အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း ၂၂၇ - သူတော်စင်စီဟန် (၂)
ချီရွှမ်းစုသည် ယင်လုံစစ်သင်္ဘောကို အဝေးကနေ ငေးကြည့်နေ၏။ သူရဲ့နောက်ထပ် အနာဂတ်ယောက္ခမလောင်းက သူ့အား သတိထားမိသွားသည်ကို သူ မသိရှိရှာပေ။
ဤလူမှုအဖွဲ့အစည်းမှာ ဆရာများက မိဘများလောက် အရေးပါသည်။ အထူးသဖြင့် ထိုဆရာများက အိမ်ထောင်မပြုသည့်အခါ သို့မဟုတ် သူတို့မှာ ကိုယ်ပိုင်သားသမီးများ မရှိသည့်အချိန်မှာဖြစ်၏။ ထို့ကြောင့် ဆရာများနှင့် သူတို့၏ တပည့်များကြား ဆက်ဆံရေးသည် သွေးရင်းသားရင်း မိဘများနှင့် သူတို့၏ ကလေးများကြား ဆက်ဆံရေးနှင့် ယှဉ်နိုင်လေသည်။ ဆရာကို သစ္စာဖောက်သော တပည့်တစ်ယောက်သည် သူတို့၏ မိဘများကို ကျေးဇူးကန်းသည့် သားသမီးများထက်ပင် ပို၍ဆိုးရွားလေသည်။ သူတို့ကို လူတိုင်းက ပြစ်တင်ရှုတ်ချပြီး ဖယ်ကြဉ်ကြပေလိမ့်မည်။
များသောအားဖြင့် ဆရာများနှင့် တပည့်များ အတူရှိသောအချိန်က မိဘများနှင့် သားသမီးများ အတူရှိချိန်ထက် ပို၍များလေသည်။ ထို့ကြောင့် ကလေးများအနေဖြင့် သူတို့၏ မိဘများထက် သူတို့၏ ဆရာများနှင့် ပိုမိုရင်းနှီးတတ်သည်က ပုံမှန်သာဖြစ်သည်။
ကလေးတချို့သည် သူတို့မိဘများ၏ ထောက်ပံ့မှုကို တာဝန်ဝတ္တရားတစ်ခုလို သဘောထားပြီး သူတို့ဆရာများ၏ ကြင်နာမှုကိုတော့ ပြန်ပေးဆပ်လိုကြသည်။ ကျန်းယွဲ့လု၏ ဖြစ်ရပ်ကလည်း ထိုသို့ပင်ဖြစ်၏။
ကျန်းယွဲ့လုသည် ကျောက်စိမ်းနေပြည်တော်မှာ သူတော်စင်စီဟန်နှင့် အချိန်ကြာမြင့်စွာ နေခဲ့ရာ သူတို့က မကြာခဏ တွေ့ဆုံကြတတ်သည်။ ကျန်းယွဲ့လုနှင့် သူမဆရာ၏ ဆက်ဆံရေးသည် သူမ၏ မိခင်အရင်းနှင့် ဆက်ဆံရေးထက် ပို၍ကောင်းလေသည်။ ဒါ့အပြင် သူတော်စင်စီဟန်နှင့် ကျန်းယွဲ့လု နှစ်ဦးစလုံးက အမျိုးသမီးများဖြစ်ပြီး သူတို့က မိခင်နှင့် သမီးအဖြစ် ပို၍တူနေ၏။
ကျန်းယွဲ့လုသည် ကျန်းမိသားစုမှ မဟုတ်ဘဲ ချီရွှမ်းစုလို မိဘမဲ့တစ်ဦး ဖြစ်နေခဲ့မည်ဆိုလျှင် သူမသည် သူတော်စင်စီဟန်နှင့် ပို၍ရင်းနှီးပေလိမ့်မည်။ သို့သော်လည်း ကျန်းမိသားစု ရှိနေသရွေ့ ကျန်းယွဲ့လု၏ မိဘအရင်းများကို မဆန့်ကျင်မိစေရန် သူတော်စင်စီဟန်က သူမ၏ တပည့်နှင့် သင့်လျော်သည့် အကွာအဝေးတစ်ခုကို ထိန်းထားပေလိမ့်မည်။
ချီရွှမ်းစုသည် သူတော်စင်စီဟန်ကို ကြားဖူးသော်လည်း သူမနှင့် ဤမျှအထိ မြန်မြန်ဆန်ဆန် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်လိုမှ စဉ်းစားမိလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူ့စိတ်ထဲမှာ သူတော်စင်စီဟန်သည် လက်လှမ်းမမီသည့် ဆရာကြီးတစ်ပါးဖြစ်ပြီး သူ အဆင့်မြင့်တာအိုဆရာတစ်ဦး ဖြစ်လာမှသာ သူမနှင့် ဆုံတွေ့ရနိုင်သည်။ ဒါ့အပြင် ကျန်းယွဲ့လုနှင့် သူ၏ ဆက်ဆံရေးကြောင့်သာ သူတော်စင်စီဟန်နှင့် ဆုံတွေ့ဖို့ အခွင့်အရေးရနိုင်ကြောင်း သိရှိထား၏။
တကယ်တော့ ချီရွှမ်းစု ထင်သည်မှာ မှန်နေ၏။ သူတော်စင်စီဟန်က ချီရွှမ်းစု၏ တည်ရှိမှုကို သတိထားမိသော်လည်း ကျန်းယွဲ့လု၏ စိတ်ဆန္ဒကို လေးစားမှုထားသောကြောင့် သူ့ကိုခေါ်တွေ့ဖို့ အလောတကြီး ရှိမနေပေ။ သူမ၏ တပည့်သည် လီမင်ဟွမ်လို လူမျိုးနှင့် ပတ်သက်ခြင်း မဟုတ်သရွေ့ သူမက ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ သူမ ချီရွှမ်းစုကို ခေါ်မတွေ့သည့် တခြားသော အကြောင်းရင်းမှာ သူမက အလုပ်များနေပြီး ဤကဲ့သို့သော အသေးအဖွဲ့ ကိစ္စများအတွက် ဂရုစိုက်ဖို့ အချိန်မရသောကြောင့်ဖြစ်၏။
လက်ထောက်မဟာအကြီးအကဲသုံးဦးနှင့် သူတို့၏ အရိုက်အရာဆက်ခံသူများမှာ ကိုယ်ပိုင်ဂေဟာများ ရှိကြသည်။ သူတော်စင်စီဟန်သည် ကွမ်ယင်ဗောဓိသတ္တ၏ မဟာယာနအထွတ်အမြတ်နေရာအဖြစ် မူလက လူသိများခဲ့သော နန်ဟိုင်က ဖူထိုကျွန်းမှာ နေထိုင်လေသည်။ သူတော်စင်စီဟန် မျိုးရိုးသည် တာအိုဝါဒသို့ ကူးပြောင်းခဲ့ပြီးနောက် ဖူထိုကျွန်းသည် တုံဟိုင်၏ အင်မော်တယ်ကျွန်းသုံးကျွန်းဖြစ်သော ဖန်းလိုင်ကျွန်း၊ ယင်ကျိုးကျွန်းနှင့် ဖန့်ကျန်းကျွန်းများလောက် အရေးပါလာခဲ့သည်။
သူတော်စင်စီဟန်သည် နှစ်မကူးခင် ဖူထိုကျွန်းကို ပြန်သွားခဲ့ပြီး ၁လပိုင်း ၁၅ရက်နေ့မှာ ကျောက်စိမ်းနေပြည်တော်ကို ပြန်သွားရမည်ဖြစ်သည်။
သူတော်စင်စီဟန် ဖူထိုကျွန်းကို ပြန်ရောက်လာသည့် အချိန်အတောအတွင်း တာအိုဂိုဏ်းတော်နှင့် မွန်မြတ်သန့်စင်နန်းတော်သည် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် ပတ်သက်၍ အငြင်းပွားစရာတချို့ ဖြစ်ပွားလာ၏။ မွန်မြတ်သန့်စင်နန်းတော်သည် အနောက်ဘက်ကုန်းမြေတိုက်၏ တာအိုဂိုဏ်းတော်နှင့် တူညီသောကြောင့် အဲဒါကို အသေးအမွှားကိစ္စဟု မဆိုနိုင်ပေ။
ပြောရမည်ဆိုလျှင် ဤကိစ္စကို တာအိုဂိုဏ်းတော်၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုအား တာဝန်ယူထားသည့် ရှစ်ပိုခန်းမ၏ ခန်းမသခင်က ကိုင်တွယ်သင့်လေသည်။ ယင်းကိစ္စသည် ကျင့်ဝတ်ထုံးတမ်းများနှင့် ပြည်ပရေးရာကိစ္စနှင့် ဆက်စပ်နေသောကြောင့် စီကျိခန်းမကလည်း ကိုင်တွယ်နိုင်သည်။ နောက်ဆုံး ယင်းကိစ္စသည် ကျန်းနန်တာအိုစံအိမ်၏ အုပ်ချုပ်မှုအောက်မှာ ရှိနေသောကြောင့် ကျန်းနန်တာအိုစံအိမ်သခင်ကလည်း ရှေ့သို့ထွက်နိုင်သည်။
သို့သော် မြေကမ္ဘာဆရာသခင်သည် ဤကိစ္စကို ကိုင်တွယ်ဖို့ တူကျစ်ခန်းမ၏ ခေါင်းဆောင် သူတော်စင်စီဟန်ကို တာဝန်ပေးခဲ့သည်။ အကြောင်းပြချက်မှာ သူတော်စင်စီဟန်သည် နန်ဟိုင်ဒေသမှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိနေပြီး သူမသည် ကျန်းနန်တာအိုစံအိမ်မှာလည်း အမှုထမ်းခဲ့ဖူးရာ အခြားသူများကို ထပ်ပြီး ဒုက္ခပေးစရာ မလိုသောကြောင့်ဖြစ်သည်။
အဲဒါက ပြဿနာကြီးတစ်ရပ် မဟုတ်၍ မြေကမ္ဘာဆရာသခင်၏ စီစဉ်မှုက အကျိုးအကြောင်းသင့်ရှိပြီး မည်သူကမှ မကန့်ကွက်ကြပေ။ သို့သော် လိမ္မာပါးနပ်မှုနှင့် ထက်မြက်သော အရည်အချင်းများကြောင့် ကျော်ကြားသော သူတော်စင်စီဟန်သည် ဤပြဿနာကို ဖြေရှင်းရာမှာ ကြန့်ကြာနေလိမ့်မည်ဟု မည်သူကမှ တွေးထင်မထားကြပေ။ ထို့ကြောင့် သူမသည် ၁လပိုင်း ၁၅ရက်နေ့မှာ ကျောက်စိမ်းနေပြည်တော်ကို ပြန်မရောက်နိုင်တော့ပေ။
သူတော်စင်စီဟန်သည် ကျောက်စိမ်းနေပြည်တော်ကို ပြန်သွားမည့် သူမ၏ ခရီးစဉ်ကို စတင်ရုံသာ ရှိသေးသည်။ အမှတ်တမဲ့ကြည့်လျှင် သူမက ဤတစ်ခေါက် ဆောဝမ်ပူဘေးကနေ ဖြတ်သွားသည်မှာ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်သည်ဟု ထင်စရာရှိ၏။ သို့သော်လည်း မြေကမ္ဘာဆရာသခင် ပါဝင်ပတ်သက်နေသောကြောင့် အဲဒါက ရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခု မဟုတ်လောက်ပေ။
လက်ထောက်မဟာအကြီးအကဲသုံးဦးထဲမှာ မြေကမ္ဘာဆရာသခင်သည် ဂမ္ဘီရဉာဏ်တွက်ချက်မှုမှာ အတော်ဆုံးဖြစ်၏။ တာအိုဂိုဏ်းတော်မှာ သို့မဟုတ် လောကမှာ မည်သူကမှ သူ့ထက် ပိုမသာနိုင်ပေ။ အနည်းဆုံးတော့ မည်သူကမှ မြေကမ္ဘာဆရာသခင်ကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။
မြေကမ္ဘာဆရာသခင်၏ အမှတ်တမဲ့ ဖြစ်ပုံရသော ဤစီစဉ်မှုသည် နောက်ဆုံးမှာ အရေးပါသော နေရာကနေ ပါဝင်ပတ်သက်လာ၏။ သူတော်စင်စီဟန်သည် ကျောက်စိမ်းနေပြည်တော်မှာ ပိတ်မိမနေသောကြောင့် ယင်လုံစစ်သင်္ဘောကို အကူအညီပေးဖို့ ရောက်ရှိလာနိုင်ခဲ့၏။ သူမအနေဖြင့် ရှေးဟောင်းအင်မော်တယ်ဝူလော ခင်းကျင်းထားသည့် အဟန့်အတားများစွာကို ချိုးဖျက်ဖို့ အချိန်အနည်းငယ်ယူခဲ့ရသော်လည်း တာအိုတပည့်ဂိုဏ်းသားတချို့ကို ကယ်တင်ကာ အဆိုးဆုံးအခြေအနေကို တားဆီးနိုင်ခဲ့သေး၏။
ထို့ကြောင့် ထိုက်ဖျင်ဂိုဏ်း၏ အစီအစဉ်က တစ်ဝက်သာ အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။
အင်ပါယာဆရာသခင်သည် မဟာသူတော်စင်လွင်ကျစ်နေရာကို ယူပြီးနောက် တန်ခိုးရှင်သူတော်စင်များ အားလုံး၏ ပြုမူလှုပ်ရှားမှုများကို ချက်ချင်း မထောက်လှမ်းနိုင်ခဲ့သည်မှာ သူ့တွင် ထိုသို့လုပ်ဖို့ အချိန်နှင့်စွမ်းအင် မလုံလောက်ခဲ့သောကြောင့်ဖြစ်သည်။ ဒါ့အပြင် တန်ခိုးရှင်သူတော်စင်များမှာ ကြီးမားသော လုပ်ပိုင်ခွင့် ရှိနေသည်။ သူတို့သည် တာဝန်ကျရာနေရာ သို့မဟုတ် ရုံးများမှာ တစ်ချိန်လုံး နေနေရသည့် အဆင့်နိမ့်တာအိုဆရာများ သို့မဟုတ် အကျဉ်းသားများ မဟုတ်ကြပေ။ သူတို့သည် ကျောက်စိမ်းနေပြည်တော်ကနေ လွတ်လပ်စွာ ထွက်ခွာနိုင်ကြသည်။ သူတို့သည် အချိန်တစ်ခုကြာအောင် တံခါးပိတ်ကျင့်ကြံနိုင်ကြသည်။
မဟာသူတော်စင်လွင်ကျစ်အနေဖြင့်ပင်လျှင် အင်ပါယာဆရာသခင်သည် သင့်လျော်သည့် အကြောင်းပြချက်မရှိဘဲ တန်ခိုးရှင်သူတော်စင်တစ်ပါး ဘယ်နေရာမှာ ရောက်ရှိနေသည်ကို မစုံစမ်းနိုင်ပေ။ အရေးပေါ် ညီလာခံ အစည်းအဝေးများအတွက်သာ သူသည် ခန်းမသခင်များ အားလုံးကို ဆင့်ခေါ်နိုင်ပြီး အချိန်တိုတစ်ခုအတွင်း သူတို့ကို အပြင်လောကနှင့် ပိုင်းခြားနိုင်သည်။
တန်ခိုးရှင်သူတော်စင်များ၏ ပြုမူလှုပ်ရှားမှုများကို စောင့်ကြည့်ဖို့ လက်အောက်ငယ်သားတစ်ဦးကို စေလွှတ်ဖို့က ပို၍ပင် မဖြစ်နိုင်ပေ။ အဓိက အကြောင်းရင်းမှာ သူတို့၏ ကျင့်ကြံမှုအဆင့်ဖြစ်၏။ တာအိုဂိုဏ်းတော်မှာ အဆင့်အတန်းနှင့်ရာထူး ပိုမိုမြင့်မားလေ သူတို့၏ ကျင့်ကြံမှုကလည်း ပိုမိုမြင့်မားလေဖြစ်၏။ ထို့ကြောင့် ကောင်းကင်ပညာရှင်တစ်ဦးကို စောင့်ကြည့်ဖို့အတွက် ခွန်အားချင်းယှဉ်နိုင်သော နောက်ထပ်ကောင်းကင်ပညာရှင်တစ်ဦးကို စေလွှတ်ရပေမည်။
သူတော်စင်စီဟန်က သာမန်ကောင်းကင်ပညာရှင်တစ်ဦး မဟုတ်ရာ သူမနှင့် ယှဉ်နိုင်သည့်လူ များစွာမရှိချေ။ သူတော်စင်စီဟန်ကို စောင့်ကြည့်ဖို့ သူတော်စင်ချင်းဝေကို စေခိုင်းဖို့ကလည်း အဓိပ္ပာယ်မရှိပေ။ ထိုသို့ လုပ်နိုင်မည်ဆိုလျှင်ပင် စောင့်ကြည့်ရမည့် နောက်ထပ် တန်ခိုးရှင်သူတော်စင်များ ရှိနေပေဦးမည်။
ထို့ကြောင့် ၁လပိုင်း ၁၅ရက်နေ့ ရှန့်ယွမ်ပွဲတော်မှာ သူတော်စင်စီဟန် ပျက်ကွက်ခြင်းသည် အထူးတလည် အာရုံစိုက်စရာ မဟုတ်ပေ။ ပွဲတော်မတိုင်ခင်က သူတော်စင်စီဟန်အပြင် ဟွာရှန်ခန်းမနှင့် စီကျိခန်းမ၏ ခန်းမသခင်များလည်း ကျောက်စိမ်းနေပြည်တော်မှာ ရှိမနေခဲ့ကြပေ။ ညီလာခံ တက်ရောက်ဖို့ ဆင့်ခေါ်စာကို လက်ခံရရှိပြီးမှသာ ဟွာရှန်ခန်းမသခင်နှင့် စီကျိခန်းမသခင်တို့က ကျောက်စိမ်းနေပြည်တော်သို့ အသည်းအသန် ပြန်ရောက်လာခြင်းဖြစ်၏။
ဖုန့်ရှန်ခန်းမသခင်သည် အင်ပါယာဆရာသခင်၏ အမိန့်ကို ဖြန့်ဝေပေးဖို့ တာဝန်ယူထားရသည်။ ထို့ကြောင့် သူက သူတော်စင်စီဟန် ရောက်ရှိနေသည့်နေရာကို သိရှိထားခြင်းဖြစ်၏။ သို့သော် ယခုအချိန်မှာ အင်ပါယာဆရာသခင်အနေဖြင့် သူတော်စင်စီဟန်ကို ထိန်းချုပ်ဖို့က နောက်ကျလွန်းသွားပြီဖြစ်၏။ ဆောဝမ်ပူမှာ အခြေအနေများ အားလုံးက အထိုင်ကျသွားပြီဖြစ်ပြီး နောက်ပြန်လှည့်စရာ နည်းလမ်း မရှိတော့ပေ။
သူတို့၏ ကစားပွဲက သိပ်ပြီး ရှုပ်ထွေးခြင်း မရှိပေ။ အဲဒါသည် ပြိုင်ဘက်၏ လှုပ်ရှားမှုများကို တန်ပြန်ထောက်ရသည့် အရေးကိစ္စတစ်ခုမျှသာဖြစ်၏။ မည်သို့ပင်ဆိုစေ ဤလောကမှာ လုံးဝဥဿုံ စိတ်ချရသော အကွက်ချကြံစည်မှုများဟူ၍ မရှိပေ။ အရာရာတိုင်းက အပြန်အလှန်ချိတ်ဆက်နေပြီး အားအနည်းဆုံး အချိတ်အဆက်နေရာကို တွက်ချက်ဖို့က ခက်ခဲလေသည်။ တစ်ယောက်ယောက်က အားနည်းသောအမှတ်ကို အတည်ပြုနိုင်သည်နှင့် အကွက်ချကြံစည်မှုတစ်ခုလုံးက ပြိုကွဲသွားပေလိမ့်မည်။
ထို့ကြောင့် လူတစ်ယောက်၏ အကြံအစည်များ အောင်မြင်မှုမှာ လူသား၏ ကြံစည်အားထုတ်မှုနှင့် ကံတရား၏ ဖေးမမှုတို့ ပါဝင်နေ၏။ တစ်ယောက်ယောက်က အလွန်တရာ အမြော်အမြင်ရှိပြီး အရင်းအမြစ်များ ပေါကြွယ်ဝသည်ဆိုလျှင်ပင် လူတို့က အမှားလုပ်တတ်ကြလေသည်။ ထို့ကြောင့် လောကမှာ ကြီးမားသော အောင်မြင်မှုများ ရရှိထားသည့်သူများသည် ပွင့်လင်းမြင်သာသော မဟာဗျူဟာများကို အဓိကထားပြီး တိတ်တိတ်ပုန်း အကွက်ချကြံစည်မှုများကို ထောက်ပံ့မှုတစ်ခုအဖြစ်သာ အသုံးပြုကြသည်။
အင်ပါယာဆရာသခင်သည် အားနည်းသော အချိတ်အဆက်နေရာများကို တတ်နိုင်သမျှ လျှော့ချထားခဲ့ပြီဖြစ်သော်လည်း သူက သူတော်စင်စီဟန်၏ အချိန်ဇယားကို တွက်ချက်ခြင်းမှာ ဟာကွက်တစ်ခု ဖြစ်သွားဆဲဖြစ်၏။ အင်ပါယာဆရာသခင်သည် ပို၍ရှုပ်ထွေးနက်နဲသော အကြံအစည်တစ်ခုကို ဖော်ဆောင်မည်ဆိုလျှင် ဟာကွက်များက ပို၍ပင် များလာပေလိမ့်မည်။ ထိုအခါ သူ၏ အကြံအစည်များက လုံးလုံးလျားလျား ပေါ်ထွက်သွားခြင်း ဖြစ်နိုင်သည်။
မြေကမ္ဘာဆရာသခင်သည် အစကတည်းက ဤအရာများအားလုံးကို ကြိုတင်တွက်ချက်ပြီး တန်ပြန်နည်းလမ်းများကို စီစဉ်ထားခဲ့သည်။ မြေကမ္ဘာဆရာသခင်သည် သူမကို ကြိုတင်သတင်းပေးခဲ့ခြင်း မရှိသည့်အတွက် ယခုမှသာ သူတော်စင်စီဟန်က အချက်အလက်ကို ရှာတွေ့သွားခြင်းဖြစ်၏။ အဲဒါကို သူမဘာသာ ခန့်မှန်းမိခြင်းဖြစ်ပြီး အခြားသူများကတော့ မသိရှိကြနိုင်သေးပေ။
အမျှော်အမြင်ကြီးမားသော အင်ပါယာဆရာသခင်ပင်လျှင် အတွက်မှားသွားခဲ့၏။ သူသည် စစ်တုရင်ခုံပေါ်က အပြောင်းအလဲများကို ထိုးထွင်းသိမြင်နိုင်သည့် စစ်တုရင်ကစားသမားဖြစ်ပြီး ချီရွှမ်းစုကတော့ ဘာသဲလွန်စမှ မရသည့် နယ်ရုပ်တစ်ရုပ်ဖြစ်၏။ သူသည် ယခုအချိန် ဆောဝမ်ပူရေကန်မှာ ကျန်းယွဲ့လု၏ ဆရာ သူတော်စင်စီဟန် ပေါ်ထွက်လာမည်ဟု ဘယ်လိုမှ ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ချီရွှမ်းစုသည် ကြာပန်းသဏ္ဌာန် ဝဲဂယက်များနှင့်အတူ မလှမ်းမကမ်းမှာ ပေါ်ထွက်လာသော အဖြူရောင်ဝတ်အမျိုးသမီးကို တွေ့မြင်သောအခါ ထိုအမျိုးသမီး၏ အစစ်အမှန် သရုပ်သကန်ကို သူက လုံးဝ မသိရှိပေ။ သူမသည် သာမန် ဒုတိယအဆင့် ထိုက်ယီ တာအိုအကြီးအကဲတစ်ဦး ဖြစ်မည်ဟုသာ သူတွေးလိုက်လေ၏။