထိ စောင့်ရမယ်”

သူတော်စင်စီဟန်က ရှန့်ကွမ်ကျင်း၏ သေဆုံးမှုကို တရားဝင်ကြေညာပေးလိုက်သည်နှင့် အသက်ရှင်ကျန်ရစ်ခဲ့သော တပည့်ဂိုဏ်းသားများက အခြေအနေ၏ ကြီးလေးမှုကို နားလည်သဘောပေါက်သွားပြီး မျက်ရည်များ စီးကျလာကြ၏။ တချို့က ရှန့်ကွမ်ကျင့်၏ ခန္ဓာကိုယ်ရှေ့မှာ ဒူးထောက်ချပြီး ခါးသီးစွာဖြင့် ငိုကြွေးနေကြ၏။

သူတော်စင်စီဟန်က ထွက်ခွာတော့မည့်ဆဲဆဲမှာ သူမသည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ရေကန်၏ အနောက်ဘက်ခြမ်းက ကမ်းစပ်ရှိရာသို့ လှည့်ကြည့်လိုက်၏။

သူမက ခြေတစ်လှမ်းယူ၍ လေထဲမှာ ကြာပန်းသဏ္ဌာန် ဝဲဂယက်များကို ဖန်တီးပြီး ပျောက်ကွယ်သွားလေသည်။

All Chapters